ဆေးအမြုတေ ပေါင်းစည်းခြင်း
Vol. 010 Ch. 984
စုချီဟန်အား ဗဟိုပြု၍ တိုက်ပွဲနေရာ တစ်ခုလုံးသို့ အဆိပ်တိမ်တိုက်များ ဖြန့်ကြက် လာခဲ့သည်။ အဆိပ်များက ဖြတ်သန်းသွားရာ နေရာတိုင်း၌ သတ်ဖြတ်သည်။ မြေပြင်တွင် အလောင်းများ ပုံထပ်နေသည်။ ရာချီသော တန်ခိုးရှင်များ သူ၏လက်၌ သေဆုံး ကြရသည်။ ထိုအထဲတွင် များစွာသော ကွန်းရှီ တန်ခိုးရှင်များ ပါဝင်သည်။ ဤသို့သော အဆိပ်ဖြင့် အရေအတွက်များစွာ သတ်ဖြတ်နိုင်သော အဆိပ်မှော် ပညာရပ်မှာ များစွာ ကြောက်မက်ဖွယ် ကောင်းပေသည်။
မှန်ပေသည် ... အဆိပ်မှော် ပညာရပ်၌ ထူးချွန်သူများသည် ခုခံခြင်း အတတ်၌ အားနည်း ကြပေသည်။ သို့သော် စုချီဟန်၏ ခန္ဓာကိုယ်သည် သန်မာလွန်းရကား တစ်ဖက်လူများ၏ လောကဓာတ်များအား ဤအတိုင်း လျစ်လျူရှု ထားနိုင်သည်။ ထို့အပြင် လက်ရှိ အခြေအနေ၌ သူကား အဆုံးစွန်သော အဆိပ်သင့် ခန္ဓာဖြစ်နေပေပြီ။ မည်သူမှ သူ၏အနီးသို့ မကပ်လိုကြပေ။ ထို့ကြောင့်ပင် သူက လိပ်ပြာလေးအား သယ်ဆောင်၍ အတားအဆီးများကို ဖောက်ထွက် သွားနိုင်ခြင်း မရှိခဲ့။ မဟုတ်လျှင် သူ့ထံမှ ထွက်လာနေသော အဆိပ်လှိုင်းများသည် မည်သူ့ကိုမဆို သေဆုံးနိုင်ကာ မည်သူကမှ သူ့အား တားဆီနိုင်မည် မဟုတ်ပေ။
သို့သော် သူကား ထွက်ခွာ သွားနိုင်ခြင်း မရှိဘဲ လိပ်ပြာလေးအား ကာကွယ် နေရသည်။ သူ၏မျက်နှာမှာ တဖြည်းဖြည်း ပိုမို လေးနက် လာခဲ့သည်။ သူ၏ လက်များမှာလည်း အနက်ရောင်သို့ ပြောင်းလဲ လာခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော အဆိပ်မှော်မှာ သူကိုယ်တိုင်ကိုလည်း စတင် ထိခိုက်လာခဲ့သည်။
“အစ်ကို...” လိပ်ပြာလေး၏ မျက်နှာတွင် မျက်ရည်များ အဆက်မပြတ် စီးကျလာခဲ့သည်။ သူမနှင့် စုချီဟန်တို့ ငယ်ရွယ်စဉ် ကတည်းက အတူတူ ကြီးပြင်း လာခဲ့ပုံများအား တရိပ်ရိပ် ပြန်မြင်ယောင် လာသည်။ ပုံမှန်အားဖြင့် စုချီဟန်၏ သဘာဝကို သူမက နားလည်သည်။ သူမနှင့် ပတ်သက် လာပါက စုချီဟန်အတွက် အရေးအကြီးဆုံး အရာမှာ သူမအား ကာကွယ်ရန် ဖြစ်သည်။ လေထဲတွင် အဆိပ်များ ပြည့်နေသော်လည်း သူမ၏မျက်လုံးထဲ၌ စုချီဟန်သည် လေးစား ကြည်ညိုဖွယ်၊ နှစ်လိုဖွယ်ကောင်းသူ ဖြစ်သည်။
“သူ သိပ်ကြာကြာ တောင့်မခံနိုင်တော့ဘူး” ကောင်းကင်မှ အသံတစ်သံအား ကြားကြရသည်။ သူသည် မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင် များစွာအား သတ်ဖြတ်ခဲ့ရာ ထိုသူက ရှန့်ထိုကျင့်၏ တပည့်ဖြစ်သည့်တိုင် ခွင့်လွှတ်၍မရပေ။ ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်များ စုချီဟန်ထံသို့ အဆက်မပြတ် ကျဆင်း လာခဲ့သည်။
စုချီဟန်က လက်ဆန့်တန်း လိုက်လျှင် အဆိပ်ငွေ့များ သူ့ထံမှ အကိုင်းအခက်များ ခွဲဖြာလာသကဲ့သို့ ထွက်ပေါ် လာကြသည်။ ထိုအရာများက အနက်ရောင် အရိပ်များအသွင်သို့ ပြောင်းလဲလျက် ရန်သူများအား ရစ်ပတ်ကြသည်။ ထိုအခိုက်တွင် များစွာသော အနက်ရောင် အလောင်းများ ဖြစ်လာသည်။ စုချီဟန်ကား ထိုနေရာတွင်ပင် ရပ်ကာ ရန်သူများ၏ တိုက်ခိုက်မှုကို တောင့်ခံနေသည်။
ရီဖူရှင်းကား ရန်သူများကို အဆက်မပြတ် သတ်ဖြတ်ကာ သူတို့ထံသို့ ပြေးသွားနေဆဲ ဖြစ်သည်။ ယွန်ရှင်း၊ ကျန်ကျောင်းနှင့် တခြားလူများကို အဆုံးမဲ့ပင်လယ်မှ တန်ခိုးရှင်များက တားဆီးထားကြရာ ရီဖူရှင်းက ထိုနေရာသို့ တစ်ယောက်တည်း ပြေးသွား နေရသည်။ သူ၏ အဝတ်အစားများမှာ သွေးများ ပေကျံနေပြီး ထိုနေရာသို့ မြန်ဆန်စွာ ရောက်ရှိရန် ကြိုးစားနေသည်။
ရီဖူရှင်း ပြေးလာနေသည်ကို အော့ဖန်က ကြည့်သည်။ ရီဖူရှင်း၏ နာမည်မှာ ရှေးနန်းတော်ရာ တိုက်ပွဲ၌ ပိုမိုကျော်ကြား လာခဲ့သည်။ ပြည်နယ်ကိုးခု ရှီအဆင့်၌ အဆင့်နှစ်ဆယ် အတွင်းဝင်သော အော့ဖန်က ရီဖူရှင်းမည်မျှ အားကောင်းသည်ကို စမ်းကြည့်လိုသည်။ သူ၏လက်တွင် လှိုင်းများထန်နေသော သုံးခွမှိန်း တစ်ချောင်း ပေါ်လာသည်။ မှိန်းအား ရှေ့သို့ ဝှေ့ယမ်း လိုက်လျှင် ပင်လယ်မှ အော်သံများအလား ထွက်လာသည်။
သူက ရှေ့ကိုကြည့်လျှင် ရီဖူရှင်းကလည်း သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်သည်။ သူက ရှေ့ကို တက်သွားလျှင် လေထုက တုန်ခါသည်။ မမြင်ရသော အားလှိုင်းက ပါးပြင်သို့ ရိုက်ခတ်လာ၏။ ထောင်ပေါင်း များစွာသော လှိုင်းများသည် ရီဖူရှင်းထံသို့ ရိုက်ခတ် လာသည့်အလား သူခံစားရသည်။ ရီဖူရှင်းက အော့ဖန်အား ကြည့်ကာ ပြိုင်ဘက်ကောင်း တစ်ယောက်နှင့် ရင်ဆိုရပြီ ဖြစ်ကြောင်း သိလိုက်သည်။
သို့သော်လည်း သူ နှေးကွေးသွားသော အချိန်၌ပင် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခုက ရီဖူရှင်းအား ရစ်ပတ်ကာ လေထုကို ထိုးခွင်းသည်။ ရီဖူရှင်းက ရှေ့သို့ ခုန်လွှားကာ အရှိန်နှင့် လေဟာနယ်လှံဖြင့် ထိုးသွင်းလျှင် ငွေရောင်သုံးခွမှိန်းဖြင့် ပြင်းထန်စွာ ထိရိုက်သည်။
အချိန်နှင့် လေဟာနယ်လှံက ပြိုင်ဘက်ကင်း အရှိန်အဝါဖြင့် ဖိနှိပ်လာခဲ့သည်တွင် လေဟာနယ်မှာ ရပ်တန့် သွားဟန်ရသည်။ အချိန်နှင့် လေဟာနယ်တို့၏ ဖိနှိပ်မှုအောက်၌ အရာခပ်သိမ်းမှာ ပျက်စီး သွားတော့မဲ့ဟန် ဖြစ်လာသည်။ သို့သော် ငွေသုံးခွမှိန်း သည်လည်း အဆုံးအစမဲ့သော စွမ်းအားများကို ပိုင်ဆိုင်ကာ ထောင်ပေါင်း များစွာသော လှိုင်းလုံးများကို ထုတ်ဖော်နိုင်သည်။ သူ၏ ကြီးမားသော စွမ်းအားက ရန်သူအား အဆက်မပြတ် ရိုက်ခတ်လျှင် ရီဖူရှင်းသည် ပြင်းထန်စွာ တုန်ခါ၏။ သူ့အား ကာကွယ်ထားသော ကြယ်တာရာ အရံအတားသည်ပင် ပြိုကွဲသွား၏။
သူ၏ ပြင်းထန်သော တိုက်ခိုက်မှုက ယာယီအားဖြင့် အသာစီးရသည်ဟု ဆိုသော်လည်း အော့ဖန်သည် အန္တရာယ်၏အငွေ့အသက်ကို ခံစားရကာ ပြင်းထန်သော ရင်ဆိုင်မှုတွင် နောက်သို့ ဆုတ်သွားရသည်။ ရီဖူရှင်းက သူ့အား တားဆီးခွင့် မပေးဘဲ တစ်ဟုန်ထိုး ကျော်ဖြတ်ကာ ပြေးသွားသည်။
အော့ဖန်က သူ့အား ဒေါသတကြီး ကြည့်သည်။ ထိုအခိုက်တွင် သူကား လှုပ်ရှား၍ မရတော့သလို ခံစားခဲ့ရသည်။ အချိန်နှင့် လေဟာနယ်ကို အေးခဲစေလျက် သေစေနိုင်သော တိုက်ခိုက်မှုသည် အော့ဖန်ထံသို့ တစ်ခဏချင်း ရောက်လာခဲ့၏။ ထိုခံစားချက်က သူ့အား ကြီးစွာ ကြောက်လန့် စေသည်။ လူအများအပြား သူ့ဘေးသို့ မြန်ဆန်စွာ ရောက်လာခဲ့သည်။ ရီဖူရှင်းက တန်ခိုးရှင် အများအပြားအား ကျော်ဖြတ်ကာ အဆိပ်ငွေ့များထံသို့ တိုးဝင်လျက် စုချီဟန်၏ ဘေးသို့ ရောက်လာသည်။
အနက်ရောင် အငွေ့အသက်များ တစ်ခဏချင်း သူ့ထံသို့ စိမ့်ဝင်လာခဲ့သည်။ ရီဖူရှင်းက ထိုအခိုက်တွင် အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက စုချီဟန်ထံသို့ လှမ်းသွားခဲ့သည်။
စုချီဟန်က ရီဖူရှင်းအား အနက်ရောင် မျက်လုံးများဖြင့် ကြည့်သည်။ သူ၏ တစ်ကိုယ်လုံးမှာ မည်းနက်နေကာ အရှိန်မရွေး သေဆုံးသွားနိုင်သော ပုံဟန်ဖြစ်သည်။ သူ၏ အခြေအနေကို မြင်လျှင် ရီဖူရှင်းက ပြောသည် … “မင်းက အဆိပ်ကို ဖြတ်တောက်ပြီးတော့ အနားယူသင့်တယ်”
စုချီဟန်က ခေါင်းယမ်းကာ ပြောသည်... “ မရတော့ဘူး... လိပ်ပြာလေးကို ကာကွယ်ပေးပါ” ထိုသို့ ပြောရင်းဖြင့်ပင် သူက ကောင်းကင်ထက်မှ ကျဆင်းကာ အဆိပ်ငွေ့များမှာလည်း အရပ်မျက်နှာမျိုးစုံသို့ အထိန်းအကွပ်မဲ့စွာ ပျံ့လွင့်သွားသည်။ သို့သော် ထိုအဆိပ်များသည် မူလကလောက် မပြင်းထန်တော့ပေ။ ထိုအခိုက်တွင် ယူချင်း၊ ဟွာဂျီယူနှင့် တခြားလူများ သည်လည်း ထိုနေရာသို့ ရောက်လာကြသည်။
“အစ်ကို...” လိပ်ပြာလေးက စုချီဟန်၏ ခန္ဓာကိုယ်အား ဖမ်းယူလိုက်ကာ မျက်ရည်များ ကျသည်။ စုချီဟန်က သူမအား ကြည့်ကာ ပြုံး၏။
“လိပ်ပြာလေး … တကယ်လို့ မင်းသူ့ကို သဘောကျရင် သူက မင်းကို ကောင်းမွန်တဲ့ အဆင့်အတန်း တစ်ခု ပေးဖို့ လိုလိမ့်မယ်”
“ဒီလို မဖြစ်ရဘူး...” လိပ်ပြာလေးက ခေါင်းယမ်းသည်။
“ဒီအရူး...” ရီဖူရှင်းက ကြိမ်းမောင်းသည်။ ပြောရင်းဖြင့်ပင် သူက လေထဲသို့ ခုန်တက်ကာ ကြယ်တာရာ အချုပ်အနှောင်၌ ပိတ်မိနေသော တန်ခိုးရှင်များအား တိုက်ခိုက်သည်။
“သူတို့နှစ်ယောက်ကို ကာကွယ်ကြ...” ရီဖူရှင်းက ယူချင်းနှင့် နောက်ထပ် သုံးယောက်ကို ပြောသည်။ သူတို့အားလုံး ခေါင်းညိတ် ကြသည်။ သူတို့က လူခွဲကာ လိပ်ပြာလေးနှင့် စုချီဟန်အား ကာကွယ်ကြ၏။
ပိုမိုများပြားသော တန်ခိုးရှင်များ ရောက်လာ နေကြသည်။ မြောက်ဘက် ချောက်နက်မှ တန်ခိုးရှင်များအပြင် အဆုံးမဲ့ပင်လယ်မှ တခြားလူများလည်း အလောတကြီး ပြေးလာနေကြ၏။ ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့ ထိုနေရာတွင်ရှိရာ ရတနာလှံနှင့် ရန်ဟောင် အမွေအနှစ်တို့မှာ တစ်နေရာတည်း၌ ရှိနေမည်ဟု ဆိုရမည်။
ရန်သူများ တဖြည်းဖြည်း များပြားလာလျှင် ရီဖူရှင်း၏ မျက်နှာက အရုပ်ဆိုးသွားသည်။ စုချီဟန် ကြုံတွေ့ခဲ့ရသလိုပင် သူသည်လည်း အကန့်အသတ် မရှိသော တိုက်ခိုက်မှုများအား ခံနိုင်ရည် မရှိပေ။ ပြင်းထန်သော တိုက်ခိုက်မှုများ မိုးစက် မိုးပေါက်များပမာ ကျဆင်း လာခဲ့သည်။ သူကား ရန်သူများ၏ တိုက်ခိုက်ရေး ဆုံမှတ် တစ်ခု ဖြစ်လာသည်။
ရီဖူရှင်း၏ စကားကို ကြားလျှင် စုချီဟန်က ဒေါသတကြီး လှမ်းကြည့်သည်။ သို့သော် ရီဖူရှင်းက သူတို့အတွက် အပြင်းအထန် ကာကွယ် ပေးနေရသည်ကို မြင်လျှင် သူ၏ဒေါသမှာ ပျောက်ကွယ် သွားသည်။
“အစ်ကို… နင်သေလို့ မရဘူး” လိပ်ပြာလေးက သူ့အားကြည့်ကာ ခေါင်းယမ်းသည်။
“လိပ်ပြာလေး … အဆိပ် အမြုတေထဲမှာ နှစ်ပေါင်းများစွာ ငါလေ့ကျင့်ထားတဲ့ အဆိပ်တွေ စုနေတယ်။ အခု အဲဒါက ထုတ်လွှတ်ခဲ့ပြီ ဆိုတော့ ပြန်စုစည်းလို့ မရတော့ဘူး” သူ၏အသံက ဖျော့တော့နေသည်။ သူ၏အဆိပ်များက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြင်းထန်စွာ ထိခိုက်စေပြီး ဖြစ်သည်။
“ညီမမှာ ဆေးအမြုတေ ရှိတယ်...” လိပ်ပြာလေးက မျက်ရည်များဖြင့် ပြုံးလျက် ပြောသည်။ ထို့နောက် သူမက ခေါင်းငုံ့ကာ စုချီဟန်အား နမ်းသည်။ ထိုအခိုက်တွင် စုချီဟန်ကား အတွေးများ အားလုံး ရပ်တန့်သွားဟန် ရသည်။ သူမ၏ နှုတ်ခမ်းများမှ အလွန် အားကောင်းသော ဆေးအားလှိုင်း တစ်ခုသည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်လာခဲ့သည်။
သူတို့၏ မျက်လုံးများသည် အချင်းချင်း လွန်စွာ နီးကပ် နေကြသည်။ စုချီဟန်က ခေါင်းယမ်းကာ လိပ်ပြာလေးအား တားဆီးရန် ကြိုးစား၏။ ထိုခဏ၌ သူ့တွင် စိုးရိမ်စိတ် ဖြစ်လာသည်။ ဤသို့လုပ်ခြင်းက သူမအား သေစေနိုင်သည်။ သို့သော်လည်း လိပ်ပြာလေးက သူ့အား ပွေ့ဖက်ထားရင်း သူမ၏မျက်နှာ၌ အနက်ရောင် အစင်းကြောင်းများ ဖြစ်လာခဲ့သည်။ စုချီဟန်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်။ ထိုအခိုက်တွင် သူကား နောင်တမရဘဲ သေနိုင်ပြီ ဖြစ်သည်။ ရီဖူရှင်းက အဘယ်ကြောင့် သူ့အား ကြိမ်းမောင်းခဲ့သည် ကိုလည်း နားလည်လိုက်သည်။ ရီဖူရှင်းက မကြာခင် ဖြစ်လာတော့မဲ့ အခြေအနေကို ကြိုတင် တွက်ဆမိဟန် ရသည်။
ဒီခွေးကောင် … ။ သို့သော်လည်း စုချီဟန်က သူ့အား မုန်းတီး၍ မရပေ။
သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များ အကြား၌ ဆေးအမြုတေနှင့် အဆိပ်အမြုတေတို့ ယှဉ်တွဲကာ လှည့်ပတ် နေကြသည်။ တစ်ခုမှာ အဆိပ်ဖြစ်ပြီး နောက်တစ်ခုမှာ ဆေးဖြစ်သည်။ ယခု တဖြည်းဖြည်းဖြင့် အဆိပ်နှင့် ဆေးတို့သည် ပေါင်းစပ်လာခဲ့ကာ ထိုအငွေ့အသက်များက လိပ်ပြာလေးနှင့် စုချီဟန်တို့၏ ခန္ဓာကိုယ်များသို့ ရစ်ပတ် စီးဆင်းသွားသည်။ လိပ်ပြာလေးနှင့် စုချီဟန်တို့၏ ခန္ဓာကိုယ်မှ အနက်ရောင် အစင်းကြောင်းများ တဖြည်းဖြည်း ကွယ်ပျောက် သွားကာ စုချီဟန်၏ အသက်ဓာတ်များ မှာလည်း ပြန်လည် ပြည့်ဖြိုး လာခဲ့သည်။
ကောင်းကင်ထက်၌ ရီဖူရှင်းနှင့် ရန်သူများ၏ ပြင်းထန်စွာ တိုက်ခိုက်နေသော အသံများကို ကြားကြရသည်။ သို့သော် စုချီဟန်က ထိုအသံများအား ကြားဟန် မတူပါ။
လေထဲတွင် အလွန် စွမ်းအားကြီးသော တန်ခိုးရှင်တစ်ပါး ပေါ်လာသည်။ မြောက်ဘက် ချောက်နက်ရှန့်ထိုက ထိုရောက်လာသော သူအား ကြည့်ကာ မျက်နှာပျက် သွားသည်။ ထိုသူကား ရှန့်ထိုကျင့် ဖြစ်သည်။
“မြောက်ဘက် ချောက်နက် ... ငါ့တပည့်တွေကို ခေါ်သွားမယ်။ မင်း တားဆီးမှာလား” ရှန့်ထိုကျင့်က ပြောသည်။
“ဟိုမှာရှိနေတဲ့ အလောင်းတွေကို တွေ့လား...” မြောက်ဘက် ချောက်နက် ရှန့်ထိုက ပြောသည်။
ရှန့်ထိုကျင့်က သူ၏စကားကို ကြားဟန် မတူဘဲ ဆက်ပြောသည်... “ကျုပ်က တော်ဝင် စစ်ပွဲကို ပါဝင်ကြောင်း ကြေညာတယ်။ တကယ်လို့ အဆုံးမဲ့ ပင်လယ်က တော်ဝင်မြေသုံးခု ငါ့ကို ဖြတ်သွားခွင့် ပြုရင် ကျုပ်က မင်းတို့ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး။ မဟုတ်ရင် …”
မြောက်ဘက် ချောက်နက် ရှန့်ထို၏ မျက်နှာက နက်မှောင် သွားသည်။ ရှန့်ထိုအဆင့် နံပါတ်ဆယ့်နှစ်တွင် ရှိသော ဤလူကား အဆိပ်ပညာရှင် ဖြစ်ကာ လွန်စာ ကြောက်မက်ဖွယ် ကောင်းသူ ဖြစ်သည်။
“ပင်လယ်နန်းတော်က ခင်ဗျားကို ခွင့်ပြုတယ်” ပင်လယ်ရှန့်ထိုက ပြောသည်။ ဤနှစ်ယောက်က တိုက်ပွဲမှ ထွက်သွားမည့် ကိစ္စတွင် ရှန့်ထိုကျင့်အား ရန်သူဖြစ်စရာ မလိုပေ။
နတ်ဘုရားကမ်းပါး ကလည်း ရှန့်ထိုကျင့်အား ခွင့်ပြုသည်။ မြောက်ဘက် ချောက်နက်ရှန့်ထို တစ်ယောက်သာ ခေါင်းမာနေသည်။ စုချီဟန် သတ်ဖြတ်ခဲ့သော လူအများစုမှာ သူ၏လူများဖြစ်ပြီး ထိုအထဲတွင် သူ၏ အချစ်ဆုံး သားတစ်ယောက်လည်း ပါသည်။ သို့သော် ရှန့်ထိုကျင့်က အေးစက်စွာ ပြောသည်... “မင်းငါ့ကို ခွင့်မပြုရင် ငါက အဆုံးမဲ့ပင်လယ်ရဲ့ ရှန့်ထိုတွေကို တိုက်ခိုက် ရလိမ့်မယ်။ မင်းငါ့ကို တားရဲသလား”
ယခု ပြည်နယ်ကိုးခုမှ လူများသည် တော်ဝင်စစ်ပွဲ၌ လွတ်လပ်စွာ ပါဝင်နိုင်ပြီ ဖြစ်သည်။
“ငါမင်းကို ခွင့်ပြုတယ်...” မြောက်ဘက် ချောက်နက်ရှန့်ထိုက မလိုလားစွာ ပြောသည်။ ရှန့်ထိုကျင့်အား သူ မတိုက်ခိုက်လိုပေ။
လေထဲမှ တန်ခိုးရှင်များက လမ်းဖယ်ပေးကြလျှင် စုချီဟန်နှင့် လိပ်ပြာလေးတို့က လူချင်းခွာ လိုက်ကြသည်။ စုချီဟန်ကား သူတို့ထံသို့ လှမ်းလာနေသော ရှန့်ထိုကျင့်အား ကြည့်သည်။
“ဆရာ …” နှစ်ယောက်လုံးက လှမ်းခေါ်ကြသည်။
ရှန့်ထိုကျင့်၏ အကြည့်က စုချီဟန်ထံသို့ ရောက်လာသည်... “ချီဟန် ... အခုကနေ စပြီးတော့ မင်းက ဆေးပညာကို လေ့ကျင့်ရမယ်” စုချီဟန်က သူ့အား လျှပ်စီးဖြင့် ထိရိုက်လိုက်သလို ခံစားလိုက် ရသည်။ သူက ထိုနေရာတွင် အတန်ကြာအောင် ဒူးထောက်နေပြီးမှ ရှန့်ထိုကျင့်အား ဦးညွှတ်ကာ မြေပြင်အား သူ၏ခေါင်းနှင့် ထိစေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ...” သူက မော့ကြည့်လျှင် သူ၏မျက်နှာ၌ မျက်ရည်စများအား တွေ့ရသည်။ ယခု သူ့အပေါ်ထားသော သူ့ဆရာ၏ စေတနာများအား ကောင်းကောင်း နားလည်ခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ သူ စုဆောင်းလာခဲ့သော အမိုက်မှောင်များ အားလုံးမှာလည်း ရှင်းလင်းသွားပြီ ဖြစ်ကာ သူ၏စိတ်နှလုံးက ကြည်လင် သွားခဲ့သည်။
စုချီဟန်က ရှန့်ထိုကျင့်၏ တပည့်ကြီး ဖြစ်ပေသည်။
***