အခန်း (၁၃၈၇)
Vol. 100 Ch. 1387
စကြဝဠာအဆင့် ကျွမ်းကျင်သူဆယ်ယောက်သည် ယဇ်ပလ္လင်၏ရှေ့တွင် ဆင်းသက်လာသည်။ သူတို့က ရှုပ်ထွေးသောမျက်နှာထားနှင့် မီးခိုးရောင်ဖြစ်နေသော ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။
“မိတ်ဆွေလေးဟန်၊ ကျေးဇူးပါပဲ”
လီမိသားစု၏ စကြဝဠာအဆင့်ကျင့်ကြံသူ လီတောက်ကျင်းက နဂါးမိကျောင်းပုံရိပ်အား သိမ်းလိုက်သော ဟန်မူယဲ့ကိုကြည့်ပြီး ညင်သာစွာပြောသည်။
တခြားလူများကလည်း ဟန်မူယဲ့ကို လေးနက်စွာ ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က ဝင်မပါခဲ့လျှင် သူတို့က ယဇ်ပလ္လင်ကို အသက်သွင်းရန်အတွက် စတေးခံများ ဖြစ်သွားလိမ့်မည်။
ထို့အပြင် ယနေ့တွင် ပြသခဲ့သော ဟန်မူယဲ့၏ခွန်အားသည် အလေးအနက်ထားရန် ထိုက်တန်သည်။
ဟန်မူယဲ့က သူတို့ထက် မသာလျှင်ပင် သူတို့နှင့် တန်းတူ ဖြစ်သည်။
“အကြီးအကဲတို့၊ ယဇ်ပလ္လင်နဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းကြမလဲ”
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ယဇ်ပလ္လင်မှ လွင့်ထွက်လာသော အင်းကွက်တစ်ခုကို ပြသသည်။
ထိုအင်းကွက်ကို မြင်ရသောအခါ ကျွမ်းကျင်သူများ၏ မျက်လုံးက တောက်ပလာသည်။
လုကန်းဟုန်က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“မိတ်ဆွေလေး၊ ဒါက အခွင့်အရေးတစ်ခုပဲ”
အခွင့်အရေးတစ်ခု ....
ထိုအင်းကွက်သည် ယဇ်ပလ္လင်မှတစ်ဆင့် အနန္တလောကသို့ ဝင်ရောက်ရန် အမှတ်အသားတစ်ခု ဖြစ်သည်။
ဤတစ်ကြိမ်တွင် ယဇ်ပလ္လင်က နောက်တစ်ကြိမ် အသက်ဝင်လာလျှင် ခွင့်ပြုချက်အနေဖြင့် အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့သည်။
နောက်တစ်ကြိမ်တွင် ထိုအမှတ်အသားကို ပိုင်ဆိုင်ထားသောလူတိုင်းက ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
ယဇ်ပလ္လင် အသက်ဝင်လာမည့်အချိန်ကို စိုးရိမ်နေရန် မလိုအပ်ပေ။
ခွင့်ပြုချက်အမှတ်အသားများ ပြန့်ကျဲသွားသောကြောင့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများက ယဇ်ပလ္လင်ကို ဖွင့်လှစ်ရန် ကြိုးစားကြလိမ့်မည်။
အစပိုင်းတွင် မိစ္ဆာသားရဲများအတွက် သီးသန့်ဖြစ်ခဲ့သော အခွင့်အရေးသည် ယခုအချိန်တွင် လူတိုင်းအတွက် ဖြစ်သွားသည်။
ပြန့်ကျဲသွားသော အင်းကွက်များသည် စကြဝဠာနယ်မြေကို မုန်တိုင်းထန်သွားစေမည်။ ထို့နောက် ကျွမ်းကျင်သူများက စုစည်းလာပြီး ယဇ်ပလ္လင်ကို အသက်သွင်းကြလိမ့်မည်။
အနည်းဆုံး အင်းကွက်တစ်သန်း ပြန့်ကျဲသွားခဲ့သည်ဟု ဟန်မူယဲ့က ခန့်မှန်းမိသည်။
ထို့ကြောင့် နောက်တစ်ကြိမ်တွင် စကြဝဠာနယ်မြေ၏ လက်ရွေးစင်တစ်သန်းခန့် စုစည်းလာလိမ့်မည်။
အစစ်အမှန်ကျွမ်းကျင်သူများကတော့ ကိုယ်ပိုင်အင်အားစုကို အစောင့်အကြပ်မထားဘဲ ထွက်လာကြမည်မဟုတ်ပေ။
ထို့အပြင် ထိုကျွမ်းကျင်သူများအတွက် ယဇ်ပလ္လင်မှတစ်ဆင့် ရရှိလာမည့် အခွင့်အရေးနှင့် အကျိုးအမြတ်များသည် သိပ်အရေးမကြီးပေ။
“အကြီးအကဲတို့”
ဟန်မူယဲ့က ရှေ့တွင်ရှိသော စကြဝဠာအဆင့် ကျွမ်းကျင်သူဆယ်ယောက်ကို ကြည့်လိုက်သည်။ သူက တည်ငြိမ်နေသောမျက်နှာထားနှင့် ပြောလိုက်သည်။
“ကျွန်တော်က အခွင့်အရေးတစ်ခုကြောင့် နဂါးမိကျောင်းရဲ့ စွမ်းအားတချို့ကို ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပါဘူး”
“အကြီးအကဲတို့က ဒီအကြောင်းကို လျှို့ဝှက်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”
သူ့မှာ နဂါးမိကျောင်း၏စွမ်းအား ရှိနေကြောင်း တခြားလူများကို ပေးမသိချင်ပေ။
သို့သော် သတင်းပြန့်သွားလျှင်လည်း အရေးမကြီးပေ။
ဟန်မူယဲ့ထုတ်ပြထားသော ခွန်အားအရ စကြဝဠာနယ်မြေတွင် ကောင်းမွန်စွာ နေနိုင်သည်။
သူက နဂါးမိကျောင်း၏စွမ်းအားကို ထိန်းချုပ်ထားကြောင်း လူအများအပြားအား မသိစေလိုခြင်း ဖြစ်သည်။
လုကန်းဟန်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
ယနေ့တွင် ဟန်မူယဲ့က သူတို့ကို ကူညီပေးခဲ့သောကြောင့် ထိုတောင်းဆိုချက်မျိုးကို ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် သူတို့က အရေးနိမ့်ခဲ့သောကြောင့် ထိုအကြောင်း ပျံ့နှံ့သွားလျှင် ရှက်စရာဖြစ်နေမည်။
သူတို့က ယဇ်ပလ္လင်၏ဘေးတွင် မိစ္ဆာများ၏ အကြံအစည်ကို ဆွေးနွေးနေကြသည်။ ယခုဖြစ်ရပ်ကြောင့် သက်ရောက်လာမည့် အကျိုးဆက်ကိုလည်း ကိုင်တွယ်ရန် ပြောခဲ့ကြသည်။
ရှုကျီယန်က ပြန်လည်မွေးဖွားလာသောကြောင့် မိစ္ဆာများက ယဇ်ပလ္လင်ကို အသက်သွင်းရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့၏ ဆက်တိုက်ကျဆင်းလာသော မျိုးနွယ်စုနှင့်လည်း သက်ဆိုင်နေသည်။
နတ်ဘုရားသားရဲများကို ကျွန်ပြုပြီး မြို့မတည်ဆောက်လျှင်ပင် လေဟာနယ်နှင့် စကြဝဠာနယ်မြေတွင် နတ်ဘုရားသားရဲများ ပေါ်ထွက်လာရန် အလွန်ရှားပါးနေသည်။
မိစ္ဆာသားရဲအများစုသည် အကန့်အသတ်သို့ ရောက်နေပြီး ကမ္ဘာဦးတစ်ဝက်အဆင့်တွင် ရှိနေကြသည်။ သို့သော် ကမ္ဘာဦးအဆင့်သို့ မတက်ရောက်နိုင်ဘဲ နတ်ဘုရားသားရဲများ၏ အစစ်အမှန်စွမ်းရည်ကို မပိုင်ဆိုင်ကြပေ။
မိစ္ဆာသားရဲများသည် ဤတောရိုင်းမြေတွင် အလွန်ပေါများသော်လည်း အစစ်အမှန် နတ်ဘုရားသားရဲများ၏ အရေအတွက်က အလွန်နည်းပါးသည်။
အုပ်ချုပ်သူအဆင့်တွင်ရှိသော စကြဝဠာအဆင့် နတ်ဘုရားသားရဲ နှစ်ကောင်သာ ရှိနေသည်။
ထိုအရာသည် စကြဝဠာနယ်မြေ၏ မိစ္ဆာမျိုးနွယ် ဖြစ်သည်။
“အမှန်အတိုင်းပြောရရင် ငါတို့ လူသားမျိုးနွယ်ကလည်း ပါရမီရှင်တွေကို လိုအပ်နေတယ်”
လီတောက်ကျင်း၏ ဘေးတွင်ရှိသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ခေါင်းခါလိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။
မြူနှင်းစက်ခန်းဆောင်၏ အကြီးအကဲက နက်ရှိုင်းစွာ ခံစားမိနေသည်။
မြူနှင်းစက်ခန်းဆောင်သည် စကြဝဠာအဆင့် ကျွမ်းကျင်သူများ၊ လက်ရွေးစင်တပည့်များနှင့် အင်အားစုကြီးတစ်ခု ဖြစ်ခဲ့သည်။
သို့သော် အချိန်ကြာသွားသောအခါ စကြဝဠာအဆင့် ကျင့်ကြံသူများက မသေဆုံးလျှင် တံခါးပိတ်ကျင့်ကြံနေကြသည်။ သို့မဟုတ် လျှို့ဝှက်နည်းလမ်းများဖြင့် ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်ကြသည်။
ယခုအချိန်တွင် သူတို့ခန်းဆောင်က စကြဝဠာအဆင့်ခွန်အားကို ထုတ်သုံးနိုင်သည်ဆိုရုံသာ ရှိတော့သည်။
မျိုးဆက်သစ်များကြားတွင်လည်း ထူးချွန်သောလူ မရှိပေ။
ထို့ကြောင့် တပည့်များ ဝိုင်းရံခံထားရသောကြောင့် သူက ရွေးချယ်စရာမရှိဘဲ ကယ်တင်ရန် ရောက်လာခဲ့သည်။
သူက တပည့်များ ဆုံးရှုံးသွားမည်ကို ကြည့်မနေနိုင်တော့ပေ။
“မိတ်ဆွေလေးဟန်၊ ယဇ်ပလ္လင်ကို နောက်တစ်ကြိမ်အသက်သွင်းဖို့ သိပ်ကြာမှာမဟုတ်ဘူး”
လီတောက်ကျင်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
‘ငါတို့ လီမိသားစုကို အလည်လိုက်လာပြီး မိသားစုရဲ့ တပည့်တွေနဲ့အတူ ယဇ်ပလ္လင်ကို သွားလို့ရတယ်”
“ဟားဟား၊ ငါတို့ ချန်မိသားစုကလည်း မိတ်ဆွေလေးဟန်ကို ကြိုဆိုနေပါတယ်”
ချန်ကျွင်းလျန်က ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
တခြားလူများကလည်း ဟန်မူယဲ့ကို ဖိတ်ခေါ်လိုက်ကြသည်။
ဟန်မူယဲ့၏ ခွန်အားအရ ယဇ်ပလ္လင်ဖွင့်ပွဲတွင် ကံကောင်းခြင်းကို ရနိုင်လိမ့်မည်။
ဟန်မူယဲ့က သူတို့၏ ကမ်းလှမ်းချက်ကို လက်မခံလျှင်ပင် သူတို့က ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားချင်သည်။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်လျက် ပြန်ပြောသည်။
“စိတ်ချပါအကြီးအကဲတို့၊ အခွင့်အရေးရရင် ကျွန်တော်က အလည်လာခဲ့ပါ့မယ်”
“အခုတော့ ကျွန်တော့်မှာ ကိစ္စလေးတွေ ရှိပါသေးတယ်။ လုမိသားစုကိုလည်း သွားရပါအုံးမယ်”
သူက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး ရင်ဘတ်တွင် တပ်ထားသည်။
“ကျွန်တော်က လုမိသားစုအတွက် လက်နက်ပြုပြင်ပေးဖို့ တာဝန်တစ်ခုကို ယူထားပါတယ်”
‘ပန်းပဲပညာရှင်လား ....’
‘ရုပ်ခန္ဓာခွန်အား အရမ်းသန်မာတဲ့ ကျွမ်းကျင်သူက ပန်းပဲပညာရှင်တစ်ယောက် ဖြစ်နေတာလား’
‘လောကမှာ ဒီလိုမျိုး အားကောင်းတဲ့ ပန်းပဲပညာရှင်တစ်ယောက် ရှိနေတာလား’
“မင်း .... မင်းက ဆရာဟန်လား”
လုကန်းဟုန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မယုံကြည်နိုင် ဖြစ်နေသည်။
လုမိသားစုသည် နတ်ဘုရားတစ်သောင်းဘုရားကျောင်းမှတစ်ဆင့် စကြဝဠာအဆင့်လက်နက်အား ပြုပြင်ပေးရန် ဆရာဟန်ကို ဖိတ်ခေါ်ခဲ့သည်။
စကြဝဠာနယ်မြေတွင် အင်အားစုတိုင်းက တွန့်ဆုတ်စွာ စွန့်ပစ်ထားရသော ပျက်စီးနေသည့် အားကောင်းသောလက်နက်များကို ပိုင်ဆိုင်ကြသည်။
လုမိသားစုက လုကျီရှုမှတစ်ဆင့် ဆရာဟန်၏အထောက်အထားကို သိထားသည်။
သူက ပန်းပဲပညာရှင်အစည်းအရုံး၏ ဆယ့်ကိုးယောက်မြောက် ပင်မအကြီးအကဲ ဖြစ်သည်။ သူ၏ ပန်းပဲနည်းစနစ်သည် အလွန်အားကောင်းပြီး စကြဝဠာနယ်မြေ၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်များကပင် လေးစားရသည်။
ပန်းပဲပညာရပ်တွင် သူ၏ အောင်မြင်မှုသည် ကျင့်ကြံဆင့်၊ တိုက်ခိုက်နိုင်စွမ်းတို့ထက် မနိမ့်ကျပေ။
ထို့ကြောင့် လုကန်းဟုန်က အံ့အားသင့်သွားရသည်။
ထိုသို့ အားကောင်းသော ကျွမ်းကျင်သူတစ်ဦးသည် ပန်းပဲပညာရပ်နှင့် တိုက်ခိုက်နိုင်စွမ်းတွင် အလွန်ထူးချွန်နေသည်။
“မိတ်ဆွေလေးဟန်က ဆရာဟန်ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး”
လုကန်းဟုန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဆရာဟန်ရောက်လာတာကို လုမိသားစုကနေ စောင့်နေပါ့မယ်”
“မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေကလည်း ဆရာဟန်ကို မျှော်နေကြပါတယ်”
သူက စကားအဆုံးတွင် ကျေနပ်စွာ ရယ်လိုက်ပြီး သိချင်နေသော တခြားလူများကို ဦးညွတ်သည်။ ထို့နောက် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
မိတ်ဆွေလေးဟန်က ဆရာဟန်ဖြစ်ပြီး လုမိသားစုသို့ အလည်လာမည်ဟု ကတိပေးထားသောကြောင့် သူက ဆွဲဆောင်နေရန် မလိုတော့ပေ။
ဆရာဟန်ကို ကြိုဆိုရန်အတွက် အိမ်သို့ ပြန်သွားပြီး အစီအစဉ်လုပ်နေလျှင် ပိုကောင်းသည်။
လုကန်းဟုန် ထွက်သွားသောကြောင့် တခြားလူများကလည်း အချိန်ဆွဲမနေဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး ဗလာဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်သည်။ သူက သိပ်မဝေးသောနေရာတွင် ဆင်းသက်လာသော သခင်မမူယွဲ့ကို မြင်လိုက်ရသည်။
ယခုအချိန်တွင် သခင်မမူယွဲ့က တစ်ယောက်တည်းဖြစ်သည်။ တခြားနှစ်ယောက်က ပုန်းကွယ်နေကြသည်။
“နဂါးမိကျောင်းရဲ့စွမ်းအား။ နင်က ငါ့ကို သိချင်လာအောင် လုပ်နေတာပဲ”
သခင်မမူယွဲ့က ဟန်မူယဲ့ကို စူးရှစွာ ကြည့်သည်။
“နဂါးမိကျောင်းက ကြယ်စင်စုစကြဝဠာရဲ့ ဒါဇင်ချီတဲ့ စကြဝဠာအဆင့် ကျွမ်းကျင်သူတွေကို သတ်ဖြတ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွမ်းကျင်သူတွေက ပူးပေါင်းပြီး သူ့ကို အမဲလိုက်ခဲ့တယ်”
“နင်က နဂါးမိကျောင်းရဲ့ ဆက်ခံသူ ဖြစ်နေတယ်ဆိုတော့ စကြဝဠာနယ်မြေက ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးတွေနဲ့ ရန်သူဖြစ်ချင်နေတာလား”
ဟန်မူယဲ့က အားကောင်းပြီး နဂါးမိကျောင်း၏ အမွေအနှစ်ကို ဆက်ခံထားလျှင်ပင် နဂါးမိကျောင်းကဲ့သို့ မလုပ်နိုင်သေးပေ။
လက်ရှိအချိန်တွင် ကြယ်စင်စုစကြဝဠာက ကျဆင်းနေသော်လည်း ပတ်ဝန်းကျင်စကြဝဠာများတွင် အသန်မာဆုံးဖြစ်နေဆဲပင်။
“ကျွန်တော်က အဲဒီအကြောင်းတွေကို စိတ်မဝင်စားဘူး”
ဟန်မူယဲ့က ခေါင်းခါသည်။
သူက နဂါးမိကျောင်း၏ အစစ်အမှန် အမွေဆက်ခံသူ မဟုတ်ပေ။ နဂါးမိကျောင်း၏ စွမ်းအားကို ခိုးယူခဲ့သောလူသာ ဖြစ်သည်။
သူက နတ်ဘုရားရင်းမြစ်နန်းတော်တွင် အကျဉ်းကျနေသော ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်နှင့် မည်သို့ မျက်နှာချင်းဆိုင်ရမည်ဖြစ်ကြောင်း မတွေးနိုင်သေးပေ။
သူက နဂါးမိကျောင်း၏ ဝိညာဉ် ဖြစ်သည်။
“ကျွန်တော့်မှာ ကိုယ်ပိုင်လမ်းစဉ်ရှိတယ်”
ဟန်မူယဲ့က ရေရွတ်လိုက်ပြီး ဘေးတွင်ရှိသော ယဇ်ပလ္လင်ကို ကြည့်သည်။
လောကတစ်သောင်းနှင့် ချိတ်ဆက်နေသော ထိုယဇ်ပလ္လင်သည် မူလစကြဝဠာနှင့်လည်း ဆက်သွယ်နေသည်။
ထိုယဇ်ပလ္လင်မှတစ်ဆင့် မူလစကြဝဠာသို့ ပြန်သွားနိုင်သည်။
ထို့အပြင် သူက လက်ထဲတွင် အင်းကွက်ကိုင်ထားသောကြောင့် လွတ်လပ်စွာ ပြန်လာနိုင်သည်။
ထိုသို့မဟုတ်လျှင် ကြယ်စင်စုစကြဝဠာမှ ထွက်သွားပြီး မည်သည့်အချိန်တွင် ပြန်လာမည်ဖြစ်ကြောင်း မသိနိုင်ပေ။
“ကိုယ်ပိုင်လမ်းစဉ်”
သခင်မမူယွဲ့က ရေရွတ်လိုက်သည်။
ဟန်မူယဲ့၏ ထိုစကားသည် သူမ၏ နှလုံးသားကို တုန်ခါသွားစေသည်။
အမှန်ပင်ဖြစ်သည်။ လူတိုင်းသည် ကိုယ်ပိုင်လမ်းစဉ်ကို ပိုင်ဆိုင်ကြသည်။
“နင့်မှာ နဂါးမိကျောင်းတင်မကဘဲ ခွေရဲ့ စွမ်းအားလည်း ရှိနေတယ်။ ငါက အဲဒီအကြောင်းကို တကယ်သိချင်မိတယ်”
ဟန်မူယဲ့၏နောက်တွင် အသံတစ်သံ ထွက်လာသည်။
သခင်မမူယွဲ့၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုကို မြင်ရသည်။ သူမက ရေရွတ်လိုက်သည်။
“ထိုက်ယင်”
ဟန်မူယဲ့က အံ့အားသင့်နေသော မျက်နှာထားဖြင့် လှည့်ကြည့်သည်။
ထိုက်ယင် ....
မူလစကြဝဠာ၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲ ....
သူမက ယင်စွမ်းအားကို ထိန်းချုပ်ထားသည်။
ဤလောကတွင် ဆန့်ကျင့်ဘက်ဖြစ်သလို လိုက်ဖက်ညီနေသော ယန်နှင့်ယင်စွမ်းအား တည်ရှိသည်။
ထိုက်ယင်က ယန်စွမ်းအား၏ ဆန့်ကျင်ဘက်ဖြစ်သော ယင်စွမ်းအားကို ထိန်းချုပ်ထားသည်။
သူမက ရှေးခေတ်၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲငါးပါးထဲတွင် ပါဝင်ခဲ့သည်။
‘သူမက ကြယ်စင်စုစကြဝဠာကို ရောက်လာပြီး စကြဝဠာနယ်မြေမှာ ရှိနေတာလား’
ဟန်မူယဲ့က နောက်လှည့်ကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။ သူမ၏ မျက်လုံးများက တစ္ဆေအလင်းဖြင့် တောက်ပနေသည်။
သူမက ဆံပင်ကို မြှောက်စည်းထားပြီး နီရဲသော နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်သည်။
သခင်မမူယွဲ့က နာမည်ကို ထုတ်မပြောလျှင် ဟန်မူယဲ့က ထိုအမျိုးသမီးကို ရှေးခေတ်၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲဟု သိနိုင်မည်မဟုတ်ပေ။
“ရွှေကျီးကန်းစွမ်းအားက အစစ်အမှန်လက်နက်အဖြစ် ပြောင်းလဲသွားပြီး စကြဝဠာအဆင့် ဖြစ်လာတယ်။ သူက ဘာဖြစ်လို့ နင့်ကို ရွေးချယ်လိုက်တာလဲ ငါသိချင်တယ်”
ထိုက်ယင်က ထွင်းဖောက်မြင်နေရသကဲ့သို့ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
သူ .... နေအလင်း၊ ရွှေကျီးကန်း ....
လောကကို အလင်းပေးခဲ့သော ရွှေကျီးကန်းများ၏ဘိုးဘေး ဖြစ်သည်။
‘ငါ့ခန္ဓာကိုယ်မှာ စုစည်းနေတဲ့ ရွှေကျီးကန်းစွမ်းအားကို ရှေးခေတ်ရဲ့ အဲဒီကျွမ်းကျင်သူက စီစဉ်ခဲ့တာလား’
ဟန်မူယဲ့က မသိပေ။
သူက ရှေးခေတ်ကျွမ်းကျင်သူများ၏ နည်းလမ်းကို မခန့်မှန်းနိုင်ပေ။