လက်ဆောင်အလျှံအပယ်
Vol. 91 Ch. 1271
သွေးနဂါးက အပြာနှင့်အနက် ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်မရှည်စွာ စောင့်ဆိုင်းနေသည်။ သူက ထိုပုရွက်ဆိတ်များသည် သူ့ယောင်အာနှင့် ရင်းနှီးနေသည်ကို သဘောမကျပေ။ သို့သော် ထိုအရာက သူမကို ကျေနပ်စေမည်မှန်းသိထားသည့်အတွက် ခွင့်ပြုပေးထားရ၏။ သို့သော်လည်း သူက လုံလုံလောက်လောက် အချိန်ပေးထားပြီးပြီဖြစ်ရာ ယခု သူတို့အချင်းချင်း ပိုသိကျွမ်းရမည့် အချိန် ကျရောက်လာလေပြီ။
လျော်ကြေးပေးမဲ့ သီချင်းအကြောင်းကိုတော့ သူ ဒီမှာရှိနေသရွေ့ အဲဒီသူများက အိပ်မက်သာ ဆက်မက်နေကြပါစေ …
ထိုပုရွက်ဆိတ်များအား သူ့အမျိုးသမီး၏ သီဆိုမှုကို ကြားခွင့်ရဖို့ မည်သို့ခွင့်ပြုပေးထားနိုင်မည်နည်း။
သွေးနဂါးက လှောင်ပြုံးပြုံးလိုက်သည်။
သူက သူမ အနီးရောက်လာသည်ကို ခံစားမိလိုက်၍ မှန်တစ်ချပ်ထုတ်ကာ သူ့သွင်ပြင်ကို ပြန်စစ်ဆေးကြည့်လိုက်သည်။ သူက ဦးချိုပေါ်တွင် အစွန်းအထင်းအသေးလေးကို မြင်လိုက်ရ၍ အလျှင်အမြန် သုတ်လိုက်သည်။ ထို့နောက် သွေးနဂါးက အတောက်ပဆုံး အပြုံးကို ပန်ဆင်ထားလိုက်၏။
“ယောင်အာ မင်းကို တွေ့ရတာ ကောင်းလိုက်တာ” သွေးနဂါး၏ အကြည့်များက သူမ၏ ဝတ်စုံအသစ်ကို မြင်လိုက်ပြီးသည့်နောက် တောက်ပလာသည်။ သူက သူ့ပျော်ရွင်မှုကို ဖုံးကွယ်ဖို့ မနည်းကြိုးစားနေရ၏။ သူက ထိုလူများရှေ့ သူမက သူ့အပေါ် ထားသည့် အထူးဂရုစိုက်မှုများကို ထုတ်ပြလိုက်ချင်မိသည်။
“အရှင်သွေးနဂါး” ရှုကျင်းယောင်က ဦးညွှတ်လိုက်သည်။
“ကိုယ့်ကို အောင်းယို့လို့ ခေါ်ဖို့ အရင်ကလည်း ပြောထားပြီးသားလေ”
“ဒီလိုဆိုရင် လူကြီးမင်းအောင်းယို့ …” ရှုကျင်းယောင်က ပါးပြင်အထက် အနည်းငယ် အနီရောင်လွှမ်းသွားကာ ရှက်ရွံ့စွာ ခေါ်လိုက်သည်။
သူမ ခေါ်ခဲ့ပြီ … ငါ့နာမည်ကို ခေါ်ခဲ့ပြီ …
အောင်းယို့က တွေးလိုက်သည်။ သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မှု အကောင်းဆုံး ကြိုးစားနေရ၏။
ငါ ဒီကို လာခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ …
ထိုလူအိုကြီးက ဘာမှမပြောဘဲ သူ့ကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည့်အတွက် အနည်းငယ် ဝန်လေးနေခဲ့မိသည်။ ယခု သူက မှန်ကန်သည့် ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိလိုက်ရ၏။
ရှုကျင်းယောင်က သွေးနဂါးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည့်အတွက် နဂိုပျော်နေပြီးသား သွေးနဂါးက ကောင်းကင်ကိုးဘုံအထက် ရောက်သွားသလို ခံစားနေရသည်။ သူက သူမကို တငေးတမော ကြည့်နေမိ၏။ သူ့အမြင်တွင် သူမက လူသားနှင့်နဂါးအသွင် ရှိနေပြီး သူ့အာရုံစိုက်မှုကမူ နဂါးအပေါ် ဖြစ်၏။ ဤသည်က သူ့ဘဝတွင် မြင်ဖူးသမျှအထဲ အလှဆုံးနဂါးတစ်ကောင် ဖြစ်နေသည်။
သူ မြင်ဖူးသမျှ အတောက်ပဆုံး အနက်ရောင်ကြေးခွံတို့ ရှိထားသလို ထိုကြေးခွံတို့ကလည်း မိုးမြေ၏ လက်ရာအလား ပြီးပြည့်စုံစွာ တည်ရှိနေသည်။ သူမ၏ မျက်လုံးများက အဖြူဖွေးဆုံး နှင်းပွင့်ထက် ပိုသန့်စင်ကာ သူမ၏ ရောင်စုံမျက်တောင်များက သူ့အား ရူးသွပ်သွားစေလောက်သည့် ကလူတတ်သည့် စိတ်ဝိညာဉ်တစ်မျိုး ရှိနေဟန်ပေါ်သည်။ သူမ၏ ဦးချိုများကလည်း ပြီးပြည့်စုံသည့် အကွာအဝေးတွင် ရှိနေပြီး အဖြူရောင်က နဂါး၏ မြင့်မြတ်မှုနှင့် အလှတရားတို့ကို ပိုတိုးပွားသွားစေသည်။
သူမ၏ လက်သည်းကိုးခုလုံးက ပုံမှန် နဂါးမများထက် အနည်းငယ် ရှည်လျားနေသော်လည်း နဂါးနက်တစ်ကောင်၏ ပိန်ပါးပါး ခန္ဓာကိုယ်ဖြင့် ပြီးပြည့်စုံနေသည်။ သူမ၏ လက်သည်းများက သေစေနိုင်လောက်အောင် ချွန်ထက်နေသော်လည်း ကြော့ရှင်းမှုနှင့် မြင့်မြတ်မှုတို့ကို ထိန်းထားနိုင်စွမ်း ရှိ၏။
သူမက အရမ်းလှပြီး ပြီးပြည့်စုံလိုက်တာ …
သွေးနဂါးက တွေးလိုက်သည်။
“လူကြီးမင်း အောင်းယို့ မိန်းကလေးတစ်ယောက်ကို ဒီလိုစိုက်ကြည့်နေလို့ မဖြစ်ဘူးလေ” ရှုကျင်းယောင်က ရှက်သွေးဖြာကာ ပြောလိုက်သည်။
“ တောင်းပန်ပါတယ်” သွေးနဂါးက မျက်နှာပူစွာ ပြောလိုက်သည်။ သူက လူကြီးလူကောင်းတစ်ယောက်လိုမျိုး ပြုမူဖို့ အစီအစဉ်ကို မေ့လျော့သွားခဲ့ရသည်။ အခန်းက အနည်းငယ် နေရခက်လာ၏။ ထို့ကြောင့် သွေးနဂါးက ပြောလိုက်သည်။
“ မင်းရဲ့ အင်အားက စံပြအဆင့်နဲ့ ကပ်နေပြီမလား။ မင်းအတွက် လက်ဆောင်ယူလာတယ်” သူက ရှုကျင်းယောင်၏ ကျင့်ကြံဆင့်သည် မဟာတာအိုအရင်းအမြစ် ၈၈ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောနိုင်လေ၏။
“အရှင်သွေးနဂါးဆီကနေ ဖုံးကွယ်ထားခဲ့မိတာအတွက် တောင်းပန်ပါတယ်” ရှုကျင်းယောင်က အလျှင်အမြန် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး” အောင်းယို့က လက်ဝေ့ကာ ပြောလိုက်သည်။
“မင်းလို မိန်းကလေးတစ်ယောက်က ကိုယ့်ဘာသာ ကာကွယ်ဖို့ လုပ်တာကို နားလည်ပါတယ်။ ကိုယ် စိတ်မဆိုးပါဘူး။ မင်းက အဲလိုဆက်ခေါ်နေရင်ပဲ စိတ်ဆိုးမိမှာ ”
“အရှင် အဲလေ … လူကြီးမင်းအောင်းယို့ နားလည်ပေးတာ ကျေးဇူးပါ” ရှုကျင်းယောင်က သက်ပြင်းချလိုက်သည်။
“လူကြီးမင်း ကျွန်မကို ဘယ်လိုတွေးမလဲလို့ နေ့နေ့ညည စိတ်ပူနေမိတာ ”
“အဲလို မလုပ်ပါဘူးကွာ” သွေးနဂါးက ဖျောင်းဖျလိုက်သည်။
သူမက ငါ့ကို တွေးနေတာတဲ့လား …
သူက စိတ်ထဲမှ အော်ဟစ်နေမိသည်။
“လူကြီးမင်းက ကြင်နာတတ်လိုက်တာ” ရှုကျင်းယောင်က အဖြူစင်ဆုံး ပြုံးပြလိုက်သည်။ သွေးနဂါးက ချက်ချင်း စိတ်လွတ်သွားသည်။ ကံကောင်းစွာဖြင့် သူ့လက်ဆောင်များကို ထုတ်ပြဖို့ အမှတ်ရလိုက်မိသည်။ ထို့ကြောင့် သူက လက်ဝေ့ကာ သေတ္တာများကို ထုတ်လိုက်၏။
အောင်းယို့က ပထမတစ်ခုကို ဖွင့်လိုက်သည့်အချိန် သင်္ကေတများပါသည့် စာရွက်တစ်ရွက် ပေါ်လာသည်။
“ဒါက ကိုယ်တိုင် သန့်စင်ထားတဲ့ နဂါးကာကွယ်ရေးအဆောင်ပဲ။ ဒါက တစ်ခါသုံးဆိုပေမဲ့ မဟာတာအိုအရင်းအမြစ် ၉၅ ရာခိုင်နှုန်း မြင့်မားတဲ့ လူတစ်ယောက်ဆီက ထိုးနှက်ချက်ကို တစ်ခါ တားဆီးပေးနိုင်တယ် ”
ရှုကျင်းယောင်၏ မျက်ဝန်းအထက် အံ့အားသင့်မှု အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း သူမက ယူဖို့ရာ တုံ့ဆိုင်းနေမိသည်။
“တုံ့ဆိုင်းနေဖို့ မလိုဘူး” အောင်းယို့က သူမဆီ သေတ္တာကို ပေးလိုက်သည်။ ရှုကျင်းယောင်က ခတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက် အဆောင်ကို သန့်စင်ဖို့ သွေးတစ်စက်ချလိုက်သည်။
“နောက်တစ်ကြိမ်ကျရင် ဝိညာဉ်သန့်စင်မှုကို သုံးလိုက် … မင်း ထိခိုက်မှာကို မမြင်ချင်ဘူး” အောင်းယို့ကာ အလျှင်အမြန် ပြောလိုက်သည်။ သူမ သွေးထွက်လာသည်ကို မြင်ရသည့် မြင်ကွင်းက သူ့နှလုံးသားကို နာကျင်စေသည်။
“ကျွန်မကို ဂရုစိုက်ပေးတာ ကျေးဇူးပါ” ရှုကျင်းယောင်က ရှက်သွေးဖြာလျက် ပြောလိုက်သည်။
အောင်းယို့က အားပြည့်သွားသလို ခံစားလိုက်ရ၏။ သူက နောက်ထပ် သေတ္တာတစ်လုံးကို ဖွင့်လိုက်ပြီး အရောင်ကိုးရောင်ရှိသည့် ဆေးတစ်လုံး ထွက်ပေါ်လာသည်။
“ကိုးရောင်သွယ် ယင်ဆေးလုံး” ရှုကျင်းယောင်က တအံ့တဩ ရေရွတ်လိုက်သည်။ ထိုဆေးလုံးက စံပြများကသာ ဖော်စပ်နိုင်သည့်အတွက် အဖိုးတန်သည်ဟု ယူဆ၍ ရသော အဆင့် ၁၁ ဆေးလုံး ဖြစ်ပေသည်။
“ဟုတ်တယ်လေ။ ဒါနဲ့ဆိုရင် အရည်အသွေးနဲ့ ပမာဏပြည့်မှီတဲ့ စံပြအဆင့် ဝိညာဉ်ကို ပြုစုပျိုးထောင်ဖို့ အတားအဆီးကို ချိုးဖောက်နိုင်လိမ့်မယ်” အောင်းယို့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ စံပြအဆင့်ကို ရောက်ရှိဖို့ အတားအဆီးများစွာ ရှိပြီး ဝိညာဉ်တွင် အတားအဆီးနှစ်ခု ရှိ၏။
“လူကြီးမင်း ဒါက အရမ်းအဖိုးတန်လွန်းတယ်”
“မင်းအတွက်ဆိုရင် ဒါက အဖိုးတန်တာ မဟုတ်ပါဘူး” သွေးနဂါးက ပြောလိုက်သည်။
“ဒါတင် မကသေးဘူး ” သူက နောက်ထပ်သေတ္တာကို ဖွင့်ပြလိုက်သည်။
“ မာတာလျှပ်စီးသစ်ကိုင်း” ရှုကျင်းယောင်က တအံ့တဩ ပြောလိုက်သည်။ ဤသည်က အဆင့် ၁၂ ပစ္စည်းတစ်ခု ဖြစ်ကာ အင်မတန် ရှားပါးလွန်းလှသည်။
“ဟုတ်တယ်။ ဒါကို အသုံးပြုလိုက်ရင် ကမ္ဘာဦးစမ်းသပ်ချက်ရဲ့ သက်ရောက်မှုကို လျော့ချပေးနိုင်တယ်” သွေးနဂါးက သူ့စံပြအဆင့် စမ်းသပ်ချက်အတွင်း တွေ့ကြုံခံစားခဲ့ရသည့် အကြောက်တရားကို ဘယ်သောအခါမှ မမေ့နိုင်ခဲ့ပေ။ ပြင်ဆင်မှုနှစ်များစွာ ပြုလုပ်ထားခဲ့သော်လည်း သူက အသက်ရှင်ရုံမျှသာ ဖြစ်ခဲ့၏။
“ ဒါက အဆုံးမဲ့သံသရာဆေးလုံးပဲ။ ဒါနဲ့ မင်းရဲ့တာအိုနှလုံးသားကို အချိန်ဆေးကြောရေး နှလုံးသားစမ်းသပ်ချက်ကို ဖြေရှင်းဖို့ လုံလောက်တဲ့ အနေအထားအထိ ရောက်နိုင်တယ်။ ဒါပေမဲ့ အဆုံးမဲ့သံသရာထဲ ပျောက်ဆုံးသွားပြီး ဘယ်တော့မှ မနိုးထလာတာမျိုး ဖြစ်နိုင်လို့ သတိထားသုံး … ဒါက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူအမြောက်အများရဲ့ ကံကောင်းမှုကနေ သ့န်စင်ထားတဲ့ အဖြူရောင် ကံကောင်းမှုကံကြမ္မာကောင်းကျောက်တုံးပဲ။ စိတ်မပူနဲ့ … ဒါက တန်ပြန်သက်ရောက်မှုတွေ မရှိဘူး ”
“ ဒါက တာအိုတွန်းအားဆေးလုံး” အောင်းယို့က ထိုဆေးလုံးကို ပေးပြီးသည့်နောက် သက်ပြင်းချလိုက်သည်။
“ဒါက မင်းရဲ့ ကျင့်ကြံဆင့်ကို ဘာမှဂယက်မရိုက်စေဘဲနဲ့ ၂ ရာခိုင်နှုန်း တိုးမြင့်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီဆေးလုံးက ၉၀ ရာခိုင်နှုန်း ရောက်ဖို့တော့ အသုံးပြုလို့ မရဘူး။ အဲဆိုတော့ ကောင်းကင်ဘုံ ထိပ်သီးအဆင့် ရောက်ဖို့ပဲ သုံးပေါ့”
အောင်းယို့က ရှုကျင်းယောင်၏ မျက်နှာအထက် အံ့အားသင့်နေသည့် အမူအရာကို မြင်တွေ့ပြီးသည့်နောက် ဂုဏ်ယူသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ ထို့နောက် သူက ဆက်လက် ပြောလိုက်သည်။
“ဒါက ကမ္ဘာဦးအဆီအနှစ် နှလုံးသားလေ။ အဲထဲမှာ မင်းရဲ့ ခန္ဓာကိုယ်ကို အဆင့် ၁၁ ထိပ်တန်းအဖြစ် ရောက်အောင် လေ့ကျင့်ပေးနိုင်မဲ့ စွမ်းအားအလုံအလောက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မင်းရဲ့ ကမ္ဘာဦးစမ်းသပ်ချက်မတိုင်ခင်မှာ ခွန်အားဂိတ်ပေါက်ကို မဖွင့်နဲ့ … ခက်ခဲနှုန်းက အဆတစ်ရာ ပိုခက်ခဲသွားလိမ့်မယ်”
ရှုကျင်းယောင်က အသိပြန်ကပ်ဖို့ ခတ္တအချိန်ယူခဲ့ရသည်။
“လူကြီးမင်းအောင်းယို့ ဒီလက်ဆောင်တွေအားလုံးကလေ … ”
“ မင်းက အရိပ်အကဲမြန်ပါတယ်” အောင်းယို့က ရယ်မောလိုက်သည်။
“ဟုတ်တယ်။ မင်းအတွက် အကြီးမားဆုံးလက်ဆောင်က မင်း နောက်တစ်ဆင့် ရောက်စေမဲ့ အခွင့်အရေးပဲ ”
“လူကြီးမင်း အဲဆိုတခြားသူတွေကရော … လူကြီးမင်းကို ပြဿနာမတက်စေချင်ဘူးနော် ”
အောင်းယို့က ရုတ်တရက် ဂုဏ်ယူမှုနှင့် အာဏာရှိမှုတို့ကို ခံစားမိလိုက်သည်။
“ သူတို့က လုပ်ချင်ရင်တောင် ကိုယ့်ကို ဘာများလုပ်နိုင်မှာမလို့လဲ” သူက လှောင်ပြောင်လိုက်သည်။
“ပြီးတော့ ဘာမှစိုးရိမ်နေစရာ မလိုဘူး။ အားလုံးက ဆုံးဖြတ်ထားပြီးပြီ။ ရှေ့တန်းရဲ့ အခြေအနေက သိပ်မကောင်းတော့ အင်အားစုတွေ ထပ်လိုအပ်နေတာ။ အဲဆိုတော့ အားလုံးက ခွဲတမ်း ရထားပြီးသား ”
“ကျွန်မ သိပါပြီ” သူမက လက်ဆောင်များကို ကြည့်ကာ ပြောလိုက်သည်။
“အရှင်က ဒီလိုရက်ရောလိမ့်မယ်လို့ဆိုတာ မယုံနိုင်သေးဘူး”
“ဒါပေါ့” အောင်းယို့က ဂုဏ်ယူစွာ ပြောလိုက်သည်။
“သတိပေးစရာတစ်ခုက မင်းက အဆုံးစွန်မဲ့စံပြ ဖြစ်လာလို့တော့ မရဘူး။ တခြားလူတွေက အဲဒါကို လက်ခံကြမှာ မဟုတ်ဘူး။ မင်းကို ဝင်နှောင့်ယှက်ကြလိမ့်မယ်။ ” အောင်းယို့က ထိုကိစ္စရပ်သည် သူနှင့် မဆိုင်ဘဲ တခြားလူများနှင့်သာ ပတ်သက်နေကြောင်း ပြောလိုက်ခြင်း ဖြစ်၏။
“ကျွန်မအတွက် အဆင်ပြေပါတယ်” ရှုကျင်းယောင်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်၍ အောင်းယို့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“အဲဆိုတော့ မင်းရော ဘယ်လိုထင်လဲ။ ကိုယ့်လက်ဆောင်ကို ကျေနပ်ရဲ့လား”
“ကျေနပ်တာထက် ပိုပါတယ်ရှင် ”
“အဲဆို အပြန်အလှန်အနေနဲ့ လက်ဆောင်ပြန်ပေးရင်ရော ”
“လူကြီးမင်းက ဘာကိုအလိုရှိတာပါလဲ” ရှုကျင်းယောင်၏ မျက်နှာက သွေးထက်ပင် နီရဲနေကာ မေးလိုက်သည်။ အောင်းယို့က အနမ်းတစ်ပွင့်ဟု ပြောလိုသော်လည်း အလျှင်စလိုနိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူက ကိစ္စများသည် ဖြည်းဖြည်းချင်း အချိန်ယူရမည် ဖြစ်ကြောင်း သိလိုက်သည်။ မဟုတ်ပါက အရာအားလုံး ပျက်စီးသွားနိုင်၏။
“မင်း သင့်တော်မယ်လို့ ထင်တာ တစ်ခုခုပေါ့”
ရှုကျင်းယောင်က စဉ်းစားလိုက်သည်။ သူမ၏ မျက်နှာက အတော်လေးပူပင်နေရသည့်ပုံပေါက်နေသော်လည်း သူမက ဖြေရှင်းနည်းအနေနှင့် နှုတ်ခမ်းကို အသာကိုက်လိုက်မိသည်။ သူမက လက်ဝေ့လိုက်ပြီးသည့်နောက် လက်ဆောင်များကို သိမ်းဆည်းကာ အသားဟင်းတစ်ပွဲနှင့် စားပွဲငယ်လေးကို ပုံပေါ်လာစေသည်။
“ဒါက လူကြီးမင်းအတွက် ကျွန်မ သီးသန့်ပြင်ပေးထားတာပါ။ ရှင့်ကို … ခွံ့ကျွေးရင် ဘယ် … ဘယ်လိုလဲ” ရှုကျင်းယောင်က ထိုစကားများကို ပြောရင်း သူ့မျက်ဝန်းထဲ မကြည့်နိုင်ပေ။ ထို့အပြင် သူမ မျက်နှာက အခိုးအငွေ့များ ထွက်လာနိုင်လောက်အောင် နီရဲနေပြီ ဖြစ်၏။
“ကိစ္စမရှိဘူးလေ” အောင်းယို့က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ သူမက ထိုစကားများကို အော်ပြောလုမတတ် ဖြစ်သွားလေသည်။ ထို့ကြောင့် ရှုကျင်းယောင်က သူ့ကို ဖြည်းဖြည်းချင်း ခွံ့ကျွေးလိုက်သည်။ သူမ လက်များက တုန်ယင်နေသည့်အတွက် ဤကဲ့သို့ ရင်းရင်းနှီးနှီး ပြုမူသည်မှာ ပထမဆုံးအကြိမ် ဖြစ်မှန်း သိသာလှသည်။ သို့သော်လည်း ထိုအရာက အောင်းယို့အတွက် သူမအား ပိုချစ်ဖို့ကောင်းသွားစေသည်။
“သေရည်တချို့ သောက်ရင်ရော ”
ရှုကျင်းယောင်က သူ့ကို သေရည်တစ်ခွက် တိုက်လာသည်။ အောင်းယို့က လက်ရှိခံစားချက်ကို မည်သို့ဖော်ပြရမှန်း မသိတော့ပေ။ ပထမခွက် အပြီးတွင် သူက ဒုတိယခွက် ထပ်တောင်းလိုက်ပြီး ရှုကျင်းယောင်က သူ့ဆီ ပေးလာသည်။
“တတိယခွက်ရော” သူက အရှက်မဲ့စွာ မေးလိုက်သည်။ ထိုခံစားချက်က စွဲမက်ဖို့ကောင်းလွန်းသည့်အတွက် မတတ်နိုင်ပေ။ ထိုအစားအသောက်က သူ စားဖူးသမျှအထဲ အကောင်းဆုံး ဖြစ်နေသည်။ သို့သော်လည်း အရသာကြောင့်လား သို့မဟုတ် သူမ ခွံ့ကျွေးနေ၍လား မပြောတတ်ပေ။
“မဟုတ်တာ .. ဒါက လုံလောက်နေပါပြီ။ ပြီးတော့ အခုအချိန်ကျပြီ ”
“ဟမ် ဘာကိုပြောတာလဲ” အောင်းယို့က သူ့လေသံသည် ထူးဆန်းနေကြောင်း ခံစားမိလိုက်သော်လည်း ချက်ချင်း ထောက်မပြနိုင်ပေ။ သို့သော်လည်း သူ့အနေနှင့် အဖြေတွေ့ဖို့ သိပ်မကြာလိုက်ပေ။ သွေးနဂါးက ကျောဘက်မှ အနက်ရောင်သွေးကြောများ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည့်အခါ သူ့အမူအရာ ပျက်ယွင်းသွား၏။
“ငါ့ကို အဆိပ်ခတ်တာလား”
“ကြည့်ရတာ မရဏအမြစ်အဆိပ်က ကျွန်မ ထင်ထားတာထက် ပိုအားပြင်းနေတာပဲ” ရှုကျင်းယောင်က မှတ်ချက်ပေးလိုက်သည်။ သို့သော်လည်း သူမက ယခင်နှင့် လုံးဝကွဲပြားနေ၏။ သူမက တည်ငြိမ်နေ၏။ သူမ၏ လက်ရှိအနေအထားတွင် လူများက သူမ၏ အလှတရားကို မဟုတ်ဘဲ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရက်စက်မှုတို့ကို ချက်ချင်း သတိပြုမိကြလိမ့်မည်။