သေချာနားထောင် ... ။
Vol. 158 Ch. 2201
ကျောက်တျန်းယွီ ရောင်ဝါကြောင့် မိုးကုပ်စက်ဝိုင်း တစ်ခွင် လျှပ်စီးကြောင်း တဖျပ်ဖျပ် ခတ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင် မူလအဆင့် မြင့်မြတ်သော မီးတောက်များ လောင်ကျွမ်း လာခဲ့၏။
“ အစ်ကိုပိုင် ... မင်းအရင် ပြန်ပါ။ ”
လင်းယွန်က ကြောက်ရွံ့မှု မရှိဘဲ လေးနက်သော အမူအရာဖြင့် ပြောကြား လိုက် လေသည်။ တိုက်ပွဲများ ဖြစ်ပွားလာပါက ၎င်းတို့ကို ဂရုစိုက်ရန် ခက်ခဲနိုင်၏။
“ နတ်သားတော် ... ။ ”
ထွက်ခွာ သွားသော ပိုင်ရှောင်နှင့် ရွှေအစောင့်များထံ ကြည့်ကာ ကူရှင်းယွီက မျက်မှောင်ကြုတ် သွားသည်။
ကျောက်တျန်းယွီမှ ၎င်းတို့ကို တားဆီးစေချင်၏။ သို့သော် တစ်ဖက် လူက လင်းယွန်နှင့် ပိုင်ရှုရင် ကိုသာ ကြည့်ပြီး သူ့အပေါ် လျစ်လျူရှု ခဲ့သည်။
လင်းယွန်က ဝမ်မူယန်ကို လှည့်ကြည့် လိုက်သည်။ သူမ အပေါ်ရှိ နတ်တန်ခိုးသည် ယခင်က အားနည်းခဲ့သော်လည်း ယခုအခါ ထူးထူးခြားခြား ပွင့်လာပြီ ဖြစ်၏။
ဤနတ်ရောင်ဝါသည် လူတစ်ဦး၏ ကျင့်ကြံမှုမှ ဆင်းသက်လာသည် မဟုတ်ဘဲ စိတ်နေစိတ်ထား ဖြစ်သည်။
“ ဝမ်မူယန် ... မင်းရဲ့ ကတိကို ထည့်တွက်လို့ ရသေးလား။ ”
သူမသည် ကောင်းကင် တာအို ဂိုဏ်းရှိ မည်သူ့ကိုမျှ ဒုက္ခ မပေးကြောင်း ကောင်းကင် သစ္စာ ကျိန်ဆို ခဲ့ဖူးသည်။
ထို့ကြောင့် ဘုံကျောင်းဖြင့် ငရဲသစ်ခွ ဓားအစီရင်ကို တိုက်ခိုက်လိုက်သော အခါ၌ သစ္စာ ပျက်ပြယ်လု နီးပါး ဖြစ်လာ၏။
ငရဲသစ်ခွခြံဝင်း အခြေအနေသည် ရှုပ်ထွေးနေ သော်လည်း ပိုင်ရှုရင်နှင့် ပိုင်ရှောင် လွတ်မြောက်နေသ၍ အဆင်ပြေသည်။
နေလ နတ်ရူရ်သည် အသက်နှင့်ရင်းပြီး ကာကွယ်ရန် မထိုက်ချေ။ အုပ်စိုးရှင် နတ်ရူရ် ဖြစ်သော်မှ လူ့အသက်ကဲ့သို့ အရေးမကြီးနိုင် သည်ကို လင်းယွန် သိ၏။
ထို့အပြင် အစ်ကိုကြီး၏ အခြေအနေကို မသိသေး သဖြင့် ပိုင်ရှုရင် ခေါ်ကာ သွားရောက် ပူးပေါင်း လိုသည်။
“ ငါ ... ဒီကောင်းကင် ရေကန်အတွက် လာတာ၊ နင် ... သူနဲ့ ထွက်သွားချင်ရင် သွား ... ငါ မတားဘူး။ ”
လင်းယွန်မှ သက်ပြင်းချ လိုက်သည်။ ဝမ်မူယန်သည် ဘုံကျောင်းကို ထိန်းချုပ်နိုင် နေပြီ ဖြစ်နေ သောကြောင့် သတိထားရ၏။
သူမနှင့် နတ်သားတော်တို့ ပူးပေါင်း လိုက်မည် ဆိုပါသော ဒုက္ခ ရောက်စေ နိုင်မည်။
“ မင်းကို ထွက်သွားခွင့် မပေးဘူး။ ”
ကျောက်တျန်းယွီ ခန္ဓကိုယ်မှ လျှပ်စီးများ လင်းလက်လာပြီး စကားဝိုင်းကို ဝင်ရောက် နှောက်ယှက် လာ၏။
“ ကျောက်တျန်းယွီ ... မင်းငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ် ထင်နေတာတော့ မဟုတ်ပါဘူးနော် ... ။ ”
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။ ထိုစဉ်က နတ်အလင်း မျက်လုံးသည် သူ့ကို အံ့အားသင့်စွာ ဖမ်းမိရုံ မျှသာ ရှိ၏။ ခုခံ နိုင်စွမ်းမဲ့ လောက်သည်အထိ မဖြစ်ချေ။
“ မဟုတ်လို့လား ... မင်းကို အနိုင်ယူဖို့ ငါ့အကြည့်တစ်ချက်ပဲ လိုပါတယ်။ ”
“ ဒါဆို မင်းဘာလို့ မကြိုးစားကြည့် တာလဲ။ ”
“ ကောင်းပြီ နောင်တ မရနဲ့။ ”
ဒေသ တစ်ခုလုံး လျှပ်စီးများ ပြည့်နှက်လာကာ နတ်အလင်း မျက်လုံးကို အသက်သွင်း လိုက်သည်။
နတ်အလင်း မျက်လုံးများ မပွင့်မီ လင်းယွန်၏ ဓားပင်လယ်ရှိ ကြယ်ဓားနှစ်လက် သည်လည်း လှုပ်ရှား လာ၏။
ထို့ကြောင့် နတ်အလင်း မျက်ဝန်း ပွင့်လာသော အခါ လင်းယွန်၏ နဖူးမှ ရွှေရောင် အဆင်း သဏ္ဍာန် တောက်ပနေပြီ ဖြစ်သည်။
ကြယ်ဓား နှစ်လက်သည် နဂါး ငွေ့တန်းပေါင်း တစ်ထောင်ကျော် ခြံရံလျက် နေနှင့်လ အလား တောက်ပနေ၏။
နတ်အလင်း မျက်လုံးများ မည်မျှပင် အစွမ်းထက်စေကာမူ ထိုနေနှင့်လကို လုံးဝ မကျော်ဖြတ်နိုင် တော့ချေ။
“ ဟား ဟား ဟား ... ယဲ့ချင်းရှန် မင်းလုပ်နိုင်တာ ဒါအကောင်းဆုံး ပဲလား၊ ဒါဆို မင်း ... သေလို့ရပြီ။ ”
ကျောက်တျန်းယွီမှ ထာဝရ နတ်ဖီးနစ် ကျမ်းကို ထပ်မံ ဖြန့်ဝေကာ သွေးတံဆိပ် သုံးခု ဖွဲ့စည်း၏။
“ ခရစ် ... ။ ”
နတ်အလင်း မျက်လုံးများ ပို၍ တောက်ပလာပြီး လေဟာနယ် ကွဲအက်ကုန် တော့သည်။ အပျက်သဘောဆောင်သော ရောင်ဝါများ ချက်ချင်း လွှမ်းခြုံလာ၏။
လင်းယွန်က ပိုင်ရှုရင်ကို သူ့နောက် ဆွဲပို့လိုက်သည်။ တစ်ဖက်တွင် နဂါးငွေ့တန်း များမှာ မှိန်ဖျော့ ပျက်စီးလာ၏။
“ ဖျစ် ... ဖျစ် ... ။ ”
ဒေသတစ်ခုလုံး လျှပ်စီးများဖြင့် ပြည့်နှက်နေပြီး ပျက်စီးခြင်း အငွေ့ အသက် များက တုန်လှုပ် ချောက်ချားဖွယ် ကောင်းလာသည်။
“ ယဲ့ချင်းရှန် ... ငါ မင်းကို အနိုင်ယူဖို့ အကြည့်တစ်ချက်ပဲ လိုတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ”
သူ့ အကြည့်ကြောင့် လင်းယွန်၏ ဓားရောင်ခြည်မှာ ငြိမ်းသတ်လိုက်သော မီးကဲ့သို့ ပျောက်ကွယ်သွားသည်။ ပြိုကျခြင်း မရှိချေ။
“ ဟမ့် ... အဓိပ္ပာယ် မရှိဘူး ... မင်းရဲ့ နဂါးငွေ့တန်းတွေကို ... ငါ ဖျက်ဆီး ပစ်လိုက် ပါပြီ။ ”
အံ့အားသင့်ကာ မျက်နှာ ပြောင်းလဲ သွားသည်။ နဂါးငွေ့တန်း ငြိမ်းသွားသော်လည်း ကောင်းကင်ထက်တွင် နေနှင့်လ ရှိနေဆဲ ဖြစ်ချေ၏။ ပြိုမကျ ခဲ့ချေ။
သလင်းကျောက် ကဲ့သို့ အေးခဲ ငြိမ်သက် နေသည်။ ဤသည်မှာ ကြယ်ဓား ရည်ရွယ်ချက် အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် လက္ခဏာ ဖြစ်သည်။
“ မင်းရဲ့ နတ်အလင်း မျက်လုံးက ဒါအကောင်းဆုံး ပဲလား။ ”
လင်းယွန်မှ သူ့ကြယ်ဓား နှစ်လက်ကို ထပ်မံလောင်ကျွမ်း စေလျက် ပြုံးရယ်လာ တော့သည်။
မရေမတွက်နိုင်သော ကြယ်များက နဂါး ငွေ့တန်းများ အဖြစ် တစ်ဖန် ပြန်လည် စုရုံး လာ၏။ ဤတစ်ကြိမ်၌ အမြင့် အသစ်သို့ပင် ရောက်ရှိ သွားခဲ့သည်။
“ ငါ့မှာ ဓားတစ်လက် ရှိတယ်။ ”
ကျောက်တျန်းယွီသည် ကနဦးဓား အသုံးပြုရန် ထိုက်တန်ချေ၏။ ဓားဆွဲသော အခါ ဖြစ်စဉ်များ ပွင့်လန်းလာပြီး လောက၌ ပထမ ဆုံးသော အလင်းများ ထွက်ပေါ်လာသည်။
နတ်အလင်း မျက်စိ ခမျာ ထိုအလင်းအောက်၌ အလွယ်တကူ ပျောက်ကွယ် သွားတော့၏။
ဤဓားသည် အလွန် လျင်မြန်ပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ နိဗ္ဗာန်အဆင့်ဖြင့် အမည်ခံ သူတော်စင်ကို သတ်ရန် ဤအရာအပေါ် အားကိုးခဲ့၏။
ယခုအချိန်၌ ယခင်ထက် များစွာ သန်မာလာသဖြင့် ဓားစွမ်းအားမှာ ကွဲပြား သွားပေလိမ့်မည်။
ထိုအချိန်တွင် ကျောက်တျန်းယွီ၏ နောက်ကျော၌ ကြာနီတစ်ပွင့် ပွင့်လာပြီး မီးလျှံများ တောက်လောင် လာသည်။
သည့်နောက် ဓားအလင်းကို လက်ဖြင့် ညင်သာစွာ ပုတ်ထုတ် ပစ်လိုက်၏။
“ ဒါ အလင်း မူလ မဟုတ်လား ... ၊ ငါ ကြားဖူးနေတာ ကြာပြီ၊ ဒါပေမယ့် အထင်ကြီး လောက် စရာလည်း မရှိပါဘူး။ ”
ယဲ့ချင်းရှန်တွင် အစွမ်းထက်သော ဓားတစ်လက်ရှိကြောင်း လူတော်တော် များများ သိထားကြသည်။
နဂါးပြာမှတ်တမ်းတွင် ကူရှင်းယွီကို အနိုင်ယူရန် အသုံးပြုခဲ့သည်။ သို့သော် ယနေ့ ကျောက်တျန်းယွီမှ ထိုဓားကို အလွယ်တကူ တားဆီးသွားချေပြီ။
“ ဒါက အစပဲ ရှိသေးတယ်။ ”
လင်းယွန်မှ ပြုံးလိုက်ပြီး ဓားလမ်းကြောင်းကို ပြောင်းလဲလိုက်သည်။
“ အကန့်အသတ် မရှိ ... ။ ”
ဤတစ်ကြိမ်တွင် ကမ္ဘာသစ် တစ်ခု မွေးဖွားလာတော့သည်။ တောင်များနှင့် မြစ်များ ဖြစ်ပေါ် လာခဲ့၏။
ဤဓားတွင် ဦးတည်ရာ မရှိသော်လည်း တောင်၏ စွမ်းအား၊ မြစ်၏ ဘုန်းအာနုဘော်နှင့် အပင်၏ အသက် စွမ်းအားများ ပါရှိသည်။
“ ဝေါ့ ... ။ ”
အပြုံးများ မပျောက်ကွယ်နိုင်မီ ကျောက်တျန်းယွီ ရင်ဘတ်ပေါ်၌ လက်သီး အရွယ် အစားခန့် အပေါက် တစ်ခု ပေါ်လာကာ သွေးများအန် လိုက်ရသည်။
“ ရွှပ် ... ။ ”
ဒဏ်ရာမှာ နက်ရှိုင်း ပေ၏။ လေထဲလွင့်စဉ် နေစဉ် တတိယ ဓားအလင်းက အံအားသင့်ဖွယ် ပျံသန်း လာပြန်သည်။
“ အွတ် ... ။ ”
ယခု တစ်ကြိမ်တွင် လင်းယွန် နှစ်ယောက် ခွဲထွက်သွားကာ ဓားတစ်ချက်စီ လွှဲလာခြင်း ဖြစ် ချေပြီ။
ဓားရောင်ဝါများက နေနှင့်လ ကဲ့သို့ ရောယှက် ဖွဲ့တည်လျက် ကျောက်တျန်းယွီပေါ် ဖုံးလွှမ်း လာသည်။
“ ဝုန်း ... ။ ”
၎င်းသည် အလွှာ အတားအဆီး တစ်ခု အဖြစ် ထွက်ပေါ်ပြီး အဆုံးတွင် ပေါက်ကွဲသံ တစ်ခု ကြားလိုက်ရ၏။
ထို့ကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားသော ကျောက်တျန်းယွီခမျာ ဒဏ်ရာများဖြင့် ဖုံးလွှမ်း နေပြီ ဖြစ်သည်။
အရေပြား၌ အကောင်း တစ်လက်မ မျှပင် မကျန်တော့ချေ။ မြင်ရသူတိုင်းကို မျက်လုံးပြူး သွားစေသည်။
“ ဝှစ် ... ။ ”
သူ့တစ်သက် ဤမျှ သနားစရာ ကောင်းလှသော အခြေအနေမျိုး မကြုံဖူးချေ။ လင်းယွန်က မီးခိုးတန်း သဖွယ် ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။
ထို့နောက် ဝမ်မူယန်ထံ တစ်ချက် လှည့်ကြည့်ကာ ပိုင်ရှုရင်ကို လက်ဆွဲလိုက်ပြီး ထွက်ပြေး တော့၏။
“ နှင်းဖြူ ... ။ ”
ကျောက်တျန်းယွီမှ လှုပ်ရှားရန် စိတ်ကူး မရှိသော ဝမ်မူယန်ထံ တစ်ချက် လှမ်းကြည့်ကာ အော်ငေါက်လိုက်သည်။
နှင်းဖြူသည် သူ့ အုပ်ထိန်းသူ အမျိုးသမီး ဖြစ်သည်။ သူမ ထွက်လာသည်နှင့် လင်းယွန်တို့ လမ်းတွင် ရပ်လိုက်၏။
ဤသည်မှာ လင်ယွန်နှင့် ပိုင်ရှုရင်ကို စွမ်းအားမဲ့ စေသော သူတော်စင် ဘုရင် တစ်ပါး ဖြစ်လေသည်။
“ ဖယ် စမ်း ... ။ ”
ရုတ်တရက် ခရမ်းငယ် တစ်ယောက် ဓားသေတ္တာ ထဲမှ ပြေးထွက် လာသည်။ သူမ၏ ဆံပင်များ ပျံ့ကျဲကာ ငွေရောင် အဆင်း သဏ္ဍာန်များ ထွက်ပေါ်လာ၏။
နဖူးပေါ်ရှိ နတ်ရူရ် နှစ်ခုက တောက်ပစွာ ထွန်းလင်းနေသည်။ မိုးပြာ နဂါးနှင့် ရေခဲ ဖီးနစ် နတ်ရူရ်များ ဖြစ်၏။
ဤသည်မှာ အကုန် မဟုတ်သေးချေ။ နောက်ထပ် အလင်းများ ဖြာထွက်လာ ခဲ့ပြီး အုပ်စိုးရှင် နတ်ရူရ်နှစ်လုံး ပေါ်လာသည်။
ဓားသေတ္တာထဲမှ လာခြင်း ဖြစ်၏။ ထုတ်လွှတ်လိုက်သော ရောင်ဝါသည် မထင်မှတ် နိုင်လောက်အောင် မြင့်မားနေသည်။
ခရမ်းငယ်က လက်ဖဝါးကို တွန်းထုတ် လိုက်သောအခါ နှင်းဖြူ သူတော်စင် ဘုရင်ကို တိုက်မိသွား တော့၏။
“ ဖပ် ... ။ ”
“ အွတ် ... ။ ”
ခရမ်းငယ်က လေထဲ ပျံဝဲနေလျက်မှ အေးစက်စွာ ငုံ့ကြည့်သည်။ သူမ အသွင်အပြင် သည် ဝိုးတဝါး နိုင်နေ၏။ သူမ ရောင်ဝါသည် ဝမ်မူယန် ထက်ပင် အားကောင်းကာ ရှေးကျလေသည်။
နှင်းဖြူ သူတော်စင် ဘုရင်၏ မျက်နှာ ပြောင်းသွားပြီး လှုပ်ရှားရန် မဝံ့မရဲ ဖြစ်လာ၏။ သူမအတွက် ကျောက်တျန်းယွီသည် အရေးကြီး ချေပြီ။ ထို့ကြောင့် မတိုက်ဝံ့ဘဲ၊
“ စီနီယာ ... စီနီယာက ဘယ်သူလဲ။ ”
-ဟု မေးမြန်း လိုက်သည်။
တစ်ဖက်တွင် ဝမ်မူယန်မှာ သတိကြီးစွာ စောင့်ကြည့်နေ၏။ ဤလူသည် ကြောက်စရာ ကောင်းကြောင်း သူမ ပြောနိုင်သည်။
“ သေချာ နားထောင် ... ”
ခရမ်းငယ်မှ အေးစက်စွာဖြင့်၊
“ ပင်လယ် (၄)စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင် (၃၆)လွှာနဲ့ ... မြေကမ္ဘာ (၇၂)ထပ် ပိုင်စိုးတဲ့ နတ်ဖီးနစ် မျိုးနွယ်စုဝင် ကောင်းကင် တရား စီရင်ရေး ဧကရီပဲ။ ”
-ဟု ဂုဏ်ယူဝင့်ကြွားစွာ ဖြေကြား လိုက်လေသည်။
ရှည်လျားသော သူမ၏ ဘွဲ့အမည်သည် လူတိုင်းကို ထိတ်လန့် အံ့သြသွားစေ တော့၏။ ဝမ်မူယန်က ...
“ ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီလား။ ”
-ဟု မရေမရာ ပြန်မေးလိုက်သည်။
တစ်ဖက်တွင် ခရမ်းငယ်၏ မိတ်ဆက် စကားကြောင့် ကူရှင်းယွီ ခမျာ နှုတ်ခမ်းများ လှုပ်ယမ်းသွား လေသည်။
“ မင်းတို့တွေ ... ငါ့နာမည်ကို သိနေပြီ ... ဆိုမှတော့ ဘာလို့ ဒီနေရာမှာ အခုထိ ရှိနေသေး တာလဲ၊ ဟမ့် ... ။ ”
***