← Chapters

အခန်း (၁၃၈၈)

Vol. 100 Ch. 1388

အခန်း (၁၃၈၈)

Vol. 100 Ch. 1388

“အကြီးအကဲက ဘာဖြစ်လို့ ကျွန်တော့်ကိုကူညီပြီး ယဇ်ပလ္လင်ရဲ့စွမ်းအားကို ဖျက်ဆီးလိုက်တာလဲ”

ဟန်မူယဲ့က ထိုက်ယင်ကို ဦးညွတ်လိုက်ပြီး မေးသည်။

သူ့တွင် သံသယများ ရှိနေသောကြောင့် တိုက်ရိုက်မေးလိုက်လျှင် ပိုကောင်းမည်။

နောက်ကွယ်တွင် ကျွမ်းကျင်သူတစ်ယောက်က ညွှန်ကြားပေးနေသောကြောင့် သူက ဆင်သားရဲကို အနိုင်ယူပြီး ယဇ်ပလ္လင်၏စွမ်းအားကို ဖျက်ဆီးနိုင်ခဲ့သည်။

ထိုသို့မဟုတ်လျှင် အစစ်အမှန် နဂါးမိကျောင်းကသာ ယဇ်ပလ္လင်၏စွမ်းအားကို ဖျက်ဆီးနိုင်ခဲ့သည်။

သူက နဂါးမိကျောင်း၏ စွမ်းအား သုံးပုံတစ်ပုံကိုသာ ပိုင်ဆိုင်ထားသည်။ အမြီးရိုက်ချက်တစ်ခုတည်းဖြင့် ယဇ်ပလ္လင်၏စွမ်းအားကို ဖျက်ဆီးရန် မဖြစ်နိုင်ပေ။

ဆင်သားရဲကို အနိုင်ယူခြင်းသည် အကန့်အသတ် ဖြစ်သည်။

ဟန်မူယဲ့၏ ခွန်အားသည် ထင်ထားသည်ထက် ပိုနေသောကြောင့် တောရိုင်းမြေ၏ မိစ္ဆာများက ထွက်ပြေးသွားကြသည်။

“ငါက နဂါးမိကျောင်း ဖိနှိပ်ခံထားရတဲ့နေရာကို သိတယ်။ အဲဒါကြောင့် သိချင်နေတာပဲ”

ထိုက်ယင်က တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“မူလစကြဝဠာက အခု ဘယ်လိုနေလဲ”

ထိုက်ယင်က ထိုမေးခွန်းကို မေးလိုက်သောအခါ ဟန်မူယဲ့၏စိတ်က တုန်ခါသွားသည်။ သူ၏ စိတ်နယ်ပယ်တွင်ရှိသော ဝိညာဉ်စွမ်းအားသည် အရိုးအေးလောက်သော လရောင်၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။ ဝိညာဉ်စွမ်းအားသည် တိမ်တိုက်များသဖွယ် တွန့်လိမ်လှုပ်ရှားသွားသည်။

ထိုက်ယင်၏စွမ်းအား ဖြစ်သည်။

ယန်စွမ်းအား၏ ဆန့်ကျင်ဘက်ဖြစ်ပြီး နူးညံ့ညင်သာသော်လည်း အစီအစဉ်တကျရှိသည်။

ဟန်မူယဲ့က မူလစကြဝဠာမှ ရောက်လာခြင်းမဟုတ်ဘဲ ဇာတ်လမ်းဆင်၍ပြောလျှင် ထိုက်ယင်၏ တန်ပြန်စွမ်းအားကို ချက်ချင်းခံစားရလိမ့်မည်။

ဟန်မူယဲ့က တန်ပြန်စွမ်းအား၏ သက်ရောက်မှုကို မခန့်မှန်းနိုင်ပေ။

သို့သော် သူက ဝိညာဉ်စွမ်းအားများအားလုံးကို ထုတ်သုံးလျှင်ပင် သူ့စိတ်နယ်ပယ်က ဖိနှိပ်ခံနေရဆဲ ဖြစ်လိမ့်မည်။

မူလဝိညာဉ်ဓားသုံးလက်ကို ဖောက်ခွဲလိုက်လျှင်တော့ လွတ်မြောက်နိုင်သည်။

“မူလကမ္ဘာက ပျက်စီးသွားခဲ့ပြီ”

ဟန်မူယဲ့က တီးတိုးပြောသည်။

“မူလကမ္ဘာရဲ့ အမွေအနှစ်ဖြစ်တဲ့ ခွန်းဝူကို အချိန်မြစ်ထဲမှာ ချိပ်ပိတ်ထားတယ်။ ဝင်ရောက်သွားဖို့ မဖြစ်နိုင်ဘူး”

“နတ်ဘုရားလောက၊ ကောင်းကင်စက်ဝန်းစစ်မြေပြင်နဲ့ မူလကမ္ဘာရဲ့ အင်အားစုတွေက ကိုယ်ပိုင်ရွေးချယ်မှုကို ပြုလုပ်ထားကြတယ်”

မူလစကြဝဠာ၏ အမွေအနှစ်များက ပြတ်တောက်သွားသည်ဟု ထင်ရသော်လည်း ပုံစံအသစ်ဖြင့် ဆက်လက်တည်ရှိနေကြသည်။

တစ်ဖက်တွင် ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်က ပြတ်တောက်မသွားသော်လည်း ဆက်တိုက် ကျဆင်းနေသည်။

ထိုကျဆင်းမှုကြောင့် ကျွမ်းကျင်သူများက အလွန်စိုးရိမ်ပြီး မျက်လုံးပြူးနေကြသည်။

ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်သည်။ ထိုက်ယင်က တိတ်ဆိတ်စွာ နားထောင်နေသည်။

ဘေးတွင်ရှိသော သခင်မမူယွဲ့ကလည်း ဟန်မူယဲ့၏စကားကို နားထောင်နေခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၊ အင်မော်တယ်ကမ္ဘာ၊ နတ်ဘုရားခုံရုံးနှင့် မရေမတွက်နိုင်သော ကမ္ဘာများ၏ အမွေအနှစ်နည်းလမ်း ....

အင်မော်တယ်တာအိုသည် လုံလောက်စွာ မသန်မာပေ။ ထာဝရရှင်သန်ခြင်းကိုလည်း အမှန်တကယ် မရနိုင်ပေ။ သို့သော် အင်မော်တယ်တာအို၏ ခမ်းနားမှု၊ ကျင့်ကြံခြင်းဉာဏ်အလင်းနှင့် စိတ်အခြေအနေ၊ ဘဝအပေါ်တွင် အလေးထားမှု စသည်တို့ကို တခြားကျင့်ကြံခြင်းအမွေအနှစ်များတွင် မတွေ့နိုင်ပေ။

ထို့အပြင် ဓားလမ်းစဉ်၊ တာအိုလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ ကွန်ဖြူးရှပ်လမ်းစဉ် စသည်ဖြင့် အသီးသီး တည်ရှိနေသည်။

“ဒါက အစစ်အမှန်ကျင့်ကြံခြင်းလောကပဲ ....”

သခင်မမူယွဲ့က မျှော်လင့်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

သူမ၏ရှေ့တွင်ရှိ‌သော ထိုက်ယင်၏မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးများက ထူးထူးခြားခြား တောက်ပနေသည်။

“သူက တကယ်အောင်မြင်သွားတာပဲ ....”

ဟန်မူယဲ့က ထိုက်ယင်ကို ကြည့်လိုက်သည်။

‘သူဆိုတာက ဘယ်သူလဲ’

ထိုက်ယင်က ထိုအကြောင်းကို မပြောချင်ပုံရသည်။

“နင်က မူလစကြဝဠာကနေ ရောက်လာတာဆိုတော့ တောရိုင်းမြေရဲ့ မိစ္ဆာသားရဲတွေ၊ နတ်ဘုရားသားရဲတွေနဲ့ ဆွေမျိုးခံစားချက် ရှိသင့်တယ်။ ဘာဖြစ်လို့ သူတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်တာလဲ”

“တကယ်လို့ ငါဝင်မပါရင် နင်က ရွှေကျောက်စိမ်းဆင်နဲ့ ကောင်းကင်အူဝံပုလွေကို တစ်ခါတည်း သတ်ပစ်လိုက်မှာလား”

ထိုက်ယင်က လေးနက်သောအကြည့်ဖြင့် တည်ငြိမ်စွာပြောသည်။

“ငါ့ကိုမညာနဲ့။ ငါက နင့်ရဲ့ အစစ်အမှန်ခွန်အားကို မြင်နိုင်တယ်”

သူ၏ အစစ်အမှန်ခွန်အားကို မြင်နိုင်သည်။

သူ့ခန္ဓာကိုယ်တွင် ပုန်းကွယ်နေသော အစစ်အမှန်ဝိညာဉ်အရိုးဓား၊ ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်နိုင်သော မူလဝိညာဉ်ဓားသုံးလက် ....

နဂါးမိကျောင်း၏စွမ်းအားကို အသုံးမပြုလျှင်ပင် ဓားစွမ်းအားဖြင့် တောရိုင်းမြေ၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲနှစ်ကောင်ကို သတ်ဖြတ်နိုင်သည်။

“ကျွန်တော်က သူတို့ကို မသတ်ပါဘူး”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

“ကျွန်တော်က ကိုယ်ပိုင်ခွန်အားကို စမ်းသပ်ချင်ရုံပါပဲ”

“ယဇ်ပလ္လင်ကတော့ နောက်တစ်ကြိမ်အသက်ဝင်လာရင် ဒီကနေ့တစ်ဆင့် မူလစကြဝဠာကို ပြန်သွားနိုင်မယ်လို့ မျှော်လင့်တယ်”

မူလစကြဝဠာသို့ ပြန်သွဦးမည်။

ဟန်မူယဲ့က မူလစကြဝဠာ၏ ကပ်ဘေးကို စတင်ခဲ့သည်။ ထို့ကြောင့် ထိုကပ်ဘေး၏ အရာအားလုံးကို တာဝန်ယူရမည်။

ထိုက်ယင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းသည်။

ပုံရိပ်အများအပြားသည် လျင်မြန်စွာ ဆင်းသက်လာကြသည်။

နတ်ဘုရားသားရဲများ ဖြစ်သည်။

သူတို့က လူအဖြစ် အသွင်ပြောင်းထားသော်လည်း ဟန်မူယဲ့က နတ်ဘုရားသားရဲများ၏ စွမ်းအားကို အာရုံခံမိနေသည်။

ရှေ့ဆုံးတွင်ရှိသော လူနှစ်ယောက်၏ မျက်လုံးများက အေးစက်နေသည်။ တစ်ယောက်က ငွေရောင်ဝတ်စုံနှင့် ကောင်းကင်အူဝံပုလွေဖြစ်ပြီး နောက်တစ်ယောက်က ခန္ဓာကိုယ်ကြံ့ခိုင်သော ရွှေကျောက်စိမ်းဆင် ဖြစ်သည်။

တခြားလူများကတော့ စကြဝဠာအဆင့် ကျွမ်းကျင်သူဆယ်ယောက်ကို ချုပ်နှောင်ခဲ့သော နတ်ဘုရားသားရဲ ၁၃ကောင် ဖြစ်သည်။

ယခု သူတို့က ဆင်းသက်လာပြီး စွမ်းအားများကို ထုတ်လွှတ်၍ ဟန်မူယဲ့ကို ကြမ်းတမ်းစွာ ကြည့်လိုက်ကြသည်။

သူတို့၏ ပူး‌ပေါင်းစွမ်းအားသည် နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေနိုင်သည်။

“ဟမ်”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လှုပ်ရှားလိုက်ပြီး ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။ သူ၏ အနက်ရောင်ချပ်ဝတ်သည် အရောင်လက်နေခဲ့သည်။

သူက ရေမှင်စာဆီမှ အမွေဆက်ခံထားသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်သည်။

“ရေမှင်စာလား”

ထိုက်ယင်၏ မျက်လုံးများက အရောင်လက်သွားသည်။

“သူက ဖိနှိပ်ခံထားရတာ မဟုတ်ဘူးလား”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ စွမ်းအားကို အာရုံခံမိသော တခြားနတ်ဘုရားသားရဲတစ်ကောင်က ရပ်တန့်လိုက်ပြီး အံ့အားသင့်စွာပြောသည်။

“ဒါက ရေမှင်စာရဲ့ အကြွင်းအကျန်ဝိညာဉ်လား”

“သူက အရူးသွပ်ဆုံးပဲ။ မဟုတ်ရင် ....”

နတ်ဘုရားသားရဲတချို့က အရှိန်အဝါကို ထိန်းသိမ်းလိုက်ကြသည်။ တချို့ကတော့ ဟန်မူယဲ့ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။

ဟန်မူယဲ့က သူတို့၏စွမ်းအားကို ခံစားမိပြီး ပြုံးသည်။

“အကြီးအကဲထိုက်ယင်၊ ကျွန်တော်က ဒီမှာရှိတဲ့ အကြီးအကဲတွေနဲ့ လက်ရည်စမ်းကြည့်ချင်ပါတယ်။ အဆင်ပြေမလားမသိဘူး”

နတ်ဘုရားသားရဲများ၏အမြင်တွင် ခွန်အားက အရေးအကြီးဆုံး ဖြစ်သည်။

သူတို့၏အမြင်တွင် ဟန်မူယဲ့က ထိုက်ယင်၏စွမ်းအားကို ငှားယူ၍ ရွှေကျောက်စိမ်းဆင်နှင့် ကောင်းကင်အူဝံပုလွေကို အကွက်ချခဲ့သည်။

မျိုးဆက်သစ်တစ်ယောက်သည် နဂါးမိကျောင်း၏ အစစ်အမှန်စွမ်းအင်ကို မပိုင်ဆိုင်နိုင်ပေ။

“လက်ရည်စမ်းကြည့်မှာလား”

ထိုက်ယင်က အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။

“ဒီနေ့ခေတ်လူငယ်တွေကတော့ တကယ်ပဲ”

သူမက ရှေ့တွင်ရှိသော နတ်ဘုရားသားရဲများကို ကြည့်လိုက်ပြီး နှုတ်ခမ်းကော့တက်သွားအောင် ပြုံးသည်။

“မူလစကြဝဠာက ဒီမျိုးဆက်သစ်လေးကို ဘိုးဘေးတွေရဲ့ခွန်အားအကြောင်း ပြလိုက်ပါ”

မူလစကြဝဠာရဲ့ မျိုးဆက်သစ် ....

ထိုစကားကြောင့် ရှေ့တွင်ရှိသော နတ်ဘုရားသားရဲများအားလုံး၏ ပြင်းထန်သောအငွေ့အသက်က အနည်းငယ် လျော့ပါးသွားသည်။

‘သူက မူလစကြဝဠာရဲ့ မျိုးဆက်သစ်လေးလား။ ထိုက်ယင်က သူ့ကို ဂရုစိုက်နေတာ မထူးဆန်းတော့ပါဘူး’

‘သူက မူလစကြဝဠာကနေ ရောက်လာတာဆိုတော့ အရင်ကိစ္စကို လျစ်လျူရှုထားလိုက်လို့ရတယ်’

နတ်ဘုရားသားရဲများက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

“ကောင်လေး၊ မင်းကြိုးစားကြည့်လို့ရတယ်”

ထိုစကားမဆုံးခင် ဟန်မူယဲ့၏ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

သူ၏ အမြန်နှုန်းက အကန့်အသတ်ကိုပင် ကျော်လွန်နေသည်။

‘ငါက အားကောင်းတဲ့ နတ်ဘုရားသားရဲတွေနဲ့ တိုက်ခိုက်ရမယ်ဆိုတော့ အစစ်အမှန်ခွန်အားကို ထုတ်ပြရမှာပေါ့’

လူတစ်ယောက်က ခွန်အားကို မည်သို့ ထုတ်ပြမည်နည်း။

တိုက်ခိုက်ခြင်းဖြင့် ထုတ်ပြမည်။

“ဘုန်း”

ဟန်မူယဲ့က ခေါင်းတုံးနှင့်လူ၏နောက်တွင် ပေါ်လာပြီး လက်သီးဖြင့် ထိုးချသည်။

ခေါင်းတုံးနှင့်လူက ရယ်လိုက်သည်။ သူက ဟန်မူယဲ့၏လက်သီးချက်ကို ခန့်မှန်းထားသကဲ့သို့ ရှေ့တိုးပြီး နောက်ပြန်လှည့်၍ လက်သီးထိုးချသည်။

ထိုလက်သီးချက်သည် လေပြင်းများကို ဖြစ်ပေါ်လာစေသည်။

ခေါင်းတုံးနှင့်လူ၏နောက်တွင် အဖြူရောင်ကြံ့တစ်ကောင်ကို မြင်ရသည်။

ကြံ့ပုံရိပ်က ဟန်မူယဲ့ကို ဦးခေါင်းဖြင့် တိုက်ချသည်။

ထိုတိုက်ချက်သည် ကြယ်ကမ္ဘာတစ်ခုကိုပင် ဖျက်ဆီးနိုင်သည်။

လက်သီးချက်များက ထိတွေ့သွားသည်။

ပတ်ဝန်းကျင်တွင်ရှိသော နတ်ဘုရားသားရဲများက လှောင်ပြောင်ချင်နေကြသည်။

ဟန်မူယဲ့က နဂါးမိကျောင်း၏စွမ်းအားကို အသုံးပြုနိုင်လျှင်ပင် ချက်ချင်း အသက်သွင်းထားရန် မဖြစ်နိုင်ပေ။

နဂါးမိကျောင်း၏စွမ်းအား မရှိလျှင် ဟန်မူယဲ့က အဖြူရောင်ကြံ့၏ လက်သီးချက်ကို ခုခံနိုင်မည်မဟုတ်ပေ။

“ဘုတ်”

လက်သီးချက်များ ထိတွေ့သွားသောအခါ ခပ်အုပ်အုပ်အသံကိုသာ ကြားရသည်။

ဟန်မူယဲ့၏ လက်သီးတွင် သွေးရောင်အစား လျှပ်စီးကြောင်းများကို မြင်ရသည်။ လျှပ်စီးကြောင်းများက ခေါင်းတုံးနှင့်လူကို ရစ်ပတ်သွားသည်။

‘ဒါက ဘယ်လိုစွမ်းအားမျိုးလဲ’

“သတိထားကြ။ အဲဒါက နွားသိုးရဲ့ မိုးကြိုးစွမ်းအားပဲ”

“ခွေသားရဲက ဘယ်လိုလုပ်ပြီး ဒီကလေးကို အသိအမှတ်ပြုလိုက်တာလဲ”

“သနားစရာပဲ။ ကြံ့အိုကြီးက မိုးကြိုးစွမ်းအားကို နှစ်ပေါင်းများစွာကြာအောင် မခံစားခဲ့ရဘူး”

လျှပ်စီးကြောင်းများက ခေါင်းတုံးနှင့်လူကို တင်းကျပ်စွာ ရစ်ပတ်လိုက်သောအခါ ပတ်ဝန်းကျင်တွင် တီးတိုးစကားသံများကို ကြားနိုင်သည်။

ထိုလူ၏မျက်နှာက ရှုံ့တွနေသော်လည်း ဒေါသမထွက်ဘဲ အတိတ်ကို သတိရနေပုံပေါ်သည်။

“ဘုန်း”

လျှပ်စီးကြောင်းများက သူ့ကို အပြည့်အဝရစ်ပတ်ထားပြီး ပေသုံးထောင်အကွာသို့ လွင့်ထွက်သွားစေသည်။

ဟန်မူယဲ့က ပျောက်ကွယ်သွားပြီး အစိမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ရှေ့သို့ ရောက်လာသည်။

ဤတစ်ကြိမ်တွင် သူက လှံကိုင်ထားပြီး ပြင်းထန်စွာ ထိုးချသည်။

တစ်ဖက်လူက ကျေနပ်စွာရယ်လိုက်ပြီး ဦးချိုနှင့်တူသော ဓားမော့နှစ်ချောင်းကို ကိုင်ထားသည်။

“ခလွမ်”

ဓားမော့နှင့်လှံက ထိတွေ့သွားသည်။ အစိမ်းရောင်ဝတ်စုံနှင့်လူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“ကောင်းလိုက်တဲ့လှံနည်းစနစ်ပဲ”

သူက အော်ဟစ်လိုက်သည်။ သူ့နောက်တွင် ဒရယ်တစ်ကောင်၏ပုံရိပ် ပေါ်လာသည်။ ထိုပုံရိပ်က ခုန်ပေါက်နေပြီး ဓားမော့အလင်းနှင့်တူသော ဦးချိုအလင်းများကို ဟန်မူယဲ့ဆီသို့ ပစ်ထုတ်သည်။

ဓားမော့အလင်းက အလွန်လွှမ်းမိုးနိုင်ပြီး တောက်ပနေသောကြောင့် တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။

တစ်ဖက်လူက ဓားမော့နည်းစနစ်ကို အဆုံးစွန်အထိ လေ့ကျင့်ပြီး ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် ပေါင်းစပ်ထားသောကြောင့် စည်းမျဉ်းအဆင့်သို့ ရောက်နေသည်။

ထိုဓားမော့နည်းစနစ်မျိုးကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့၏ လှံနည်းစနစ်က ကောင်းမွန်သော်လည်း ဓားမော့နည်းစနစ်နှင့် ယှဉ်လိုက်လျှင် တစ်ဆင့်နောက်ကျနေသည်။

“ခလွမ်”

ဓားမော့နှင့်လှံက ထိတွေ့သွားသည်။ ဟန်မူယဲ့က ရပ်တန့်လိုက်ရပြီး ဓားမော့နှစ်လက်က နောက်သို့ ပြန်လှည့်သွားသည်။

“သေစမ်း။ သူက ဒရယ်အိုကြီးရဲ့ ဓားမော့တွေကို တားနိုင်တယ်”

“ဒီကလေးက ဘယ်လိုလုပ်ပြီး အရမ်းသန်မာနေတာလဲ။ ဒရယ်အိုကြီးရဲ့ဓားမော့တွေကို လွင့်ထွက်သွားအောင်လုပ်နိုင်တဲ့ နောက်ဆုံးတစ်ယောက်က ဘယ်အချိန်ကလဲ”

ပတ်ဝန်းကျင်တွင် စကားသံများကို ကြားနိုင်သည်။

အစိမ်းရောင်ဝတ်စုံနှင့်လူက ခေါင်းမော့ကြည့်လိုက်ပြီး နားမလည်နိုင်ဖြစ်နေသည်။

All Chapters