သေခြင်းတရားတစ်ခုပဲ မဟုတ်ဘူး
Vol. 91 Ch. 1272
ရှုကျင်းယောင်က သေခါနီး နဂါးကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ သူမက စိတ်ခံစားချက်များကို ဖတ်ရှုရာ၌ ဆရာတစ်ဆူဖြစ်သည့်အတွက် သူမက သစ္စာဖောက်သွားသည့်အချက်ကို နားမလည်နိုင်သေးကြောင်း သူ့အကြည့်မှတဆင့် နားလည်လိုက်သည်။ သူမက ခေါင်းအသာယမ်းလိုက်၏။ သူသည်လည်း တခြားသူများကဲ့သို့သာ ဖြစ်၏။
ရှုကျင်းယောင်က သက်ပြင်းချလိုက်ပြီး သူမအနေဖြင့် ဤအနေအထားကို ရောက်ရှိဖို့ မည်မျှအားစိုက်ထုတ်ခဲ့ရကြောင်း ပြန်လည်တွေးတောနေသည်။ သူမ၏ မျက်ဝန်းအထက် စိတ်တိုသည့် အရိပ်အယောင် ဖြတ်ပြေးသွားလေ၏။
“မရဏအမြစ်အဆိပ်တစ်ခုတည်းအတွက်နဲ့ ကျွန်မ ဘယ်လောက် အားစိုက်ထုတ်ခဲ့ရတယ်ဆိုတာ သိလား”
“ရှင်တို့လူတွေက ကမ္ဘာရဲ့ ကံကောင်းမှုကို သုံးပြီးတော့ ရှင်တို့ကို ခြိမ်းခြောက်မဲ့အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီးတော့မှ ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်အားလုံးက ဖျက်ဆီးခံလိုက်ရတယ်။ သူတို့ကို ဘယ်နေရာမှ ရှာမတွေ့တော့ဘူး”
ရှုကျင်းယောင်က ထိုကပ်ပါးများသည် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ရှားပါးအရင်းအမြစ်များကို ဖျက်ဆီးပစ်ခဲ့သည့်အကြောင်းကို တွေးမိကာ ဒေါသထွက်ချင်လာမိသည်။
“အဲ့လိုအဆိပ်မျိုးကို ရှိတဲ့ တစ်ခုတည်းသော နေရာက ထိပ်တန်းမျိုးနွယ်တွေပဲ” ရှုကျင်းယောင်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့ကို စည်းပိတ်ထားတာမျိုး ဒါမှမဟုတ်ဘူးဆိုရင်လည်း သူတို့ဂိုဏ်းကို သိမ်းပိုက်ဖို့ အကြောင်းပြချက်အနေနဲ့ သုံးမှာကို မဖြစ်လိုကြဘူးလေ။ အဲဒါကြောင့် ကျွန်မ ရယူဖို့ ကြိုးစားတော့ သူတို့က ငြင်းဆန်ကြတယ်။ ကံကြမ္မာဖန်ချင်တော့လည်း ကျွန်မက အဲဒီပျက်စီးပြီးသား မရဏအမြစ်ကို တွေ့ပြီး ပြန်လည်အသက်သွင်းဖို့ လုပ်ခဲ့တယ်လေ။ ဒါပေမဲ့ ရှင်တို့လူတွေက အဲလိုလုပ်နိုင်စွမ်းရှိတဲ့ အဆိပ်သခင်၊ ဆေးဝါးပညာရှင်နဲ့ ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ အားလုံးကို သတ်ပစ်ခဲ့တယ်”
ရှုကျင်းယောင်က သူ့ကို သနားစဖွယ် ကြည့်လိုက်သည်။
“ကံကြမ္မာက ရှင့်ကို တကယ်ကို ဆန့်ကျင်နေတာပဲ။ ဖြစ်ချင်တော့ စည်းမျဉ်းမဲ့ဇုန်ထဲမှာ ပြန်လည်အသက်သွင်းဖို့ လိုအပ်တဲ့ အရည်အချင်းတွေရှိတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ နောက်အဆင့်ကတော့ ရှင် သတိမထားမိစေဘဲ စားမိစေဖို့ပေါ့။ အဲဒီအစိတ်အပိုင်းအတွက်ကိုတော့ ရှင့်ကို ဂုဏ်ပြုထိုက်သူတစ်ယောက်နဲ့ တွေ့ပေးရမယ်”
ရှုကျင်းယောင်က လက်ခုပ်တီးလိုက်သည့်အခါ နားထင်ဘေးတစ်ဖက်တစ်ချက်စီတွင် အဖြူရောင်ဆံပင်ရှိသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ထွက်လာလေ၏။ သူ့ကိုယ်မှ အမွှေးအကြိုင်ရနံ့များ ထုတ်လွှတ်နေသည်။ သူက သူမကို အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်၏။
“သူ့ကို မှတ်မိလား” ရှုကျင်းယောင်က မေးလိုက်သည်။
“ဒါက ကျွန်မ လက်ခံထားတဲ့ လက်ဆောင်တစ်ခုဆိုတော့ ရှင် သိမှာပါ။ ရှင့်ကို ကျေးဇူးတင်ရမှာပဲ။ ထူးကဲပြောင်မြောက်တဲ့ အစားအစာ မဟုတ်ဘဲနဲ့ ကျွန်မ ဒီလိုမြန်ဆန်တဲ့ ကျင့်ကြံနှုန်းမျိုး ရှိလာမှာ မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက ဒီနေ့အစီအစဉ်ကလည်း အားမသုံးလို့ မရဘူး။ သူက မရဏအမြစ်ကို ရှင့်ရဲ့ အစားအစာထဲကို သေချာထည့်သွင်းပြီးတော့ ရှင့်ခန္ဓာကိုယ်က အဆိပ်ကို အာရုံမခံမိအောင် လုပ်ပေးခဲ့တယ်။ အဲဒီအစား အာဟာရအနေနဲ့ပဲ မြင်လိမ့်မယ်”
ထို့နောက် ရှုကျင်းယောင်က နန်းဆောင်၏ မျက်နှာကျက်ကို လက်ညှိုးထိုးကာ အစီအရင်တစ်ခုကို ထုတ်ဖော်လိုက်သည်။
“နောက်အဆင့်ကတော့ မိန်းကလေးဝူဆီမှာ ရှင့်ရဲ့ အန္တရာယ်ခံစားနှုန်းကို ဖိနှိပ်ပေးနိုင်မဲ့ အစီအရင်ကို တောင်းဆိုခဲ့တာပဲ။ ဒါက အတော်လေးတော့ အထောက်အကူဖြစ်တာပေါ့။ ကျွန်မကလည်း ရှင့်ဘေးနားမှာရှိနေတော့ အာရုံလွှဲပြောင်းမှုတစ်ခုပါတယ်လေ”
ဝေါင်း
အောင်းယို့၏ ပါးစပ်မှ အားကောင်းသည့် နဂါးအော်သံ ထွက်ပေါ်လာသည်။ သူက အနီရောင်နဂါးပုံရိပ် တစ်ခုကို ဆင့်ခေါ်လိုက်၏။ နန်းဆောင်က တုန်ခါသွားသော်လည်း ဘာမှဖြစ်ပျက်မလာခဲ့ပေ။ ရှုကျင်းယောင်နှင့် ချန်ရှုအမည်ရှိ စားဖိုမှူးရှေ့တွင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာလေ၏။
“ရှင်က ပွဲအခမ်းအနားကို အာရုံစိုက်မထားဘူးပဲ” ရှုကျင်းယောင်က ပြောလိုက်သည်။
“မိန်းကလေးဝူက ကျွန်မကို ကာကွယ်ရေးအဆောင် ချီးမြှင့်ပေးထားတယ်လေ။ ရှင့်လိုလူမျိုးက သူမ လုပ်ထားတဲ့အရာကို ချိုးဖောက်နိုင်မှာတဲ့လား။ ဖွတ်စုတ် ကိုယ့်နေရာကို သိစမ်း”
အောင်းယို့၏ မျက်ဝန်းက အနီရောင် ပြောင်းလဲသွားလေ၏။ နဂါးတစ်ကောင်အနေနှင့် ဖွတ်၊ မြွေ၊ ပုတ်သင်ညိုဟု ခေါ်ခံရခြင်းထက် မုန်းတီးသည့်အရာဟူ၍ မရှိပေ။ သူက ရှုကျင်းယောင်ကို စိုက်ကြည့်လိုက်၏။
“ဒီအခြေအနေကနေ လွတ်မြောက်သွားတာနဲ့ ကျွန်မကို လုပ်မဲ့အရာတွေအပါအဝင် စိတ်ခံစားချက်တွေ များပြားနေတာပဲ” သူမက ပြောလိုက်သည်။
“ဒါပေမဲ့ တခြားအရာတွေအပြင် ကျွန်မ ဒါတွေဘာလို့ လုပ်တယ်ဆိုတာကို သိချင်နေမှာပေါ့။ ဟုတ်တယ်မလား” သူမက မေးလိုက်သည်။
“ကျွန်မ အဲဒါကို ဟုတ်တယ်လို့ပဲ ယူဆလိုက်မယ်နော်။ ရှင့်ကို ပြောပြမယ်” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်သည်။
“မိန်းကလေးရှု အဆိပ်ကို တိုးမြှင့်ပြီးတော့ သူ့ကို မြန်မြန်သေခိုင်းလိုက်မှ ထင်တယ်” ချန်ရှုက ပြောလိုက်သည်။
“ကျွန်မက စကားများနေမိတယ်လို့ ပြောချင်တာလား” သူမက ပြောလိုက်၏။
“ကျုပ် မလုပ်ရဲပါဘူး”
“ရှင် နားမလည်ပါဘူး။ ကျွန်မက ဒီကိစ္စကို ဘာမှမဖြစ်သွားအောင် လျှို့ဝှက်ချက်အနေနဲ့ ထိန်းဖို့ အရမ်းအကြာကြီး စီစဉ်ခဲ့ရတာ။ အခု ထုတ်ပြဖို့ တစ်ခုတည်းသော အခွင့်အရေးပဲလေ။ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
သူမက အောင်းယို့ကို အာရုံစိုက်ထားလိုက်၏။
“ရှင့် မေးခွန်းတွေကို ဖြေရမယ်ဆိုရင် ကျွန်မ ဘာလို့လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတယ်။ ဒါက ရှင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပါအဝင်ပဲ။ ရှင်တို့ကပ်ပါးတွေက ရှေ့ဆက်ရမဲ့လမ်းကိုလည်း ပိတ်ဆို့ထားသေးတယ်။ ပြီးတော့ ကျွန်မ စားဖိုမှူးအတွက် လက်စားချေမှု။ ပြီးတော့ ကျွန်မရဲ့ တပည့်ကို အကွက်ကျကျစီစဉ်ပြီးတော့ အမှိုက်ဖြစ်သွားအောင် လုပ်ခဲ့တဲ့အတွက် လက်စားချေမှု။ ဒါပေမဲ့ ဒါတွေအားလုံးက ကျွန်မရဲ့ အဓိကရည်ရွယ်ချက် မဟုတ်သေးဘူး။ အဲဒါတွေအတွက် ကျွန်မမှာ နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ရှင်က ကျွန်မရဲ့ ဒုတိယမြောက်တပည့်ကို သတ်ခဲ့တယ်”
အောင်းယို့က သူမအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ သူမက ထိုသို့အရာမျိုးကို မလုပ်ခဲ့ပေ။
“အဲဒါက မတော်တဆတစ်ခုပါပဲ။ ဒါပေမဲ့ ပိုဆိုးသွားလား၊ ပိုကောင်းသွားလားဆိုတာကိုတော့ မသိဘူး” ရှုကျင်းယောင်က ပြောလိုက်သည်။
“အဲဒီ မျက်မမြင်သူတောင်းစားလေးကို တစ်ခါပဲ တွေ့ခဲ့တာ။ သူက ကျွန်မကို မမြင်နိုင်ဘူးလေ။ ကျွန်မရဲ့ စကားတွေက ထူးဆန်းနေမယ်ဆိုတာကို သိပါတယ်။ အဲဒါက ကျွန်မရဲ့ အလှတရားက အမြင်အာရုံ မရှိတဲ့သူတွေအတွက်ပါ အလုပ်ဖြစ်တယ်ဆိုတာကို ရှင် မသိလို့လေ။
ကျွန်မ သူတို့အနီးနားရောက်သွားရင် သူတို့ပုံဖော်ထားတဲ့ ပြီးပြည့်စုံတဲ့ အလှတရားဆိုတာက စိတ်ထဲမှာ ပေါ်ထွက်လာမှာပဲ။ ဒါပေမဲ့ အဲဒီကောင်လေးက တကယ်ကို မျက်စိမမြင်ဘူး။ သူက ထူးကဲတာပဲ။ အဲဒါကြောင့် သူ့ကို ပြုစုပျိုးထောင်ပေးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ကျွန်မရဲ့ လောဘက သူ့ကို ပျက်စီးသွားစေခဲ့တယ်လေ”
ရှုကျင်းယောင်က သက်ပြင်းချလိုက်သည်။
“အလှတရားကြောင့် လွှမ်းမိုးမခံလိုက်ရတဲ့သူတစ်ယောက်နဲ့ စကားပြောရတာ ဘယ်လောက်တောင် သက်တောင့်သက်သာရှိလဲဆိုတာ ရှင် နားလည်မှာ မဟုတ်ဘူး။ အဲဒီကလေးက ရှစ်နှစ်ပဲ ရှိသေးတယ်။ လောကအကြောင်း ဘာမှမသိသေးဘူး။ ဒါပေမဲ့ ကျွန်မတို့စကားဝိုင်းက အတော်လေး ပျော်ဖို့ကောင်းခဲ့တယ်။ ကျွန်မက သူ့ရဲ့ သိချင်တဲ့ စိတ်ကို သဘောကျတယ်။ ဒါပေမဲ့ …”
ရှုကျင်းယောင်၏ မျက်ဝန်းအထက် ဝမ်းနည်းမှုတို့ ဖြတ်ပြေးသွားလေ၏။
“သူသာ တပည့်ဖြစ်လာမယ်ဆိုရင် ကျွန်မတို့ကြားက အနေအထားပြောင်းလဲသွားမယ်ဆိုတာကို သိတယ်လေ။ အဲဒါကြောင့် အချိန်ဆွဲနေခဲ့မိတာ။ နှမြောဖို့ကောင်းတာက ကံကြမ္မာက တခြားအစီအစဉ် ရှိနေတဲ့ပုံပါပဲ။ ကျွန်မ နန်းဆောင်က ကိစ္စတွေကို ဖြေရှင်းဖို့ ဆယ်မိနစ်လောက် ထွက်သွားတဲ့အချိန်မှာ ကျွန်မ ပြန်ရောက်လာတော့ ရှင်က သေမျိုးတိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါက တမင်လုပ်တာ မဟုတ်မှန်းတောင် သိလိုက်ရတယ်လေ။
ရှင်က တခြားတစ်ယောက်နဲ့ ရင်ဆိုင်တုန်း သေမျိုးတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုမှာ ရှင့်ရဲ့ အရှိန်အဝါကို ထုတ်သုံးပြီးတော့ အားလုံးကို သတ်ပစ်မိသွားတာပဲ။ ကျွန်မရဲ့ သနားဖို့ကောင်းတဲ့ တပည့်လေး”
ရှုကျင်းယောင်က သူ့ကို ခက်ထန်စွာ ကြည့်လိုက်သည်။
“အဲဒါကြောင့် ကျန်တဲ့ ရှစ်ယောက်ထဲမှာ ရှင့်ကို ရွေးချယ်ခဲ့တာပဲ” ရှုကျင်းယောင်က အေးစက်စက် ပြောလိုက်သည်။ စက္ကန့်ပိုင်းလေး၌ သူမ၏ အမူအရာက ပြန်လည်တည်ငြိမ်သွားလေ၏။
“ဒါပေါ့။ ဒါက ကျွန်မရဲ့ အဓိကအကြောင်းအရင်းလို့တော့ မပြောနိုင်သေးဘူးပေါ့။ အဲဒါက ကြောင်သူတော်ဆန်နေလိမ့်မယ်။ နှစ်တွေအများကြီး ကျွန်မက သေသေချာချာ စီစဉ်ထားခဲ့တယ်” ရှုကျင်းယောင်က အပြုံးဖြင့် ဆက်ပြောလိုက်သည်။
“ကျွန်မရဲ့ အဓိကရည်ရွယ်ချက်က ဂုဏ်သတင်းပဲ။ လူတွေက ကျွန်မကို အလှပန်းအိုးလို့ မြင်တာ အရမ်းကို ငြီးငွေ့နေပြီ။ အဲဒါကို ပြောင်းလဲဖို့ နည်းလမ်းက စံပြတစ်ယောက်ကို သတ်ပြီးတော့ ဒီခေတ်ကာလကို အဆုံးသတ်ဖို့ စတင်ဖို့ပဲ”
ရှုကျင်းယောင်၏ မျက်ဝန်းအထက် ရူးသွပ်မှုတို့ ဖြတ်ပြေးသွားလေ၏။
“ရှင့်ကို သတ်ပြီးတဲ့နောက်မှာ ကျွန်မ နာမည်က သမိုင်းကြောင်းမှာ မှတ်တမ်း တင်ခံရလိမ့်မယ်။ အခုကစပြီးတော့ လူတွေက ကျွန်မကို ကမ္ဘာရဲ့ အလှဆုံး အမျိုးသမီး ရှုကျင်းယောင်လို့ သိမှာမဟုတ်ဘဲနဲ့ ဒီဆိုးရွားတဲ့ ခေတ်ကာလကို အဆုံးသတ်ခဲ့တဲ့ ရှေ့ပြေး စံပြသတ်ဖြတ်သူ ရှုကျင်းယောင်လို့ သိလာလိမ့်မယ်”
“မင်း အောင်မြင်မှာ မဟုတ်ဘူး”
“ကျွန်မ အောင်မြင်မှာ”
သွေးနဂါးက မြေကြီးပေါ်လဲကျသွားပြီး သူ့ဝိညာဉ်က ပြိုလဲသွားကာ သူ့ခန္ဓာကိုယ်က အနက်ရောင်အခိုးအငွေ့အသွင် ပြောင်းလဲသွားလေသည်။
“နောက်တစ်ခုက အန္တရာယ်များတော့မှာဆိုတော့ ရှင် ထွက်သွားသင့်ပြီ” ရှုကျင်းယောင်က အမိန့်ပေးလိုက်သည်။
“ကျုပ် အကူအညီ မလိုအပ်တာ သေချာရဲ့လား” ချန်ရှုက မေးလိုက်၏။
“မစိုးရိမ်ပါနဲ့။ ကျွန်မ အဆင်ပြေမှာပါ။ ကျွန်မ ဒီဟာကို အပြောင်းအလဲတွေ အများကြီးအတွက် ပြင်ဆင်ထားပြီး နှစ်များစွာ ပြင်ဆင်ထားခဲ့တာ”
“အဲဒါဆိုလည်း သဘောပါပဲ” ချန်ရှုက အခန်းအတွင်းမှ ပျောက်ကွယ်သွားလေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သွေးနဂါးက ပြန်လည်ပေါ်ထွက်လာ၏။ မပြီးမပြတ်အခြေအနေမှ ပြန်လည်ပေါ်ထွက်လာသည် ဖြစ်ကာ အနည်းငယ် ဖရိုဖရဲဖြစ်နေသော်လည်း သူက မကြာခင် အဖြစ်အပျက်ကို သဘောပေါက်သွားလေသည်။
“အသက်ပြန်ရှင်ခြင်း အဆောင်” သူက အံကြိတ်ကာ ပြောလိုက်သည်။
“အတိအကျပဲ” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်၏။
“ရှင် ကမ္ဘာကြီးကနေ ယူထားတဲ့ အရင်းအမြစ်တွေအရ တတိယအဆင့် အသက်ရှည်အရင်းအမြစ်တချို့တော့ ရှိမှာပဲ”
သွေးနဂါးက အလျင်အမြန် တည်ငြိမ်သွားလေ၏။
“အခု ငါက အဆိပ်ခတ် မခံထားလိုက်ရဘူးဆိုတော့ မင်းဆီမှာ အခွင့်အရေးရှိမယ်များ ထင်နေလား” သူက လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အဲဒါဆိုရင် ရှင် ကျွန်မကို ဘာလို့ မတိုက်ခိုက်ရတာလဲ” ရှုကျင်းယောင်က သူ့လှုပ်ရှားဖို့ စောင့်ဆိုင်းနေသည်။ သို့သော်လည်း ငါးစက္ကန့်ကြာမြင့်ပြီးသည့်နောက်တွင်ပင် နဂါးက အံ့ဖွယ်အသိစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို ဆက်လက် အကဲခတ်နေဆဲ ဖြစ်၏။
“တကယ့်ကို ငကြောက်ပဲ” ရှုကျင်းယောင်က ခေါင်းယမ်းရင်း ပြောလိုက်သည်။
“ရှင်တို့လိုလူမျိုးတွေက အချိန်ဆေးကြောရေး နှလုံးသားစမ်းသပ်ချက်ကို ဘယ်လိုအသက်ရှင်ခဲ့လဲဆိုတာကို သိချင်မိသား။ မမျှတဘူး ထင်တယ်။ ရှင်တို့ရဲ့ အထွတ်အထိပ် အချိန်ကာလမှာတော့ တာအိုလမ်းစဉ်နောက်ကို လိုက်ဖို့ သန့်စင်တဲ့ နှလုံးသားရှိရင်တော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ ကမ္ဘာရဲ့ အာဏာကို ခိုးယူတဲ့ သူခိုးတွေဖြစ်လာပြီးတဲ့နောက်မှာ ရှင်တို့က ကမ္ဘာရဲ့ အာဏာပိုင်းဆိုင်ရာမှာ ပျော်မွေ့ပြီးတော့ အာဏာနဲ့ အားလုံးကို နှိမ့်ချဖို့ပဲ တွေးနေကြတာ”
ရှုကျင်းယောင်က အမှန်တကယ် စိတ်ပျက်နေမိသည်။
“ကောင်းပြီလေ။ ရှင် မလှုပ်ရှားမှတော့ ကျွန်မ လှုပ်ရှားမယ်။”
သူမက လက်ဖျောက်တီးလိုက်ကာ လှုပ်ရှားလိုက်သည်။
သွေးနဂါးအနေနှင့် သူတို့ကြားက စွမ်းအားကွာဟချက်က ကြီးမားလွန်းသည့်အတွက် ရှုကျင်းယောင်၏ အပြုအမူများက သူ့မျက်ဝန်းထဲ နှေးကွေးနေလေ၏။
သူက လက်မြှောက်ကာ သွေးမှော်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း သူ့သွေးကို အသက်သွင်းလိုက်သည့်အချိန် သွေးနဂါးက ဒူးထောက်လျက် ဖြစ်သွားလေ၏။
“မင်း”
“ရှင်တို့ရဲ့ သွေးမျိုးဆက်ကျိန်စာကို ဘယ်လိုသိလဲလို့ စဉ်းစားနေတာလား။ ကောင်းပြီလေ ဒါက ရှင် ထင်ထားသလိုမျိုး လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ရှင့်လက်အောက်မှာရှိတဲ့ နဂါးတွေက ကျွန်မရဲ့ မျက်နှာသာပေးမှုကို ရဖို့ ဘာမဆို လုပ်ပေးချင်ကြတယ်လေ” သူမက အပြုံးဖြင့် ပြောလိုက်သည်။