← Chapters

အမြင်မတူတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် သဘောတူညီချက်ရယူနိုင်မှာမဟုတ်ဘူး

Vol. 92 Ch. 1292

အမြင်မတူတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် သဘောတူညီချက်ရယူနိုင်မှာမဟုတ်ဘူး

Vol. 92 Ch. 1292

အခန်း (၁၂၉၂) အမြင်မတူတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် သဘောတူညီချက်ရယူနိုင်မှာမဟုတ်ဘူး

တောင်ပိုင်းချန်စန်းဧကရာဇ် ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် ဝူတန့်မယ်တော်တို့က ပြင်ပဗလာနယ်ထဲတွင် ရှိနေကြသည်။

အမတခုံရုံး (သို့မဟုတ်) သုခဘုံက အထက်ဘုံကမ္ဘာ (သို့မဟုတ်) အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဖျက်ဆီးပစ်မည်ဆိုပါက ထိုကောင်းကင်ဘုံအရှင် (၃)ပါးအနေဖြင့် ချက်ချင်းတိုက်ခိုက်နိုင်မည် မဟုတ်သည့်တိုင် အနာဂတ်တွင် သေချာပေါက် လက်စားချေမည် ဖြစ်သည်။

လက်ရှိမှာတော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် သုခဘုံမှ ဘုရား‌လောင်းတို့က အဆက်မပြတ် တိုက်ခိုက်နေကြသည်ဖြစ်ရာ အပြန်အလှန်ထိန်းထားသည့် အနေအထားတွင် ရှိနေသည်။

အကယ်၍ အမတခုံရုံးနှင့် သုခဘုံ တိုင်ပွဲတွင် အမတခုံရုံးဘက်မှ ပေါ့ဆမှုတစ်ခုခုရှိခဲ့ပြီး အတိုင်းအဆမဲ့‌ကောင်းကင်ဘုံအရှင် ရန်သူများလက်မှ မလွတ်မြောက်နိုင်သည့် အနေအထားဖြစ်လာခဲ့လျှင် ၊ စန်းချင်း (၃)ပါးအဆက်အနွယ် လမ်းမှန်တာအိုဝါဒမှ ကောင်းကင်ဘုံအရှင် (၃)ပါးက ပြင်ပတာအိုကျင့်ကြံသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်မည် ဖြစ်သည်။

ထိုသို့ဖြစ်လာခဲ့လျှင် ပြင်ပတာအိုကျင့်ကြံသူများအနေဖြင့် အခြေခံအုတ်မြစ် ပျက်ဆီးခြင်းမရှိသည့်တိုင် ဆိုးရွားသည့်ထိုးနှက်မှုကို ရင်ဆိုင်ရပေမည်။

ဤသို့ဆိုလျှင် ပြင်ပတာအိုကျင့်ကြံသူများအနေဖြင့် ကြီးမားသောပျက်ဆီးမှုနှင့် ရင်ဆိုင်ရပြီး ရန်သူများကို အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။

သို့ပေသိ ထိုသို့ပြုလုပ်ပါက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသူများသည်လည်း ကြီးမားသောအန္တရယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်ပန်းတိုင်အား ဆုံးရှုံးရမည် ဖြစ်သည်။

ထို့ကြောင့် ဘေးကျပ်နံကျပ်အခြေအနေမဟုတ်ပါက ကောင်းကင်ဘုံအရှင် (၃)ပါးအနေဖြင့် ပြင်ပတာအိုကျင့်ကြံသူများကို တိုက်ခိုက်ရန်နည်းလမ်းအား ရွေးချယ်မည် မဟုတ်ပေ။

မြေကမ္ဘာထက်ယံအရှင်သခင် ‘ကျန်းရှန်’ ပြောသည့်အတိုင်းပင် လက်ရှိအခြေအနေက အလွန်ပင် ရှုပ်ထွေးလှသည်။

ဤလောကတွင် အမတခုံရုံးနှင့် သုခဘုံသာလျှင် တည်ရှိသည် မဟုတ်ပေ။ ရန်ကျောက်ကဲသိထားသလောက်ဆိုလျှင် နတ်မိစ္ဆာမျိုးနွယ်များနှင့် ငရဲကိုးထပ်သည်လည်း တည်ရှိနေသေးသည်။

သူတို့အားလုံး ရှိနေကြသည်ဖြစ်ရာ မည်သူမှ ကိုယ်ဖြစ်ချင်သည့်အတိုင်းဖြစ်လာမည်ဟု အာမခံနိုင်မည် မဟုတ်ပေ။

အတိအကျပြောရမည်ဆိုလျှင် ဤအချက်ကြောင့်ပင် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်သွားသော စန်းချင်း(၃)ပါး အဆက်အနွယ်များအနေဖြင့် မျှော်လင့်ချက်ရှိနေခြင်း ဖြစ်သည်။

အမတခုံရုံး ၊ သုခဘုံနှင့် အထက်ဘုံကမ္ဘာတို့ကြားမှ ပျက်ဆီးလွယ်သောမျှခြေကို ထိန်းထားခြင်းက လမ်းမှန်တာအိုဝါဒ အထွတ်ထိပ်သို့ပြန်လည်ရောက်ရှိရန် အခွင့်အရေးတစ်ခု ဖြစ်သည်။

ယခု ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် အမတခုံရုံးနှင့် သုခဘုံတို့က အချင်းချင်း ရန်ငြိုးပြင်းထန်ကြသည်ဖြစ်ရာ သူတို့ (၂)ဖွဲ့ ယာယီပူးပေါင်းပြီး လမ်းမှန်တာအိုကျင့်ကြံသူများကို ရှင်းထုတ်ရန် မဖြစ်နိုင်ပေ။

သို့သော် စန်းချင်း(၃)ပါးအဆက်အနွယ်များ အင်အားကြီးမားလာပါက အခြားသောအုပ်စုများက သူတို့၏အင်အားကို သေချာပေါက် သတိပြုလာမည်ဖြစ်သည်။

သို့သော် ယခု စန်းချင်း(၃)ပါးအဆက်အနွယ်များထဲတွင် ဂိုဏ်းဂဏများကွဲပြားပြီး သဘောထားကွဲလွဲမှုများနှင့်အတူ အကွဲအပြဲများစွာ ဖြစ်ပေါ်နေသည်။

လမ်းမှန်တာအိုကျင့်ကြံသူများကြား မစည်းလုံးခြင်းက ပြင်ပတာအိုကျင့်ကြံသူများ အထက်ဘုံကမ္ဘာကို အလွတ်ပေးထားရသည့် အကြောင်းရင်းများထဲမှတစ်ခု ဖြစ်သည်။

အပြင်ရန်ရှိသလို အတွင်းရန်လည်း ရှိသည်။

‘ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သည်’ ဟု ဆိုရိုးစကားရှိသည်ဖြစ်ရာ အထက်ဘုံကမ္ဘာ၏အကွဲအပြဲများက ပြင်ပတာအိုကျင့်ကြံသူများ၏ မိတ်ဆွေဖြစ်သည်။

သို့ဖြစ်ရာ ပြင်ပတာအိုကျင့်ကြံသူများက အထက်ဘုံကမ္ဘာမှ တစ်စုံတစ်ယောက်ကို မကျေနပ်သဖြင့် အရေးယူချင်သည်ဆိုလျှင် ထိုတစ်စုံတစ်ယောက်နှင့် မတည့်သော အခြားတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် အလိုအလျောက်ပင် ထိုသူကို ထိန်းသိမ်းလိုက်မည်ဖြစ်သည်။

ဤသည်က အထက်ဘုံကမ္ဘာနှင့်ပတ်သက်ပြီး အမတခုံရုံးအတွက် အာမခံရှိစေသည့်အချက် ဖြစ်သည်။

အထက်ဘုံကမ္ဘာ၏ ရပ်တည်ချက်နှင့် သဘောထားကြောင့်သာ အမတခုံရုံးက အထက်ဘုံကမ္ဘာကို ဖိအားမပေးဘဲ အလွတ်ပေးထားခဲ့ပြီး အတိုင်းအတာတစ်ခုအထိ တိုးတက်လာမှုကို သည်းခံခဲ့ခြင်း ဖြစ်သည်။

ပြင်ပဗလာနယ်ထဲတွင်ရှိနေသော တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသူများကတော့ ရန်သူ၏ပျော့ကွက်ကိုအဆက်မပြတ်ရှာဖွေနေပြီး ကိုယ်ပိုင်စွမ်းအားကိုမြှင့်တင်ရန် အဆက်မပြတ် ကြိုစားနေခဲ့သည်။

အထက်ဘုံကမ္ဘာကို တည်ထောင်ခဲ့သူများကြားတွင် အုပ်စု (၂)စု ကွဲနေခြင်းက လုပ်ရပ်များနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာတွင် အတိုင်းအတာတစ်ခုအထိ ပြဿနာရှိစေသည်။ ထို့ပြင် မည်သည့်အုပ်စုက ခေါင်းဆောင်ဖြစ်ထိုက်သည်ဆိုသော အငြင်းပွားမှုက ထိုအုပ်စု(၂)စု အပြင်းအထန် ဆန့်ကျင်ရသည့် အကြောင်းရင်း ဖြစ်သည်။

အထက်ဘုံကမ္ဘာ၏ အတွင်းပိုင်းပြဿနာက ဟန်ဆောင်မှုတစ်ခုသက်သက်ဆိုပါက အခြားသူများကို လှည့်စားနိုင်မည် မဟုတ်ပေ။

အထူးသဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် သုခဘုံမှ ဘုရားလောင်းတို့က အလွယ်တကူလှည့်စား၍ရနိုင်သည့် သာမန်လူများ မဟုတ်ကြပေ။

မြေကမ္ဘာထိပ်တန်းအရှင်သခင်က အေးဆေးစွာဖြင့်...

“ကောင်းကင်ဘုံအရှင် (၃)ပါးဖြစ်တဲ့  မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ စန့်ချင်အဆက်အနွယ်က ဝူတန့်မယ်တော်တို့က ငါတို့ရဲ့ အကြီးမားဆုံး မှီခိုအားထားရာဖြစ်တယ်ဆိုတာ အမှန်ပါပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ပြင်ပတာအိုကျင့်ကြံသူတွေက အရမ်း အင်အားများတယ် ၊ ဒါကြောင့် သူတို့နဲ့ဆက်ဆံတဲ့အခါ သတိထားဖို့လိုတယ် ၊ ငါတို့ရဲ့ ဦးတည်ချက်က ဒီ အယူမှားနေတဲ့လူတွေနဲ့အတူ ပျက်ဆီးပျောက်ကွယ်သွားဖို့ မဟုတ်ဘူး”

ရန်ကျောက်ကဲက ကျန်းရှန်ကို စူးစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

အစောပိုင်း သူပြောသည့်စကားများမှတစ်ဆင့် ကျန်းရှန်၏အမြင် မည်သို့ရှိကြောင်း ရန်ကျောက်ကဲ နားလည်ပြီး ဖြစ်သည်။

ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်တို့က အထက်ဘုံကမ္ဘာအတွက် ထူးခြားသည့်အလုပ်များ လုပ်ဆောင်ပေးခဲ့သည့်တိုင် ကျန်းရှန်အနေဖြင့် ၎င်းတို့ပြုလုပ်ခဲ့သော ကောင်းမွန်သည့်လုပ်ရပ်အား အထက်ဘုံကမ္ဘာမှ အများပြည်သူအား ထုတ်ပြန်ကြေငြာမည် မဟုတ်ပေ။

ယခုလည်း ကြေငြာမည်မဟုတ်သလို နောင်လည်း ကြေငြာမည် မဟုတ်ပေ။

ထိုမျှမက ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်၏ သားစဉ်မြေးဆက်များကိုလည်း ဆက်လက်သတ်ဖြတ်သုတ်သင်နေဦးမည်သာ ဖြစ်သည်။

ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်၏လုပ်ရပ်က အမတခုံရုံးကို အမျက်ရှစေခဲ့သည်။

ထို့ကြောင့် အမတခုံရုံး၏အမျက်တရား ပြေလျော့ပြီး အထက်ဘုံကမ္ဘာအား လက်စားချေတိုက်ခိုက်ခြင်း မပြုလုပ်စေရန် ထိုဧကရာဇ် (၂)ပါး၏ အဆက်အနွယ်များကို စတေးရမည်သာ ဖြစ်သည်။

ယိုးမင်ဧကရာဇ်နှင့် ထုန်းမင်ဧကရာဇ်က ထျန်းယွမ်ကျောက်တုံးဟုခေါ်သော “ကောင်းကင်အမြုတေကျောက်တုံး” ကို ရယူနိုင်ခဲ့ပြီး ကြီးကျယ်ခမ်းနားသည့် စွမ်းဆောင်မှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်။

ဤအောင်မြင်မှုအသီးအပွင့်ကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပြင်းထန်သောသက်ရောက်မှုနှင့် ဆိုးရွားသည့်အကျိုးဆက်များကိုရှောင်ရှားရန် ကျန်းရှန်တို့အုပ်စုက အစွမ်းကုန် ကြိုးစားချင်ခဲ့ကြသည်။

ရလဒ်အနေဖြင့် အချို့သော စတေးခံရမှုများ မလွှဲမရှောင်သာ ဖြစ်လာခဲ့ရသည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ခင်ဗျားရဲ့အမြင်ကို ကျွန်တော် အကြမ်းဖျင်းနားလည်ပါတဘ် ၊ ဒါပေမဲ့ မလိုက်နာနိုင်တာကိုတော့ ခွင့်လွှတ်စေချင်တယ် ၊ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်နဲ့ယှဉ်ရင် တခြာသူတွေကို ခွဲခြားဆက်ဆံတဲ့သူပဲ”

သူက ဆက်ပြောလိုက်သည်။

“အကြောင်းရင်းကတော့ ဒီကိစ္စက ကျွန်တော်နဲ့ ကျွန်တော့်အမေရဲ့ အသက်နဲ့ပတ်သက်နေတယ် ၊ နောက်ထပ်အကြောင်းရင်းတစ်ခုက ခင်ဗျားရဲ့လုပ်ရပ်က လူအများစုရှင်သန်နိုင်ဖို့ လူနည်းစုတစ်စုကို စတေးရုံတင်မကဘူး ခင်ဗျားဖုံးကွယ်ထားတဲ့ တခြားစတေးခံတွေလည်း အများကြီးရှိသေးတယ်”

“အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိတယ်လို့ ကျွန်တော်တို့ အမြဲပြောကြတယ် မဟုတ်လား ၊ ဒါပေမဲ့ တချို့ကိစ္စတွေကို ဖုံးကွယ်ထားပြီး လူတွေမသိအောင် အဆက်ဖြတ်ထားလိုက်မယ်ဆိုရင် သမိုင်းကို အမှန်တရားအတိုင်းပြန်ဖော်ထုတ်ဖို့ ခက်ခဲသွားလိမ့်မယ်”

ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။

“သိက္ခာကျရင်လည်းနေပါစေ အသက်ရှင်ဖို့ပဲလိုတယ်ဆိုတဲ့ စကားမျိုးက သာမန်လူတွေအတွက် သင့်တော်ကောင်း သင့်တော်နိုင်ပေမယ့် ကျွန်တော်တို့လို ကျင့်ကြံသူတွေအတွက်ကတော့ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”

ရန်ကျောက်ကဲ၏စကားများကိုနားထောင်ရင်း ကျန်းရှန် ခဏမျှ စကားမပြောနိုင် ဖြစ်သွားသည်။

ထိုအချိန် တစ်ချိန်လုံးပြုံးနေပြီး နှုတ်ဆိတ်နေခဲ့သော ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က ရုတ်တရက် စကားဝင်ပြောလိုက်သည်။

“အတိုင်းဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ ရတနာအလင်းတန်း လွှမ်းမိုးမှုကို ကြောက်ရတဲ့အတွက် ဘာသတင်းမှပေါက်ကြားအောင် လျှို့ဝှက်ထားခဲ့ရတယ် ၊ မင်းပြောသလိုဆိုရင် ဒီလျှို့ဝှက်ချက်တွေကို ပေါက်ကြားစေလိုက်ရမှာလား”

သူက ဆက်ပြောလိုက်သည်။

“ငါတို့ မျှော်လင့်ထားတာထက်ကျော်လွန်ပြီး မင်းလုပ်နေတဲ့အရာတွေကြောင့်သာမဟုတ်ရင် ဒီလောက်ကြီးမားတဲ့ပြဿနာတွေ ဖြစ်လာမှာမဟုတ်ဘူး”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“အမှန်ပါပဲ ၊ လူသားအထွတ်ထိပ် သိုင်းသူတော်စင်အဆင့်ရှိတဲ့သူတွေက ဒီအကြောင်းတွေကို ဘာမှမသိပါဘူး ၊ ဒါပေမဲ့ လူသားအထွတ်ထိပ်အဆင့်ကိုရောက်ရှိပြီးတဲ့သူတွေနဲ့ နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားတဲ့သူတွေကတော့ ဒီအကြောင်းတွေကို နောက်ဆုံးမှာသိလာမှာပဲ ၊ အထက်ဘုံကမ္ဘာက ‘ဧကရာဇ်(၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးနဲ့ နယ်မြေ(၁၀)ခု အရှင်သခင်တွေ’ ကို ကျွန်တော် မေးမြန်းကြည့်ပြီးပြီ ၊ ခင်ဗျားတို့လုပ်ရပ်ကို သဘောမတူတဲ့သူတွေရှိသလို ဘက်လိုက်မှုမရှိဘဲ ကြားနေတဲ့သူတွေလည်း ရှိကြတယ်”

“ခင်ဗျားတို့လုပ်ရပ်ကို အပြည့်အဝသဘောတူတဲ့သူ ဘယ်နှစ်ယောက်များရှိလို့လဲ ၊ ခင်ဗျားတို့နှစ်ယောက်အပါအဝင် စိတ်ရှင်းရှင်းနဲ့ ဒီကိစ္စကို ထောက်ခံတဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ ၊ အဲဒီထောက်ခံသူတွေထဲမှာရော အမတခုံရုံးကို အခုလိုမျိုး သည်းခံနေတာက လက်တွေ့ကျတဲ့အလုပ်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လက်ခံတဲ့သူရှိရဲ့လား”

ထိုစကားကြောင့် ယန်ချဲ့က ဒေါသထွက်သွားခြင်း မရှိပေ။

သူက ရယ်မောလိုက်ရင်း...

“ထင်တဲ့အတိုင်းပဲ ၊ ဆန့်ကျင်ဘက်အဖွဲ့ကလူတွေက ငါတို့လုပ်ရပ်ကို ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူးလေ ၊ စိတ်မကောင်းစရာပဲ ၊ စိတ်မကောင်းစရာပဲ”

ကျန်းရှန်က အေးဆေးစွာဖြင့်...

“မင်းပြောတဲ့စကားတွေက ဆီလျော်မှုမရှိဘူး... ကိုယ်ကျင့်တရား တူညီတယ်ဆိုရင်တောင် စိတ်အားထက်သန်တာနဲ့ အလောတကြီးလုပ်တာကို ခွဲခြားနိုင်တဲ့သူ လောကမှာ ဘယ်နှစ်ယောက်ရှိလို့လဲ”

ရန်ကျောက်ကဲ ပြုံးလိုက်သည်။

“အသက်အရွယ်လည်းကြီးရင့်ပြီး အတွေ့အကြုံလည်းအရမ်းများတဲ့ မြေကမ္ဘာထက်ယံအရှင်သခင်လို လူတစ်ယောက်ရဲ့စိတ်ဓာတ်က ဘယ်လိုလုပ် လွယ်လွယ်နဲ့ယိမ်းယိုင်နိုင်မှာလဲ”

အဆုံးသတ်မှာတော့ အရာအားလုံး အတူတူပင် ဖြစ်သည်။

မတူကွဲပြားသော အစုအဖွဲ့များသည် ဘယ်သောအခါမှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောတူကြမည် မဟုတ်ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်နှာအမူအရာကိုကြည့်ရင်း သူ့အရှေ့မှလူငယ်က ကိုယ်ပိုင်အမြင်ရှိကြောင်း ကျန်းရှန် နားလည်လိုက်သည်။

သူက စိတ်မကောင်းစွာဖြင့် ခေါင်းခါယမ်းလိုက်ပြီးနောက် ဗလာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်လျှက် မျက်လုံးများမှေးမှိတ်ထားသော မီးလျှံထက်ယံအရှင်သခင်ကို လှမ်းကြည့်လိုက်သည်။

“ငါတွေ့ဖူးသမျှလူတွေထဲမှာ ’ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ပြီးရင် တာအိုရောင်းရင်း’စောမင်ကျန့်’ က အရည်အချင်းအရှိဆုံးပဲ ၊ တာအိုရောင်းရင်း’စော’ က ငါ့ကို အကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့ဖူးတယ် ၊ စိတ်မကောင်းစရာက... အခု သူက ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ်ကို ဘေးအန္တရယ်ကျရောက်စေခဲ့ပြီ”

သူက ဆက်ပြောသည်။

“တာအိုရောင်းရင်း’စော’ ... မင်းက ဒေါသအလျောက် လုပ်ချင်ရာလုပ်ပြီးတာတောင် အေးအေးဆေးဆေးပဲနော် ၊ မင်းက မင်းရဲ့စိတ်ကျေနပ်မှုကိုပဲ အရေးစိုက်တယ် ၊ မင်းကြောင့် ငါတို့အားလုံးအပေါ်ကျရောက်လာမယ့် ဘေးအန္တရယ်ကိုလည်း တာဝန်ယူရမယ်ဆိုတာ မမေ့ပါနဲ့”

ကျန်းရှန်၏အကြည့်များက ပိုမိုစူးရှပြင်းထန်လာသည်။

“ငါတို့သာ သတိမထားဘူးဆိုရင် ဒီဘေးအန္တရယ်က မဟာကပ်ဘေးကြီးပြီးတဲ့နောက်မှာ ငါတို့ကြိုစားခဲ့သမျှ အရာအားလုံး ပျက်ဆီးသွားရလိမ့်မယ်”

စောမင်ကျန့် မျက်လုံးဖွင့်လိုက်ပြီး ကျန်းရှန်ကို အေးဆေးစွာကြည့်လိုက်သည်။

ကျန်းရှန်ကလည်း သူ့ကို ပြန်လည်စူးစိုက်ကြည့်နေသည်။

“ငါ မင်းနဲ့သိခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ ၊ မင်းက တစ်ယောက်တည်း သီးသန့်ဆန်ဆန် နေလေ့ရှိတယ် ၊ မင်းပခုံးပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုးအမျိုးမျိုးကို ထမ်းထားခဲ့ဖူးတယ် ၊ ဒါပေမဲ့ ပြင်ပတာအိုကျင့်ကြံသူတွေက ဒါတွေကို အရေးစိုက်မှာမဟုတ်ဘူး ၊ သူတို့က မင်းလုပ်ရပ်ကြောင့် ငါတို့ လမ်းမှန်တာအိုကျင့်ကြံသူတွေအားလုံးကို ရန်ငြိုးထားတော့မယ်”

သူက ဆက်ပြောသည်။

“လက်ရှိမှာ ပြင်ပတာအိုကျင့်ကြံသူတွေက အရမ်းအင်အားကြီးတယ် ၊ ငါတို့မှာ သူတို့ကိုတိုက်ခိုက်ဖို့ အင်အားမလုံလောက်ဘူး ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ တခြားသူတွေက သူတို့ကိုတိုက်ခိုက်မယ်ဆိုရင်တောင် လက်စားချေတယ်လို့ပဲ သတ်မှတ်လို့ရလိမ့်မယ် ၊ ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ်ရဲ့ အခြေခံအုတ်မြစ် ပျက်မသွားအောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး”

စောမင်ကျန့် ဗလာနယ်ထဲမှာပင် မတ်တတ်ရပ်လိုက်သည်။

သူက ကျန်းရှန်ကို ထပ်ပြီး မကြည့်တော့ပေ။

“မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အကြောင်းကြားချင်တဲ့သတင်းစကားရှိတယ်ဆိုရင် ဘာလို့ သူကိုယ်တိုင်မပြောရတာလဲ ၊ ကျန်းရှန်ကနေတစ်ဆင့် ပြောခိုင်းစရာ မလိုပါဘူး”

စောမင်ကျန့် မတ်တတ်ရပ်လိုက်သည်နှင့် တာအိုစကြာဝဠာတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။

စကြာဝဠာထဲမှ အရာအားလုံး ပျောက်ကွယ်သွားပြီး စောမင်ကျန့်သာလျှင် တစ်ခုတည်းသောအစစ်အမှန်အဖြစ် တည်ရှိနေသည့်အလား ဖြစ်လေသည်။

All Chapters