အခြားသူများကိုအမှောင်ဘက်ခြမ်းသို့ အတင်းအကျပ်ကျရောက်စေခြင်း
Vol. 14 Ch. 187
အခန်း (၁၈၇) အခြားသူများကိုအမှောင်ဘက်ခြမ်းသို့ အတင်းအကျပ်ကျရောက်စေခြင်း
အနက်ရောင်မြူခိုးများထဲတွင် ပျောက်ကွယ်သွားတော့မည့် သွေးစီးကြောင်းများကို ရန်ကျောက်ကဲ၏ ဓားဝိညာဉ်က ပိတ်ဆို့သော့ခတ်ထားလိုက်သည်။
ထို့ကြောင့် သွေးစီးကြောင်းများ ပျောက်ကွယ်မသွားတော့ဘဲ ရန်ကျောက်ကဲအနေဖြင့် အစီအရင်ဗဟိုချက်သို့ တန်းပြီးရောက်ရှိသွားစေရန် သွေးစီးကြောင်းများအတိုင်း လိုက်ပါသွားရန်သာ ရှိသည်။ သူ့ခေါင်းထဲတွင် စဉ်းစားထားသည့်အတိုင် ဆက်လက်လုပ်ဆောင်ရန် များစွာအားစိုက်ထုတ်စရာ မလိုတော့ပေ။
ရန်ကျောက်ကဲ စိတ်သက်သာရာရသွားဟန်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထို့နောက် ရွှယ်ဝူယာ ကျန်ရစ်ခဲ့သည့် လက်ဝှေ့လက်အိတ်ကို ကောက်ယူလိုက်၏။
သွေးနီရောင်တောက်နေသည့် လက်အိတ်များသည် ယခုတော့ အရောင်တဖြည်းဖြည်းမှိန်ဖျော့သွားပြီး မူလအတိုင်း အနက်ရောင်ပြန်ဖြစ်သွားသည်။
ရန်ကျောက်ကဲက အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့်...
“ဒီပစ္စည်းက အဆင့်မြင့်ဝိညာဉ်လက်နက်ဆိုပေမယ့် စောစောကပဲ ယာယီအဆင့်နိမ့်မှော်ဝင်လက်နက်အဖြစ် ပြောင်းလဲလိုက်နိုင်တယ် ၊ အဲဒီလို တစ်ခါပြောင်းလဲပြီးရင် ပြန်ကောင်းလာဖို့ အချိန်အကြာကြီးလိုတယ်ဆိုပေမယ့် ဒါက အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာတစ်ခုပါပဲ”
ရွှယ်ဝူယာကဲ့သို့ သိုင်းပညာရှင်အဆင့် လေလွင့်သိုင်းသမားတစ်ယောက်အတွက် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းသို့ ဝင်ရောက်ပြီးသည့်တိုင် မှော်ဝင်ပစ္စည်းတစ်ခု ကိုင်ဆောင်ခွင့်ရရှိရန် ခက်ခဲမည် ဖြစ်သည်။
“ဘယ်သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုမှ လျှော့မတွက်သင့်ဘူး ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် နည်းစနစ်များစွာကို တီထွင်နိုင်စွမ်းရှိတဲ့ အရည်အချင်းရှိသူတွေလည်း လောကမှာ အများကြီးပါပဲ”
လက်ဝှေ့လက်အိတ်ကိုကြည့်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။
“တောင်ပေါ်ပြန်ရောက်ရင် ဒီပစ္စည်းကို နည်းနည်းလောက် လေ့လာကြည့်ရမယ်”
ထို့နောက် စီးဆင်းနေသည့် သွေးစီးကြောင်းများကို ကြည့်ရင်း မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်သည်။
“ဒီကိစ္စကို အရင်ရှင်းရမယ်”
ရန်ကျောက်ကဲ သွေးစီးကြောင်းများအတိုင်း လမ်းလျှောက်သွားပြီးနောက် သူ့မျက်လုံးရှေ့တွင် လင်းလက်နေသည့် အနီရောင်အလင်းတန်းများကို တွေ့လိုက်ရသည်။ ထိုအနီရောင်အလင်းတန်းများက အနက်ရောင်မြူခိုးများကြားတွင် လင်းလက်နေခြင်း ဖြစ်၏။
သူ့ခြေဖဝါးအောက်မှ မြေပြင်မှာလည်း လှိုင်းလုံးများပေါ်လမ်းလျှောက်ရသည့်အလား နိမ့်ချည်မြင့်ချည်ဖြင့် မတည်မငြိမ် ဖြစ်နေသည်။
ခေါင်းငုံ့ကြည့်လိုက်သည့်အခါ များပြားရှုတ်ထွေးလှသော ဝိညာဉ်သင်္ကေတများ ရေကဲ့သို့ စီးဆင်းလွင့်မျောပျံ့နှံ့နေသည်ကို တွေ့မြင်ရသည်။
အစီအရင်ဗဟိုချက်နှင့် နီးကပ်လာပြီဖြစ်သောကြောင့် ဝိညာဉ်သင်္ကေတများက ရောနှောပေါင်းစပ်လျှက် ပိုမိုရှုတ်ထွေး ထူထပ်လာပြီး ကြောက်မက်ဖွယ်ရာရောင်ဝါကလည်း အဆက်မပြတ် မြင့်တက်ခုန်လှုပ်လျှက် ရှိသည်။
ထိုကြောက်မက်ဖွယ်ရာရောင်ဝါက လူတစ်ယောက်၏စိတ်ကို လှည့်စားနိုင်စွမ်းရှိပြီး ကြောက်စိတ်နှင့် ဆုံးရှုံးခြင်းများကို ခံစားရစေသည်။ ထိုရောင်ဝါက လူသားများ၏ ခန္ဓာကိုယ်အတွင်းသို့ မွေးညင်းပေါက်များမှတစ်ဆင့် စိမ့်ဝင်သွာနိုင်စွမ်းရှိပြီး ဆိုးရွားသည့်ခံစားချက်များကို အားကောင်းလာအောင် လှုံ့ဆော်ပေးနိုင်သည်။
ရန်ကျောက်ကဲက ချက်ချင်းပင် သူ့ရောင်ဝါကို ရုတ်သိမ်းလိုက်ပြီး အသံတစ်စက်မှမထွက်အောင် ထိန်းချုပ်လိုက်သည်။ ရှေ့ဆက်လျှောက်လာသည်နှင့်အမျှ သူ၏စိတ်သည်ပင် တုန်လှုပ်လာသလို ခံစားရသည်။
ကြောက်မက်ဖွယ်ရာရောင်ဝါက ရုတ်တရက် အရှိန်အဟုန်ပြင်းထန်လာပြီး မိစ္ဆာချီနယ်မြေတစ်ခုလုံးကို ကိုင်လှုပ်လိုက်ဟန် ရှိသည်။
ရန်ကျောက်ကဲမျက်လုံးများ ပြင်းထန်ထက်ရှသွားပြီး...
“ဒါ ငရဲကိုးထပ်နဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကြားက အတားအဆီး အားနည်းသထက် အားနည်းလာတယ်ဆိုတဲ့ သဘောပဲ ၊ အက်ကွဲကြောင်းက တကယ်ပဲ စုတ်ပြဲသွားတော့မယ် ထင်တယ်”
ရန်ကျောက်ကဲက လက်ရှိမိစ္ဆာနယ်မြေထဲ ရောက်ရှိနေသော်လည်း အပြင်ဘက်မှ တိုက်ပွဲကိုလည်း အာရုံခံနိုင်စွမ်း ရှိသည်။ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှ သိုင်းကျင့်ကြံသူများနှင့် ချောက်နက်ဖျက်ဆီးရေး အဖွဲ့အစည်းမှသိုင်းသမားများ ထိပ်တိုက်ရင်ဆိုင်နေကြပြီး တိုက်ပွဲက ပိုမိုပြင်းထန်လာဟန် ရှိသည်။
မကြာခင် မဟာငရဲကိုးထပ်တံခါး ပွင့်လာတော့မည် ဖြစ်သည်။
လှိုင်းနက်ဂေဟာမှ ထိပ်တန်းသိုင်းကျင့်ကြံသူများလည်း စစ်ကူရောက်ရှိလာကြလေရာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှာလူများ တောင့်ခံရန် တဖြည်းဖြည်း ခက်ခဲလာသည်။
သို့သော် မရဏလောကမှရောင်ဝါ ရုတ်ချည်း အရှိန်အဟုန် ပြင်းထန်လာသည့်အခါ အမှောင်ဘက်ခြမ်းသို့ရောက်ရှိသွားသည့် သိုင်းကျင့်ကြံသူများသည် အမြင့်ဆုံးသို့ရောက်ရှိသွားသည့် လှေငယ်တစ်စင်းအလား အရှိန်အဟုန်မြင့်မားလာကာ အဆက်မပြတ် စွမ်းအားများ မြင့်မားလာသည်။
ကြည်လင်လျှို့ဝှက်ရေကန်အောက်ခြေမှ မိစ္ဆာအစီအရင်သည် ငရဲကိုးထပ်နှင့် ချိတ်ဆက်သွားပြီး စွမ်းအားများ ပိုမိုမြင့်မားလာသည်ကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း ခံစားရသည်။
မိစ္ဆာအစီအရင်က ဗလာနယ်ကို ပုံပျက်သွားသည်အထိ လှည့်ပတ်နေကာ မဟာငရဲကိုးထပ်တံခါးကို ဖွင့်လှစ်နေသည်။ ထိုအရာက ခံစစ်မှတိုက်စစ်သို့ စတင်ပြောင်းလဲလာပြီး ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ ကျင့်ကြံသူများကိုရင်ဆိုင်ရန် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများကို ကူညီပေးနေသည်။
အနက်ရောင်မြူခိုးများလွှမ်းခြုံထားသည့် ကောင်းကင်ပြင်ကို မော့ကြည့်ရင်း ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“အကြီးအကဲတွေရဲ့ အရံအစီအစဉ်လည်း မအောင်မြင်တော့ဘူးထင်တယ် ၊ အခုက ထိပ်တိုက်ရင်ဆိုင်ရမယ့်အချိန်ရောက်နေပြီဆိုတော့... လှိုင်းနက်ဂေဟာက အကြီးအကဲတွေလည်း တုံ့ပြန်တာ မနှေးလောက်ပါဘူး”
လက်ရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုတွင် ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းတို့တွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများရှိသော်လည်း သိုင်းသူတော်စင်များ မရှိကြပေ။ အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီး (၄)ဂိုဏ်းတွင်တော့ သိုင်းသူတော်စင်များ ရှိကြသည်။
လှိုင်းနက်ဂေဟာ၏ နံပါတ် (၁) သိုင်းကျင့်ကြံသူလည်းဖြစ် ၊ လက်ရှိ လှိုင်းနက်ဂေဟာ၏ အရှင်သခင်လည်းဖြစ်သော အန်းချင်းလင်မှာ သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည်။ သူမကို လွင့်မျောတိမ်လွှာသိုင်းသူတော်စင် ၊ “လှိုင်းနက်လွင့်မျောတိမ်လွှာ” အန်းချင်လင်ဟု လူသိများပြီး တစ်ဦးတည်းသောအမျိုးသမီးသိုင်းသူတော်စင်တစ်ယောက်ဖြစ်ကာ လက်ရှိခေတ်တွင် အတော်ဆုံးအမျိုးသမီးတစ်ယောက် ဖြစ်သည်။
လှိုင်းနက်ဂေဟာက ကြားနေဝါဒကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ပြင်ပကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ရေကန်နယ်မြေကိုသာ အခြားသူများ မကျူးကျော်စေရန် သံတံတိုင်းတစ်ခုအလား စောင့်ရှောက်ထားသည်။
ရေကန်နယ်မြေတွင် ယခုထွက်ပေါ်လာသည့် စွမ်းအားက သဏ္ဌန်မဲ့ ၊ အရိပ်မဲ့ဖြစ်ပြီး လူသားများ၏စိတ်အတွင်းသို့ စိမ့်ဝင်ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။
ဤပြဿနာက ကြီးမားလေရာ အန်းချင်လင်က ဘာမှမလုပ်ဘဲ ထိုင်နေမည်တော့ မဟုတ်ပေ။
သိုင်းသူတော်စင်တစ်ယောက်၏ အရှိန်အဟုန်ဖြင့်ဆိုလျှင် ကီလိုမီတာ (၅၀၀၀) ကို တစ်ခဏအတွင်း ရောက်လာနိုင်သည်ဖြစ်ရာ လှိုင်းနက်ဂေဟာမှ ကြည်လင်လျှို့ဝှက်ရေကန်သို့ ရောက်လာရန် အချိန်များစွာလိုအပ်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ စိုးရိမ်သည်မှာ ရန်သူက သူတို့၏အစီအစဉ်များကို ကြိုတင်သိရှိနေပြီး နောက်ကွယ်မှ လက်ဝါးခြင်းရိုက်ကာ တန်ပြန်အစီအစဉ်များပြုလုပ်ထားမည်ကိုပင် ဖြစ်သည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းတွင် သိုင်းသူတော်စင်တစ်ယောက် ရှိ မရှိ မသိရပေ။ သို့မဟုတ် မိစ္ဆာချီနယ်မြေ၏စွမ်းအားဖြင့် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သည့် သိုင်းကျင့်ကြံသူ ရှိ မရှိကိုလည်း မသိရှိနိုင်ပေ။
သို့သော် ရန်သူက မီးတောက်မိစ္ဆာများနှင့်ပူးပေါင်းပြီး အရှေ့ပင်လယ်တွင် မငြိမ်မသက်ဖြစ်အောင် ပြုလုပ်ရန် ကြိုတင်ကြံစည်ပြီး ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်မည်ဆိုပါက အန်းချင်လင်ကိုအသာထား ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှ ကျောက်စိမ်းပင်လယ်သိုင်းသူတော်စင်စုန့်ဝူလျန်သည် ပင်လယ်ပြင်ကို အနီးကပ်စောင့်ရှောက်ရမည်ဖြစ်သောကြောင့် ဤနေရာသို့ လာရောက်နိုင်တော့မည် မဟုတ်ပေ။
“ဒါကြောင့် သူလျှိုတွေရှိနေတာက တကယ်ခေါင်းကိုက်စေတာ”
ရန်ကျောက်ကဲ သူ့ဝမ်းဗိုက်ကို လက်ဖြင့်တစ်ချက် ပွတ်သပ်လိုက်ရင်း သက်ပြင်းချကာ ရှေ့ဆက်လျှောက်သွားသည်။
အနက်ရောင်မြူခိုးများကိုဖြတ်ကျော်ကာ သွေးစီးကြောင်းများအတိုင်းလိုက်လာရင်း တောက်ပသည့်အလင်းရောင်တစ်ခုကို ယောင်ဝါးဝါး တွေ့မြင်လိုက်ရသည်။
သူရှေ့သို့ထပ်တိုးလိုက်သည်နှင့် တောက်ပသည့်အလင်းရောင်က မျက်လုံးထဲတွင် ပိုမိုစူးရှလာသည်။ ထိုအလင်းရောင်က သွေးကဲ့သို့ နီရဲနေပြီး ကြောက်မက်ဖွယ်ရာ အော်ညည်းသံကြီးတစ်သံ ထွက်ပေါ်နေသည်ကို ကြားရသည်။
ရန်ကျောက်ကဲ အနက်ရောင်မြူခိုးများကို ဖြတ်ကျော်လာရင်း သူ့ရှေ့မှ မြင်ကွင်း ရုတ်ချည်းပြောင်းလဲသွားသည်ကို တွေ့မြင်ရသည်။
မည်သည့်အရာမှ မရှိဘဲ အနီရောင်အလင်းတန်းများ ဖုံးလွှမ်းထားသည့် ကျယ်ပြန့်သောနေရာတစ်ခု ဖြစ်သည်။ ထိုနေရာအလယ်တည့်တည့်တွင် ရှည်လျားသည့် မျှော်စင်ကြီးတစ်ခု တည်ရှိနေသည်။
မြင့်မားသည့်မျှောင်စင်ကြီးက ရွှေရောင်အဆင်းရှိပြီး မျှော်စင်ထိပ်တွင် အနီရောင်အလင်းတန်းများ တောက်ပနေသည်။ အရပ်မျက်နှာအသီးသီးမှ စီးဆင်းလာသည့် အနက်ရောင်ဝိညာဉ်သင်္ကေတများက ထိုမျှော်စင်ကြီးထံလာရောက်ပေါင်းစုံကြပြီး အလင်းရောင်များ တောက်ပနေကြသည်။
အနက်ရောင်ဝိညာဉ်သင်္ကေတများသည် အနက်ရောင်ကြိုးများအလား မြင့်မားသောမျှော်စင်တစ်ခုလုံးကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားကြသည်။
သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုမျှော်စင်ကြီးသည် မြေပြင်ထက်မှ အထက်သို့ ဖြည်းဖြည်းချင်း မြင့်တက်နေသည်ကို တွေ့ရမည် ဖြစ်သည်။
မျှော်စင်အောက်ခြေမှ မြေပြင်သည် အသက်ဝင်နေဟန် အဆက်မပြတ် စီးဆင်းနေပြီး မျှော်စင်ပတ်ပတ်လည်တွင် ရွှံ့များစုပုံနေသည့်အလား ထင်မှတ်ရသည်။ ထိုရွှံ့များက မျှော်စင်အောက်ခြေကို အင်္ဂတေမံနေသည့်အလား ပြုလုပ်ပေးနေပြီး မျှော်စင်ကို အဆက်မပြတ် မြင့်တက်နေစေခြင်း ဖြစ်သည်။
ရွှေရောင်မျှော်စင်ကြီး၏ ထိပ်ဆုံးတွင် တံခါးတစ်ချပ်ရှီနေပြီး ထိုတံခါးမှ အနီရောင်အလင်းတန်းများ လင်းလက်နေသည်။
ထိုအနီရောင်အလင်းတန်းများက မျှော်စင်အောက်ခြေ မြေပြင်ထိတိုင်လင်းလက်နေပြီး အနီရောင်အလင်းတံခါးတစ်ခု အရိပ်ထိုးသကဲ့သို့ ဖြစ်ပေါ်နေစေသည်။
ရန်ကျောက်ကဲ သတိပြုမိသည်မှာ မျှော်စင်ထိပ်မှ အနီရောင်အလင်းတံခါးသည် လေထုအလယ်တွင် အဆက်မပြတ် တုန်ခါနေပြီး အချိန်မရွေး ပွင့်ထွက်တော့မည့်အလား ထင်မှတ်ရသည်။
မြေပြင်တွင် အရိပ်ပမာထင်ဟပ်နေသည့် အနီရောင်အလင်းတံခါးကြီးကတော့ စိတ်လှုပ်ရှားနေသည့်အလား တုန်လှုပ်လျှက် ရှိသည်။
ထိုတံခါး (၂)ခုကြားမှ လေထုက အဆက်မပြတ် ပုံပျက်နေသည်။
မြေပြင်သည်လည်း ပြင်းပြင်းထန်ထန် ပုံပျက်လျှက်ရှိပြီး မြေကြီးကွဲအက်ကာ ချောက်နက်ကြီးတစ်ခု ဖြစ်တည်လာတော့မည့်အလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲမျက်နှာ ချက်ချင်း တည်ကြည်လေးနက်သွားသည်။ မြင့်မားသည့်မျှော်စင်ထက်ရှိ အနီရောင်အလင်းတံခါးသည် အစီအရင်ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ဖြစ်သည်။ ထိုတံခါးမှ မြေပြင်ထက်သို့ အရိပ်ထိုးကျနေသည့် အနီရောင်အလင်းတံခါးကတော့ အစစ်အမှန် မဟာငရဲကိုးထပ်တံခါးဖြစ်ပြီး ပွင့်ဟလာရန် နီးကပ်နေပေပြီ။
အကယ်၍ ထိုအက်ကွဲကြောင်းပွင့်ဟလာပါက အောက်ဘက်တွင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မြေပြင်အောက် ၊ ကြည်လင်လျှို့ဝှက်ရေကန်အောက်ခြေရှိ ကျောက်သားနှင့် ရွှံလွှာများ ရှိနေပေလိမ့်မည်။
သို့မဟုတ်...
ဒဏ္ဍာရီထဲမှ ငရဲကိုးထပ်ထွက်ပေါ်လာလေမည်လား။
တံခါးကိုကြည့်လိုက်သည်နှင့် ပွင့်လုနီးပါး ဖြစ်နေသည်မှာ သိသာလှသည်။
အရိပ်ထင်နေသည့် အနီရောင်အလင်းတံခါးနံဘေး ၊ ပုံပျက်နေသည့် မြေပြင်ထက်တွင် လူအချို့ရှိနေကြောင်း တွေ့လိုက်ရသည့်အခါ ရန်ကျောက်ကဲမျက်ဝန်းများ တုန်ခါသွားသည်။
ထိုသူများထဲမှတစ်ယောက်မှာ ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့သည့် လျိုရှန်းဖုန်းပင် ဖြစ်သည်။
သူ့မျက်လုံးများမှ အနီရောင်အလင်းတန်းများထွက်ပေါ်နေပြီး မျက်ဆံများက အဝါရောင်တောက်ပလျှက်ရှိသည်။ အမှောင်ထု၏ဝါးမျိုခြင်းကိုခံရပြီး အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားသည်မှာ ထင်ရှား၏။
လျိုရှန်းဖုန်းနံဘေးတွင် နောက်ထပ် သိုင်းသမား (၂)ယောက်ရှိနေပြီး သူတို့မျက်နှာထက် ရူးသွပ်သည်အပြုံးများက နေရာယူထားကြသည်။ သူတို့သည်လည်း နတ်ဆိုးလက်သို့ကျရောက်သွားသည့် ကျင့်ကြံသူများပင် ဖြစ်သည်။
သူတို့ (၃)ယောက်ရှေ့ရှိ မြေပြင်ထက်တွင် လူ (၅)ယောက် လဲကျနေပြီး လှုပ်ရှားနိုင်ခြင်း မရှိကြပေ။
ထိုသူများကို လှမ်းကြည့်လိုက်သည့်အခါ သူနှင့် သိရှိသူများဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်ရသည်။
သူတို့မှာ...
ရဲ့ကျုန်းကျိုး ၊ ရွမ်ပင်း ၊ လီကျင်းဝမ် ၊ ရှောင်ယွိနှင့် ကျန်းယောင်တို့ ဖြစ်ကြလေ၏။