မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်
Vol. 92 Ch. 1293
အခန်း (၁၂၉၃) မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်
ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရား (၂)ပါးဖြစ်သော ယွဲ့ကျန့်ပေနှင့် ယန်ချဲ့တို့သာမက ထိုက်ရွှီးနတ်ဘုရားအဆင့်ရှိသော ‘ကျန်းရှန်’ သည်ပင် တာအိုစကြာဝဠာအတွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားသည့်ပမာ ထင်မှတ်ရသည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အခြားသော အောက်ဘုံကမ္ဘာများနှင့် ဗလာနယ်များအားလုံး အတူတကွ ပျောက်ကွယ်သွားကြသည်။
စကြာဝဠာထဲတွင် အရပ်မြင့်မြင့် ဆံပင်တိုတို လူတစ်ယောက်သာလျှင် အစစ်အမှန်တည်ရှိမှုတစ်ခုပမာ ထင်ဟပ်လျှက် ရှိသည်။
မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ က စကြာဝဠာထဲမှ အခြားသောအရာအားလုံးက သူနှင့်ပတ်သက်မှုမရှိသည့်ပမာ လက်စလျူရှုထားပြီး သူ၏ ဝိညာဉ်စွမ်းအား အာရုံစူးစိုက်မှုကလည်း ပိုမိုကျယ်ပြန့်လာသည်။
စောမင်ကျန့်က သူ့အား အရေးမစိုက်သလို ပြုမူသည်ကို ကျန်းရှန်က ဒေါသတကြီးဖြင့် တုံ့ပြန်ခြင်း မရှိပေ။
သူ၏အမူအရာက အနည်းငယ်စိတ်ရှုပ်ထွေးနေပြီး အံ့သြခြင်းနှင့်အတူ နှမျောတသသည့်အရိပ်အယောင်များ ထွက်ပေါ်နေသည်။
ထိုအချိန် ဘေးနားမှ ယန်ချဲ့၏အသံ ထွက်ပေါ်လာသည်။
“ငါတို့တွေက အမတချီစွမ်းအား (၂)ခုပေါင်းစပ်ဖို့ အပြင်းအထန် ကြိုးစားနေချိန်မှာ သူက အချိန်အစောကြီးကတည်းက သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တယ်”
သူက ဆက်ပြောသည်။
“သူက ပေါင်းစပ်ဖို့အခက်ခဲဆုံးဖြစ်တဲ့ မိစ္ဆာချီစွမ်းအားကိုပါ တခြားအမတချီစွမ်းအား အားလုံးနဲ့ ပေါင်းစပ်နိုင်ခဲ့တယ် ၊ ပြီးတော့ ငါတို့ထက်အရင် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တယ်”
ယန်ချဲ့က ခေါင်းငုံ့ပြီးရယ်မောလိုက်သည်။
“အခု ချန်ရွှမ်ကျုန်းနဲ့ ငါက အမတချီစွမ်းအား (၅)ခု ပေါင်းစည်းတဲ့အဆင့်မှာ ပတ်မိနေတယ် ၊ တာအိုရောင်းရင်း’ကျန်း’ တစ်ယောက်ပဲ ဒီအဆင့်မှာ အောင်မြင်မှုအချို့ ရရှိခဲ့တယ် ၊ ဒါပေမဲ့ သူကတော့ မူလသမ္မာတရားကပ်ဘေးကိုဖြတ်ကျော်နိုင်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ၊ သူ အခု ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သိချင်မိတယ်”
ကျန်းရှန် နှုတ်ဆိတ်နေသည့်တိုင် ယန်ချဲ့ပြောသည့်စကားများကို သဘောမတူဘဲ မနေနိုင်ခဲ့ပေ။
မြေကမ္ဘာထက်ယံအရှင်သခင်ဖြစ်သော သူကိုယ်တိုင်နှင့် နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ၊ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ နှင့် ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ တို့က မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် တည်ရှိခဲ့သူများ ဖြစ်ကြသည်။
သို့သော် စောမင်ကျန့် နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်ပြီးသည့်နောက်ပိုင်းတွင် သူတို့အားလုံး စောမင်ကျန့်နောက်တွင် ကျန်ရစ်ခဲ့ကြသည်။
ခွန်လွန်အထင်ကရ (၉)ပါးက အလွန်ထူးခြားသည့် ပါရမီရှင်များဖြစ်ကြသော်လည်း ၊ သူတို့ အထက်ဘုံကမ္ဘာကို အတူတကွ တည်ထောင်ခဲ့ကြစဉ်တွင် အစစ်အမှန်နတ်ဘုရားအဆင့်သာ ရှိကြသေးသည်။
သို့ပေသိ သိုင်းပညာ အလွန်တရာထွန်းကားသော မဟာကပ်ဘေးကြီးမတိုင်ခင်ကာလမှာပင် စောမင်ကျန့်ကဲ့သို့ အရည်အချင်းရှိသူတစ်ယောက်ကို ကျန်းရှန် တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။
အတိအကျပြောရသော် ထိုအချက်ကြောင့်ပင် သူက ပိုပြီး နှမျောစရာဖြစ်လာခဲ့သည်။
ကျန်းရှန်က ပေါ့ပါးသည့်လေသံဖြင့်...
“တာအိုရောင်းရင်း’စော’... အခု ပြောတဲ့စကားတွေက ငါ့ပြောချင်တဲ့စကားတွေပါ ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ ဘာမှမဆိုင်ပါဘူး”
သူက ဆက်ပြောသည်။
“မင်းလည်း မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကို ကိုယ်ချင်းဆာသင့်တယ် ၊ မင်း ဘာလို့ သူ့ကို အခက်တွေ့အောင် လုပ်ချင်တာလဲ”
စကြာဝဠာထဲတွင် စောမင်ကျန့်ကြောင့်ဖြစ်ပေါ်လာသော ဗလာနယ်တုန်ခါမှုများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
အလွန်ခမ်းနားပြီး ကျက်သရေရှိလှသော ကြယ်စင် (၆)ပွင့်သည် ကောင်းကင်ကိုးထက်မှဆင်းသက်လာသည့်အလား စကြာဝဠာထဲတွင် တပြိုင်နက်တည်း ထွန်းလင်းလာသည်။
ကြယ်စင် (၆)ပွင့် ထွက်ပေါ်လာသည်နှင့် စကြာဝဠာတစ်ခုလုံး ယခင်က ဖြစ်ပေါ်နေသော ဖြစ်စဉ်များအားလုံး ဆုံးရှုံးသွားသည်။
စောမင်ကျန့်တစ်ယောက်တည်းသာ အစစ်အမှန်တည်ရှိနေသည့်ပုံစံမျိုး မဟုတ်တော့ပေ။
ကြယ်စင်အလင်းများကျရောက်လာသည့်နေရာတိုင်းတွင် တာအိုစကြာဝဠာအတွင်းမှ မိုးမြေလောကတစ်ခွင်ကို ပြသနေသည့်ပမာ ထင်မှတ်ရသည်။
ထက်ရှလှသော သတ်ဖြတ်လိုသည့်အငွေ့အသက်များသည်လည်း လေထုထဲတွင် ပြည့်နက်သွားသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များက အသက်အန္တရယ်ရှိသောအခြေအနေထက်ပင် ပိုပြီး ကြောက်စရာကောင်းလာသည်။
သမိုင်းတစ်လျှောက်မှသည် ယခုအချိန်ထိ စစ်ပွဲပေါင်းများစွာနှင့် လူသားများကိုသတ်ဖြတ်ခဲ့ခြင်းများမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့်အငွေ့အသက်များအားလုံး အပြည့်အဝ စုစည်းနေခြင်းအား ပြသနေပုံရသည်။
မကြုံစဖူး ရက်စက်ကြမ်းတမ်းသော မိစ္ဆာချီက လူတိုင်းရှေ့သို့ အပြည့်အဝ ထုတ်ဖော်ရောက်ရှိလာသည်။
သို့သော် ပေါက်ကွဲထွက်သွားခြင်းမျိုးမဟုတ်ဘဲ သတ်မှတ်ထားသည့်နယ်နိမိတ်အတွင်း ချုပ်တည်းထားသည့်ပမာ ဖြစ်သည်။
ရုတ်တရက်ပင် ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ မှာ နတ်ဘုရားတံခါးအား တွန်းမဖွင့်နိုင်ခင် လူသားတစ်ယောက်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရသည်။
ယွဲ့ကျန့်ပေမှာ ကောင်းကင်ကိုးထပ်မှ ပြုတ်ကျသည့်ပမာ မြေပြင်ထက်သို့ ပြုတ်ကျသွားတော့သည်။
ကျန်းရှန်နှင့် ယန်ချဲ့တို့ကတော့ ကောင်းကင်ထက်မှာပင်ရှိနေသေးပြီး ယွဲ့ကျန့်ပေကို ခေါင်းငုံ့ကြည့်လိုက်ကြသည်။
သူတို့ (၂)ယောက်နောက်တွင် ခမ်းနားသည့်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုဂ္ဂိုလ်၏အသွင်အပြင်ကို မမြင်ရသော်လည်း ကမ္ဘာတစ်ခုလုံးအား အပ်စိုးနိုင်သူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
ကောင်းကင်ပွင့်ထွက်သွားပြီး ကြယ်စင် (၆)ပွင့်က မျက်လုံးများပမာ တညီတညွတ်တည်း အစီအရီဖြစ်သွားသည်။ ထိုကြယ်စင်များထဲတွင် ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု မည်သည့်အရိပ်အမြွက်ကိုမှ တွေ့မြင်ရခြင်းမရှိပေ။
ထိုမျက်ဝန်း (၆)ခုက ယွဲ့ကျန့်ပေအား စူးစိုက်ကြည့်နေသည်။
ထိုအကြည့်များကျရောက်သွားရာနေရာတိုင်းတွင် သူ၏စစ်ကြောမှုမှ မည်သည့်အရာမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ သို့မဟုတ် များပြားလှစွာသော အောက်ဘုံကမ္ဘာများဖြစ်ပါစေ ထိုအကြည့်၏ စစ်ဆေးခြင်းအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက တိုးတိတ်စွာရေရွတ်လိုက်သည်။
“မြောက်ပိုင်းကြယ်စင်ဧကရာဇ်...”
ရောက်လာသူက ရန်ကျောက်ကဲအတွက် အစိမ်းသက်သက် မဟုတ်ပေ။
မဟာကပ်ဘေးကြီးမတိုင်ခင် မိုးကောင်းကင်ခုံရုံးရှိ ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် ထိုပုဂ္ဂိုလ်ကို သေသေချာချာ တွေ့မြင်ဖူးခဲ့သည်။
သူက တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးထဲမှ တစ်ပါးဖြစ်သော ‘မြောက်ပိုင်းကြယ်စင်ဧကရာဇ်’ ဟု လူသိများသော “မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” ပင် ဖြစ်သည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်။
‘အသင်္ချေနတ်ဘုရားဇယားကွက်’ ၏ တာဝန်ခံတစ်ဦးဖြစ်ပြီး မိုးမြေတစ်ခွင်နှင့် သက်ရှိလူသားများကို ထိန်းချုပ်ထားသူ ဖြစ်သည်။
သူက ကမ္ဘာလောကတစ်ခုလုံးမှ သက်ရှိများအားလုံးနှင့် စစ်ရေး ၊ တိုက်ခိုက််ရေးနှင့်ဆက်စပ်၍လည်း အုပ်ချုပ်သူတစ်ယောက် ဖြစ်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က သူက တာအိုဝါဒ၏ထောက်တိုင်တစ်ခုဖြစ်ပြီး အလွန်တရာစွမ်းအားကြီးမားသူတစ်ယောက်ဖြစ်သလို မိုးကောင်းကင်ခုံရုံးရှိ ထိပ်တန်းအာဏာပိုင်များထဲမှ တစ်ယောက်လည်း ဖြစ်သည်။
“ဒီလိုမျိုးပြန်ဆုံရမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး”
ရန်ကျောက်ကဲ မျက်ဝန်းမှေးစင်းကာ တွေးလိုက်သည်။
ထို့နောက် သူ့စိတ်စဉ်သည်လည်း ပြန်လည်တည်ငြိမ်သွားသည်။
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ နှင့် လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ တို့က ကောင်းကင်ထက်တွင် တောက်ပနေသော ကြယ်စင်(၆)ပွင့်အားလှည့်ကြည့်လိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
“ဧကရာဇ်မင်း...”
အထက်ဘုံကမ္ဘာမြေပြင်ထက်တွင်မတ်တတ်ရပ်နေသည့် ‘ယွဲ့ကျန့်ပေ’ နှင့် ဗလာနယ်ထဲတွင်မတ်တတ်ရပ်နေသည့် ‘ချန်ရွှမ်ကျုန်း’ တို့သည်လည်း နေရာတစ်ခုလုံးအား လွှမ်းမိုးထားပုံရသော ကြယ်စင် (၆)ပွင့်ဆီသို့ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
“မြောက်ပိုင်းကြယ်စင်ဧကရာဇ်...”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တံခါးပိတ်ကျင့်ကြံနေခြင်းမရှိသော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များမှာလည်း ထူးခြားချက်တစ်စုံတစ်ခုကို ခံစားခဲ့ရပြီး ကောင်းကင်ထက်မှ ကြယ်စင်(၆)ပွင့်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။
ခဏမျှ ငြိမ်သက်နေပြီးနောက် သူတို့က...
“မြောက်ပိုင်းကြယ်စင်ဧကရာဇ်...”
ဟု ရေရွတ်ကာ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
အဆင့်နိမ့်ကျင့်ကြံသူများကတော့ ကောင်းကင်ထက်တွင်တောက်ပနေသည့် ကြယ်စင်(၆)ပွင့်ကိုသာ တွေ့မြင်ကြရပြီး စူးစိုက်ကြည့်နေကြသည်။
သို့သော် ခဏအတွင်းမှာပင် သူတို့အားလုံး ဒဏ္ဍာရီတစ်ခုကိုသတိရသွားပြီး အလွန်တရာ စိတ်လှုပ်ရှားသွားကြသည်။
လူအများစုက လက်ရှိအခြေအနေကို နားမလည်ကြသော်လည်း ယခု ရောက်ရှိလာသူမှာ တာအိုဝါဒသမိုင်းတွင် ဖော်ပြထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိရှိကြသည်။
ထိုပုဂ္ဂိုလ်အားတွေ့မြင်ရသည်မှာ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်း တာအိုကျင့်ကြံသူများအတွက် အလွန်တရာ အားရစရာကောင်းသည့်အချက်ဖြစ်သည်မှာ သေချာသည်။
အဆင့်နိမ့်ကျင့်ကြံသူများက ဖြစ်ပျက်သမျှကို အတိအကျမသိကြသော်လည်း ငြိမ်သက်ခြင်း ၊ မိုးနှင့်မြေ ရောင်ဝါထွန်းလင်းခြင်း ၊ နေ လ ကြယ်စင်တို့ ပြောင်းလဲသွားခြင်းကို ခံစားကြရပြီး သူတို့အားလုံး၏စိတ်အာရုံများ ပိုမိုသိမ်မွေ့လာသည့်ပမာ ခံစားကြရသည်။
ယခု...
တာအိုစကြာဝဠာတစ်ခုလုံးတွင် မိုးမြေတစ်ခွင်သို့ လွှမ်းခြုံနေသည့် ကြယ်စင်အလင်းတန်းများမှ ကင်းလွတ်နေသူ လူတစ်ယောက်သာလျှင် ရှိသည်။
မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’။
စောမင်ကျန့်က ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် ယွဲ့ကျန့်ပေကဲ့သို့ မဟုတ်ပေ။
ယခုအချန်တွင် သူက စကြာဝဠာထဲတွင်ရပ်တည်နေသည့် တစ်ခုတည်းသော အစစ်အမှန်အသွင်သဏ္ဌန်မဟုတ်တော့သော်လည်း မိုးနှင့်မြေမှ ကင်းလွတ်လျှက် လွတ်လပ်စွာ ရပ်တည်နေသူတစ်ယောက် ဖြစ်နေသေးသည်။
သူတည်ရှိနေသည့်အရာက ကောင်းကင်ထက်တွင်လည်းမဟုတ် ၊ မြေပြင်ထက်တွင်လည်းမဟုတ် ၊ စကြာဝဠာ အလယ်ဗဟိုတွင်လည်း မဟုတ်ပေ။
သို့ဖြစ်ရာ ကောင်းကင်တစ်ဖက်ခြမ်းမှ ကြယ်ရောင်အလင်းတန်းက သူ့ထံသို့မသက်ရောက်နိုင်သလို သူ့ကို ဖုံးကွယ်ထားနိုင်ခြင်းလည်း မရှိခဲ့ပေ။
ကျန်းရှန်နှင့် ယန်ချဲ့တို့ သူ့ကို စူးစိုက်ကြည့်နေလိုက်ကြသည်။
ထိုအချိန် စောမင်ကျန့်၏ဦးခေါင်းထက်တွင် တောက်ပသည့်အလင်းရောင်တစ်ခုထွက်ပေါ်လာပြီး ထိုအလင်းရောင်က ပန်းတစ်ပွင့်နှင့်ဆင်တူသည်။ အလွန် နက်နဲဆန်းကြယ်လွန်းပြီး စကားနှင့်ဖော်ပြရန်ခက်ခဲလောက်အောင် ထူးခြားသည်။
“သူက ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်ဘုံအရှင်တွေကိုတောင် သတ်ဖြတ်ပစ်နိုင်တာ မအံ့သြတော့ပါဘူး... ၊ သူ့ကို ဘယ်သူမှ ရပ်တန့်နိုင်မှာမဟုတ်ဘူး”
ယန်ချဲ့က ချီးကျူးစကားဆိုလိုက်သည်။
အမတချီစွမ်းအား(၅)ခုပေါင်းစပ်ထားသည့် ‘ထိုက်ရွှီးမူလနတ်ဘုရား’ များ သွားလေရာရာသို့ မဟာတာအို၏ စူးရှတေးသံသည်လည်း လိုက်ပါလာတတ်သည်။
ဤသည်ကိုအခြေခံပြီး သူတို့၏ ကျင့်ကြံခြင်းနောက်တစ်ဆင့်မြင့်တက်ရန်မှာ ‘ပန်းသုံးပွင့်သရဖူ’ တစ်ဆင့်ခြင်း ပေါင်းစည်းသွားရန် ဖြစ်သည်။
‘ပန်းသုံးပွင့်သရဖူ’ ပေါင်းစည်းနိုင်ပြီဆိုပါက သူတို့အနေဖြင့် လုံးဝ မတူကွဲပြားသော အဆင့်တစ်ခုသို့ ဝင်ရောက်နိုင်သည်ကိုဆိုလိုပြီး ‘ကောင်းကင်နတ်ဘုရားအဆင့်’ သို့ ရောက်ရှိမည် ဖြစ်သည်။
သူတို့အနေဖြင့် မိုးမြေနှင့်အညီ ကျင့်ကြံနိုင်စွမ်း ရရှိပြီး ‘ကောင်းကင်ဘုံအရှင်’ ဟု အမည်တပ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။
“ပန်းသုံးပွင့်” ဆိုသည်က လူသားတစ်ယောက်၏ မရှိမဖြစ်လိုအပ်သော အကြောင်းအရာ(၃)ခုကို ကိုယ်စားပြုသည်။
ချီစွမ်းအားအနှစ်သာရ ၊ ချီစွမ်းအား ၊ စိတ်ဝိညာဉ်။
ယခု စောမင်ကျန့်၏ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့် ရှိနေသည်။
သူက မာနကြီးပြီး စိတ်ဓာတ်ခိုင်မာသူတစ်ယောက်လည်းဖြစ်သည်။
ပန်းနှစ်ပွင့်ပေါင်းစည်းထားသော သရဖူကို ပိုင်ဆိုင်ထားသောကြောင့် အမတခုံရုံးမှ ’ကောင်းကင်ဘံဒအရှင်’ များသည်ပင် သူ့ကို မည်သို့မှ မတတ်နိုင်ခဲ့ပေ။
သူက ရန်သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကိုသတ်ဖြတ်ကာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်။
အဂ္ဂိရတ်ခန်းမထဲတွင် ကောင်းကင်ဘုံနန်းတော်မှ တန်ခိုးစွမ်းအားကြီးမားသည့် ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်သော “သက်ရှည်နတ်မင်းဘိုးဘိုး” ၏ နဂါးကျိုင်းတံကို ချိုးဖျက်ပစ်နိုင်ခဲ့သည်။
သမင်ဖြူနတ်မိစ္ဆာက နတ်ဘုရားတစ်ပါးကဲ့သို့ပင် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး မဟာကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သော အသက်ရှင်ကျန်ရစ်သူတစ်ယောက် ဖြစ်သည်။
သို့သော် စောမင်ကျန့်သာ အခြား သတိထားရမည့်ကိစ္စများရှိမနေလျှင် ထို သမင်ဖြူနတ်ဆိုးမှာ စောမင်ကျန့်လက်ချက်ဖြင့် သေချာပေါက် သေဆုံးသွားမည်သာပင်။
ယခု “မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” နှင့် ရင်ဆိုင်ရသည့်အချိန်မှာပင် စောမင်ကျန့်က ပန်းနှစ်ပွင့်သရဖူကို ထုတ်ဖော်ပြသလိုက်ပြီး အမူအရာက အလွန်တည်ငြိမ်လျှက် ရှိသည်။
သူက ဂါရဝပြုခြင်းလည်းမရှိ စကားလည်းမဆိုဘဲ ကြယ်စင် (၆)ပွင့်ကို တိတ်တဆိတ် စူးစိုက်ကြည့်နေသည်။
ကြယ်ရောင်များကြားတွင် ထူးဆန်းသောတေးသံတစ်ခု ထွက်ပေါ်လာသည်။ အတွင်းတွင်ပါရှိသော အဓိပ္ပါယ်ကို နားလည်ရန် ခက်ခဲသော်လည်း အလွန်သဘာဝကျသည်ဟု ခံစားရသည်။
မိုးမြေဖန်ဆင်းခြင်းပြီးစအချိန်ကာလ မူလကမ္ဘာတွင် အသုံးပြုသည့် ဘာသာစကားအလား ထင်မှတ်ရသည်။ လက်ရှိအသုံးပြုနေသော ဘာသာစကားများက ထိုမူလဘာသာစကား၏ အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို အတုယူထားခြင်းသာ ဖြစ်၏။
ကြယ်စင်(၆)ပွင့်မှ ကြယ်စင်အလင်းတန်း(၆)ခု ထွက်ပေါ်လာပြီး စောမင်ကျန့်အား အဝေးသို့ခေါ်ဆောင်သွားရန် ရည်ရွယ်သည့်ပမာ သူ၏ခန္ဓာကိုယ်အား ရစ်ပတ်လွှမ်းခြုံသွားလေတော့သည်။