ခြေလှမ်းတိုင်းတွင် ကြာပန်းများ
Vol. 010 Ch. 981
မဟာဗောဓိ လက်ဝါး ကျဆင်းလာလျှင် နေမင်းရောင်ခြည်များ ဖူးပွင့်လာခဲ့ပြီး အလင်းနတ်ဘုရား၏ အလင်းတန်းများကိုပင် ဖုံးအုပ် သွားခဲ့သည်။ လေထုမှာ ပတ်ပတ်လည်သို့ လှိုင်းထသွားခဲ့ပြီး လက်ဝါးမှာ ယင်ဓာတ်များ အပြည့်ဖြင့် ကောင်းကင်နှင့် မြေပြင်အား ရိုက်နှက်ရန် ကျဆင်းလာခဲ့သည်။
ကျိရာ၏ အမူအရာမှာ အလွန်လေးနက် တည်ကြည်နေသည်။ ဗာဂျာရာဒေသမှ တန်ခိုးရှင်များသည် တိုက်ခိုက်ရေးပိုင်း၌ ထူးချွန်ကြောင်း သူကြားသိ ထားသည်။ ယခု ၁၀၈ပါးသော ဘုန်းတော်ကြီးများသည် ဝင်္ကပါတစ်ခု အသွင်သို့ ပြောင်းလဲခဲ့ကာ အားလုံး၏ လှုပ်ရှားမှုတိုင်းက တစ်ကိုယ်တည်း အသွင်သို့ ပေါင်းစပ်စေသည်။ ဤသည်ကပင် အချိန်ကာလ ကြာမြင့်စွာ လေ့ကျင့်လာခဲ့သော ရလဒ်ဖြစ်ရာ သာမန် တိုက်ခိုက်ရေး ဝင်္ကပါများ နှိုင်းယှဉ်စွမ်း မရှိပေ။
သူ၏လက်မှ ဝှေ့ယမ်းလိုက်သော ဓားပညာကြောင့် အလင်းများ ခွဲဖြာ လာခဲ့သည်။ တော်ဝင် အလင်းဓားက ခုတ်ပိုင်းလျှင် လေဟာနယ်က ခွင်းလျက် အလင်းတန်းသည် ကောင်းကင်သို့ ထိုးတက် သွားတဲ့အလား ထင်မှတ်ရ၏။
အလွန် ကြီးမား လေးလံသော စွမ်းအား ဆင်းသက် လာခဲ့လျှင် တော်ဝင် အလင်းဓားချက်နှင့် မဟာဗောဓိ လက်ဝါးတို့အား ရင်ဆိုင်တွေ့စေကာ ကြောက်မက်ဖွယ်ရာ အလင်း ပေါက်ကွဲမှု တစ်ခု ဖြစ်လာ၏။ မဟာဗောဓိ လက်ဝါး၏ အပေါ်မှ အဆုံးအစမဲ့သော ရွှေရောင် ကျက်သရေတော်များ ဆက်လက်၍ ဖိအားပေး ဆင်းသက် လာနေသည်။ လက်ဝါးကို ခုခံသော တော်ဝင် အလင်းဓားမှာ အက်ကွဲကြောင်း များပင် ဖြစ်လာခဲ့သော်လည်း ပျက်စီးသွားခြင်း မရှိဘဲ မူလပိုင်ရှင်ထံသို့ ပြန်လည် ပျံသန်း ရောက်ရှိ သွားသည်။
“ကျဆင်းစေ...” ဘုန်းကြီးထန်ရှင်းက ပြောကာ လက်ကိုတစ်ဖန် ဆန့်တန်းလိုက်လျှင် ကောင်းကင်မှ ဗုဒ္ဓ၏ မဟာဗောဓိ လက်ဝါးက တစ်ဖန် ကျဆင်း လာခဲ့ပြန်သည်။ ပတ်ဝန်းကျင်မှ လှိုင်းများ တစ်ဖန် ထန်လာခဲ့ပြီး မဟာဗောဓိလက်ဝါးက အရှိန်အဟုန် ပြင်းစွာဖြင့် တော်ဝင်အလင်း ဝင်္ကပါထံသို့ ရောက်လာ၏။ နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ကြားရကာ အလင်းဝင်္ကပါသည် ပေါက်ကွဲ၏။ ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များ သည်လည်း ပြင်းထန်စွာ တုန်ခါလျက် သွေးများ အန်ကျသည်။
ဦးဆောင်သူ ကျိရာသည် ဗာဂျာရာဒေသမှ ဘုန်းကြီးများအား အေးစက်စွာ ကြည့်လျက် နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။
“အငြိုးအတေးနဲ့ ဝမ်းနည်းမှု ဆိုတာ နှစ်ခုလုံး မကောင်းဘူး။ မင်းကို နိဗ္ဗာန်သို့ ပို့ပြီးတော့ လောကကို သန့်ရှင်း စင်ကြယ်စေမယ်” ဘုန်းကြီး ထန်ရှင်းက တည်ငြိမ်စွာ ပြောလျှင် ဗုဒ္ဓ အလင်းများသည် ပိုမိုထည်ဝါစွာ တောက်ပ လာခဲ့၏။ သို့သော် ကျိရာ၏ မျက်လုံးများက ပိုမိုသော အမုန်းတရားများဖြင့် ပြည့်နှက် လာခဲ့သည်။ သူကား ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်နှစ်တွင် ရှိကာ ဘုန်းကြီး ထန်ရှင်းထက် တစ်ဆင့်မြင့်သည်။ အကယ်၍ တစ်ဦးချင်း ယှဉ်တိုက်ပါက သူက ဘုန်းကြီး ထန်ရှင်းထက် အားမနည်းဟု ယုံကြည်၏။ သို့သော် ဗုဒ္ဓဝင်္ကပါသည် အလွန်အမင်း အားကောင်းသည်။ သူ့အနေဖြင့် အနိုင်ယူရန် မလွယ်ကူပေ။
“ခေါင်းတုံးကောင်… မင်းက အဓိပ္ပာယ်မရှိတာ ပြောနေတာပဲ။ ဗုဒ္ဓက မင်းရဲ့ မကောင်းမှုတွေကို သိပြီးသားပဲ။ အခု ငရဲကိုသွားတော့” ကျိရာက အေးစက်စွာ ပြောသည်။ သူက လက်ဆန့်လျှင် ဓားတစ်လက် ပေါ်လာသည်။ ဓားက ကြောက်မက်ဖွယ် ကောင်းအောင် ထက်ရှသည်။ ပိုကြောက်စရာ ကောင်းသည်ကား ဓားထွက်လာလျှင် ကျိရာ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုသည်။
“ရှန့်ထိုကျိက ရီဖူရှင်းကို သတ်ဖို့ ဆုံးဖြတ်ထားပုံ ရတယ်” တော်ဝင်ရှီ နန်းဆောင် အပေါ်၌ စစ်တုရင် ကစားနေသော ရှန့်ထိုလီက တီးတိုးပြောသည်။
“မှန်တယ်... သူက အလင်း ရတနာဓားကို ကျိရာ အသုံးပြုဖို့ ပေးထားတယ်” ရှန့်ထိုရှားက ခေါင်းညိတ်သည်။ ရှေးနန်းတော်ရာ၌ ရီဖူရှင်းသာ မသေခဲ့ဆိုပါက အနာဂတ်တွင် သေမည့်သူမှာ ရှန့်ထိုကျိ ဖြစ်ပေမည်။ ရီဖူရှင်း၏ ပါရမီမှာ ရှန့်ထို အဆင့်မျှဖြင့် ရပ်တန့်မည့်ဟန် မရှိပေ။
ရှန့်ထိုကျိသည် ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ်ငါးချိတ်ကာ သူ ကိုင်ဆောင်သော အလင်းရတနာ ဓားမှာလည်း ပြည်နယ်ကိုးခု ရတနာ လက်နက် အဆင့်၌ နံပါတ်ရှစ် နေရာတွင် ရှိသည်။
ကျိရာ တစ်ယောက်တည်း၏ စွမ်းရည်မှာပင် ထိန်းချုပ်ရ ခက်ခဲရာ ယခု အလင်း ရတနာဓားဖြင့် ပေါင်းစပ်လျှင် သူ့အား တားဆီးနိုင်ရန် အလွန် ခက်သွား ပေလိမ့်မည်။
ရီဖူရှင်း၏ လက်ထဲ၌ အချိန်နှင့် လေဟာနယ်လှံကို ကိုင်ဆောင်ထားရာ သူ့အား တန်ပြန် တိုက်ခိုက်ရန် သူ၏ အလင်း ရတနာဓားအား ရှန့်ထိုကျိက ကျိရာအား ပေးအပ်ခဲ့ပုံ ရသည်။
သို့သော်လည်း သူကား ၁၀၈ပါးသော ဗာဂျာရာဒေသ ဘုန်းတော်ကြီးများဖြင့် ရင်ဆိုင်ရရာတွင် မတက်သာပဲ ဓားကို မြန်ဆန်စွာ ထုတ်ခဲ့ရသည်။
ထိုအချိန်တွင် ကျိရာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလျက် သူ့ထံမှ အဆုံးအစမဲ့သော အလင်းများသည် အလင်းရတနာ ဓားထံသို့ ရူးသွပ်စွာ စီးဆင်းကြသည်။ သူတစ်ယောက်တည်း မဟုတ်ဘဲ တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင် အများအပြား သည်လည်း ကျိရာ၏ နောက်၌ နေရာယူကာ သူတို့၏ စွမ်းအားများကို အလင်းရတနာ ဓားထံသို့ ပို့လွှတ်ကြသည်။
လေထဲတွင် အလင်းရတနာ ဓားသည် ပြင်းထန်စွာ တုန်ခါလျက် အဆုံးအစမဲ့သော အလင်းများကို ဖြန့်ကြက်လာခဲ့ကာ လောက၏ မဟာလမ်းစဉ် စွမ်းအားများ အားလုံးကို ဖြိုဖျက်လိုသောဟန် ရှိနေသည်။
ထိုမြင်ကွင်းအား ကြည့်ကာ ဘုန်းကြီး ထန်ရှင်းသည် မူလကလို သက်သောင့် သက်သာ မရှိတော့ပေ။ တစ်ဖန် သူ၏ လက်ဖဝါးများအား အုပ်မိုးကာ တရားစာ အချို့အား ရွတ်ဖတ်လျှင် အဆုံးအစမဲ့သော သင်္ကေတများ သူ့အား ရစ်ပတ် လာခဲ့သည်။ ၁၀၈ပါးသော ဘုန်းတော်ကြီးများသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် အချင်းချင်း ဆက်သွယ် ထားကြပြီး မဟာလမ်းစဉ် စွမ်းအင်များ နှီးနှော ဖလှယ်သွားလျှင် ၁၀၈ပါးဗုဒ္ဓဝင်္ကပါ ဖြစ်လာသည်။ ထိုဗုဒ္ဓများ တစ်ချိန်တည်း လက်ဆန့်တန်းလျက် သူတို့၏ လက်ဝါးများသည် ကောင်းကင်နှင့် နေမင်းကို ဖုံးအုပ် သွားသည်။
သို့သော်လည်း ကျိရာက ထိုအရာကို မမြင်သည့်အလား လျစ်လျူရှု ထားသည်။
အလင်း ရတနာဓားတွင် သူ၏ အားသာချက်နှင့် အားနည်းချက်များ ရှိသည်။ အားနည်းချက်ကား စွမ်းအင် ကုန်ဆုံးမှု များကာ သုံးစွဲသူအား ကြီးမားစွာ ထိခိုက်စေသည်။ ထို အကြောင်းပြချက် တစ်ခုတည်းနှင့်ပင် ဓားမှ ထုတ်လွှတ်သော စွမ်းအင်သည် မယုံကြည်နိုင်ဖွယ် ကောင်းအောင် ပြင်းထန် ပေသည်။
ထို့အပြင် သူနှင့်အတူ တော်ဝင် အလင်း နန်းတော်မှ များစွာသော တန်ခိုးရှင်များ သည်လည်း ပူးပေါင်း တိုက်ခိုက်ကြသည်။
ကျိရာ၏ မျက်နှာပေါ်မှ ကြွက်သားများပင် ကျုံ့သွားခံရပြီး သူ၏ မျက်လုံးများမှာ ပိုမို စူးရှလာခဲ့သည်။ သူနှင့် အလင်း ရတနာဓားကို ဗဟိုပြုလျက် ကြောက်မက်ဖွယ် လေစီးကြောင်းများ ဖြစ်ပေါ် လာခဲ့သည်။
မရေမတွက်နိုင်သော လက်ဝါး တံဆိပ်တော်များ ကျိရာထံသို့ ဆင်းသက် လာခဲ့သော်လည်း အလင်း ရတနာဓားမှ စွမ်းအားများသည် ထိုလက်ဝါးများအား အစိတ်စိတ် အမြွှာမြွှာ ကွဲစေသည်။
ထိုအခိုက်တွင် ဖြန့်ကြက် ထားခဲ့သော အလင်းများသည် အလွန် သိပ်သည်းသော အနေအထား တစ်ခုထိ စုစည်းလာခဲ့ရာ လေဟာနယ်၌ အလင်း ဗဟိုချက်မတစ်ခု ဖြစ်လာသည်။
“သွား…” ကျိရာက ပစ်မှတ်သို့ လက်ညှိုး ညွှန်လိုက်လျှင် အလင်းအားများကို စုစည်းထားသော အလင်း ရတနာဓားသည် လေဟာနယ်ကို ခွင်းလျက် ၁၀၈ပါးသော ဘုန်းတော်ကြီးများထံသို့ ဦးတည် သွားခဲ့သည်။ ကျိရာ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ အကယ်၍ ဗာဂျာရာဒေသမှ ဘုန်းတော်ကြီးများသည် သေခြင်းတရားကို မြည်းစမ်းလိုပါက သူကလည်း လိုက်လျော ရပေမည်။
အလင်း ရတနာဓားအား ထုတ်လွှတ်လျှင် သေဆုံးရမည့်သူမှာ ရီဖူရှင်း ဖြစ်သော်လည်း ကြည့်ရသည်မှာ ဤဘုန်းကြီးများက ဦးစွာ သေလိုဟန် ရသည်။
ဓားစွမ်းအင်များ စုစည်းနေရာမှ အဟုန်နှင့်အမျှ ဖြန့်ကြက်ကာ ဘုန်းတော်ကြီးများ ထံသို့ ပျံသန်းလာသည်။ ဘုန်းတော်ကြီးများ၏ တရားသံများမှာ ကောင်းကင်နှင့် မြေပြင်ကို စည်းချက် ညီစေလျက် ပတ်ဝန်းကျင် တစ်ခုလုံးအား သန့်ရှင်းစေသည်။ ဘုန်းကြီးထန်ရှင်းကို ဗဟိုပြုလျက် ဗုဒ္ဓ အရောင်အဝါများ ကွဲထွက်လာခဲ့သလို သူ၏လည်ပင်းတွင် ဆွဲထားသော စိပ်ပုတီးသည် မရေမတွက်နိုင်သော ပုတီးစေ့များ အဖြစ် ပြောင်းလဲလျက် သူ့အား လှည့်ပတ်သည်။ ပုတီးစေ့များမှာ စုစုပေါင်း ၁၀၈စေ့ရှိ၏။ ပုတီးစေ့ တစ်ခုစီ၌ ရှေးဗုဒ္ဓ၏ အမှတ် သင်္ကေတများ ရေးထွင်း ထားသည်။
၁၀၈စေ့သော ပုတီးလုံးများသည် ဗုဒ္ဓအား ခြံရံလျက် ပျံသန်း လှည့်ပတ် နေကြလျှင် သန့်ရှင်း စင်ကြယ်သော အလင်းများ ထည်ဝါစွာ ဖြာထွက် လာခဲ့သည်။ သို့သော်လည်း ကျိရာကား ဗုဒ္ဓကို ရိုသေလေးစားခြင်း မရှိဘဲ ဓားဖြင့် ဖြတ်တောက်ရန် ကြိုးစားသည်။
မဟာလမ်းစဉ်မှာ ပြိုလဲတော့မည်ကဲ့သို့ ဖြစ်လာသည်။ ရှေးဗုဒ္ဓ၏ ဦးခေါင်းတော်မှာ အက်ကွဲကြောင်းများပင် ဖြစ်လာခဲ့သည်။ သို့သော် ၁၀၈စေ့သော ပုတီးလုံးများမှ ထုတ်လွှတ်သော အလင်းများသည် ဗုဒ္ဓအား ခြံရံထားလျှင် ထိခိုက် ပျက်စီးမှုများအား သန့်ရှင်း စင်ကြယ်စေသည်။ သူ့အား လှည့်ပတ်နေသော ပုတီးလုံးသည် ပိုမိုပြင်းထန်စွာ လည်ပတ်လျက် အပေါ်သို့ ပျံတက်ကာ အလင်းဓားချက် များအား ကာကွယ်သည်။
“ဖြတ်...” ကျိရာက ပိုမိုပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နေသော မျက်လုံးများဖြင့် ဓား၏ ဦးတည်ရာအား ဗုဒ္ဓ၏ ဦးခေါင်းတော်သို့ ပို့ဆောင်သည်။
ဗုဒ္ဓ၏ ပုတီးလုံးများမှ ရှေးသင်္ကေတများ ပျံသန်း ထွက်ပေါ် လာခဲ့ကြကာ ရုတ်တရက်အားဖြင့် ဗုဒ္ဓအလင်းများမှာ ပိုမိုအားကောင်း လာခဲ့သည်။ တော်ဝင် အလင်းဓားက ဗုဒ္ဓ၏ ပုတီးစေ့များဖြင့် ရင်ဆိုင်မိလျှင် ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးမှာ ဗုဒ္ဓအလင်းများဖြင့် ထွန်းလင်းခဲ့သည်။ ထိုအခိုက်တွင် ၁၀၈ပါးသော ဘုန်းတော်ကြီးများသည် မြေကမ္ဘာ ဖန်ဆင်းခြင်း ဗုဒ္ဓ မန္တန်တော်အား ရွတ်ဖတ်ကြသည်။ ၁၀၈ပါးသော ဘုန်းတော်ကြီးများ၏ စွမ်းအားများ သည်လည်း တစ်ခုတည်း အဖြစ် ပေါင်းစပ် သွားသည်။
ဒုတိယမြောက် ပြင်းထန်သော ရင်ဆိုင် ထိတွေ့မှုများ ဖြစ်လာလျှင် အလင်း ပေါက်ကွဲမှုများသည် နေရာအနှံ့သို့ စွမ်းအင် အပိုင်းအစများ ဖြစ်ပေါ်စေသည်။ ကျိရာက နောက်သို့ တစ်လှမ်းဆုတ်လျှင် အလင်းရတနာ ဓားသည်လည်း သူ့ထံသို့ ပြန်ရောက် လာခဲ့သည်။
“ဗာဂျာရာ ဒေသသခင်က ဒီဘုန်းတော်ကြီးတွေကို ပြင်ပလောကသို့ မစေလွှတ်တာ မထူးဆန်းတော့ဘူး။ ဗာဂျာရာဒေသ ဘုန်းတော်ကြီးတွေက သူတို့ရဲ့ တိုက်ရည် ခိုက်ရည်ကြောင့် နာမည် ကျော်ကြားတယ်။ ဘုန်းကြီး ထန်ရှင်းက ပြည်နယ်ကိုးခု ရှီအဆင့်မှာ နံပါတ်နှစ် ဖြစ်တယ်။ တစ်ယောက်ချင်း တိုက်ပွဲမှာ သူ့စွမ်းရည်က ကျိရာထက် နည်းမယ် မထင်ဘူး။ အခု ကျိရာက အလင်း ရတနာဓားကို အားပြုတယ် ဆိုရင်တောင် ဗာဂျာရာဒေသက ဘုန်းတော်ကြီးတွေကို အနိုင်ရဖို့ မလွယ်ဘူး” ရှန့်ထိုလီက စစ်တုရင် ကစားရင်း ပြောသည်။ သူတို့သည် ပုံမှန်အားဖြင့် စစ်တုရင် ကစားနေကြ သော်လည်း စစ်မြေပြင်မှ ဖြစ်ရပ်များ အားလုံးကို ရှင်းရှင်း လင်းလင်း သိကြသည်။
“ယွီကလန်က ဘေးပတ်ပတ်လည်က နေပြီးတော့ ထိုးစစ် ဆင်တယ်။ ရှီဟွာတောင်က ဦးဆုံး သူတို့ကို တားဆီးပြီးတော့ ကောင်းကောင်း ခုခံနိုင်ကြတယ်။ ဒီလျူကျောင်းက တကယ်ပဲ ရှန့်ထိုသုံးပါးရဲ့ တပည့်ပဲ။ ရှီဟွာတောင် ရှန့်ထိုက သူ့ကို တော်တော် အလေးပေးပြီးတော့ ဝင်္ကပါကို ဦးဆောင် စေတယ်။ သူက တကယ်ပဲ ထက်မြက်တယ်။ ကံမကောင်းတာက သူ့မျိုးဆက်မှာ ရီဖူရှင်းနဲ့ ယူချင်းတို့ ရှိနေတာပဲ”
“လျူကျောင်းရဲ့ ရည်မှန်းချက်က မနိမ့်ဘူး။ မဟုတ်ရင် သူက ကျောက်စီရီကို လက်ထပ်မှာ မဟုတ်ဘူး။ လျူကျောင်းက အချိန် မှားပြီးတော့ မွေးဖွား လာတာပဲ။ ရှီဟွာတောင်က ရီဖူရှင်းကို သေစေချင်နေတာ မထူးဆန်းဘူး” ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့က အပြန်အလှန် ပြောဆို နေကြသည်။
“ဒီခေတ်က တကယ်ကို အချိန်ကောင်းပဲ။ ရီဖူရှင်းနဲ့ ယူချင်းအပြင် နန်းတော်က တခြား တပည့်တွေကိုလည်း ကြည့်လိုက်ဦး။ ဂူတုံးလျိုကလည်း ကျူးထန် နန်းတော် ကိုးလွှာသို့ တက်ရောက် နိုင်သူပဲ” ရှန့်ထိုရှားက ကစားပွဲကို ဆက်လျက် ပြောသည်။ ထိုအချိန်တွင် စစ်မြေပြင်၌ ကျူးကော့ မိသားစုမှ တန်ခိုးရှင်များနှင့်အတူ ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့ အတူတူ တိုက်ခိုက်ကာ ရှေ့သို့ ချီတက် နေကြသည်။ ကွန်းရှီအဆင့်သို့ တက်ရောက်ခဲ့ပြီ ဖြစ်သော ဂူတုံးလျိုသည် တော်ဝင် ရတနာအား အသုံးပြုလျှင် သူ၏စွမ်းရည်မှာ ကျူးကော့ချန်းဖန်ထက် မနိမ့်ပေ။
“သူတို့တွေက ဘယ်ကလဲ...” ရှန့်ထိုလီက မေးသည်။
“အရှေ့မြေရိုင်း ဒေသက ကော့တေးဆိုတဲ့ နေရာကပဲ။ ရီဖူရှင်းဘေးမှာ မိစ္ဆာဓားကို ကိုင်ထားတဲ့ တစ်ယောက်၊ လူအုပ်ထဲမှာ အင်ပါယာ သစ်ပင်ကို ဆင့်ခေါ်ထားတဲ့ ဖက်တီးနဲ့ စာအုပ်ဝိညာဉ် အသုံးပြုနေတဲ့ ကောင်လေးတို့ ကလည်း အဲဒီကပဲ” ရှန့်ထိုရှားကား ရီဖူရှင်း၏ အတိတ်ကို လေ့လာ စုံစမ်းထားဟန် ရသည်။
လူအုပ်ထဲတွင် ယိရှောင်ရှီက ဝင်္ကပါတစ်ခုကို ဦးဆောင်ကာ တိုက်ခိုက် နေသည်။ သူ၏ ကိုယ်ပိုင် တန်ခိုးအဆင့်မှာ သိပ်မြင့်မားခြင်း မရှိသော်လည်း အဆင့်မြင့် ကွန်းရှီများက သူတို့၏ စိတ်စွမ်းအားများကို သူ့အား အထောက်အပံ့ပြုလျှင် ယိရှောင်ရှီသည် နတ်ဘုရား ဖန်ဆင်းခြင်း စွမ်းအားဖြင့် သစ်မင်းဓာတ်ကို ပိုင်ဆိုင်သော ရှေးနတ်ဘုရားအား ဆင့်ခေါ် နိုင်သည်။
ရွှီယီနှင့် လျိုဖန်းတို့ သည်လည်း ယူစီတို့ အာခီမီမြို့မှ တန်ခိုးရှင်များနှင့်အတူ တိုက်ခိုက် နေကြသည်။ ရွှီယီ၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်သော စာရွက်များသည် ပြင်းထန်သော မှော်စွမ်းအား မျိုးစုံကို ထုတ်လွှတ် နေကြသည်။
တခြား အရပ်တစ်ခု၌ ဓားနန်းတော်မှ တန်ခိုးရှင်များအား ဓားမိစ္ဆာက ဦးဆောင်ခြင်း မရှိသော်လည်း ရီဝူချင်း၊ စုချွဲနှင့် တခြားလူများက ကောင်းကောင်း ထိန်းချုပ် နိုင်ကြသည်။ သူတို့အား ကိုးယောက်တစ်ဖွဲ့ ပုံစံဖြင့် ဖွဲ့စည်းကာ ရီဝူချင်းတို့က ဦးဆောင်ရာ ကျန်ကျောင်းတို့ထက် မကောင်းမွန် သော်လည်း အလွန်နိမ့်ကျခြင်း မရှိသော တိုက်ခိုက်ရေး စွမ်းရည်အား ပိုင်ဆိုင်ကြသည်။
စစ်မြေပြင် အပြင်၌ သန့်စင်ကာ အပြစ်ကင်းပုံရသော မိန်းကလေး တစ်ဦးသည် နတ်မိမယ်တစ်ပါး လောကသို့ ဆင်းသက် လာသည့်အလား လှမ်းလာနေသည်။ သူမ၏ ခြေလှမ်းတိုင်းတွင် သန့်စင်လှပသော ကြာပန်းများ ဖူးပွင့်ရ၏။ ထိုအရာကပင် ခြေလှမ်းတိုင်း၌ ကြာပန်းများ ဖူးပွင့်ခြင်း ဖြစ်သည်။
***