ဆရာကြီးစု
Vol. 010 Ch. 982
ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့၏ မျက်နှာ၌ ထူးဆန်းသော အမူအရာ ဖြစ်လာသည်။ သူတို့က ကောင်းကင်မှ ဆင်းသက် လာသော ထိုမိန်းကလေးအား ကြည့်ကြသည်။
“ဘယ်လောက်တောင် လှလိုက်တဲ့ မိန်းကလေးလဲ...” ရှန့်ထိုရှားက ပြောသည်... “ဒါက ဗုဒ္ဓလမ်းစဉ်ပဲ၊ သူမက ရိုးရိုးရှင်းရှင်း ဝတ်စားထားပေမဲ့ သူမရဲ့ ထူးခြားမှုကို မဖုံးကွယ် နိုင်ဘူး။ မြေရိုင်း ပြည်နယ်က တကယ်ပဲ အံ့အားသင့်စရာ ကောင်းတာပဲ”
“သူမက လာပြီးတော့ ကူညီတာလား” ရှန့်ထိုလီက မေးသည်။ ယနေ့တိုက်ပွဲတွင် တော်ဝင်ကျဲ နန်းတော်မှ တပည့်များ၏ မြင့်မားသော အရည်အသွေးများအား သူတို့ မြင်ကြရသည်။ သို့သော်လည်း ရန်သူများက အရေအတွက်အားဖြင့် အဆမတန် အသာစီး ရထားသည်။ တော်ဝင်အလင်း နန်းတော်၊ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ဖြင့်သာ တိုက်ခိုက်ရပါက ယွီကလန်၏ အကူအညီဖြင့်ဆိုလျှင် တော်ဝင်ကျဲ နန်းတော်သည် ကောင်းကောင်း ခုခံနိုင်လောက် ပေသည်။ သို့သော် အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခု ထပ်မံ၍ စစ်ပွဲထဲသို့ ဝင်ပါခဲ့လျှင် ရန်သူများ၏ စုစုပေါင်း အင်အားမှာ နန်းတော်အား ဝါးမျိုရန် လုံလောက် ပေသည်။
ရောက်လာသော မိန်းကလေးသည် အရှေ့မြေရိုင်း ဒေသမှ ဟွာချင်းချင်း ဖြစ်သည်။ သူမ၏ ဘဝသည်လည်း အလွန် ကံဆိုးလှပေသည်။ သူမက ဘုန်းတော်ကြီး ချိန်ထန်း၏ လက်အောက် ဗုဒ္ဓလမ်းစဉ်များအား သင်ယူ လေ့လာခဲ့၏။ လွန်ခဲ့သော နှစ်များစွာ အကြာက တော်ဝင်ကျဲ နန်းတော်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သူမသည် ကြာပန်း မီးအိမ်အဖြစ် ပြောင်းလဲလျက် ရီဖူရှင်း၏ စိတ်စွမ်းအားကို အထောက်အပံ့ ပြုခဲ့သည်။
ဤတစ်ကြိမ်ကား ဘုန်းတော်ကြီး ချိန်ထန်းသည် သူမနှင့်အတူ ပါမလာခဲ့ပေ။ သူမကား ခြေဗလာဖြင့် တစ်ယောက်တည်း ရောက်လာခဲ့ကာ သူမ၏ ခြေထောက်များမှာ ကျောက်စိမ်းများနှယ် လှပလွန်းသည်။ သူမကား လှပလွန်းရကား တိုက်ပွဲ ဆင်နွှဲနေသူများ အားလုံးမှာ စိတ်အာရုံများ ပျံ့လွင့်ကြရသည်။
သူမ၏ မျက်လုံးများသည် သန့်စင် ကြည်လင်ကာ သူမ၏ ခန္ဓာကိုယ် သည်လည်း ပတ်ဝန်းကျင်သို့ အလင်းများ ဖျန်းပက် ထားသည်။ သူမအား ကြာပန်းများစွာ ဝန်းရံခစားလျက် ရှိကြသည်။ သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အလင်းများသည် တဖြည်းဖြည်း သိပ်သည်းလာရာ သူမကိုယ်တိုင်က ကြာပန်းမီးအိမ်အသွင် ပြောင်းလဲလာခဲ့ဟန် ရသည်။ သူမ၏ လှပသော အသွင်သဏ္ဌာန်မှ ထုတ်လွှတ်သော ဗုဒ္ဓအလင်းများသည် စစ်မြေပြင် တစ်ခုလုံးအား ရိုက်ခတ် လာခဲ့သည်။
မကြာမီ လူတစ်စုမှာ အလင်း၏ ဖျန်းပက်မှုကို ခံယူကြရသည်။
ကြာပန်းမီးအိမ်သည် တဖြည်းဖြည်း ပိုမို လင်းလက်လာခဲ့ကာ ထိုအလင်းများက နန်းတော်မှ တန်ခိုးရှင် တချို့၏ ဦးခေါင်းပေါ်သို့ ဆင်းသက် လာခဲ့သည်မှာ ဗုဒ္ဓအလင်းက ကမ္ဘာမြေသို့ လာရောက် ဖျန်းပက်တဲ့အလား ဖြစ်သည်။
တော်ဝင်စစ်ပွဲ ဖြစ်ပွားလျှင် တော်ဝင်မြေတိုင်းတွင် သူတို့၏ ဝတ်စုံများ၌ ကိုယ်စားပြု အမှတ်အသားများ ရှိကြသည်။ ထို့ကြောင့် ဟွာချင်းချင်း အတွက် မည်သူတို့က ရန်သူ၊ မည်သူတို့က မိတ်ဆွေ ဖြစ်သည်ကို အလွယ်တကူ ခွဲခြားနိုင်သည်။
မကြာမီ နန်းတော်မှ လူများ အားလုံးသည် သူတို့၏ စိတ်စွမ်းအား ပိုမို အားကောင်း လာခဲ့သည်ကို ခံစားကြရ၏။ ထိုမျှသာမက သူတို့၏ အာရုံက တော်ဝင် ကျဲနန်းတော်မှ တပည့်များ၏ လှုပ်ရှားမှုများနှင့် သူတို့ ရင်ဆိုင်နေရသည်များ အားလုံးကို သိကြရသည်။
“အဲဒါက ဗုဒ္ဓကြာပန်း မီးအိမ်မလား...” ရှန့်ထိုရှား၏ မျက်နှာ၌ ထူးဆန်းသော အမူအရာ ဖြစ်လာသည်။ ဤသို့သော စွမ်းရည်ကား ထူးခြား ဆန်းကြယ် လွန်းပေသည်။ ထိုစွမ်းရည်က နန်းတော်မှ တပည့်များအား ပိုမို၍ စည်းလုံး စေနိုင်သည်။ သူတို့က အချင်းချင်း ပိုမို ထိရောက်စွာ ကူညီပေးနိုင်ကြပြီး တစ်ကိုယ်ရည် စွမ်းရည်များမှာလည်း သိသိသာသာ တိုးတက် လာခဲ့သည်။ ထို့ကြောင့် အားလုံး၏ စွမ်းအားမှာ အနည်းငယ်မျှသာ တိုးတက် လာခဲ့သည် ဆိုသော်လည်း အကျိုး သက်ရောက်မှုမှာ အလွန် ကြီးမားပေသည်။
“ဗုဒ္ဓအလင်းက သက်ရှိတွေ အားလုံးကို ဉာဏ်အလင်း ရစေတယ်...” ရှန့်ထိုလီက တီးတိုး ပြောသည်။ သူက အလွန် အံ့အားသင့် ရသည်။ ဤထူးခြား ဆန်းကြယ်သော မိန်းကလေးသည် မည်သည့် နေရာက လာသနည်း။
ဟွာချင်းချင်းက သူမ၏ ထူးခြားသော စွမ်းရည်နှင့်အတူ ရောက်လာသည်ကို ရီဖူရှင်း သိသည်။ စစ်မြေပြင် တစ်ခုလုံးအား ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခြင်းက ဗုဒ္ဓမီးအိမ်၏ အကျိုးသက်ရောက်မှု ဖြစ်သည်။
သူက အချိန်နှင့် လေဟာနယ်လှံအား ဝှေ့ယမ်းလိုက်လျှင် များစွာသော တန်ခိုးရှင်များ အသက်ပျောက် သွားကြသည်။ သူက နောက်လှည့်ကာ ဟွာချင်းချင်းကို ကြည့်ပြီး မဖော်ပြတတ်သော ခံစားချက်ကိုရသည်။ နောက်ဆုံး တစ်ကြိမ်ကလည်း သူအန္တရာယ်နှင့် ကြုံသောအခိုက် သူမ ရောက်လာကာ ကူညီခဲ့သည်။
အဆုံးမဲ့ပင်လယ်မှ စစ်မြေပြင်မှာ သိပ်မဆင်မပြေသည်ကို သူမြင်သည်။ ယွီကလန်နှင့် ဗာဂျာရာဒေသ ဘုန်းတော်ကြီးများ၏ အကူအညီကြောင့် သူရှိနေသော နေရာမှာ အဆင်ပြေနေသည်။
သူက နောက်လှည့်ကာ အခြား အရပ်တစ်ခုဆီသို့ လျှပ်စီးတန်းအလား မြန်ဆန်စွာ ပျံသန်း သွားခဲ့သည်။
သူ၏လမ်းကို မည်သူမှ မပိတ်ဆို့နိုင်ပေ။ လေထဲတွင် သူပျံသန်း လာသည်ကို မြင်လျှင် အဆုံးမဲ့ ပင်လယ်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ချဉ်းကပ် လာကြသည်။
ပင်လယ် နန်းတော်မှ တန်ခိုးရှင် တစ်ယောက်သည် ခွန်ပန်အား စီနင်းလျက် ရီဖူရှင်းထံသို့ ပျံသန်းလာခဲ့သည်။ သို့သော် ခွန်ပန်၏ မျက်လုံးများက ရီဖူရှင်း၏ မျက်လုံးနှင့် ဆုံမိသော အခိုက်တွင်ပင် ကြီးစွာ တုန်ယင်သွားပြီး သူ၏ နောက်ကျောမှ တန်ခိုးရှင်အား လှုပ်ခါကာ လွှင့်ပစ်ရန် ကြိုးစားသည်။
“ဘာဖြစ်နေတာလဲ” ခွန်ပန်ကို စီနင်းထားသော သူသည် ပင်လယ် နန်းတော်၌ အလွန် နာမည် ကျော်ကြားသောသူ တစ်ဦး ဖြစ်သည်။ သူက ဤသားရဲ သတ္တဝါအား သူ၏ စီးတော်အဖြစ် ဆောင်ယူခဲ့ကာ ယခု ရီဖူရှင်းအား မြင်သည်နှင့် ရုတ်တရက် ရိုင်းစိုင်း ကြမ်းတမ်း လာခဲ့သည်။ သူ၏ သားရိုင်း ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်ရာ ခွန်ပန်၏ စိတ်ခံစားချက်များကို သူခံစား၍ ရသည်။
ထိုသားရဲ၏ အော်ဟစ်သံမှာ ပိုမို ကျယ်လောင် လာခဲ့သည်။ ရီဖူရှင်း၏ မျက်လုံးများမှ စိတ်ဝိညာဉ် အားလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ကာ ခွန်ပန်၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက် သွားပြီး စိတ်ဝိညာဉ် အမှတ်အသားအား ရိုက်နှိပ်ခဲ့သည်။ ခွန်ပန်က သူ၏ကျောပေါ်မှ တန်ခိုးရှင်အား လွှင့်ပစ်လိုက်ကာ အဆုံးမဲ့ပင်လယ်မှ တန်ခိုးရှင်များအား ရူးသွပ် သွားသည့်အလား ရုတ်တရက် တိုက်ခိုက်ရာ တန်ခိုးရှင် ဆယ်ဦးထက်မနည်း ထိခိုက် သေကျေကြသည်။
“မကောင်းဆိုးဝါး သတ္တဝါ...” ပင်လယ်နတ်ဘုရား လှံရှည် ဆင်းသက်လာခဲ့ကာ ခွန်ပန်အား ထွင်းဖောက် သွား၏။ သတ္တဝါဆန်းမှာ မြေပြင်ပေါ်၌ နာကျင်စွာ လူးလိမ့်၏။ သို့သော်လည်း ပင်လယ် နန်းတော်မှ တန်ခိုးရှင်များသည် ရုတ်တရက် ရောက်လာသော အန္တရာယ် အငွေ့အသက်များအား ခံစားကြရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ချုပ်နှောင်ခြင်း ခံရသကဲ့သို့ တောင့်တင်း သွားပြီး အချိန်နှင့် လေဟာနယ်လှံက သူတို့အား ဖြတ်တောက် သွားခဲ့သည်။ ထိုအခိုက်တွင် သူတို့၏ ခန္ဓာကိုယ်များသည် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားပြီး ရတနာလှံက ရီဖူရှင်း၏ လက်ထဲသို့ ပြန်လည် ရောက်ရှိ သွားသည်။
များစွာသော သားရဲများ သည်လည်း ပါဝင် တိုက်ခိုက် ကြသော်လည်း သူတို့၏ စွမ်းရည်များက မလုံလောက်ရာ အများအပြားမှာ အသတ် ခံကြရသည်။
“အချိန်နဲ့ လေဟာနယ်လှံ...” အဆုံးမဲ့ ပင်လယ်မှ တန်ခိုးရှင်များ အတွက် ထိုရတနာလှံမှာ ထူးခြား လေးနက်ပေသည်။ ထိုရတနာလှံ၏ မူလပိုင်ရှင်မှာ အဆုံးမဲ့ပင်လယ်ကို အုပ်စိုး မင်းမူခဲ့သော ပင်လယ်ဘုရင် ဖြစ်ပေသည်။ ယခု ထိုရတနာလှံအား ရီဖူရှင်း ပိုင်ဆိုင် ထားသည်။
များစွာသော တန်ခိုးရှင်များ ရီဖူရှင်းထံသို့ သွားရောက် တိုက်ခိုက်ကြသည်။ သူတို့က ကြီးမားသော တိုက်ခိုက်မှုများဖြင့် ရီဖူရှင်းအား မြှုပ်နှံရန် မျှော်လင့် ကြသည်။
သူ့နောက်တွင် ဟွာဂျီယူ၊ ယူချင်း၊ ဓားသခင်၊ ဟောင်ကျူဂီ၊ ကျန်ကျောင်း၊ ယွန်ရှင်းနှင့် တခြား လူများက စစ်မြေပြင်ကို ဖြတ်သန်းကာ အနီးကပ် လိုက်ပါ လာကြသည်။ သူတို့၏ လက်ထဲတွင်လည်း မရေမတွက်နိုင်သော တန်ခိုးရှင်များ ကျဆုံး ကြရသည်။
တိုက်ပွဲကား မယုံကြည်နိုင်ဖွယ် ကောင်းအောင် ကစဉ့်ကလျား ဖြစ်လာခဲ့သည်။ တော်ဝင်ကျဲ နန်းတော်၏ အနီးတစ်ဝိုက်၌ ဖျက်ဆီးခြင်း လေလှိုင်းများ ပြင်းထန်စွာ ရိုက်ခတ်ကာ မရေမတွက် နိုင်သော တန်ခိုးရှင်များအား သေကျေစေသည်။
ရီဖူရှင်း၏ အနီးတစ်ဝိုက်၌ တိုက်ခိုက်မှုများမှာ အပြင်းထန်ဆုံး ဖြစ်သည်။ သူတို့ အားလုံးမှာ သတ်ဖြတ်ခြင်း၌ ကျွမ်းကျင်ကြရာ ရန်သူများက ကြောက်လန့် တကြား ထွက်ပြေး ကြရသည်။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည် အဆုံးအရှုံး များပြား လာခဲ့သည်။
အုပ်စု ခေါင်းဆောင်များ၏ အာရုံများမှာ ရီဖူရှင်းထံ၌ ရှိနေကြသည်။ အချိန်နှင့် လေဟာနယ်လှံကို ဝှေ့ယမ်းကာ အဆုံးမရှိ သတ်ဖြတ်နေသော ရီဖူရှင်းသည် သတ်ဖြတ်သူ သွေးနတ်ဘုရား အလား ထင်မှတ်ရသည်။
ပင်လယ်နန်းတော်မှ အော့ဖန်သည် ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ် ဆယ့်ခုနစ်တွင် ရှိကာ အလွန် အားကောင်းသည်။ သူက ရီဖူရှင်းအား စူးစိုက် ကြည့်လျက် ပြောသည်... “ရီဖူရှင်းရဲ့ စွမ်းရည်နဲ့ သူ့အနီးက လူတွေ ပေါင်းရင် ငါတို့လူတွေကို သွားရောက် တိုက်ခိုက်စေတာက အကုန်လုံးကို အသေခံ ခိုင်းနေတာနဲ့ အတူတူပဲ”
“မင်းမှာ ဘာအကြံရှိလဲ” မြောက်ဘက် ချောက်နက်မှ ချီတန်ခိုးရှင် တစ်ပါးက ပြောသည်။
“ဟိုမှာ...” အော့ဖန်က ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့ တိုက်ခိုက်နေသော နေရာအား လက်ညှိုး ထိုးပြသည်။ ယောက်ျား ဖြစ်သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြင်းထန်သော အဆိပ်ငွေ့များ ထုတ်လွှတ်ကာ ရန်သူများအား အတုံးအရုန်း ကျဆုံးစေသည်။ သူ၏ အမူအရာက အေးစက်လွန်း ရကား မြင်သူတိုင်းက တုန်လှုပ်ရသည်။
သို့သော်လည်း သူ့ဘေးမှ မိန်းမသည်ကား လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ သူမကား နတ်မိမယ်တစ်ပါး အလား ထင်မှတ်ရသည်။ သူမ၏အနီး၌ မရေမတွက်နိုင်သော လိပ်ပြာများ ပျံသန်း နေကြသည်။ သူမ၏ လိပ်ပြာများက ထက်ရှသော အတောင်ပံများဖြင့် ရန်သူများအား တိုက်ခိုက် ဖြတ်တောက် ကြသည်။ ထို့အပြင် ထိုလိပ်ပြာများမှာ အဆိပ်သင့် စေနိုင်ဟန် ရသည်။ ရှန့်ထိုကျင့်၏ တပည့်မဖြစ်သော သူမသည်လည်း တိုက်ရည်ခိုက်ရည် ကောင်းရာ ရန်သူများ အတွက် ပြဿနာကြီး ဖြစ်သည်။
“ရှန့်ထိုကျင့်ရဲ့ တပည့်တွေဖြစ်တဲ့ စုချီဟန်နဲ့ နတ်မိမယ်ဒီး ... တကယ်လို့ ကျုပ်တို့က သူတို့ကို ဖမ်းဆီးနိုင်ရင် ရီဖူရှင်းဆီက အချိန်နဲ့ လေဟာနယ်လှံကို အလဲအလှယ် အဖြစ် တောင်းဆို အကျပ်ကိုင်လို့ ရနိုင်တယ်။ ရီဖူရှင်းက သူ့မိတ်ဆွေတွေ အပေါ်မှာ သဘောထား ကြီးပြီးတော့ သစ္စာရှိသူလို့ သိကြတယ်။ သူတို့သာ အဖမ်းခံရရင် ရီဖူရှင်းက သူ့ရတနာလှံကို သေချာပေါက် ပေးမှာပဲ။ သူက ထုတ်မပေးခဲ့ရင်လည်း စုချီဟန်နဲ့ နတ်မိမယ်ဒီးတို့က ရီဖူရှင်းကို မုန်းတီး ပြီးတော့ သူတို့အချင်းချင်း တောင်မှ ရန်သူတွေ ဖြစ်သွားနိုင်တယ်” အော့ဖန်က သူတို့အား အေးစက်စွာ ကြည့်ကာ ပြောသည်။
“အရမ်း ကောင်းတယ်...” မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်က လိပ်ပြာလေးအား ကြည့်ကာ နှုတ်ခမ်းကို သပ်သည်... “ဒီလိုလှတဲ့မိန်းမ… ကျုပ်တို့က သူမကို တချို့ ကျင့်ကြံခြင်းအတွက် ခေါ်သွားသင့်တယ်”
“ဒီလိုအတွေးတွေကို မင်းတို့ ဦးနှောက်ကပဲ ထွက်နိုင်တယ်။ ကျုပ်တို့က သူတို့ကို ဖမ်းဆီးလို့ပဲ ရနိုင်တယ်။ သတ်လို့မရဘူး။ မဟုတ်ရင် မင်းက ဘယ်လို သေသွားတယ် ဆိုတာ သိလိုက်မှာတောင် မဟုတ်ဘူး” အော့ဖန်က သတိပေးသည်။
“ကျုပ် နားလည်တယ်...” မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်က ပြောသည်။ ရှန့်ထိုကျင့်တွင် တပည့်နှစ်ဦးမျှသာ ရှိသလို သူသည်လည်း ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ နံပါတ်ဆယ့်နှစ်တွင် ရှိသည်။ တော်ဝင်မြေ သုံးခုက သူ့အား သွားရောက် အပြစ်လုပ်၍ မရပေ။ သူနှင့် ရန်ငြိုးရန်စ ရှိခြင်းက ကြီးမားသော အန္တရာယ် ဖြစ်သည်။
“သွားရအောင် …” အော့ဖန်က ပြောသည်။ ထို့နောက် သူက များစွာသော တန်ခိုးရှင်များနဲ့အတူ လိပ်ပြာလေး တိုက်ခိုက်နေရာသို့ လှမ်းသွား လိုက်သည်။
စုချီဟန်ကား တစ်ချိန်လုံး လိပ်ပြာလေး၏ ဘေးတွင် ကာကွယ် တိုက်ခိုက် ပေးနေသည်။ မူလက သူတို့က ရီဖူရှင်းနှင့်အတူ တိုက်ခိုက် နေကြသော်လည်း တိုက်ပွဲက ပိုမိုပြင်းထန် လာသောအခါ တကွဲတပြား ဖြစ်သွားကြသည်။
“ဒီလို လှပတဲ့မိန်းကလေး ဆိုတာ တချို့သော ကျင့်ကြံခြင်း အတွက် အသုံးဝင်တယ်” အေးစက်သော အသံတစ်သံအား ကြားရသည်။ လိပ်ပြာလေးထံသို့ လက်တစ်ချောင်း လှမ်းလာခဲ့သည်။ ပြင်းထန်သော အားလှိုင်း တစ်ခုသည် သူမ၏အနီးမှ လိပ်ပြာများအား ရစ်ပတ် လာခဲ့သည်။
လိပ်ပြာလေး၏ရှေ့၌ လူတစ်ယောက် ပေါ်လာသည်။ သူကား စုချီဟန် ဖြစ်သည်။ သူက ထိုဝါးမျိုခြင်း စွမ်းအားမှ ဆွဲငင်ရာအတိုင်း လိုက်ပါ သွားသည်။ သူ့ထံမှ အဆိပ်ငွေ့များ ပျံ့နှံ့ ထွက်ပေါ်လာခဲ့ကာ ဝါးမျိုလိုသော လေပွေနှင့်အတူ ရန်သူထံသို့ ရောက်လာခဲ့သည်။ မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲ သွားခဲ့သည်။
“သတိထား ... ဆရာကြီးစုက အဆိပ်ပညာရှင်ပဲ” အော့ဖန်က သူ့အား သတိပေးသည်။ မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်က သူ့ထံသို့ တိုးဝင်လာသော မုန်တိုင်းအား ရပ်တန့်လိုက်ကာ သူ၏လက်အား ဆန့်တန်းလျက်ရှေ့သို့ လျှပ်စီးတန်းအလား ရိုက်ထုတ် လိုက်သည်။
သူ၏လက်ဟန်၌ ထူးဆန်းသော အားတစ်မျိုး ပါဝင်သည်။
စုချီဟန်က ရန်သူထံသို့ တိုးဝင်လာကာ တွန့်ဆုတ်ခြင်း မရှိဘဲ ပြင်းထန်စွာ တိုက်ခိုက်သည်။ ယခု သူကား အဆင့်မြင့် ကွန်းရှီအဆင့်သို့ လေ့ကျင့်နိုင်ခဲ့ပြီဖြစ်ရာ ပြည်နယ်ကိုးခု ရှီအဆင့်သို့ ဝင်ရန် ထိုက်တန်သည်ဟု မိမိကိုယ်ကိုယ် ယုံကြည်သည်။
သူက ပြည်နယ်ကိုးခု ကျောင်းတော်၌ သူ၏ဆရာ လက်အောက်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည်။ သူသည် ရှန့်ထိုကျင့်၏ တပည့်ဖြစ်သည်ကို လူအများအပြားက သိကြသော်လည်း သူမည်မျှ စွမ်းသည်ကို မည်သူမှ မသိကြပေ။
ဘုန်း...
လက်သီးချင်း ရင်ဆိုင်မိလျှင် ထူးဆန်းသော အနက်ရောင် အငွေ့အသက်များ စုချီဟန်၏ လက်သို့ စီးဆင်း လာခဲ့သည်။ အလွန် အေးစက်သော မှော်နက်ဓာတ်များသည် သူ့ခန္ဓာကိုယ် တစ်လျှောက်သို့ စီးဆင်း လာခဲ့သည်။
“မင်း ရှုံးသွားပြီ…” မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်က စုချီဟန်အား အေးစက်စွာ ကြည့်သည်။ သူ၏ ရန်သူကြောင့် ကျန်ရစ်ခဲ့သော သူ၏လက်မှ အမှတ်အသားသည် သူ့အား အပြစ်ပေးနိုင်စွမ်း မရှိပေ။ စုချီဟန်က အမှန်တကယ်ကော အဆိပ်ပညာတွင် ကျွမ်းကျင်သော ရှန့်ထိုကျင့်၏ တပည့်လား။
ဤလူကား မိမိကိုယ်ကိုယ် အထင်ကြီး လွန်းသည်။
စုချီဟန်၏ ခန္ဓာကိုယ်၌ အနက်ရောင် အငွေ့အသက်များ တငွေ့ငွေ့ ထနေသည်။ သူက တစ်ဖက်လူအား ထူးမခြားနားစွာ ကြည့်ကာ လက်ဝှေ့ယမ်း လိုက်လျှင် သူ့ခန္ဓာကိုယ်မှ အငွေ့အသက်များ ရုတ်တရက် ပျောက်ကွယ် သွားကြသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်၏ မျက်နှာမှာ ပျက်ယွင်း သွားသည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုများကို ရုတ်တရက် ခံစားရကာ အဆိပ်များ လောင်ကျွမ်းမှုကြောင့် ထိုသူကား အရိုးစုအသွင်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ကျသည်။
စုချီဟန်က ခံစားချက် ကင်းမဲ့သောဟန်ဖြင့် ရန်သူများအား ကြည့်သည်။
လိပ်ပြာလေး၏ အမူအရာမှာလည်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။ ပြီးခဲ့သော နှစ်များအတွင်း သူမည်မျှ ခက်ခဲ ကြမ်းတမ်းခဲ့သည်၊ သူမည်မျှ စွမ်းအား ကြီးသည်ကို သူမ အသိဆုံး ဖြစ်သည်။
***