အပြစ်လက်ခံဖို့အတွက် အပြစ်ပေးခန်းမဆီကိုသွားရ အောင်
Vol. 66 Ch. 1310
ပေထင်းဟွမ်၏ပါးပြင်ဆီသို့ ခါးကိုင်းလိုက်ကာ နူးညံ့စွာအနမ်းပေးပြီး ယန်ယဲ့ပြောလိုက်သည် “ကိုယ့်ကိုစောင့်နေနော် ပြန်လာမယ်”
“အင်း” ပေထင်းဟွမ်သည် ကျိုးနွံသည့်ချွေးမတစ်ယောက်အား တိုးညင်း စွာတုံ့ပြန်ပြီး ဖြည်းဖြည်းချင်းမျက်လုံးများကို မှိတ်လိုက်သည်။ မင်ဟွမ်နှင့် အသေအကြေတိုက်ပွဲတွင် ပေထင်းဟွမ်သည် များစွာအားထုတ်ခဲ့သည်။ ယန်ယဲ့ သူမကို ပြန်ခေါ်လာသည့်လမ်းတွင် ထေင်းဟွမ်သည် အိပ်ပျော်နေခဲ့ကာ ရေချိုးကန်ထဲသို့မထည့်ခင်အထိ မနိုးခဲ့ပေ။ သို့သော် ယခုအခါ သူမသည် အိပ်ပျော်သွားပြန်သည်။
ယန်ယဲ့သည် တစ်ခါတည်းထွက်မသွားသေးဘဲ အိပ်ရာအစွန်တွင်ထိုင်ကာ သူမ၏ ပြီးပြည့်စုံသော ဘေးတစောင်းမျက်နှာလေးကိုစိုက်ကြည့်နေသည်။ အချိန်တခဏမျှသာ ထွက်သွားရမည်ဖြစ်သော်လည်း အနည်းငယ် တွန့်ဆုတ်မိ နေသည်။ သူသည် ခါးကိုင်းကာ ပေထင်းဟွမ်၏လှပသောမျက်နှာလေးကို နူးညံ့ စွာနမ်းလိုက်သည်။ ထို့နောက် လက်မြှောက်ပြီး ပေထင်းဟွမ်၏ နားသန်စပ် ဆံပင်လေးကို သပ်ပေးလိုက်သည် “မနေနိုင်တော့ရင် အိပ်လိုက်တော့လေ”
“အင်း” တိုးညင်းစွာ ပြန်ဖြေပြန်သည်။ ပေထင်းဟွမ်သည် နှုတ်ခမ်းလေး ကို အနည်းငယ်ကွေးတွန့်လိုက်ရာ ပါးချိုင့်လေးသည် နှုတ်ခမ်းထောင့်တွင် ပေါ် လာ၏။
ဝိညာဉ်ကိုးပါးခန်းမအပြင်ဘက်၊ အတွင်းမြို့နှင့် အပြင်မြို့အကြားရှိ ကောင်းကင်တွင် ကိုယ်ရံတော်လေးယောက်သည် အကြီးအကဲကြီးကို ဖျောင်းဖျတုန်းပင်ဖြစ်သည်။ ကိုယ်ရံတော်လေးယောက်သည် ယန်ယဲ့အား သတင်းပို့ရန်ငြင်းဆန်နေကာ အကြီးအကဲကြီးသည်လည်း ထွက်မသွားပေ။ သူကိုယ်တိုင်ပင် တားဆီးခံနေရသဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ဘာမှလုပ်မရ ပေ။
“အဲဒီကိစ္စက အရေးကြီးတယ်လို့ပြောပြီးပြီနော် မင်းတို့ဘာလို့ နားမထောင်ကြတာလဲ၊ ငါပြောမယ် နတ်မိစ္ဆာဧကရီက ဒီကိစ္စကို မနက်ဖြန်မှ သိပြီး မင်းတို့က သတင်းမပို့ခိုင်းတာကိုသိရင် မင်းတို့ကို သူမ ဘယ်လိုဖြေရှင်း မလဲဆိုတာ ကြည့်ကြတာပေါ့” အကြီးအကဲကြီးသည် ခြိမ်းခြောက်ပြီးပြောလေ သည်။
ချုံချီသည် ရယ်မောလေသည် “အဲဒါဘာအရေးလဲ ခင်ဗျားတို့ လူသားတွေ ဘာတွေးနေလဲ တကယ်မသိဘူး၊ ဘာလို့ ဒီလောက်အကျယ်ချဲ့နေတာလဲ”
ပိုင်ဇီသည် ခေါင်းခါလေသည် “ဧကရီက ကျုပ်တို့ကိုအပြစ်ပေးရင် မနက် ဖြန်မှဖြစ်လိမ့်မယ်၊ ဒါပေမဲ့ အခု သခင်နဲ့ဧကရီတို့ အိပ်တာကို သွားနှောင့်ယှက် လိုက်ရင် ကျုပ်တို့ ဒီညတောင် အသက်ရှင်နိုင်မှာမဟုတ်ဘူး”
“အကြီးအကဲကြီး ကျုပ်တို့က ခင်ဗျားကို မပြစ်မှားဖူးဘူးမလား၊ ကျုပ်တို့ ယန်ချန်းကိုလာတဲ့အချိန်တိုင်း ကျုပ်တို့က ခင်ဗျားအတွက် အပြင်က စားကောင်းသောက်ဖွယ်တွေတောင်ယူလာပေးသေးတယ်၊ ကျုပ်တို့ ညီအစ်ကို လေးယောက်ကို ဘာလို့ အခက်တွေ့အောင်လုပ်နေတာလဲ” ရွှမ်ဝူသည်လည်း အနည်းငယ် မကျေနပ်ပေ။ ပြဿနာဖြစ်လျှင် သူတို့မသိလိုက်ဘဲ သခင်မှ သိ မည်ဖြစ်သည်။
ပီဖန်းသည်လည်း အနည်းငယ်ဒေါသထွက်နေတသည်။ အတွင်းမြို့ဘက် သို့မျက်နှာမူပြီး အကြီးအကဲကြီးအား လျစ်လျူရှုရန်ဖြစ်သည်။ သို့သော် ကောင်းကင်ပေါ်မှ အနက်ရောင်ပုံရိပ်တစ်ခုလာနေသည်ကိုမြင်သောအခါ ပါးစပ်မပိတ်နိုင်လောက်အောင် ထိတ်လန့်သွားသဖြင့် ခန္ဓာကိုယ်ကို ယိမ်းလိုက် ရာ လေထဲမှကျလုမတတ်ဖြစ်သွားလေသည်။
“သခင် သခင် ဘာလို့ဒီကိုရောက်လာတာလဲ” ပီဖန်းသည် ရှေ့သို့ပျံထွက် ပြီး လေထဲ၌ပင် ယန်ယဲ့အား အရိုအသေပြုလေသည်။
ယန်ယဲ့ ချည်းကပ်လာသည်ကိုကြည့်ပြီး ချုံချီတို့သုံးယောက်သည် ကြောက်လန့်သဖြင့် ဖြူဖျော့လာကြသည်။ ယန်ယဲ့ကိုယ်တိုင်ထွက်လာအောင် လုပ်လိုက်ခြင်းသည် ရန်လိုတော့ဖြစ်မည်မှာ ရှင်းလင်းနေသည်။ ထိုအချိန်တွင် ယန်ယဲ့အား အသည်းအသန်တွေ့ရန်တောင်းဆိုခဲ့သော အကြီးအကဲကြီးပင် လျှင် ကြောက်လန့်သဖြင့် ခြေထောက်များတုန်ယင်ကာ မည်သို့တင်ပြရတော့ မည်ကို စဉ်းစားပြီးနောက် စကားတစ်ခွန်းမှပြောမထွက်တော့ပေ။
ယန်ယဲ့သည် သူတို့အား ကြည့်လိုက်ရာ လူငါးယောက်မှာ မျက်လုံးထောင့် မှ ရောင်ခြည်တန်းတစ်ခုကျလာသည်ကို မြင်လိုက်ရသည်။ ယန်းမြို့မှ ပေါများ သောရောင်ဝါသည် တန့်သွားသည့်အလား ကြီးမားသောဖိအားသည် သူတို့အား အဘက်ဘက်မှ ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။ လူငါးယောက်သည် တုန်ယင်သွားကာ အလိုလိုပင် ခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်ကာ ဒူးထောက်လျက်သားဖြစ်၏။ ချွေးအေးများသည် ခန္ဓာကိုယ်ပေါ်မှ မိုးများသဖွယ် ကျလာသည်။
“ကိစ္စကို ရှင်းအောင်လုပ်ကြတာပေါ့၊ အကုန်လုံး အပြစ်လက်ခံဖို့ အပြစ်ပေးခန်းမကိုသွားကြမယ်” ယန်ယဲ့၏အသံမှာ နူးညံ့သော်လည်း အဆုံးမရှိ မှောင်မိုက်သောငရဲမှထွက်လာသည့် လက်ကဲ့သို့ လူငါးယောက်၏ လည်ပင်းကိုအစ်သွားစေသည်။ အေးစက်သောခံစားချက်သည် လူငါးယောက် ၏ ကျောပြင်မှ တဖြည်းဖြည်းတက်လာသည်။
“သေလိုက်ပါတော့” ချုံချီသည် စိတ်ထဲမှ စောဒကတက်မိသည် “ဒီအဘိုးကြီးက သခင်နဲ့ နှစ်တစ်သောင်းကျော်ရှိတာကို သခင့်အကျင့်ကို အခုထိ မသိသေးဘူး၊ သူက လူသတ်နေတာပဲ”