လမ်းမတူသူများ၏တိုက်ပွဲ
Vol. 92 Ch. 1291
အခန်း (၁၂၉၁) လမ်းမတူသူများ၏တိုက်ပွဲ
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာပြီဆိုသောသတင်းကို နက္ခတ်ဧကရာဇ် ‘ချန်ရွှမ်ကျုန်း’ ထံမှ ကြားသိရပြီးနောက် ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
သူ ဆောင်ရွက်ထားသည့် အစီအစဉ်များကို နောက်ဆုံးအကြိမ်စစ်ဆေးပြီးနောက် စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။
“နည်းနည်းစောနေသလိုပဲ...”
အချိန်သာ ပိုမိုရရှိမည်ဆိုလျှင် သူ့အတွက် ပိုပြီးကောင်းမွန်နိုင်သည်။
သို့သော် ဤသည်က အတွေးမျှသာဖြစ်ပြီး ရန်သူက သူ့ကို ပြင်ဆင်ချိန်မပေးဘဲ ရောက်ရှိလာခဲ့ပေပြီ။
ရန်ကျောက်ကဲ ငြိမ်သက်စွာတွေးတောပြီးနောက် စီစဉ်စရာရှိသည်များကို စီစဉ်လိုက်သည်။
ထို့နောက် သူက နက္ခတ်ဧကရာဇ်နှင့်တွေ့ဆုံပြီး...
“နက္ခတ်ဧကရာဇ်ကိုပဲ ကျွန်တော် ဒုက္ခပေးရတော့မယ်”
ဟု ပြောလိုက်သည်။
နက္ခတ်ဧကရာဇ်က တည်ငြိမ်သောမျက်နှာအမူအရာဖြင့် ပေါ့ပါးစွာပင် ခေါင်းညိတ်ရင်း...
“ငါ အကောင်းဆုံးလုပ်ပေးမှာပါ”
ထို့နောက် ရန်ကျောက်ကဲက ချက်ချင်းပင် အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားပြီး စကြာဝဠာအရံအတားကိုကျော်ဖြတ်ကာ အာကာသဗလာနယ်ထဲသို့ ရောက်ရှိသွားသည်။
သူက လျှို့ဝှက်စွာဖြင့် အဂ္ဂိရတ်ခန်းမဆီသို့ ဦးတည်ထွက်ခွာသွားခဲ့ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ တခြားလမ်းကြောင်းတစ်ခုသို့ ဦးတည်ထွက်ခွာသွားသည်။
ယခု...
အထက်ဘုံကမ္ဘာ၏ အာကာသဗလာနယ်ထဲတွင် လူတစ်ယောက် ငြိမ်သက်စွာဖြင့် တင်ပျဉ်ခွေထိုင်လျှက် ရှိသည်။
ဗလာနယ်အလွှာများစွာခြားနားထားသော်လည်း လေထုထဲရှိ အဝေးတစ်နေရာတွင် ဆံပင်တိုတိုနှင့်လူတစ်ယောက် ထိုင်နေကြောင်းကို နေရာပေါင်းစုံတွင်ရှိနေသော လူပေါင်းများစွာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
ထိုသူက စကြာဝဠာ အလယ်ဗဟိုတွင် ရှိနေသကဲ့သို့ နေရာတိုင်းတွင် တည်ရှိနေပုံရသည်။
ထိုသူက မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ မှလွဲပြီး တခြားသူ မဟုတ်ပေ။
သူ့အရှေ့မှာတော့ အသက် (၅၀) (၆၀) အရွယ်ရှိသော အဘိုးအိုတစ်ယောက် မတ်တတ်ရပ်နေသည်။
အဘိုးအို၏မျက်ဝန်းများက နွေးထွေးမှုဖြင့်ပြည့်နက်နေသော်လည်း မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
ရန်ကျောက်ကဲက ထိုအဘိုးအို၏ပုံတူကို မကြာခဏတွေ့မြင်ဖူးသည်ဖြစ်ရာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းပင် မှတ်မိလိုက်သည်။
သူက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးတွင် အကြီးအကဲဖြစ်သော တိဟွမ်မြေကမ္ဘာဧကရာဇ် ‘ကျန်းရှန်’ ပင် ဖြစ်သည်။
သူ့ကို မြေကမ္ဘာထက်ယံအရှင်သခင်ဟုလည်း လူသိများကြပြီး ယခု ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့တက်ရောက်ပြီး ထျန်းကျွင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်။
သူတို့ (၂)ယောက် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူတို့၏ကိုယ်ရောင်ကိုယ်ဝါနှင့် နှိုင်းယှဉ်လျှင် ပတ်ဝန်းကျင်အလင်းရောင်များပင် မှိန်ဖျော့သွားသည့်ပမာ ဖြစ်သည်။
စကြာဝဠာထဲမှ အခြားသောအရာများအားလုံးက ပုံရိပ်ယောင်များဖြစ်ပြီး သူတို့ (၂)ယောက်သာ အစစ်အမှန်ဖြစ်ပုံရသည်။
သူတို့ရှိရာသို့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား နီးကပ်လာသည်နှင့်အမျှ မဟာတာအို၏ စူးရှတေးသံ ပဲ့တင်ထပ်နေကြောင်း ကြားသိလိုက်ရသည်။
မဟာတာအို၏စူးရှတေးသံက သူ့အား မည်သည့်ဖိနှိပ်မှုမျိုးမှ မခံစားရပေ။ ထိုအစား လေးနက်သည့် ထိုးထွင်းသိမြင်မှုကိုပင် ပေးစွမ်းသည်။
အနားသို့ရောက်သည်နှင့် ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ က စောမင်ကျန့်နံဘေးတွင်ရှိနေပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ က ကျန်းရှန်နံဘေးတွင်ရှိနေကြောင်း တွေ့လိုက်ရသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ရောက်ရှိလာကြောင်း သတိပြုလိုက်မိသည်နှင့် မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ ၏ အကြည့်များက သူ့ထံသို့ ကျရောက်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တည်ငြိမ်စွာပင် ရိုးရာမပျက် လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်၏။
“ကျွန်တော့်ရဲ့ကိုယ်ပွားနဲ့ ဧကရာဇ် (၄)ပါးကို လာရောက်တွေ့ဆုံရတဲ့အတွက် ရိုင်းပျမှုကို ခွင့်လွှတ်စေချင်ပါတယ်”
ကျန်းရှန်က ပြုံးရင်း...
“သူက တာအိုရောင်းရင်း’ရန်ရှင်းထန်’ ရဲ့ မြေးလား...”
ထို့နောက် သူက ဆက်ပြောသည်။
“အထက်ဘုံကမ္ဘာကို ပြန်မရောက်တာ ကြာပြီဆိုပေမယ့် ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဆိုတဲ့ ဘွဲ့အမည်က ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလဲဆိုတာ ကြားဖူးနေတာ ကြာပါပြီ”
ထိုစကားပြောစဉ် သူ့မျက်နှာထက်တွင် မထီမဲ့မြင် အရိပ်အမြွက်မရှိပေ။ သို့ပေသိ သူ၏မျက်ဝန်းများထဲတွင်တော့ နှမျောတသခြင်းများကို တွေ့မြင်ရသည်။
ကျန်းရှန်က ပုံမှန်လေသံဖြင့်ပင် စကားပြောလိုက်ခြင်း ဖြစ်သည်။
သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ဖြစ်ပြီး ရန်ကျောက်ကဲက နတ်ဘုရားတံခါးကို ဖွင့်လှစ်ရခြင်းမရှိသေးသော သိုင်းသူတော်စင် အဆင့်မျှသာ ရှိသေးသည်။
သို့တိုင် သူစကားပြောဟန်က အသိအကျွမ်းဟောင်းတစ်ယောက်နှင့် ပေါ့ပေါ့ပါးပါး စကားပြောဆိုနေသည့်ပမာပင်။
“မင်းလို ထူးချွန်ထက်မြက်တဲ့လူငယ်တစ်ယောက်က အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုတွေရရှိမှာ အသေအချာပဲ ၊ ငါ့လိုပဲ မင်းရဲ့အဆက်အနွယ်ပျောက်ကွယ်မသွားအောင် ကာကွယ်စောင့်ရှောက်သင့်တယ် ၊ ဒါမှ လမ်းမှန်တာအိုဝါဒ အထွတ်ထိပ်အဆင့်ကို ပြန်ရောက်နိုင်မှာ”
ကျန်းရှန်က ခေါင်းကိုဖြည်းညင်းစွာခါယမ်းရင်း...
“မင်းအမေက ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ နဲ့ ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ တို့ရဲ့ ဆက်ခံသူဖြစ်လာတာ စိတ်မကောင်းစရာပဲ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...
“ရိုင်းပျရတာ ခွင့်လွှတ်ပေးစေချင်ပါတယ် ၊ ဒါပေမဲ့ အကြီးအကဲ’ကျန်း’ မှားနေပြီ”
“ယိုးမင်ဧကရာဇ်နဲ့ ထုန်းမင်ဧကရာဇ် လုပ်ဆောင်ခဲ့တဲ့အရာတွေက လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ကို အကျိုးပြုရုံတင်မကဘူး ခင်ဗျားနဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့လည်း သူတို့ကြောင့် အကျိုးခံစားခဲ့ကြရပါတယ်”
“အတိုင်းအဆမဲကောင်းကင်ဘုံအရှင်က ကောင်းကင်အမြုတေဗကျာက်တုံးကို စုဆောင်းပြီးရင် ဘယ် တာအိုကျင့်ကြံသူကိုမဆို အတင်းအကျပ်လုပ်စရာမလိုဘဲ ရတနာအလင်းတန်းထွန်းလင်းအောင်လုပ်လို့ရပြီ ၊ တာအိုကျင့်ကြံသူတွေ ဘယ်နေရာရောက်နေပါစေ ပြဿနာမရှိဘူး”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကျန်းရှန်ကို စူးစိုက်ကြည့်ရင်း...
“ခင်ဗျားလို အမတချီစွမ်းအား (၅)ခု ပေါင်းစည်းထားနိုင်တဲ့ ထျန်းကျွင်းတစ်ပါးအတွက်တောင် ခြွင်းချက်မရှိဘူး”
ကျန်းရှန်က သဘောမတူဟန်ဖြင့်...
“ဒီကိစ္စက အမှန်တကယ်ပဲလား ၊ ဒါမှမဟုတ် ယိုးမင်ဧကရာဇ်နဲ့ ထုန်းမင်ဧကရာဇ်က တခြားသူတွေကို အကြောက်တရားလွှမ်းမိုးအောင် တမင်လုပ်တာလားဆိုတာ မသေချာသေးပါဘူး”
သူက ခဏရပ်ပြီးမှ...
“ဒီကိစ္စသာ အမှန်ဆိုရင်တော့ သူတို့ ငါ့အပေါ်မှာ ကျေးဇူးကြွေးတင်ရုံတင်မကဘဲ လမ်းမှန်တာအိုဝါဒတစ်ခုလုံးက သူတို့ကို အကြွေးတင်နေတယ်ဆိုတာ ဝန်ခံရမယ် ၊ ဒါပေမဲ့ ဒီကာလအတွင်းမှာရော နောင်အနာဂတ်မှာရော သူတို့ရဲ့အောင်မြင်မှုကို ငါတို့အနေနဲ့ ပွင့်ပွင့်လင်းလင်းဝန်ခံတာမျိုး ဒါမှမဟုတ် ချီးကျူးတာမျိုး လုပ်နိုင်မှာ မဟုတ်ဘူး”
“တကယ်တော့ အဲဒီကိစ္စအမှန်ဖြစ်တယ်ဆိုရင်တောင် ငါတို့ လက်ရှိလုပ်နေတာတွေက ပြောင်းလဲသွားမှာမဟုတ်ဘူး”
အဘိုးအိုက စကားဆက်ပြောသည်။
“ငါတို့ရဲ့ ကိုယ်ကျင့်တရားစံနှုန်းနဲ့ ဆန့်ကျင်တဲ့အရာတွေ အများကြီးလုပ်ရမယ် ၊ ဒါက အရာခပ်သိမ်းကြီးကျယ်တဲ့ အစီအစဉ်အတွက်ပဲလေ ၊ ဘယ်လောက်ခက်ခဲပါစေ ငါတို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရမယ်”
“ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စတွေက ပြီးသွားပါပြီ ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နောင်လာနောက်သားတွေက မှတ်ချက်အမျိုးမျိုးပေးကြလိမ့်မယ် ၊ ငါတို့လုပ်ရမှာက နောင်လာနောက်သားတွေအတွက် အနာဂတ်အာမခံချက်ပေးနိုင်ဖို့ပဲ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ...
“ဘယ်လိုအနာဂတ်အာမခံချက်ကို ပေးမှာလဲ”
သူက ဆက်ပြောသည်။
“ပြင်ပတာအိုကျင့်ကြံသူတွေက အင်အားကြီးလွန်းတယ် ၊ သူတို့ကိုရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါက သေချာတဲ့ကိစ္စပဲ ၊ အတိအကျပြောရရင်... သူတို့က ကျွန်တော်တို့ လမ်းမှန်တာအိုကို အထွတ်ထိပ်အဆင့်ပြန်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”
လမ်းမှန်တာအိုကျင့်ကြံသူများက သူတို့ကိုင်တွယ်နိုင်သည့် အဝန်းအဝိုင်းအတွင်းမှာပင် ရှိနေမည်ဆိုလျှင် ပြင်ပတာအိုကျင့်ကြံသူများက အရေးစိုက်မည် မဟုတ်ပေ။
သို့သော် လမ်းမှန်တာအိုကျင့်ကြံသူများအား သူတို့ ထိန်းချုပ်မရနိုင်တော့သည့် အရိပ်အယောင်များထွက်ပေါ်လာမည်ဆိုလျှင် သူတို့က လုံးဝသက်ညှာတော့မည် မဟုတ်ပေ။
သူတို့၏တိုက်ခိုက်မှုများက လမ်းမှန်တာအိုဝါဒ ပျက်ဆီးအောင် မဆောင်ကြဉ်းနိုင်သည့်တိုင် သူတို့ထိန်းချုပ်နိုင်သောအနေအထားတစ်ခုအထိ ဖိနှိပ်ထားမည်ဖြစ်ပြီး လမ်းမှန်တာအိုတိုးတက်မှုကို သိသိသာသာ ကျဆင်းစေမည် ဖြစ်သည်။
သိုးအုပ်ကိုမွေးပြီး သိုးမွှေးများရိတ်သိမ်းသကဲ့သို့ပင် ဖြစ်၏။
ပြင်ပတာအိုကျင့်ကြံသူများ၏ အတင်းအကျပ်လိုက်လျောခိုင်းပြီး ဖိနှိပ်ထားသည့်အခြေအနေ ၊ အဆက်မပြတ် ထိန်းချုပ်ခံရသည့်အခြေအနေများအောက်တွင် ကြီးမားသော ပြင်ပပြောင်းလဲမှုတစ်ခု မဖြစ်ပေါ်ပါက လမ်းမှန်တာအိုအနေဖြင့် မသေချာသောအခြေအနေအောက်တွင်သာ ရှိနေမည်ဖြစ်ပြီး မည်သည့်အောင်မြင်မှုမှ ရရှိမည် မဟုတ်ပေ။
ကျန်းရှန်က ရန်ကျောက်ကဲ၏ ဆိုလိုရင်းကို နားလည်သွားပုံရသည်။
“အခြေအနေတွေက မတူတော့ဘူး”
သူက အေးဆေးစွာဖြင့်...
“လောကကြီးက လူအများစုထင်ထားတာထက် အများကြီးပိုပြီး ရှုပ်ထွေးပါတယ်”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဒါပေမဲ့ အပြောင်းအလဲက ကျွန်တော်တို့အတွက် အကျိုး ရှိ မရှိ မသေချာဘူး”
သူ့စကားကို ကျန်းရှန်က ကန့်ကွက်ခြင်းမရှိပေ။
ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသမျှအရာအားလုံးက သူတို့မျှော်လင့်ထားသည့်အတိုင်းဖြစ်လာပြီး အရာအားလုံးက သူတို့အတွက် အကျိုးရှိမည်ဟု မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။
ဘုရားလောင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အတွက်လည်း ခြွင်းချက်မရှိပေ။
သူနှင့် အပြင်းအထန်ရန်ငြိုးရှိသော ထျန်းကျွင်းဖြစ်သူကို ရန်ကျောက်ကဲက စူးစိုက်ကြည့်ရင်း...
“ကျွန်တော်နဲ့ခင်ဗျားက ဘက်မတူပေမယ့် ခင်ဗျားက လမ်းမှန်တာအိုဝါဒကို အထွတ်ထိပ်ရောက်အောင် ကြိုးစားအားထုတ်ခဲ့တာ ချီးကျူးစရာပါပဲ”
“ခင်ဗျားရဲ့လုပ်ရပ်တွေက အထက်ဘုံကမ္ဘာဖွံ့ဖြိုးတိုးတက်မှုအတွက် သေချာပေါက် ကူညီပေးခဲ့ပါတယ်”
သူက စကားပြောရင်း မြေကမ္ဘာထက်ယံအရှင်သခင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ဒါပေမဲ့ တောင်ပိုင်းချန်စန်းဧကရာဇ် ၊ ဝူတန့်မယ်တော် ၊ ယိုးမင်ဧကရာဇ် ၊ ထုန်းမင်ဧကရာဇ်နဲ့ တခြားသူတွေရဲ့ ကူညီပေးမှုနဲ့ လုပ်ဆောင်ချက်တွေကြောင့် အထက်ဘုံကမ္ဘာတိုးတက်လာရတဲ့အချက်ကိုလည်း မေ့ထားလို့မရဘူး ၊ မဟုတ်ရင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအပါအဝင် စန်းချင်း(၃)ပါး အဆက်အနွယ်တွေအားလုံး အရင်လို ထိပ်ဆုံးအအဆင့်ကိုပြန်ရောက်ဖို့ အခုလောက်တောင် မျှော်လင့်ချက်ရှိမှာမဟုတ်ဘူး”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး လက်ဖဝါးကို လှန်လိုက်သည်။
“ခင်ဗျားက သည်းခံအလျှော့ပေးပြီး စွန့်လွှတ်အနစ်နာခံတာ တချို့တလေ လုပ်ဆောင်ခဲ့တဲ့အတွက် ပြင်ဆင်ချိန်ပိုရခဲ့တယ်ဆိုပေမယ့်... ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း ခင်ဗျားရဲ့ရန်သူဖြစ်တဲ့ အမတခုံရုံးက အဲဒါကို သဘောတူခဲ့လို့ပဲ”
“လက်ရှိ သူတို့နဲ့ ကျွန်တော်တို့ကြားမှာရှိနေတဲ့ ပျက်ဆီးလွယ်တဲ့မျှခြေက သူတို့ဘက်က ကျွန်တော်တို့အပေါ်မှာ ကရုဏာထားလွန်းလို့မဟုတ်ဘူး ၊ သုခဘုံနဲ့ အမတခုံရုံး အပြန်အလှန်တိုက်ခိုက်နေတဲ့အတွက် ကျွန်တော်တို့ လမ်းမှန်တာအိုကျင့်ကြံသူတွေ အချိန်ရနေခဲ့တာပဲ”
“အမတခုံရုံးနဲ့ သုခဘုံ အပြန်အလှန်ထိန်းချုပ်ထားတဲ့အချက်အပြင်... ကျွန်တော်တို့ စန်းချင်း(၃)ပါးအဆက်အနွယ်တွေကို သူတို့ဘက်က အမြစ်ပြတ်သုတ်သင်မပစ်တဲ့ အဓိကအကြောင်းရင်းက ကျွန်တော်တို့ဘက်မှာ ကောင်းကင်ဘုံအရှင် (၃)ပါး ရှိနေသေးတာကြောင့်ပဲ”