မြေကမ္ဘာထက်ယံအရှင်သခင်ပြန်လာပြီ
Vol. 92 Ch. 1290
အခန်း (၁၂၉၀) မြေကမ္ဘာထက်ယံအရှင်သခင်ပြန်လာပြီ
မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို ဗဟိုပြုပြီး ထွက်ပေါ်နေသောအလင်းတန်းများက မိုးမြေတစ်ခွင် လွှမ်းခြုံထားဆဲဖြစ်သည်။
မည်သည့်အရာများဖြစ်ပျက်သွားကြောင်း သူတို့ သတိထားမိဟန် မတူပေ။
သို့သော် အဘိုးအို၏စိတ်အစဉ်ကတော့ မည်သည့်သက်ရောက်မှုမှ မရှိသည့်ပမာ ဗလာကျင်းနေခဲ့ပြီး သူ၏ရုပ်အလောင်းက မြေအောက်သို့ တဖြည်းဖြည်းနစ်မြုပ်သွားသည်။
သူ့ခြေဖဝါးအောက်မှအရိပ်က အောက်ခြေမရှိသော ချောက်နက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တည်ရှိမှုအား သဲလွန်စမကျန် ဝါးမျိုသွားခဲ့သည်။
အဘိုးအို၏ခန္ဓာကိုယ်မှ အလင်းတန်းများသည်လည်း အယောင်ဆောင်သူ၏ခန္ဓာကိုယ်ဆီသို့ လွှဲပြောင်းရောက်ရှိလာပြီး ပုံမှန်မဟုတ်သည့် အရိပ်အမြွက် တစ်ချက်ပင် မရှိခဲ့ပေ။
အယောင်ဆောင်သူက ပြုံးလိုက်ရင်း...
“ငါက ဒီအရာရဲ့ လက်ရှိအခြေအနေကိုပဲထိန်းထားနိုင်တယ် ၊ အဲဒါကို အသုံးပြုလို့မရဘူး”
သူက အရေးမစိုက်ဟန်ဖြင့်...
“ဒါပေမဲ့ အရေးမကြီးပါဘူး”
သူက နေရာမှာပင် ငြိမ်သက်စွာမတ်တတ်ရပ်နေပြီး သူ့ပတ်ဝန်းကျင် မိုးမြေတစ်ခွင်တွင် အလင်းတန်းများ တဖြည်းဖြည်းပျောက်ကွယ်သွားကာ သူ့အရှေ့မှကမ္ဘာလောကကြီးက ရေခဲနှင့် ဆီးနှင်းများအဖြစ် တဖန်ပြန်လည်ပြောင်းလဲသွားသည်။
ခဏအကြာတွင် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်လာပြီး “မြောက်ပိုင်းထိပ်တန်းအရှင်သခင်” (အတု) ရှေ့သို့ ရောက်ရှိလာသည်။
ရောက်ရှိလာသူက မြင့်မားသည်သရဖူကိုဆောင်းနှင်းထားပြီး ရှေးဆန်သည့်အဝတ်အစားများကို ဝတ်ဆင်ထားကာ မျက်နှာအမူအရာက တည်ကြည်လေးနက်လွန်းသည်။
ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ပင် ဖြစ်၏။
ယွဲ့ကျန့်ပေက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...
“အေးစိမ့်စမ်းချောင်ရဲ့ အပြင်ဘက်နယ်မြေမှာ တစ်ခုခုဖြစ်သွားတာလား”
ပတ်ဝန်းကျင်တွင် အလင်းတန်းများ တဖန်ပြန်လည် ထွက်ပေါ်လာသည်။
ထိုအခါ အလင်းတန်းများ ပြန်လည်ထွက်ပေါ်လာသည်။
“မြောက်ပိုင်းထိပ်တန်းအရှင်သခင်” (အတု) က အလွန်တရာ လေးစားသည့်ဟန်ပန်အမူအရာဖြင့် ယွဲ့ကျန့်ပေကို ဦးညွှတ်ဂါရဝပြုရင်း...
“ဝါဒတောင်က မိတ်ဆွေလေး’ဖန်းယွင်ရှန်း’ ရဲ့အသွင်ကိုယူလာတဲ့ မဟာနတ်ဆိုးတစ်ပါးက အရံအတားကို လှည့်စားပြီး အထက်ဘုံကမ္ဘာထဲကိုဝင်ရောက်ဖို့ကြိုးပမ်းခဲ့တယ် ၊ ဒါပေမဲ့ ကျုပ် သူ့အကြောင်းထုတ်ဖော်လိုက်ပြီး မောင်းထုတ်လိုက်ပါပြီ”
ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ မျက်ဝန်းများကျဉ်းမြောင်းလိုက်ပြီး...
“ဝါဒတောင်က မိတ်ဆွေလေး’ဖန်းယွင်ရှန်း’ ဟုတ်လား...”
“မြောက်ပိုင်းထိပ်တန်းအရှင်သခင်” က ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ် ၊ အဲဒီ မဟာနတ်ဆိုးက ငရဲကိုးထပ်မှာ မိတ်ဆွေလေး’ဖန်းယွင်ရှန်း’ နဲ့ ပတ်သက်ခဲ့တယ်ထင်တယ် ၊ ဒါမှမဟုတ် မိတ်ဆွေလေး’ဖန်းယွင်ရှန်း’ ထံမှာ ပြန်လည်ဝင်စားတဲ့ ရာဟုကြယ်ထက်ယံအရှင်သခင်နဲ့ ပတ်သက်ခဲ့ပုံရတယ်”
သူက ဆက်ပြောလိုက်သည်။
“မိတ်ဆွေလေး’ဖန်းယွင်ရှန်း’ ဘယ်မှာရောက်နေလဲဆိုတာ သိချင်ပေမယ့် သူ့ကို ဝင်ခွင့်မပေးရဲဘူး ၊ အစက ခင်ဗျားရောက်လာတဲ့အထိ သူ့ကို ဖမ်းထားချင်ခဲ့တာ ၊ ဒါပေမဲ့ သူက အဲဒါကို သတိပြုမိပုံရပြီး ချက်ချင်းပဲ ပြန်ဆုတ်ခွာသွားတယ်”
ယွဲ့ကျန့်ပေက အလင်းတန်းများလွှမ်းခြုံနေသော ကောင်းကင်ထက်သို့ စူးစိုက်ကြည့်ရင်း...
“ငရဲကိုးထပ်နဲ့ပတ်သက်ရင် သိပ်ကိုသတိထားရမယ် ၊ ခင်ဗျားရဲ့လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်က မမှားပါဘူး”
ထိုနောက် သူက ခေါင်းကိုလှည့်ပြီး ‘မြောက်ပိုင်းထိပ်တန်းအရှင်သခင်” (အတု) ကို လှမ်းကြည့်လိုက်သည်။
“ဒီနေရာကိုစောင့်ကြည့်ဖို့ ခင်ဗျားကိုပဲ တာဝန်ပေးရတော့မယ် ၊ တခြားအခြေအနေတွေ ဘယ်လောက်ပဲကြီးမားပါစေ ငရဲကိုးထပ်နဲ့ဆက်နွယ်နေတဲ့စောင်ကြပ်မှုကို ဘယ်တော့မှ သတိလက်လွတ်မဖြစ်စေနဲ့”
‘မြောက်ပိုင်းထိပ်တန်းအရှင်သခင်’ (အတု) က တည်ငြိမ်စွာဖြင့် ...
“ဓားဧကရာဇ်ရဲ့အကြံဉာဏ်ကို ကျုပ်လိုက်နာပါ့မယ်”
ဓားအလင်းတန်း ပျံသန်းထွက်ခွာသွားသည့်အခါ “မြောက်ပိုင်းထိပ်တန်းအရှင်သခင်” (အတု) က ပြုံးလိုက်ရင်း...
“မြောက်ပိုင်းကြယ်စင်ရဲ့ ကမ္ဘာမှာ ထူးချွန်တဲ့လူတွေ အတော်များတာပဲ”
ထို့နောက် သူက မျက်ဝန်းများကို မှေးမှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို စိတ်အာရုံဖြန့်ကျက်ကာ လေ့လာသုံးသပ်လိုက်သည်။ သူ၏မျက်နှာထက်မှအပြုံးက ပိုမိုကျယ်ပြန့်လာသည်။
“ဟားဟား... ရေပလ္လင်နတ်ဆိုးတွင်မဟုတ်ဘူး မြေကမ္ဘာနတ်ဆိုးလည်း ဒီမှာရှိနေတာပဲ ၊ ငါ ဒီကိုရောက်လာတာ အလကားမဖြစ်ဘူးပဲ ၊ ဒါပေမဲ့ လက်ရှိအခြေအနေကို အရင်တည်ငြိမ်အောင်လုပ်ပြီး ရှင်းစရာရှိတာတွေ အရင်ရှင်းရဦးမယ်”
အဘိုးအိုက နှင်းလွင်ပြင်ထက်တွင် ကြာပန်းအသွင်ထိုင်နေခဲ့သည်။
သူက အဝေးတစ်နေရာ နယ်နိမိတ်ဆီမှ ကြည်လင်သောအက်ကွဲကြောင်းကို တိတ်တဆိတ် ကြည့်ရှုနေသည်။
“ဟုတ်ပြီ မင်း... အမြန်ပြန်လာခဲ့စမ်း...”
သူ့မျက်နှာထက်တွင် ရက်စက်သောအပြုံးတစ်ခု ပေါ်လာပြီး...
“မင်းဆရာရဲ့ဂိုဏ်းက မကြာခင် အန္တရယ်ကြုံရတော့မယ် ၊ အန္တရယ်တွေကို အတူတူရင်ဆိုင်ဖို့ မင်းကိုပြန်လာဖို့ တောင်းဆိုနေတယ်”
***
ခွန်လွန်တောင်...။
နတ်ဘုရားအနားယူတောင်ကြားရှိ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နေထိုင်ရာ ကျောက်ဂူအိမ်တော်တွင် ရန်ကျောက်ကဲနှင့် နက္ခတ်ဧကရာဇ်တို့ ရှိနေကြသည်။
နေရာတစ်ခုလုံးအား ဂရုတစိုက်စစ်ဆေးပြီးနောက် ရန်ကျောက်ကဲက နှုတ်ခမ်းများကို လက်ဖြင့်ပွတ်လိုက်ရင်း...
“ထင်တဲ့အတိုင်းပဲ ၊ သူက နောက်ကွယ်မှာ ဘာသဲလွန်စမှ မထားခဲ့ဘူး”
သို့တိုင် ရန်ကျောက်ကဲက စိတ်ပျက်သွားခြင်း မရှိခဲ့ပေ။
ထိုအချိန် ကောင်းကင်ထက်တွင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုဓားအလင်းတန်းက ကျန့်ဟွာဓားဧကရာဇ်အသွင် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲနှင့် နက္ခတ်ဧကရာဇ်တို့ တပြိုင်တည်း သူ့ကိုလှည့်ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက...
“ဆရာဦးလေး’ယွဲ့’”
ကျန့်ဟွမ်ဓားဧကရာဇ်က ခေါင်းခါယမ်းရင်း...
“လူသားတစ်ယောက်လိုဟန်ဆောင်ပြီး အထက်ဘုံကမ္ဘာကို ကျူးကျော်ဖို့ကြိုစားတဲ့ မဟာနတ်ဆိုးတစ်ပါးရှိနေတယ် ၊ မြောက်ပိုင်း’ကွမ်း’ ကို မလှည့်စားနိုင်တဲ့အတွက် အဲဒီမဟာနတ်ဆိုးက ငါရောက်တဲ့အထိမစောင့်ဘဲ ပြန်ဆုတ်ခွာသွားခဲ့တယ်”
ထိုစကားတွင် ဖန်းယွင်ရှန်းအကြောင်း ပြောခြင်းမရှိသော်လည်း မဟာနတ်ဆိုးက ဖန်းယွင်ရှန်းအသွင် ဟန်ဆောင်လာသည်မှာ ပြောနေစရာပင် မလိုအပ်ပေ။
ရန်ကျောက်ကဲ စိတ်ပူပန်သွားမိသည်။
သူက ပခုံးများကို တစ်ချက်ပွတ်သပ်လိုက်ရင်း...
“ငရဲကိုးထပ်က လှုပ်ရှားဖို့စီစဉ်နေတာပဲ”
သူက ဆက်ပြောလိုက်သည်။
“သူတို့က သူတို့ကိုယ်တိုင်လှုပ်ရှားဖို့ ကြံစည်တာလား ၊ တခြားတစ်ယောက်နဲ့ သဘောတူညီမှုယူထားတာလားဆိုတာ ကျွန်တော်တို့ သတိမထားမိဘူး”
ရှေးခေတ်အချိန်ကတည်းက ငရဲကိုးထပ်က သေမျိုးလူသားလောကနှင့် ရန်သူများဖြစ်ကြသည်။ ငရဲကိုးထပ်နှင့် မဟာမိတ်ဖွဲ့မည်ဆိုပါက မဟာမိတ်ဖွဲ့သူ သေချာပေါက် ဒုက္ခရောက်ပေမည်။
အဘယ်ကြောင့်ဆိုသော် ငရဲကိုးထပ်မှ မဟာနတ်ဆိုးကြီးများက အသိဉာဏ်မရှိဘဲ သတ်ဖြတ်လိုစိတ်သာလျှင် ရှိကြသောကြောင့် ဖြစ်သည်။
တခါတရံမှာတော့ သူတို့က ရည်မှန်းချက်ပြည့်ဝရန်အတွက် လူသားများနှင့်အပေးအယူလုပ်တတ်ကြသည်။
ဟုတ်ပေ၏။
သူတို့နှင့် အပေးအယူလုပ်သူက လုံလောက်သည့် ခိုင်မာမှုရှိသူများဖြစ်ရပေမည်။ မဟုတ်ပါက နတ်ဆိုးများက အချိန်ကုန်ခံမည်မဟုတ်ဘဲ အချည်းနှီးသက်သက် ဝါးမျိုသွားပေလိမ့်မည်။
ငရဲကိုးထပ်အကြောင်းတွေးတောမိတော့ ရန်ကျောက်ကဲ အနည်းငယ် စိတ်ပူပန်သွားသည်။
သူကိုယ်တိုင် ငရဲကိုးထပ်သို့ ကိုယ်တိုင်သွားပြီး စွန့်စားခဲ့သော်လည်း ဖန်းယွင်ရှန်း မည်သည့်နေရာတွင်ရှိကြောင်း ရှာမတွေ့နိုင်ခဲ့ပေ။
ပြန်တွေးကြည့်တော့ သူတို့နှစ်ယောက် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား’ “ရန်ကျောက်ကဲ” ဆိုသော အမည်က တာအိုစကြာဝဠာတစ်ခုလုံးကို လှုပ်ခတ်စေသော အမည်တစ်ခု ဖြစ်နေပေပြီ။
သူ၏အမည်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသာမက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုပါ တုန်လှုပ်စေသည်။
သူနှင့်လက်ဆက်လိုသည့် သူ့ကိုသဘောကျသောမိန်းကလေးအရေအတွက်က ခွန်လွန်တောင်တစ်ခုလုံးကို ဝိုင်းထားရန်ပင် လုံလောက်သည်။
သူနှင့်လက်ဆက်ရန် ကမ်းလှမ်းလာသော မိန်းကလေးများစွာလည်းရှိခဲ့သလို ကိုယ့်ခြံထဲမှကြက်ဖြစ်သည့် ဝါဒတောင်မှ မိန်းကလေးများကတော့ ပြောနေစရာပင် မလိုတော့ပေ။
သို့ပေသိ ရန်ကျောက်ကဲက အမြဲတမ်း တစ်ကိုယ်တည်းနေခဲ့သည်ပင်။
ဤသည်မှာ သူ့တွင် မိန်းကလေးများနှင့်ပတ်သက်သည့် လောကစိတ်ဆန္ဒများ မရှိသောကြောင့် မဟုတ်ပေ။ သူသည်လည်း မိန်းကလေးများကို သဘောကျတတ်သော ယောကျ်ားပျိုတစ်ဦးပင်ဖြစ်သည် မဟုတ်လား။
သို့သော် ရန်ကျောက်ကဲစိတ်ထဲတွင် “အချစ်” ဆိုသောအရာကို ပြီးပြည့်စုံသော ပိုင်ဆိုင်မှုတစ်ခုဟု ခံယူထားသည်ဖြစ်ရာ ဖန်းယွင်ရှန်းမှလွဲပြီး အခြားသူများကို ဖွဲနှင့်ဆန်ကွဲဟု ယူဆခဲ့သည်။
ယောကျ်ားလေးက မိန်းကလေးအပေါ်ပဲဖြစ်ဖြစ် ၊ မိန်းကလေးက ယောကျ်ားလေးအပေါ်ပဲဖြစ်ဖြစ် ဤသည်က လူတိုင်းအတွက် အတူတူပဲဖြစ်သည်။
ပြီးပြည့်စုံသောပိုင်ဆိုင်မှုသည် အကြွင်းမဲ့သစ္စာစောင့်သိမှုကို မဆိုလိုပါ။
မိမိ၏လက်တွဲဖော်အပေါ်တွင် အပြည့်အဝပိုင်ဆိုင်လိုပြီး အချင်းချင်းကြားတွင်ရှိနေသည့ ခံစားချက်များက နက်နဲလွန်းသဖြင့် လက်တွဲဖော်တစ်ယောက်တည်းကသာ သူ၏ မက်မောမှုဆန္ဒများကို ကျေကျေနပ်နပ် ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ထားခြင်းကို ဆိုလိုသည်။
ထို့ကြောင့် သူက ဖန်းယွင်ရှန်းကို အမြဲတမ်းရှာဖွေနေခဲ့ခြင်း ဖြစ်လေသည်။
ချစ်သူနှစ်ယောက် ခဏတာခွဲခွာခြင်းက ခံစားချက်များကို ပိုမိုလှုံ့ဆော်ပေးနိုင်သည်ဟု ဆိုကြသည်။
သို့သော် ပုံမှန်အားဖြင့် ချစ်သူစုံတွဲတစ်တွဲ အချိန်ကြာမြင့်စွာ ခွဲခွာရပါက ခံစားချက်များက အနေဝေးကာ သွေးအေးသွားပေမည်။
နောက်တစ်ခုကတော့ မာနတရား ဖြစ်နိုင်၏။
ချစ်သူနှစ်ယောက်ကြားတွင် မာနတရားဆိုသည်က တွေ့ကြုံရလေ့ရှိသောအရာတစ်ခု ဖြစ်သည်။
ရန်တိနှင့် ရွှယ်ချူးချင်တို့ကဲ့သို့ မာနကိုလက်ကိုင်မထားဘဲ တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်နိုင်သူက နည်းပါးလွန်းလှ၏။
ထိုအချက်များကို လေးလေးနက်နက်စဉ်းစားပြီးနောက် ဖန်းယွင်ရှန်း၏အပြုံးလေးက သူ့အတွက် အလွန်လက်တွေ့ကျသော ပန်းချီကားတစ်ချပ်ဖြစ်နေသေးကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
ဤအချက်တွင် သူက ရန်တိနှင့် အလွန်ဆင်တူသည်။
သို့သော် သူတို့နှစ်ယောက် ပြန်ဆုံကြမည်ဆိုလျှင် အဝေးသို့ထွက်ပြေးသွားသော ဇနီးလောင်းလေးကို စည်းကမ်းတင်းကျပ်ရတော့မည်ဟု သူ တွေးလိုက်မိသည်။
“ငါ အရမ်း အတွေးတိမ်နေပြီထင်တယ်”
အတွေးနှင့်အတူ ရန်ကျောက်ကဲ သူ့ကိုယ်သူ ရယ်မောလိုက်သည်။
ထို့နောက်...
“နေဦး... ငါ တစ်ခုခုကို သတိမထားမိလိုက်ဘူးထင်တယ်”
ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
“အိုး ငါမှတ်မိပြီ”
ရန်ကျောက်ကဲ၏နှုတ်ခမ်းထောင့်များ အနည်းငယ် လှုပ်ရမ်းသွားပြီး...
“နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်... သူလား ငါ့စကားကိုနားထောင်မှာ ၊ သူ ငါ့ကိုအနိုင်မကျင့်ရင်တောင် ကံကောင်းပဲ...”
ထိုအချိန်...
“မင်း တစ်ခုခုရှာတွေ့ပြီလား”
ယွဲ့ကျန့်ပေ၏ အမေးစကားထွက်ပေါ်လာသဖြင့် ရန်ကျောက်ကဲ၏ လွင့်မျောနေသောအတွေးများ ရပ်တန့်သွားရသည်။
ရန်ကျောက်ကဲက မျက်နှာအမူအရာ ပုံမှန်ဖြစ်အောင် ပြန်ပြင်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...
“ထင်တဲ့အတိုင်းပါပဲ... ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သဲလွန်စတွေအကုန်လုံးကို ရှင်းသွားတယ်လေ ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာ စုံစမ်းပြီးတဲ့နောက် ကျွန်တော့်ရဲ့ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့တယ်”
သူက ပေါ့ပါးစွာပင် ဆက်ပြောသည်။
“နေဝန်းထက်ယံအရှင်သခင် ‘ကောင်းဟန်’ က ဒီ အရှုပ်အေထွးတွေကနေ အကျိုးအမြတ်တစ်ခုခုရဖို့ ကြိုးစားနေတာ ဖြစ်ရမယ်”
“သိပ်တော့ မသေချာသေးဘူး ၊ ဒါပေမဲ့ အမေ့ရဲ့ ဖန်းဝေ့အစီအရင်အပြင် နေဝန်းထက်ယံအရှင်သခင်မှာ တခြားအစီအစဉ်တွေလည်း ရှိပုံရတယ် ၊ သူက အခွင့်အရေးကို စောင့်နေတာ ဖြစ်ရမယ်”
နောက်ဆုံးတော့ မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ က မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၏တပည့်အကူအညီဖြင့် အထက်ဘုံကမ္ဘာသို့ပြန်လာပြီး ငါးစာပြုလုပ်မည်ကို ကောင်းဟန်က မျှော်လင့်ခဲ့ဟန်တူသည်။
စောမင်ကျန့်သာ ပြန်လာပါက အထက်ဘုံကမ္ဘာတွင် ဖြစ်ပွားလာမည့် လှုပ်ခတ်မှုကြီးမှာ ကောင်းဟန် အမြဲတမ်း စောင့်မျှော်နေသည့် အခွင့်အရေးဖြစ်လာပေမည်။
နောက်ရက်များတွင်တော့ ရန်ကျောက်ကဲက စောမင်ကျန့်နှင့် ချန်ရွှမ်ကျုန်းထံမှ ရရှိခဲ့သော ဗလာနယ်ကောင်းကင်ကျမ်းစာနှင့် စိတ်စေရာကောင်းကင်ကျမ်းစာတို့ကို လေ့လာရင် ကိုယ်ပိုင်ဇာတ်လမ်းဇာတ်ကွက်များ ရေးဆွဲနေခဲ့သည်။
သတင်းတစ်ခု ရောက်ရှိလာသည့်အချိန်ထိ ဖြစ်လေသည်။
ထိုသတင်းမှာ...
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ အထက်ဘုံကမ္ဘာသို့ ပြန်လာပြီဆိုသောသတင်း ဖြစ်လေ၏။