မြောက်ဖျားဒေသမှပြန်ရောက်လာသူ
Vol. 92 Ch. 1288
အခန်း (၁၂၈၈) မြောက်ဖျားဒေသမှပြန်ရောက်လာသူ
“မင်းရဲ့ဓားသိုင်းစွမ်းအားက ရင့်ကျက်မှုကို စပြီးပြသနေပြီ ၊ မင်းအတွက် ရှေ့ကိုဆက်သွားနေတာက အမှန်ကန်ဆုံးပဲ ၊ လုံးဝ နောက်ပြန်ဆုတ်လို့မရဘူး ၊ မင်းသာရှေ့ဆက်သွားနေမယ်ဆိုရင် သိုင်းပညာအတော်များများက မင်းရဲ့သိုင်းစွမ်းကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါကြောင့် နောက်ပြန်ဆုတ်တာက မင်းအတွက် မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူး”
စောမင်ကျန့်က ဆက်ပြောသည်။
“မိုးနဲ့မြေရဲ့ ယေဘူယျလမ်းကြောင်းက အမြဲတမ်း အရှေ့ကိုပဲရွေ့လျားနေတယ် ၊ ဒီလမ်းကြောင်းအတိုင်းလျှောက်လှမ်းမယ်ဆိုရင် ကပ်ဆိုးကျရောက်မယ့်သူက မင်းကိုယ်တိုင်မဟုတ်ဘဲ မင်းရဲ့ရန်သူပဲ ဖြစ်ရလိမ့်မယ်”
“ဒါပေမဲ့ မင်းအတွက် ပြဿနာက အရှေ့ကိုပဲဆက်သွားရမယ်ဆိုတဲ့ မူဘောင်ထဲမှာ ချမှတ်ပြီးသား ဖြစ်နေတာပဲ ၊ ဒီတော့ တိုးတက်မှုရှိဖို့လိုအပ်တယ်”
“ပြောင်းလဲမှုအသေးစိတ်တွေကို လိုက်ကြည့်နေဖို့မလိုဘူး ၊ ဒါပေမဲ့ စိတ်ကူးထဲကအရာတွေကို လက်တွေ့အဖြစ် ပြောင်းလဲသင့်တယ် ၊ ဒီလောကကြီးမှာ လက်တွေ့ဖြစ်လာတဲ့အရာအားလုံးက စိတ်ကူးနဲ့စတင်ခဲ့တာပဲ မဟုတ်လား ၊ စိတ်ကူးတစ်ခုကနေစတင်ပြီး အရာအားလုံး အကောင်အထည်ပေါ်လာခဲ့တာလေ”
စောမင်ကျန့်က ရန်တိကို ချီးကျူးဟန်ဖြင့် တစ်ချက်ကြည့်ရင်း...
“ချီးကျူးစရာကောင်းတာက မင်းက ဒါတွေအားလုံးကို သဘောပေါက်ပြီးနေပြီ ၊ ငါပြောပြဖို့တောင် မလိုအပ်တော့ဘူး”
ရန်တိက...
“အရှိန်အဟုန်နဲ့ ရှေ့ဆက်သွားတဲ့အခါ ဖန်တီးမှုထဲက အပြောင်းအလဲတွေက အသစ်နဲ့အဟောင်းဆိုပြီး အမျိုးအစား (၂)ခု ရှိလာတယ် ၊ အဟောင်းကိုစွန့်ပစ်ပြီး အသစ်ကိုကြိုဆိုလက်ခံတာက စည်းမျဉ်းအဟောင်းတွေကို ချိုးဖျက်ပြီး စည်းမျဉ်းအသစ်တွေကို ဖန်တီးနိုင်မယ်ဆိုတဲ့အဓိပ္ပါယ်ပဲ ၊ ဒါက မိုးနဲ့မြေရဲ့ အရှိန်အဟုန်ပါပဲ”
ထို့နောက် သူက ဓားဝိညာဉ်ကို ပေါ့ပေါ့ပါးပါးပင် အရှေ့ဆီသို့ ခုတ်ပိုင်းချလိုက်သည်။
“ခေတ်တစ်ခေတ်ရဲ့ တကယ့်အပြောင်းအလဲကို ကျွန်တော် တစ်ခါမှ မကြုံဖူးဘူး ၊ ဒါပေမဲ့ အဲဒါက အမှန်တကဘ် တည်ရှိတဲ့အရာပဲ ၊ အမျိုးမျိုးကွဲပြားနေတဲ့ ခေတ်ကာလတွေဟာ ရှေးဟောင်းစာအုပ်တွေထဲမှာပဲ မှတ်တမ်းတင်ထားတဲ့အရာတွေ မဟုတ်ပါဘူး”
စောမင်ကျန့်က ခေါင်းညိတ်ရင်း...
“မဆိုးဘူး... မင်းရဲ့အတွေးအမြင် မှန်တယ်”
သူက ဆက်ပြောသည်။
“ရန်ရှင်းထန်နဲ့ တိချင်းလျန်ရဲ့အဆက်အနွယ်တွေက တကယ့်ကိုထူးခြားတာပဲ ၊ မင်းရဲ့ ‘ဖန်ဆင်းခြင်းဓားသိုင်း’ က ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ကိစ္စရပ်တွေကို သေချာပေါက် ဖန်တီးနိုင်မှာပဲ”
စကားပြောရင်း စောမင်ကျန့်မျက်နှာထက် ရှားရှားပါးပါးပင် ပျော်ရွှင်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။
သူက ပြုံးလိုက်ရင်း...
“ဒီလို ထူးခြားတဲ့သိုင်းပညာရပ် မွေးဖွားလာတာကို သက်သေပြနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ် ၊ အခု ငါလည်း စိတ်သက်သာရာရသွားပါပြီ”
ရန်တိက...
“အကြီးအကဲက ချီးကျူးလွန်းနေပါပြီ ၊ ရှေ့ဆက်သွားရမယ့်လမ်းက ဆူးညှောင့်ခလုတ်တွေနဲ့ ပြည့်နက်နေတာ အမှန်ပဲ ၊ ကျွန်တော် ကျိန်းသေ တာဝန်ကျေအောင်ကြိုးစားပြီး တိုးတက်မှုရှိအောင် အစွမ်းကုန်ကြိုးစားမှာပါ”
စောမင်ကျန့်က ခေါင်းညိတ်လိုက်ပြီး ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်သည်။
“မင်းက စန်းချင်း(၃)ပါး သိုင်းပညာရပ်တွေကို တစ်ပြိုင်တည်းကျင့်ကြံထားတာလား”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ထိုမေးခွန်းကို ငြင်းဆန်ခြင်းမရှိပေ။
သူက...
“အကြီးအကဲ’စော’ က တကယ် အမြင်စူးရှတာပဲ”
စောမင်ကျန့်ကလည်း ပြုံးလိုက်ရင်း...
“သိပ်ကောင်းတယ်”
ထို့နောက် သူက ရန်ကျောက်ကဲကို ခဏမျှ အကဲခတ်ရင်း...
“မင်းမှာ ယွိချင်အဆက်အနွယ်ရဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနဲ့ စန့်ချင်အဆက်အနွယ်ရဲ့ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းရှိမယ်ဆိုရင် ရှေ့ဆက်ရမယ့်လမ်းက ပိုကောင်းသွားနိုင်တယ် ၊ ဒါပေမဲ့ အဲဒီထဲမှာပါဝင်တဲ့ကျင့်စဉ်တွေက အတော်လေးခက်ခဲတယ်”
သူက ဆက်ပြောသည်။
“မင်းက လမ်းကြောင်းဟောင်း (၃)ခုကို လျှောက်လှမ်းဖို့ကြိုးစားနေတယ်ဆိုပေမယ့် လမ်းသစ်တစ်ခုကို လျှောက်လှမ်းနေတာလည်း ဖြစ်တယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ်လှုပ်ရှားသွားသည်။ သို့သော် သူ၏မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲပင်။
“အကြီးအကဲရဲ့စကားကို ကျွန်တော် မှတ်ထားပါ့မယ်”
စောမင်ကျန့်က...
“မင်း အနာဂတ်မှာ ဆက်လက်တိုးတက်လာပြီး မဟာတာအိုရဲ့ မတူညီတဲ့ လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနေတာတွေ့ရဖို့ တကယ့်ကို မျှော်လင့်မိပါတယ်”
ထို့နောက် စောမင်ကျန့်က လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး အဂ္ဂိရတ်ခန်းမထွက်ပေါက်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
“ချန်းဟွာသစ်ပင်ကြီးကို ဒီခန်းမထဲမှာ ခဏထားခဲ့မယ် ၊ ကျေးဇူးပြုပြီး သေချာဂရုစိုက်ပေးစေချင်တယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ ၊ ရန်တိနှင့် ရွှယ်ချူးချင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရွှယ်ချူးချင်က...
“တည်ထောင်သူဆရာဘွားဘွား ဒီမှာရှိနေမယ်ဆိုရင် ကျွန်မ အကောင်းဆုံး ဂရုစိုက်ပေးမှာပါ”
စောမင်ကျန့်က...
“ဒါဖြင့် ကောင်းပြီ...”
ပြောပြီးသည်နှင့် သူက အဂ္ဂိရတ်ခန်းမအတွင်းမှထွက်ခွာသွားပြီး စကြာဝဠာဗလာနယ်ထဲတွင် မတ်တတ်ရပ်နေလိုက်သည်။
သူက ခေါင်းကိုလှည့်လိုက်ပြီး ဗလာနယ်ထဲတွင် ပုံရိပ်ယောင်တစ်ခုပမာလွင့်မျောနေသည့် အဂ္ဂိရတ်ခန်းမကို လှမ်းကြည့်လိုက်သည်။
ထို့နောက် အဝေးတစ်နေရာမှ အထက်ဘုံကမ္ဘာသို့လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းများက အတွေးလွန်နေဟန်ရှိသည့်တိုင် အေးချမ်းတည်ငြိမ်နေဆဲပင်။
ထို့နောက် အရပ်မြင့်မြင့် ဆံပင်တိုတိုနှင့် ထိုသူသည် စကြာဝဠာဗလာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။
မုန်တိုင်းလာမည်ကို စောင့်ဆိုင်းနေခြင်းသာပင်။
အဂ္ဂိရတ်ခန်းမထဲတွင်တော့ ရန်တိက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“ဒီနေ့ကစပြီး ငါ အပြည့်အဝ တံခါးပိတ်ကျင့်ကြံတော့မယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး...
“အပြင်ကကိစ္စတွေကို ကျွန်တော် ရှင်းလိုက်ပါ့မယ် ၊ အထက်ဘုံကမ္ဘာက ကိစ္စတွေကတော့ ပြင်ဆင်ဖို့ အချိန်လိုပါသေးတယ်”
သူက ဆက်ပြောလိုက်သည်။
“ပြင်ပတာအိုကျင့်ကြံသူတွေ အရင်ရောက်လာမယ်ဆိုရင် မီးလျှံထက်ယံအရှင်သခင်က ရန်သူတွေကို အဝေးကိုဖြားယောင်းပြီးခေါ်သွားလိမ့်မယ် ၊ သူက ရန်သူတွေကို ထိန်းထားနိုင်ပေမယ့် နောက်ပိုင်း မြေကမ္ဘာထက်ယံအရှင်သခင်ရောက်လာရင် တားဆီးနိုင်ဖို့ခက်လိမ့်မယ်”
နက္ခတ်ဧကရာဇ်က...
“မတော်တဆမှုတစ်ခုခု မရှိဘူးဆိုရင် တာအိုဆရာ’ကျန်းရှန်’ က ပြင်ပတာအိုကျင့်ကြံသူတွေအရင် အထက်ဘုံကမ္ဘာကို ပြန်လာမယ်ထင်တယ်”
ရန်ကျောက်ကဲက လက်ဖဝါးနှစ်ဖက်ဖြန့်ကားရင်း...
“ကျွန်တော်ကတော့ မြေကမ္ဘာထိပ်တန်းအရှင်သခင် နောက်မှ ရောက်လာမယ်ထင်တာပဲ ၊ မဟုတ်ရင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရဲ့ လှုပ်ရှားမှုအတွက် ကျွန်တော်တို့ စိတ်ပူနေရလိမ့်မယ်”
အားလုံး တိတ်ဆိတ်သွားကြသည်။
ရန်ကျောက်ကဲက တွေးတွေးဆဆဖြင့်...
“အခြေအနေက အတော်လေး ဖရိုဖရဲဖြစ်နေတာ ၊ ဝင်ရောက်စွက်ဖက်မယ့်သူတွေလည်း အများကြီး ရှိနိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“အစကတော့ ကျွန်တော့်ခန့်မှန်းချက်ကို အတည်မပြုနိုင်ခဲ့ဘူး ၊ ဒါပေမဲ့... ကျွန်တော်တို့သားအမိ ဖန်းဝေ့အစီအရင် အောင်မြင်ပြီးသွားရင်... ဟုတ်တယ် ဖန်းဝေ့အစီအရင်က နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ လမ်းညွှန်ပေးထားတဲ့အရာပဲ ၊ ကျွန်တော့်ခန့်မှန်းချက် မှန်တယ်ဆိုတာ သေချာတယ်”
ပြောရင်း ရန်ကျောက်ကဲက ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်လိုက်သည်။
ရန်တိက ဖြည်းညင်းစွာခေါင်းညိတ်ရင်း...
“မှန်တယ်ဆိုရင်လည်း ဒါက မှန်းဆချက်တစ်ခုပဲလေ ၊ တခြားသူက အခြေအနေတွေကို ထိန်းချုပ်ထားတာလည်း ဖြစ်နိုင်တာပဲ”
သူက ဆက်ပြောလိုက်သည်။
“မင်းခန့်မှန်းချက် မှန်တယ်ဆိုရင် ကောင်းပါတယ် ၊ ဒါပေမဲ့ ဒီလောကမှာ အကြွင်းမဲ့မှန်ကန်တာမျိုးတော့ မရှိနိုင်ဘူး”
ရန်ကျောက်ကဲက မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ရင်း...
“ဟုတ်ပါတယ်”
ရန်တိနှင့် ရွှယ်ချူးချင်ကို နှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲနှင့် နက္ခတ်ဧကရာဇ်တို့ အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့ကြသည်။
***
တစ်ချိန်တည်းမှာပင်...
အထက်ဘုံကမ္ဘာ ၊
မြောက်ဖျားဒေသဖြစ်သော “မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်”။
ဗလာနယ်ထဲတွင် အေးစိမ့်စမ်းချောင်းများဆီသို့ ဦးတည်သွားသော လမ်းကြောင်းများရှိနေပြီး အခြေအနေက မတည်မငြိမ် ဖြစ်နေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြောက်ပိုင်းထိပ်တန်းအရှင်သခင်သည် ဤဒေသကိုစွန့်ခွာပြီး ဘယ်သောအခါမှ ထွက်ခွာသွားခဲ့ခြင်း မရှိပေ။
ဝါဒတောင် ၊ ကျောက်စိမ်းကျောက်ဆောင် ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ် ၊ ချီလင်ကမ်းပါးနှင့် နတ်ဘုရားအနားယူတေင်ကြားတို့ကြားဖြစ်ပွားသည့် အငြင်းပွားမှုများအပေါ်တွင်လည်း နှုတ်ဆိတ်နေခဲ့သည်။
သူက အခြေအနေများကို ဘယ်သောအခါမှအရေးမစိုက်သလို ရန်ပွဲများတွင်လည်း ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။
ယွင်ကဲတောင် ၊ ရွှမ်လျိုတောင်းတော်မှ မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်များလက်ထဲတွင် ထျန်းကျိခန်းမမှ တုံကင်ပြားများ ရှိနေခဲ့သည်။
သူ၏တပည့်များ ထျန်းကျိခန်းမနှင့် တိတ်တဆိတ်ဆက်သွယ်သည်ကို မြောက်ပိုင်းထိပ်တန်းအရှင်သခင်က မသိမသာ လက်ခံထားပုံရသည်။ သို့သော် သူကိုယ်တိုင်ကတော့ ထျန်းကျိခန်းမနှင့် ဘယ်တုန်းကမှ ကိုယ်တိုင်ကိုယ်ကျ အဆက်အသွယ် မလုပ်ခဲ့ပေ။
မြောက်ပိုင်းထိပ်တန်းအရှင်သခင်က မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင်သာ နေထိုင်ခြင်းမျိုး မလုပ်ခဲ့ပေ။
သူက မြောက်ဖျားကုန်းမြေဒေသသို့သွားရောက်ကာ ဗလာနယ် နယ်နိမိတ်၏ရွေ့လျားပြောင်းလဲမှုများကို တိတ်တဆိတ် အာရုံစိုက်နေခဲ့သည်။ အေးစိမ့်စမ်းချောင်းနယ်မြေများနှင့် သူတို့၏အဆိပ်သင့်မှုနှင့် အပြောင်းအလဲများကို သတိထား လေ့လာနေခဲ့သည်။
ရန်ကျောက်ကဲနှင့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က ဖန်းယွင်ရှန်း၏သတင်းကို အာရုံစိုက်ပေးပါရန် အကူအညီ တောင်းခဲ့သည်။ သူက ထိုသို့ပြုလုပ်ပေးရန် သဘောတူခဲ့သော်လည်း ထိုသူများနှင့် ထပ်မံဆက်သွယ်ခဲ့ခြင်း မရှိပေ။
ယခု နှင်းတောထဲတွင် အဘိုးအို မတ်တတ်ရပ်နေလေသည်။
ထိုအချိန် အဝေးဆီမှကောင်းကင်ထက်တွင် အနက်ရောင်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအနက်ရောင်မျဉ်းကြောင်းများကိုတွေ့တော့ အဘိုးအို၏စိတ်နှလုံးအနည်းငယ်တုန်ခါသွားသည်။ တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်အလား သူ့မျက်ဝန်းများက စူးရှတောက်ပသွားသည်။
“ဒါက ... မဟာနတ်ဆိုးတစ်ပါးလို့ မခံစားရဘူး... ဒါပေမဲ့ လူသားတစ်ယောက်များလား”
အချိန်အတန်ကြာ စဉ်းစားပြီးနောက် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ကျောက်စိမ်းတုံတစ်တုံးကိုထုတ်ယူပြီး အစိတ်စိတ်အမွှာမွှာ ခွဲချေပစ်လိုက်သည်။
ထို့နောက် အလင်းတန်းများက မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို ဗဟိုပြုကာ မြင့်တက်ထွက်ပေါ်လာပြီး မြောက်ဖျားဒေသ ရေခဲပြင်တစ်ခုလုံးအား လင်းလက်တောက်ပသွားစေသည်။
အလင်းရောင်များတောက်ပလာသည်နှင့် ဗလာနယ်ထဲမှ အက်ကြောင်းများ ရပ်တန့်သွားသည်။
ဤသည်က မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကြောင့်မဟုတ်ဘဲ အထက်ဘုံကမ္ဘာ၏ နယ်ခြားယန္တရားစတင်လည်ပတ်ခြင်း ဖြစ်၏။
မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင်ရှိနေသော ယန္တရားများက ငရဲကိုးထပ်မှနတ်ဆိုးများကို ကာကွယ်ရန် အထူးအလေးပေးထားသည်။ ဤနေရာတွင်ရှိနေသော အေးစိမ့်စမ်းချောင်းများကို ထိန်းချုပ်ရန်အတွက် အထူးသတ်မှတ်ချက်များ ပြုလုပ်ထားသည်။
ခဏကြာပြီးနောက် တစ်စုံတစ်ယောက် ပိုမိုနီးကပ်လာသည်ဆိုသောခံစားချက်က သိသာထင်ရှားလာသည်။
ထိုသူကို အလွန်ရင်းနှီးသည်ဟု မြောက်ပိုင်းထိပ်တန်းအရှင်သခင် အာရုံခံမိသည်။
အဘိုးအိုက အံ့အားသင့်စွာ မျက်မှောင်ကျုံ့လိုက်ရင်း...
“ဒါက... သူ့ဟာသူ ပြန်လာတာလား...”
သူက ဆက်ပြီးရေရွတ်လိုက်သည်။
“ဒါမှမဟုတ်... သူက ရာဟုကြယ်ထက်ယံအရှင်သခင် ဖြစ်နေပြီလား”
စွမ်းအားပြင်းထန်သောရောင်ဝါတစ်ခုက အလွန်လျှင်မြန်စွာပင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်ဆီသို့ ရောက်ရှိလာသည်။
ထို့နောက် ရောက်ရှိလာသောမိန်းမပျိုက အဘိုးအိုကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း...
“ဝါဒတောင်တပည့် ဖန်းယွင်ရှန်း... မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို ဂါရဝပြုပါတယ်”
မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ခဏမျှ တိတ်ဆိတ်နေပြီးမှ...
“မင်းက တကယ်ပဲ မိတ်ဆွေလေး’ဖန်းယွင်ရှန်း’ လား ၊ ဒါမှမဟုတ် ရာဟုကြယ်ထက်ယံအရှင်သခင်လား”
မိန်းမပျိုက...
“ဒီတပည့်က ဖန်းယွင်ရှန်း ဖြစ်နေတုန်းပါပဲ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့... ရာဟုကြယ်ထက်ယံအရှင်သခင်ကတော့ (၃၀)ရာနှုန်း ထိန်းချုပ်မှုယူထားပါတယ်”
မြောက်ပိုင်းထိပ်တန်းအရှင်သခင်က...
“ကျန့်ဟွမ်ဓားဧကရာဇ် မကြာခင် ရောက်လာလိမ့်မယ် ၊ မင်း စိတ်မရှိဘူးဆိုရင် ခဏလောက် စောင့်စေချင်တယ် ၊ မင်းရဲ့ သူငယ်ချင်းတွေကိုလည်း သတင်းပို့ရဦးမယ် ၊ မင်း အန္တရယ်ကင်းကင်းပြန်ရောက်လာတာသာ သူတို့သိရင် အရမ်းဝမ်းသာသွားကြမှာပဲ”
အဘိုးအိုက ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ ကို စိုးရိမ်ပူပန်ခြင်းမရှိပေ။
မဟာနတ်ဆိုးကြီးများ အကာအကွယ်ရယူပြီး ယန္တရားအတားအဆီးအက်ကြောင်းများမှ ဝင်ရောက်လာရန် အခွင့်အရေးရသွားမည်ကို သူက စိုးရိမ်ပူပန်နေခြင်းသာ ဖြစ်လေသည်။