တံတားရဲ့ အခြားတစ်ဖက်
Vol. 124 Ch. 4.1369
"အခြားအဆင့်တွေ ဒါမှမဟုတ် အထူးနည်းလမ်းလေးဘာလေး မရှိဘူးလား?"
လုရွှမ် ပြန်မေးလိုက်သည်။ ရွှေကျီးကန်း လုရွှမ်ကို မျက်လုံးလေး လိမ့်ပြလိုက်၏။
"မင်းစားချင်လား မစားချင်ဘူးလား? မဟုတ်ရင် ငါစားပစ်မယ်"
လုရွှမ် တစ်ဖက်ကမ်းပန်းကို တစ်ကျိုက်တည်း အမြန်မျိုချလိုက်သည်။ ပန်းက ပါးစပ်ထဲ ရောက်တဲ့အခါ ကြည်လင်သော ရေစီးကြောင်းအဖြစ် ပြောင်းလဲကာ သူ့လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲသို့ စီးဝင်သွားသည်။ ပထမတော့ ဘာတုံ့ပြန်မှုမှ မရှိပေမယ့် လုရွှမ် စိတ်ရှုပ်သွားတော့မယ့် အချိန်မှာပဲ စွမ်းအင်တစ်ခုက ချက်ချင်း ပေါက်ကွဲသွား၏။
အနှိုင်းမဲ့ကြီးမားသော စွမ်းအင်တစ်ခုသည် ကြည်လင်သော စီးကြောင်းမှ လိမ့်တက်လာပြီး သွေးကြောများတစ်လျှောက် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများဆီသို့ ပြေးဝင်သွားခဲ့သည်။
ကျောက်လှောင်အိမ်မှ ရရှိသော ကောင်းကင်မြေကြီး၏ ရောင်ဝါများထက်ပင် အလွန်နှစ်ခြိုက်ဖွယ် အငွေ့အသက်တွေကို ထုတ်လွှတ်လျက် ရှိ၏။ ကောင်းကင်မြေကြီး၏ ရောင်ဝါနဲ့ တစ်ဖက်ကမ်းပန်းရဲ့ မိခင်အပင်အောက် ပုန်းနေနိုင်ခဲ့တာ အံ့ဩစရာတော့ မဟုတ်ပေ။
ကွာခြားချက်မှာ လုရွှမ်သည် တစ်ဖက်ကမ်းပန်းရဲ့ အငွေ့အသက်က ကောင်းကင်မြေကြီးရဲ့ ရောင်ဝါ ပါဝင်သော်လည်း အပိုတစ်ခုခု ရှိနေသလို ခံစားနေရလေသည်။
ထိုအငွေ့အသက်ရဲ့ ရိုက်ခတ်မှုကြောင့် စွမ်းအင်စီးကြောင်းက တစ်ကိုယ်လုံးသို့ စီးဆင်းသွားပြီးနောက် စမ်းချောင်းတစ်ခုဟာ သူ့ရဲ့ ကျင့်ကြံခြင်းအမြုတေထဲသို့ တိုက်ရိုက်ဆင်းသက်လာပြီး အခြားရေစီးကြောင်းက သူ့စိတ်ထဲသို့ တိုးဝင်လာသည်။
သူ့စိတ်ထဲရှိ ဝိညာဉ်ပင်လယ်သည် လှိုင်းလုံးကြီးများဖြင့် လှုပ်ခတ်သွား၏။ ကျင့်ကြံခြင်းအမြုတေထဲရှိ ယွမ်ယန်စွမ်းအင်ပင် ယင်းအငွေ့အသက်ကြောင့် အနည်းငယ် ဝေးရာသို့ ရွေ့သွားခဲ့သည်။
လုရွှမ် ယွမ်ယန်ကျင့်စဥ်ကို ပြုစုပျိုးထောင်ပြီးကတည်းက ၎င်းကို ရှောင်လွှဲစေနိုင်မယ့် ဘယ်အရာကိုမှ မမြင်ဖူးခဲ့ချေ။ ထိုအခိုက် နားမလည်နိုင်သော ခံစားချက်တစ်ခု မြင့်တက်လာကာ လုရွှမ်လည်း သူ့တစ်ကိုယ်လုံး အနည်းငယ် ပြောင်းလဲသွားသည်ဟု နားမလည်နိုင်စွာ ခံစားလိုက်ရသော်လည်း ၎င်းကို တိတိကျကျ သတိမပြုမိသေးပေ။
အပိုတစ်ခုခု ရှိနေသလိုပဲ ခံစားရ၏။ အဲဒါက မိမိပိုင်သလို ခံစားရတဲ့အပြင် မိမိမှာ ရှိသင့်တဲ့အရာလို့ နှလုံးသားထဲမှာ လက်ခံထားပြီးသား ဖြစ်နေသည့်နှယ်။ မျက်မမြင်တစ်ယောက် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ မြင်လိုက်ရတာ အရမ်းထူးဆန်းတဲ့ အရာကြီးလို့ ခံစားနေတဲ့ ခံစားချက်မျိုးပင်။
အတွေးတစ်ခုဖြင့် လုရွှမ်သည် စိမ်းပြာနဂါး နှလုံးထဲက စွမ်းအားများ တဟုန်ထိုး တက်လာတာ ခံစားလိုက်ရလေ၏။ အတွင်းထဲတွင် ရွှေနဂါးနှင့် ယင်နဂါးတို့၏ အငွေ့အသက်များကလည်း ရောထွေးနေသည်။
ယွမ်ယန်စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ၎င်းတို့သည် လုရွှမ်အား လုံး၀ လိုက်လျောညီထွေ ရှိစွာ ထောက်ပံ့နေသည်။ လုရွှမ်လည်း သူ့ကိုယ်ထဲက အာဏာရှင်ဆန်မှုကို ရှင်းရှင်းလင်းလင်း ခံစားရ၏။ ထိုအရာကို ဘယ်လို အသုံးပြုရမလဲ မသိသော်လည်း အလိုလို ထိန်းချုပ်နိုင်ခဲ့သည်။
အရင်တုန်းကဆို လုရွှမ် အန္တရာယ်အနား နီးကပ်လာပြီဆိုရင် စိမ်းပြာနဂါး စိမ်းပြာနဂါးရဲ့ စွမ်းအားကို အလိုအလျောက် အသက်သွင်းပြီး သခင်ကို ကယ်တင်တတ်သည်။ ယခုမူကား အတွေးတစ်ခုဖြင့်ပင် စိမ်းပြာနဂါး၏ စွမ်းအားက ဖြစ်ပေါ်လာပြီ။
လုရွှမ်မှာ ဖီးနစ်မီး အုပ်စုတစ်စု၏ စွမ်းအားကိုလည်း ခံစားခဲ့ရပြန်၏။ ၎င်းဟာ စိမ်းပြာနဂါး၏ စွမ်းအားနှင့် နှိုင်းယှဉ်ပါက များစွာသေးငယ်သော်လည်း တက်ကြွမှုအပြည့် ရှိနေဆဲဖြစ်သည်။ သူ ရရှိခဲ့သော ရွှမ်ဝူသားရဲ၏ ရောင်ဝါဟာ အသုံးပြုစဉ်က အလွန်အမင်း ထွက်လာပေမယ့် ယခုအခါ ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
လက်ရှိ အချိန်၌ လုရွှမ်ခန္ဓာကိုယ်ဟာ ပြောင်းလဲသွားပြီး သူ့ခေါင်းမှ နဂါးချိုနှစ်ချောင်း ထွက်ပေါ်လာလေရာ ရုတ်တရက် အလွန်ထူးဆန်းတဲ့ပုံစံ ပေါက်သွားသည်။
"ဟား... ငါ အခု နဂါးလေး ဖြစ်သွားပြီလား"
လုရွှမ် သူ့စိတ်တွေ တဖန် လှုပ်ရှားသွားပြီး နဂါးချိုတွေ အလိုလို ပျောက်သွား၏။
"ကျွန်တော်တို့ အခု အပြင်ထွက်လို့ ရပြီလား?"
လုရွှမ် သတိထားကာ ကျောက်စိမ်းပြားထဲမှ ထွက်လာခဲ့သည်။ သူဟာ မိခင်သစ်ပက်အနား၌ ရှိနေဆဲဖြစ်သော်လည်း အပြင်မှ မိစ္ဆာသားရဲများစွာကတော့ သစ်ပင်ဆီက တိုက်ခိုက်ခံနေရ၏။ ၎င်းတို့အနားတွင် လူငါးဦးကို ဖမ်းမိထားခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်ပေ။
"လုရွှမ် ဟုတ်တယ်မလား... ကောင်လေး မင်း ငါတို့ပစ္စည်းတွေကို လုယူဖို့ သတ္တိရှိတယ်ပေါ့လေ.... တစ်ဖက်ကမ်းပန်းကို လွှဲပေးလိုက်... မဟုတ်ရင်တော့ မင်းရဲ့သူငယ်ချင်းတွေ အကုန် သေရလိမ့်မယ်"
ချောင်ယန်တို့ လူငါးဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် အလွန်အရှက်ကွဲထားကြ၏။ ဒဏ်ရာများ ရရှိထားသော ဟောက်ထျန်းနဲ့ ကျီရွှေတို့နှစ်ဦးလုံး သတိလစ်နေပြီး ကိုယ်တစ်ပိုင်း သေဆုံးနေသည့်အတိုင်းပင်။
လုရွှမ် ဒေါသအရမ်း ထွက်လာသည်။ ဒီမိစ္ဆာသားရဲတွေ သူတို့ရဲ့ တည်ရှိမှုကို ရှာတွေ့သွားမယ်လို့ မမျှော်လင့်ထားပေ။ ဒါပေမဲ့ အခု တစ်ဖက်ကမ်းပန်းက ဝါးမျိုပြီးသွားပြီဆိုတော့ ဘာလုပ်သင့်လဲ။
ရွှေကျီးကန်း: "ကောင်လေး... မင်းရှေ့မှာ လမ်းနှစ်ကြောင်း ရှိတယ်"
"သူတို့ကို ကယ်နိုင်မှာလား"
ရွှေကျီးကန်းက တခစ်ခစ်ရယ်ပြီး "သူတို့ထဲက လမ်းကြောင်းတစ်ခုက လုပ်လို့ရတယ်... ဒါပေမဲ့ မင်းအန္တရာယ် ရှိလိမ့်မယ်... နောက်တစ်ခုက..."
"ပြောစရာတောင် မလိုဘူး... ပထမလမ်းကို ကျွန်တော် ရွေးတယ်" လုရွှမ် လေးနက်စွာပြောသည်။
"ကောင်လေး... မင်း သေချာစဉ်းစားပြီး ငါပြောတာကို နားထောင်သင့်တာ မဟုတ်ဘူးလား"
လုရွှမ်က ခေါင်းခါပြီး "ဒုတိယလမ်းက ဘယ်လောက်ပဲ ကောင်းနေပါစေ သူတို့ကို မကယ်နိုင်ရင် အသုံးမဝင်ဘူး... ဘဝမှာ အရာအားလုံးက ကိုယ့်အတွက်မဟုတ်သလို တစ်ခုခုလုပ်သင့်ရင် လုပ်ရမှာပဲ...."
"ကောင်းပြီ မင်းကိုရွေးခဲ့တာ ငါမမှားဘူးပဲ... ဟုတ်တယ် ဟုတ်တယ် တစ်ဖက်ကမ်းပန်း ကိုယ်တိုင်က လမ်းကြောင်းတစ်ခုပဲ... ဒါကြောင့် မင်း အဲဒီလမ်းကြောင်းကို ကျော်ဖြတ်ပြီး ထွက်သွားနိုင်တယ် ဒါမှမဟုတ် မင်း ဒီအခွင့်အရေးကို စွန့်လွှတ်ပြီး သူတို့ကို ကယ်နိုင်တယ်"
တစ်ဖက်ကမ်းပန်းက ဒီလောက်အထိ မှော်ဆန်လိမ့်ဦးမည်ဟု မထင်ခဲ့ပေ။
"ကောင်းပြီ ဒါဆို ကျွန်တော်တို့ ဘယ်လို လုပ်သင့်လဲ" လုရွှမ်က မေးသည်။
"မင်းရဲ့စိတ်ထဲကနေ တစ်ဖက်ကမ်းပန်းကို ဆက်သွယ်လိုက်..."
လုရွှမ်သည် ရွှေကျီးကန်း ပြောတာကို လိုက်နာပြီး ဆက်သွယ်လိုက်သည်။ သူ့စိတ်ထဲ ငြိမ်သက်သွားတဲ့ အချိန်မှာ တံတားတစ်စင်းရဲ့ အငွေ့အသက်ကို ခံစားလိုက်တဲ့အခါ ဒါက လက်ဆောင်တစ်ခုပဲ ဆိုတာ လုရွှမ် သိလိုက်ရ၏။ ယခင်က ဉာဏ်အလင်းနှင့် ယှဉ်လျှင်ပင် ပို၍ပင် ကြီးကျယ်လှသည်။
"ဘယ်လိုလဲ နောင်တရလား?"
ရွှေကျီးကန်းက ပြုံးပြီးပြော၏။
လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး "တစ်ဖက်ကမ်းပန်းကို ရထားပြီးပြီ... ဘဝတံခါး ၁၀ပေါက်ကိုလည်း ဖွင့်ပြီးပြီ အဲဒါတွေကို ကောင်းကောင်း အသုံးချပြီးပြီမလို့ အခုဒါတွေက သူတို့ရဲ့ အခွင့်အရေးတွေပဲ"
ထိုစကားကို ပြောပြီးနောက် လုရွှမ်ရဲ့စိတ်စွမ်းအားက တံတားပေါ်တွင် စွဲကပ်သွားပြီး ဒဏ္ဍာရီလာ နတ်သမီးနယ်မြေကဲ့သို့ ပန်းများ ပွင့်လာခဲ့သည်။ ဝိညာဉ်စွမ်းအင်များ ပြည့်နေသော နေရာတစ်ခုဟာ အခြားကမ်းစပ်တွင် ရှိနေကြောင်း သူချက်ချင်း ခံစားရသည်။
လုရွှမ်၏ စိတ်ဝိညာဉ်သည် တံတားတစ်လျှောက် တိုက်ရိုက် ဖြန့်ကျက်သွားပြီးနောက် အကိုင်းငါးခုအဖြစ် ပြောင်းလဲသွားကာ တစ်ခုစီက လူငါးဦးထံသို့ ချိတ်ဆက်ပေးလိုက်သည်။
လူငါးဦးမှာလည်း သူတို့ ဝိညာဉ်များက တံတားတစ်ခုပေါ်မှာ ရပ်နေတာကို တွေ့လိုက်ရသဖြင့် လန့်ဖြတ်သွားကြသည်။ သူတို့ရှေ့တွင်တော့ လုရွှမ် ရှိ၏။
"ငါ့မှာ အချိန်သိပ်မရှိဘူး ဒါကြောင့် မင်းတို့ငါ့စကားကို နားထောင်ရမယ်... ခဏနေရင် ငါမင်းတို့ကို ချိတ်ဆက်ပေးမယ်... ပြီးတော့ မင်းတို့ ဒီတံတားအတိုင်း လျှောက်သွား... နောက်ပြန်မလှည့်နဲ့... သွားတော့!"
မိစ္ဆာသားရဲတွေရဲ့ လက်ထဲက လူငါးယောက်ဟာ ရုတ်တရက် ပျောက်သွားလေသည်။
အချိန်တွေ နှေးကွေးသွားသလိုမျိုး သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက ဆွဲထုတ်တာတာအား လူငါးယောက်လုံး ခံစားရ၏။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ဒီမိစ္ဆာသားရဲတွေရဲ့ ချည်နှောင်မှုကနေ ရုန်းထွက်ပြီး တံတားပေါ်မှာ ဆင်းသက်လာကြလေသည်။
လုရွှမ်ရဲ့ အရင်က စကားတွေကို ပြန်သတိရတော့ လူငါးယောက်ဟာလည်း နောက်ပြန် လှည့်မကြည့်ဝံ့တော့ဘဲ ပြေးထွက်သွားကြလေ၏။
နောက်ဆုံးတော့ တစ်ဖက်ကမ်းပန်းရဲ့ အကိုင်းအခက်တွေမှာ လူငါးယောက် စုမိသွား၏။ တစ်ပြိုင်တည်း တံတားရဲ့ တစ်ဖက်ကို အပြေးအလွှား သွားကြည့်သော် လျှို့ဝှက်ဆန်းကြယ်တဲ့ ကုန်းမြေထဲကို လှမ်းမြင်လိုက်ရသည်။
ဟောက်ထျန်းလည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ အားလုံး ပျောက်ကွယ်သွားပြီ။ တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော မှော်စွမ်းအား တစ်မျိုးကိုလည်း ခံစားမိလေသည်။
သူဘေးကို တစ်ချက် ကြည့်လိုက်သော် အခြားလေးယောက်ကလည်း သူတို့ရဲ့မျက်နှာမှာ နားမလည်နိုင်တဲ့ အံ့အားသင့်နေတဲ့ အရိပ်အယောင်တွေ ရှိနေတာကို တွေ့လိုက်ရ၏။ သူတို့မှာလည်း အကျိုးကျေးဇူးတွေ အများကြီးရခဲ့တာ သိသာပါသည်။
လုရွှမ်ရော?