← Chapters

ကောင်းကင်ကိုဖြတ်တောက်ပစ်သည့် “သိုင်းနတ်ဘုရား”

Vol. 92 Ch. 1294

ကောင်းကင်ကိုဖြတ်တောက်ပစ်သည့် “သိုင်းနတ်ဘုရား”

Vol. 92 Ch. 1294

အခန်း (၁၂၉၄) ကောင်းကင်ကိုဖြတ်တောက်ပစ်သည့် “သိုင်းနတ်ဘုရား”

ကြယ်စင်အလင်းတန်း (၆)ခုက တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီး အလင်းတန်းတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားကာ စောမင်ကျန့်၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။

ကောင်းကင်အထက် တိမ်တိုက်များကြားတွင် ရွှေရောင်အလင်းတန်းများတောက်ပလာပြီး များပြားလှစွာသော ဝိညာဉ်စာကြေငာ်းများထွက်ပေါ်လာကာ ဗလာနယ်တစ်ခုလုံး ပြည့်နက်သွားစေသည်။

စောစောက သူ၏ကိုယ်ပိုင်စွမ်းအားရောင်ဝါကို ဖိနှိပ်ထားသည့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ယခု ကိုယ်တိုင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီဖြစ်၏။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏တိုက်ခိုက်မှုက ယွဲ့ကျန့်ပေနှင့် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ ဦးတည်ခြင်းမရှိသော်လည်း သူတို့ (၂)ယောက်လုံး ဖိအားများစွာ ခံစားနေရသည်။

ယွဲ့ကျန့်ပေ၏အခြေအနေက ကောင်းမွန်နေဆဲဖြစ်သော်လည်း သူ၏ အမတချီစွမ်းအားအနှစ်သာရကို ဖိနှိပ်ခံထားရသဖြင့် ခန္ဓာကိုယ်လှုပ်ရှားနိုင်ခြင်းမရှိဘဲ ထုံကျင်သောခံစားချက်ကိုသာ ခံစားနေရသည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အမတကူးပြောင်းခြင်း သိုင်းသူတော်စင်အဆင့်သာလျှင် ရှိသေးသည်ဖြစ်ရာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် တန်ခိုးစွမ်းအားအရာတွင် အလွန်တရာကွာခြားချက် ကြီးမားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး အမှုန့်ဖြစ်သွားတော့မည့်အလား ခံစားနေရပြီး သူ၏စိတ်သည်ပင် အလုပ်လုပ်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲ၏ကိုယ်ပွားကို မြောက်ပိုင်းကြယ်စင်ဧကရာဇ်က သန့်စင်ပစ်တော့မည်ဖြစ်ပြီး သူ ဆက်ပြီးပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

အမှန်တော့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ တန်ခိုးစွမ်းအားအနည်းငယ် စီးဆင်းယိုစိမ့်လာခြင်းက ဤသို့သောသက်ရောက်မှု ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ရန်ကျောက်ကဲက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

သူ၏ မူလရုပ်ခန္ဓာက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လျှို့ဝှက်စာဖြန့်ကျက်ပြီး သူနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကြားမှ ဆက်သွယ်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

ဤနည်းအားဖြင့် သူ၏ကိုယ်ပွားကို ဆုံးရှုံးသွားခြင်းမှာ ကာကွယ်နိုင်ပေသည်။

ရန်ကျောက်ကဲက “မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်‌ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” ၏ တန်ခိုးစွမ်းအားကို လျှော့တွက်ခဲ့ခြင်း မရှိပေ။

လမ်းမှန်တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များကြားတွင်လည်း စွမ်းအားကွာဟချက် ရှိကြသည်။

တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်‌ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” ၏ တန်ခိုးစွမ်းအားက သာမန်မျှ မဟုတ်ပေ။

သူ၏ ရက်စက်ကြမ်းတမ်းလှသော သတ်ဖြတ်လိုသည့်အငွေ့အသက်က ပေါက်ကွဲထွက်သွားခြင်းမရှိသော်လည်း ပြင်းထန်ပြီး လေးနက်လွန်းသည် ။ ရှုပ်ထွေးပြီး ခွဲခြမ်းစိတ်ဖြာရခက်သည်။

ထိုအငွေ့အသက်က ကောင်းကင်ကိုးထပ်မှဆင်းသက်လာသည့် နတ်ဘုရားတေးသံတစ်ခုအလား ထင်မှတ်ရ၏။

ကြယ်စင်ရောင်အလင်းတန်း၏လွှမ်းမိုးခြင်းခံရပြီးနောက် စောမင်ကျန့်၏ပုံရိပ်က မိုးနှင့်မြေကိုကျော်လွန်ပြီး ရပ်တည်နေနိုင်ခြင်း မရှိတော့ပေ။

သူက မိုးနှင့်မြေမှ ဆွဲထုတ်ခံရပြီး သေမျိုးလူသားတစ်ယောက်ဘဝသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။

ကောင်းကင်နတ်ဘုရားများ၏ အမိန့်စကားကိုနားထောင်ရန် ခေါင်းငုံ့ထားရပြီး မိုးခြိမ်းသံနှင့် မိုးရွာသွန်းမှုများက ကောင်းကင်ဘုံ၏အသေရေအလား ခြိမ်းခြောက်လျှက် ရှိသည်။

“စစ်မှုရေးရာကိုအုပ်စိုးတဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အခု သေမျိုးလူသားလောကကိုရောက်လာပြီး တိုက်ခိုက်တာဆိုပေမယ့် သတ်ဖြတ်လိုတဲ့အငွေ့အသက် သိပ်မတွေ့ရဘူး ၊ ကြည့်ရတာ သူက မီးလျှံထက်ယံအရျင်သခင်ကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“သူက မီးလျှံထက်ယံအရှင်သခင်ကို ဖိနှိပ်ပြီး အဝေးကိုခေါ်ထုတ်သွားဖို့ ကြိုးစားနေတာလား”

ကျန်းရှန်နှင့် ယန်ချဲ့ကတော့ တစုံတရာလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခဲ့သည်။

သို့သော် မိုးနှင့်မြေကြားမှ ကွာခြားမှုကြောင့် သူတို့ (၂)ယောက်က တိမ်တိုက်များထက်တွင်မတ်တတ်ရပ်နေဟန်ရှိပြီး စောမင်ကျန့်က သေမျိုးလူသားလောက‌ မြေပြင်ထက်သို့ ရောက်ရှိနေပုံရသည်။

ထို့ကြောင့် သူတို့က စောမင်ကျန့်ကို ငုံ့ကြည့်နေသည့်ပမာ ဖြစ်လေသည်။

ကျန်းရှန်က အကြံပေးစကားပြောလိုက်သည်။

“တာအိုရောင်းရင်း’စော’... ၊ ဧကရာဇ်မင်းက အရမ်း ကရုဏာတရားကြီးလွန်းတယ် ၊ သူက မင်းကို အသက်ချမ်းသာပေးဖို့ ဆန္ဒရှိတယ် ၊ မင်း ဒီအခွင့်အရေးကိုလက်လွှတ်မခံဘဲ ဧကရာဇ်မင်းနဲ့အတူ လိုက်သွားလိုက်ပါ”

တောက်ပသည့်တိမ်တိုက်များနှင့် ကြယ်စင်အလင်းတန်းများအောက်တွင် သူ၏အသံက နတ်ဘုရားတစ်ပါး၏ကိုယ်စားလှယ်က စကားပြောနေသည့်အလား အလွန်ပင် အမိန့်ပေးသံဆန်လှသည်။

စောမင်ကျန့်၏ ကိုယ်အနေအထားက ငြိမ်သက်နေဆဲ ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်နေပုံရသည်။

ကြီးမားလှသော ဧရာမသစ်ပင်ကြီးတစ်ပင်ကို တစ်စုံတစ်ယောက်က အမြစ်မှဆွဲနှုတ်လိုက်သည့်ပမာ ဖြစ်သည်။

စောမင်ကျန့်၏မျက်ဝန်းများ အေးစက်သွားပြီး...

“ကျန်းရှန်... အဲဒါကို မင်း မေ့သွားပေမယ့် ငါကတော့ မမေ့ဘူး”

သူက ဆက်ပြောလိုက်သည်။

“မိတ်ဆွေလေး’ရန်’ ရဲ့အမေက ကျွင်းဟွမ်ရဲ့ အဆက်အနွယ်ပဲ”

စကားဆုံးသွားသည်နှင့် သူက လက်ကိုပင့်မြှောက်လိုက်ပြီး ရင်ဘတ်နှင့်တစ်တန်းတည်းထားလိုက်သည်။ ထို့နောက် ရှေ့သို့ လက်ဝါးဇောင်းဖြင့် ခုတ်ပိုင်းချလိုက်သည်။

သူ ခုတ်ပိုင်းချလိုက်သည်နှင့် ဗလာနယ်ထဲတွင်ဖြတ်သန်းသွားသည့် မျဉ်းတစ်ကောင်း ထွက်ပေါ်လာသည်။

ထိုမျဉ်းကြောင်းက တည်ရှိနေသည့်အရာအားလုံး တစ်ခုမကျန် လွှမ်းမိုးသွားသည်။

စောမင်ကျန့်၏ရှေ့မှအရာအားလုံးက ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြန်လည်ပြောင်းလဲသွားသည်။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်ဖန်ဆင်းထားသည့် ကမ္ဘာလောကကြီးက ပန်းချီကားတစ်ချပ်ပမာ ပြားချပ်သွားပြီး အတိုင်းအတာမရှိတော့သလို ၊ နက်နဲခြင်းမရှိတော့လသို ၊ ပညာသာမပါတော့သလို ပြောင်းလဲသွားသည်။

စောမင်ကျန့်က လောကအပြင်ဘက်သို့ ပြန်လည်လွတ်မြောက်သွားပြီး သူ၏ပုံရိပ်သည်လည်း ချက်ချင်း တည်ငြိမ်သွားကာ တုန်လှုပ်နေခြင်း မရှိတော့ပေ။

ဤလက်ဝါးရိုက်ချက်က မိုးနှင့်မြေကို တိုက်ရိုက်ဖြတ်ကျော်သွားပြီး စကြာဝဠာကိုထိုးဖောက်ကာ ဖန်ဆင်းခြင်းတရား၏ပြောင်းလဲမှုများကိုပင် ဖြတ်တောက်ပစ်လိုက်နိုင်သည်။

သူ့အားဖမ်းဆီးရန်ကျရောက်လာသော မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ကြယ်စင်အလင်းတန်းများကိုပင် ဖြတ်တောက်ပစ်လိုက်သည်။

“ကောင်းကင်ဖြတ်တောက်ကျမ်းစာ...”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ ရေရွတ်လိုက်သည်။

မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ က နတ်မိစ္ဆာမျိုးနွယ်များ၏စကြာဝဠာဖြစ်သော ‘ချန်စန်းရှင်းဟိုင်’ စကြာဝဠာရှိ ‘မီးလျှံနဂါးကမ္ဘာတွင် ကျင့်ကြံခြင်းစတင်ခဲ့သူ ဖြစ်သည်။

(အစောပိုင်းမှာ ‘ချန်စန်းရှင်းဟိုင်’ ကမ္ဘာလို့ ရေးခဲ့ဖူးပါတယ် ၊ အဲဒါ ဘာသာပြန်သူရဲ့အမှားဖြစ်ပါတယ် ၊ တကယ်တော့ ချန်စန်းရှင်းဟိုင်ဆိုတာက နတ်မိစ္ဆာတွေနေထိုင်တဲ့စကြာဝဠာကိုပြောခြင်းဖြစ်ပြီး အဲဒီစကြာဝဠာထဲမှာ နတ်မိစ္ဆာများနေထိုင်တဲ့ ကမ္ဘာများစွာ ရှိပါတယ်__ ဘာသာပြန်သူ)

သို့ဖြစ်ရာ စောမင်ကျန့်၏ သိုင်းပညာက ပြီးပြည့်စုံခြင်းမရှိသော တာအိုကျင့်စဉ်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။

သူကျင့်ကြံခဲ့သည်က ယွိချင်အဆက်အနွယ်၏ ဗလာနယ်ကောင်းကင်ကျမ်းစာဟုဆိုနိုင်သော်လည်း ပြီးပြည့်စုံခြင်းမရှိသည့် အပိုင်းများ အလွန်များပြားခဲ့သည်။

စောမင်ကျန့်က ထိုကျမ်းစာကို အဆက်မပြတ်လေ့လာခဲ့ပြီး အခြားသူများနှင့်မတူညီသည့်လမ်းကြောင်းပေါ်သို့ ဖြည်းညင်းစွာ ရှောက်လှမ်းခဲ့သည်။

အခြားသူများအမြင်မှာတော့ သူလျှောက်နေသည့်လမ်းက ပြန်လမ်းမရှိသော လမ်းကြောင်းတစ်ခု ဖြစ်ပေ၏။

အစပိုင်းတွင် ထိုကျမ်းစာက အခြေခံမျှသာဖြစ်သည်။ သို့သော် စောမင်ကျန့်က ယွိချင်အဆက်အနွယ်သိုင်းပညာရပ်များကို ပိုမိုလေ့လာခွင့်ရသည့်အခါ သူလျှောက်သည့်လမ်းက ပိုမိုနက်နဲလာပြီး စွန့်စားစရာများဖြင့် ပြည့်လာခဲ့သည်။

သူက မူလကောင်းကင်ကျမ်းစာ (၁၀)စောင်တွင် ဒုတိယမြောက်ကျမ်းစာဖြစ်သော ‘မူလကောင်းကင်ကျမ်းစာ’ ကို ပြောင်းပြန်ကျင့်ကြံခဲ့ခြင်းဖြစ်သည်။

သမိုင်းတစ်လျှောက် ပါရမီရှင်များစွာ ရှိခဲ့သည်။

သမိုင်းထဲတွင် စန်းချင်း(၃)ပါးအဆက်အနွယ် ပညာရပ်(၃)မျိုးလုံးအား ကျင့်ကြံသူများရှိသကဲ့သို့ ‘မူလကောင်းကင်ကျမ်းစာ’ ကို ပြောင်းပြန်ကျင့်ကြံရန် ကြိုးစားသူများလည်း ရှိခဲ့ကြသည်။

ယွိချင်အဆက်အနွယ်သိုင်းပညာရပ်များကို ပြောင်းပြန်ကျင့်ကြံခြင်းက စန့်ချင်အဆက်အနွယ် သိုင်းပညာရပ်များထဲမှအချို့နှင့် ကိုးကာားချက်ခြင်း တူညီသည်။

သို့သော် ကွာဟချက် ကြီးမားသည်။

သို့ဖြစ်ရာ ထိုလမ်းကိုလျှောက်လှမ်းသူများအားလုံး အောင်မြင်မှု မရခဲ့ကြပေ။

သို့သော် စောမင်ကျန့်ကတော့ အောင်မြင်ခဲ့သည်။

သူက ‘ဆန့်ကျင်ဘက်အနှစ်သာရများကိုနားလည်ခြင်း’ ဟု လူသိများသော ကိုယ်ပိုင်သိုင်းပညာတစ်ရပ်ကို တီထွင်ခဲ့ပြီး ‘ကောင်းကင်ဆန့်ကျင်ကျမ်းစာ’ ဟု အမည်ပေးခဲ့သည်။

သူက ထိုကျမ်းစာကိုအသုံးပြုပြီး နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့သည်။

သူ တာအိုစကြာဝဠာသို့ရောက်ရှိလာသည့်အခါ ပိုမိုတရားဝင်သည့် သိုင်းပညာရပ်များနှင့် ထိတွေ့ခွင့်ရခဲ့သည်။

သို့သော် စောမင်ကျန့်က သူ၏ သိုင်းပညာရပ်ပုံစံကို ဘယ်သောအခါမှ မပြောင်းလဲခဲ့သလို သိုင်းပညာအသစ်များကိုလည်း ပြန်လည်သင်ယူခဲ့ခြင်းမပြုခဲ့ပေ။

စောမင်ကျန့်က သူကိုယ်တိုင်ဖန်တီးခဲ့သော သိုင်းပညာရပ်အတွက် အလွန်ပင် ဂုဏ်ယူမဆုံးရှိခဲ့သည်။

သူက ‘ကောင်းကင်ဆန့်ကျင်ကျမ်း’ ထဲသို့ အခြားသော ထိပ်တန်းအဆင့်သိုင်းပညာရပ်များ ပေါင်းစပ်ထည့်သွင်းခဲ့ပြီး ထိုသိုင်းပညာရပ်များကို သန့်စင်ပစ်ကာ လိုအပ်သည့်အနှစ်သာရကိုသာ ထုတ်ယူခဲ့သည်။

ဤနည်းအားဖြင့် သူ တီထွင်ထားသော သိုင်းပညာကို မြင့်မားသည်ထက်မြင့်မားအောင် မြှင့်တင်နိုင်ခဲ့သည်။

‘ကောင်းကင်ဆန့်ကျင်ကျမ်းစာ’ ၏ ပိုမိုကောင်းမွန်သောအသွင်သစ်ဖြစ်သည့် ‘ကောင်းကင်ဖြတ်တောက်ကျမ်းစာ’ ဖြစ်လာခဲ့သည်။

ကောင်းကင်ကိုဖွင့်၍ မြေပြင်ကိုပိုင်းခြားခြင်း ၊ ဖန်ဆင်းခြင်း အလှည့်အပြောင်း ၊ သက်ရှိများ၏မူလအစမှသည် အဆုံးသတ်သို့ရောက်ရှိသွားပြီး ‘မရှိမှု’ အဖြစ်ပြောင်းလဲသွားခြင်း __ ဤအချက်များမှာ မဟာတာအိုလှည့်ပတ်ခြင်း နိယာမများ ဖြစ်သည်။

ယခုတော့ တာအိုစကြာဝဠာတစ်ခုလုံးတွင် ထို နိယာမများအားလုံး ရပ်တန့်သွားသည်။

အဆုံးစွန်အထိ တိုးတက်လာပြီးနောက် ပြန်လည်ကျဆင်းသွားသည့် လက္ခဏများကို တွေ့မြင်ရခြင်း မရှိတော့ပေ။

မည်သည့်ပတ်ဝန်းကျင်တွင်ဖြစ်ပါစေ ဖွံ့ဖြိးတိုးတက်မှုတစ်ခုသည် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိပြီးသွားပြီးနောက် ရှေ့ဆက်မသွားတော့ဘဲ အတင်းအကျပ် ရပ်တန့်သွားကာ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားရသည်ပင် ဖြစ်သည်။

မိုးနှင့်မြေက အရှိန်အဟုန်ဖြင့် ရှေ့ဆက်ရွေ့လျားနေသည်ဖြစ်ရာ ဤသို့သော လောကနိယာမကို ဆန့်ကျင်ရဲသူရှိပါက မြင်းရထားကိုပိတ်ဆို့သည့် ပိုးနှံကောင်ပမာ ကြေမွသွားခြင်းဖြင့် အဆုံးသတ်ရပေမည်။

‘ကောင်းကင်ဖြတ်တောက်ကျမ်းစာ’ ရှေ့တွင် ကြီးမားသောတောင်န်းကြီးတစ်ခု ပိတ်ဆို့ထားလျှင်တောင်မှ အပိုင်းပိုင်းပြတ်တောက်သွားရမည်သာပင်။

လက်ရှိတွင် စောမင်ကျန့်အနေဖြင့် တဖြည်းဖြည်းပြန်လည်ကျဆင်းလာခြင်းနိယာမကို တန်းလှန်ရန် လုံလောက်သည့်အင်အားမရှိသလို ဖန်ဆင်းခြင်းကိုအန်တုနိုင်သည့် ကြောက်မက်ဖွယ်ရာ အင်အားလည်း မရှိခဲ့ပေ။

သို့သော် ‘ကောင်းကင်နတ်ဘုရား’ တစ်ပါးဖြစ်ပြီး ‘ကောင်းကင်ဘုံအရှင်’ ဘွဲ့အမည်ကိုပိုင်ဆိုင်ထားသော မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏တိုက်ခိုက်မှုကိုတော့ စောမင်ကျန့်၏ လက်ဝါးရိုက်ချက်က အပြင်းအထန် ဖြတ်‌တောက်ပစ်နိုင်ခဲ့သည်။

“သူ့ရဲ့ ကောင်းကင်ဖြတ်တောက်ကျမ်းစာက ပိုပြီးအားကောင်းလာတာပဲ”

ကျန်းရှန်က ချီးကျူစကားဆိုလိုက်သည်။

တိုက်ခိုက်မှု စတင်ပြီးသည်နှင့် စောမင်ကျန့်က အရှိန်အဟုန်ကို မရပ်တန့်ခဲ့ပေ။ သူ၏ခန္ဓာကိုယ် ရိပ်ခနဲလှုပ်ရှားသွားပြီး ချက်ချင်းပင် ကျန်းရှန်နှင့် ယန်ချဲ့ရှေ့သို့ ရောက်ရှိလာသည်။

ထို့နောက် သူက လက်သီးချက်တစ်ချက် ထုတ်ဖော်လိုက်သည်။

ထိုလက်သီးချက်က ပုဆိန်နှင့်တူသလို လှံရှည်တစ်လက်နှင့်လည်းဆင်တူသည်။ မိုးနှင့်မြေကို ထိုးခွင်းဖွင့်လှစ်ပြီး သွေးနီရောင်မီးတောက်များ တဟုန်းဟုန်းတောက်လောင်လာသည်။

ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ၏ လွှမ်းခြုံမှုအောက်တွင် ယန်ချဲ့မှာ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားရသည်။

လှုပ်ရှားနိုင်ရန်ခက်ခဲသွားပြီး သူ၏ခန္ဓာကိုယ်အား အကာအကွယ်ပေးထားသော မှိန်ဖျော့သည့်အလင်းတန်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ကျန်းရှန်၏မျက်နှာက တည်ကြည်လေးနက်နေသည်။

သူက မီးလျှံလက်သီးကို ရင်ဆိုင်လိုက်ရချိန်တွင် မရွှေ့မပြောင်းနိုင်သော မြေသားပမာ ဖန်ဆင်းလိုက်သည်။ ထိုမြေပြင်က ကိုယ်တိုင်ဖန်ဆင်းခြင်းတရားပမာဖြစ်ပြီး ကမ္ဘာမြေကြီး၏ အသက်ဓာတ်စွမ်းအားများပမာ ထင်မှတ်ရသည်။

သို့သော် ဤသည်က စောမင်ကျန့်ကို စိတ်အနှောက်အယှက်မဖြစ်စေခဲ့ပေ။ သူ၏လက်သီးချက်က ဆက်တိုက်ဆိုသလို ရှေ့သို့တိုးလာသည်။

တစ်ချိန်တည်းပင် မီးလျှံလက်သီးက ကြယ်စင်တစ်စင်းအသွင်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာမီးလျှံများက အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားခြင်း မရှိဘဲ အတွင်းသို့ အဆက်မပြတ်ပြိုကျနေသည်။

ရုတ်တရက်ပင် စောမင်ကျန့်၏လက်သီးချက် အလယ်ဗဟိုတွင် ကြီးမားလေးလံသည့်စွမ်းအားတစ်ခုပေါ်လာသည်။ ထိုစွမ်းအားက ကျန်းရှန်ဖန်ဆင်းထားသည့် မြေပြင်ထက် ပိုပြီးထူထဲလေးလံသည်။

တကယ့် ကြယ်တစ်စင်းအလားထင်မှတ်ရပြီး ထိုအရာက ကြယ်ပေါက်ကွဲမှုကြီးဖြစ်ပေါ်သည့်အလား ထင်မှတ်ရ၏။

လက်သီးတစ်ချက်က ထူထဲသည့်မြေလွှာကို အပိုင်းပိုင်းခွဲရန် လုံလောက်သည်။

စောမင်ကျန့်၏ လက်သီးချက်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတစ်ခုလုံးကိုပင် ကွဲကြေသွားစေနိုင်သည်။

ထိုအချိန်....

ကောင်းကင်ကိုးထပ်မှ ကြယ်စင်ရောင်အလင်းတန်းများ တစ်ဖန်ပြန်လည်ကျဆင်းလာပြီး ကျန်းရှန်နှင့် ယန်ချဲ့တို့အား မီးလျှံသံမဏိလက်သီးချက်မှ ကာကွယ်ပေးလိုက်သည်။

“ဖြတ်တောက်စမ်း....”

သို့သော် စောမင်ကျန့်က ‘ကော်းကင်ဖြတ်တောက်ကျမ်းစာ’ ၏ နက်နဲမှုကို ထုတ်ဖော်ကာ ကြယ်စင်အလင်းတန်းများကို ထပ်မံထိုးခွင်းဖြတ်တောက်လိုက်ပြန်သည်။

သူ၏လက်သီးချက်က အဆက်မပြတ်ရွေ့လျားနေပြီး သူတိုက်ခိုက်မည့်လမ်း‌ကြောင်းအတိုင်း ဆက်သွားနေသည်။

ထိုအချိန် ကြယ်စင်အလင်းတန်းများဆီမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။

အဆုံးမရှိသော မိစ္ဆာချီစွမ်းအားမှတစ်ဆင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပေါက်ကွဲထွက်သွားပြီး စောမင်ကျန့်၏ တန်ခိုးစွမ်းအားစုစည်းမှုအား တားဆီးလိုက်သည်။

ထိုနောက် စောမင်ကျန့်၏ ကြယ်ပေါက်ကွဲမှု မီးလျှံလက်သီးကို အပြည့်အဝ အနိုင်ယူလိုက်သည်။

တန်ခိုးစွမ်းအားနှစ်ခု ရိုက်ခတ်မိပြီး စောမင်ကျန့်၏ပုံရိပ် နောက်သို့ပြန်ဆုတ်သွားသည်။ သူ၏လက်သီးချက်က ကျန်းရှန်နှင့် ယန်ချဲ့အား ထိုးနှက်မိခြင်း မရှိတော့ပေ။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ တန်ခိုးစွမ်းအားက ပြင်တာအိုကျင့်ကြံသူ ကောင်းကင်ဘုံအရှင်သခင်များနှင့် နှိုင်းယှဉ်၍ မရပေ။

သို့သော် တာအိုဝါဒ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဤ ‘ကောင်းကင်နတ်ဘုရား’ အဆင့်ရှိသူ ‘မြောက်ပိုင်းကြယ်စင်ဧကရာဇ်’ သည်ပင် စောမင်ကျန့်ကို မကိုင်တွယ်နိုင်တော့ကြောင်း လူတိုင်းနားလည်ခဲ့ကြသည်။

အရပ်မြင့်မြင့် ဆံပင်တိုတိုနှင့် လူငယ်သည် ဗလာနယ်ထဲတွင် တည်ငြိမ်သောအမူအရာဖြင့် ငြိမ်သက်စွာ မတ်တတ်ရပ်လျှက် ရှိသည်။

သို့သော် သူ၏အကြည့်များက အထက်ဘုံကမ္ဘာဆီသို့ ရွေ့လျားသွားသည်။

ကျန်းရှန်မှာ စောမင်ကျန့်၏လက်သီးချက်မှ လွတ်‌မြောက်သွားသည့်တိုင် ပျော်ရွှင်သည့်အမူအရာ မပြခဲ့ပေ။

ထိုအစား သူက တိုးသဲ့စွာ သက်ပြင်းချလိုက်ပြီး...

“အချိန်မလုံလောက်တော့ဘူး...”

သူ့စကားမဆုံးခင်မှာပင် တာအိုစကြာဝဠာတစ်ခုလုံး တုန်လှုပ်သွားသည်။

ပြင်းထန်သည့် စွမ်းအားရောင်ဝါများက တစ်ခုပြီးတစ်ခု ရှေ့သို့တိုးလာပြီး ဗလာနယ်တစ်ခုလုံး ပြည့်နက်သွားစေသည်။

ကောင်းကင်တစ်ခွင်လုံး အဆက်မပြတ်တောက်ပနေသော ရတနာအလင်းတန်းများဖြင့် ပြည့်နက်နေသည်။ ထိုအလင်းတန်းများက မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ကြယ်စင်အလင်းတန်းများကဲ့သို့ လွှမ်းမိုးနိုင်စွမ်း မကြီးမားသော်လည်း ကောင်းကင်တစ်ခုလုံး ပြည့်လျှံလုနီးပါး များပြားလွန်းသည်။

အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ တာအိုစကြာဝဠာသို့ ရောက်ရှိလာကြခြင်းပင် ဖြစ်လေတော့၏။

All Chapters