← Chapters

အခန်း (၁၃၉၀)

Vol. 100 Ch. 1390

အခန်း (၁၃၉၀)

Vol. 100 Ch. 1390

ဟန်မူယဲ့တို့က မြို့ဆီသို့ လျှောက်သွားလိုက်သည်။ ဂိတ်တံခါးတွင် အစောင့်များက ဟန်မူယဲ့၏ ပန်းပဲပညာရှင်တံဆိပ်ပြားကို စစ်ဆေးလိုက်ပြီး မြို့ထဲသို့ ရိုသေစွာ ဖိတ်ခေါ်သည်။

“အရင်ဆုံး ကူးသန်းရောင်းဝယ်ရေးနယ်မြေကို သွားကြရအောင်။ စကြဝဠာနယ်မြေမှာ ကမ္ဘာဦးအဆင့်နဲ့ စကြဝဠာအဆင့် ရုပ်သေးရုပ်တွေကို ရောင်းဝယ်ခွင့်ပေးထားတာ အဲဒီတစ်နေရာပဲ ရှိတယ်”

လျှို့ဝှက်ကောင်းကင်မြို့သည် ကျယ်ပြန့်ပြီး တောက်ပနေသည်။ ပတ်ဝန်းကျင်တွင် စက်ပစ္စည်းများ၏ အငွေ့အသက်ကို ခံစားကြည့်နိုင်သည်။

မြို့က အသက်ဝင်နေသည်ဟု ဟန်မူယဲ့က ခံစားမိသည်။

ထိုအရာသည် အတုအယောင်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းအင်မော်တယ်မြို့တွင်လည်း ထိုခံစားချက်မျိုးကို ရရှိခဲ့သည်။

“ကောင်းပြီလေ။ ကူးသန်းရောင်းဝယ်ရေးနယ်မြေကို အရင်သွားကြတာပေါ့”

ဟန်မူယဲ့က ပြောသည်။ ကြယ်စင်စုစကြဝဠာသို့ ရောက်လာသော သူ၏ ရည်ရွယ်ချက်သည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ရှာဖွေရန် ဖြစ်သည်။

မူလစကြဝဠာသို့ ပြန်သွားပြီး ကပ်ဘေးနှင့် ရင်ဆိုင်ရာတွင် ထိုရုပ်သေးရုပ်များကို မှီခိုရမည်။

ကပ်ဘေးကို သူတစ်ယောက်တည်း၏ စွမ်းအားဖြင့် မတားနိုင်ပေ။ ရှောင်လွှဲရန်လည်း မဖြစ်နိုင်ပေ။

သူဂရုစိုက်သော လူများသည် မူလစကြဝဠာတွင် ရှိနေသည်။ သူက သူတို့အားလုံးကို ကပ်ဘေးအား ကျော်လွန်စေချင်သည်။

ထို့အပြင် ဟန်မူယဲ့၏အမြင်တွင် ကပ်ဘေး၌ ကျဆုံးသွားသော သက်ရှိအများအပြားသည် အပြစ်ကင်းကြသည်။

ဖြစ်နိုင်လျှင် သူက စတင်မိခဲ့သော ကပ်ဘေးကို ချေဖျက်ချင်သည်။

ကျယ်ပြန့်သောလမ်းသည် သွားလာနေသော ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။ နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုလည်း ပုံမှန်အတိုင်း မြင်ရသည်။

ဤနေရာသည် စကြဝဠာနယ်မြေ၏ အင်အားစုတစ်ခု ဖြစ်သည်။

“ဟမ်”

ဟန်မူယဲ့က တုန်ခါသံနှင့်အတူ တစ်ဖက်သို့ ရွှေ့လိုက်သည်။ လှံတစ်စင်းနှင့်တူသော လွန်းပျံယာဉ်က သူ့ဆီသို့ ချဉ်းကပ်လာသည်။

လွန်းပျံယာဉ်က ပေသုံးဆယ်ရှည်လျားပြီး သွယ်လျသည်။ ကိုယ်ထည်တွင် စီးဆင်းနေသော ရွှေအလင်းကို မြင်ရသည်။

“တောင်းပန်ပါတယ်။ ငါ့လွန်းပျံယာဉ်က မပြည့်စုံသေးဘူး။ ထိန်းချုပ်ဖို့ ခက်ခဲနေတယ်”

လွန်းပျံယာဉ်ပေါ်မှ အသံတစ်သံထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က တောင်းပန်လိုက်သည်။

ထိုအကြီးအကဲက ဟန်မူယဲ့၏ ရင်ဘတ်တွင်ရှိသော ပန်းပဲပညာရှင်တံဆိပ်ပြားကို မြင်လိုက်ရပြီး ပြုံးသည်။

“မိတ်ဆွေလေးက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တောင် ဖြစ်နေပြီလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်တာပဲ”

“ငါက ကုန်သွယ်ရေးနယ်မြေကို သွားမလို့။ မင်းကလည်း အဲဒီကို သွားမှာလား”

“လာပါ။ မင်းကို လိုက်ပို့မယ်”

သူက စကားပြောလိုက်ပြီး ဟန်မူယဲ့၏ တုံ့ပြန်ချက်ကိုမစောင့်ဘဲ လက်ဆန့်ထုတ်သည်။

အစိမ်းရောင်အလင်းသည် ဟန်မူယဲ့ကို လွှမ်းခြုံသွားပြီး လွန်းပျံယာဉ်ပေါ်သို့ ဆွဲခေါ်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ရှေ့တက်သွား‌တော့မည့်အချိန်တွင် သခင်မမူယွဲ့၏အသံကို ကြားလိုက်ရသည်။

“မသွားနဲ့။ ငါတို့က ဒီတစ်ယောက်ကို ရန်မစနိုင်ဘူး”

‘ရန်မစနိုင်ဘူးလား ....’

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဟန်မူယဲ့အား သယ်သွားသော လွန်းပျံယာဉ်ကို ကြည့်လိုက်ပြီး သခင်မမူယွဲ့ကို လှည့်ကြည့်သည်။

“သူက လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက်ပဲ။ စကြဝဠာအဆင့် လက်နက်တွေကို ဖန်တီးနိုင်တယ်”

“အရူးလော့ပဲ”

“သူ့ရဲ့ အရူးသွပ်ဆုံးလုပ်ဆောင်ချက်က စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်တစ်ဒါဇင်ကို ပေါင်းစပ်ပြီး စကြဝဠာအဆင့်ကို ကျော်လွန်သွားအောင် ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ ကျရှုံးပြီး သူ့ဝိညာဉ်က ထိခိုက်သွားတယ်။ သူက ရူးသွပ်‌သွားခဲ့တယ်”

သခင်မမူယွဲ့က ကြောက်ရွံ့နေသောအကြည့်ဖြင့် တီးတိုးပြောသည်။

“ဒါပေမဲ့ ရုပ်သေးရုပ်က သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်”

သူမက ပျောက်ကွယ်သွားသော လွန်းပျံယာဉ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“သူက ဘယ်လောက်အထိ သန်မာတာလဲ ဘယ်သူမှ မသိနိုင်ဘူး”

စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်တစ်ဒါဇင်၏ ပေါင်းစပ်မှုသည် အလွန်ကြောက်စရာကောင်းသည်။

သို့သော် အဓိကမေးခွန်းသည် သူ့ခန္ဓာကိုယ်က စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်တစ်ဒါဇင်၏ လုပ်ဆောင်ချက်အား ထောက်ပံ့ပေးနိုင်သော စွမ်းအားကို မည်သို့ ပိုင်ဆိုင်နေသနည်း။

“သွားကြစို့။ ကောင်းလေးဟန်နဲ့ အဲဒီလူက အတော်လေး ဆင်တူပါတယ်”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ပြောလိုက်ပြီး လျင်မြန်စွာ ပြေးသွားသည်။

သခင်မမူယွဲ့က ကြောင်အနေပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဟန်မူယဲ့ကလည်း အရူးပဲ”

လွန်းပျံယာဉ်ပေါ်တွင် ထိုင်နေသော ဟန်မူယဲ့၏ မျက်နှာထားက ထူးဆန်းသွားသည်။

“ဘယ်လိုလဲ။ ချောမွေ့နေတာပဲမဟုတ်လား”

ဟန်မူယဲ့၏ မျက်နှာထားကို မြင်ရသောအခါ အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက ဂုဏ်ယူနေပုံပေါ်သည်။

အမှန်ပင်ဖြစ်သည်။

လွန်းပျံယာဉ်၏ ပုံစံက လေထုကို ထိုးခွဲပြီး လျင်မြန်စွာ ပျံသန်းနိုင်သည်။ သို့သော် လွန်းပျံယာဉ်ပေါ်တွင် ထိုင်နေသောလူက တုန်ခါမှုကို အနည်းငယ်ပင် ခံစားရမည်မဟုတ်ပေ။

ထို့အပြင် ပတ်ဝန်းကျင်မြင်ကွင်းများက အလွန်နှေးကွေးနေပြီး အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။

ထိုလွန်းပျံယာဉ်မျိုးကို ဖန်တီးရန် သိပ်မခက်ပေ။ သို့သော် ကောင်းကင်တွင် ပျံသန်းနေ‌သော်လည်း မြေပြင်တွင် လမ်းလျှောက်နေသည်ဟု ထင်ရသော ပုံစံမျိုးကို မည်သူမှ မတွေးမိခဲ့ကြပေ။

“ဒီလွန်းပျံယာဉ်ကို သာမန်လူတွေအတွက် ဖန်တီးထားတာလား”

ဟန်မူယဲ့က ဘေးတွင်ရှိသော အကြီးအကဲကို ကြည့်လိုက်သည်။

သူ့စကားကြောင့် အကြီးအကဲ၏ မျက်လုံးများက တောက်ပသွားသည်။

“မဆိုးဘူးပဲ။ မင်းက ဒီလွန်းပျံယာဉ်ကို စီးဖူးတဲ့လူတွေထဲမှာ အမြန်ဆုံး နားလည်နိုင်တဲ့လူပဲ”

“ငါ့လွန်းပျံယာဉ်က ကောင်းပေမဲ့ အသုံးမဝင်ဘူးလို့ သူတို့အားလုံးက ပြောကြတယ်”

လူအိုကြီးက ဟန်မူယဲ့ဆီသို့ စိတ်အားထက်သန်စွာ ချဉ်းကပ်လာပြီး တီးတိုးပြောသည်။

“တကယ်လို့ ငါက ဒီလွန်းပျံယာဉ်ကို ထုတ်ရောင်းရင် ချမ်းသာလာမှာလား”

‘ချမ်းသာလာမယ် ဟုတ်လား’

‘မွဲမသွားရင် ကံကောင်းလိမ့်မယ်’

“အကြီးအကဲ၊ သာမန်လူတွေထဲမှာ ဘယ်သူက ဒီလွန်းပျံယာဉ်ကို ဝယ်နိုင်မှာလဲ”

ဟန်မူယဲ့က တည်ငြိမ်စွာမေးသည်။

သူ့မေးခွန်းကြောင့် လူအိုကြီး၏ မျက်နှာထားက တောင့်တင်းသွားသည်။

“မဝယ်နိုင်ကြဘူးလား”

လူအိုကြီးက ရူးသွပ်နေသောမျက်နှာထားဖြင့် ရှေ့သို့ ကြည့်လိုက်သည်။

“ဘယ်လိုလုပ်ပြီး မဝယ်နိုင်ရမှာလဲ။ ဒါက မူလဒင်္ဂါး တစ်သန်းလောက်ပဲလေ။ အရမ်းများနေလို့လား။ အရမ်းများနေလို့လား ....”

မူလဒင်္ဂါးတစ်သန်းသည် သူတော်စင်အဆင့် သို့မဟုတ် နတ်ဘုရားအဆင့်တွင်ရှိသော ကျင့်ကြံသူများအတွက် သိပ်မများပေ။

သို့သော် သာမန်လူသားများအတွက် လက်လှမ်းမမီနိုင်သော ပမာဏ ဖြစ်သည်။

အကြီးအကဲက ကြမ်းတမ်းသောအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူထိန်းချုပ်နေသော လွန်းပျံယာဉ်က စတင်တုန်ခါလာသည်။

လွန်းပျံယာဉ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် အနည်းဆုံး အဆင့်ကိုးကျင့်ကြံသူ ဖြစ်နေရမည်။

သာမန်လူများက ထိုခွန်အားကို မည်သို့ ပိုင်ဆိုင်မည်နည်း။

ထို့အပြင် အဆင့်ကိုးကျင့်ကြံသူက ဤလွန်းပျံယာဉ်ကို မလိုအပ်ပေ။

ဟန်မူယဲ့က ဆက်တိုက်တုန်ခါနေသော လွန်းပျံယာဉ်ကို ကြည့်လိုက်သည်။ ထို့နောက် ဘေးတွင်ရှိသော အရှိန်အဝါမတည်ငြိမ်သည့် အကြီးအကဲကို ကြည့်သည်။

“အကြီးအကဲ၊ ဒီလွန်းပျံယာဉ်နဲ့ မူပိုင်ခွင့်ကိုဝယ်ဖို့ ဖြစ်နိုင်မလား”

အကြီးအကဲက အန္တရာယ်ပေးနိုင်သောအကြည့်ဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။

သူက တင်းမာသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို စိုက်ကြည့်နေပြီး ပြောသည်။

“ကောင်လေး၊ မင်းက ငါ့ကို သနားနေတာလား”

မုန်တိုင်းကဲ့သို့ ပြင်းထန်သောဖိအားသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ဟန်မူယဲ့က သမုဒ္ဒရာ၏အောက်ခြေသို့ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးမျိုးဆက်ကလည်း အေးခဲသွားသည်။

“ငါဘယ်သူလဲဆိုတာ သိလား။ မင်းက မူပိုင်ခွင့်ဝယ်ပြီး ငါ့ကို ဖားချင်တာလား”

“ငါ့ကို စော်ကားချင်နေတာလား။ မင်းရဲ့ မူလဒင်္ဂါးတွေနဲ့ ငါ့ကို မျက်နှာပျက်သွားအောင် လုပ်ချင်တာလား”

အနီရောင်အလင်းသည် လူအိုကြီး၏ မျက်လုံးထဲတွင် စတင်ပေါ်ထွက်လာသည်။

သားရဲတစ်ကောင်၏ ပုံရိပ်သည် သူ့နောက်တွင် ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။

“အကြီးအကဲ၊ ကျွန်တော်က လေဟာနယ်ကို ဖြတ်သန်းဖို့ ဒီလွန်းပျံယာဉ်ကို လိုချင်ရုံပါပဲ”

ဟန်မူယဲ့က တည်ငြိမ်အေးဆေးစွာ ပြောသည်။

“လွန်းပျံယာဉ်ရဲ့ကိုယ်ထည်ကို အဆပေါင်းသောင်းချီပြီး ချဲ့လိုက်ရင် ထောင်ချီတဲ့လူတွေကို သယ်ဆောင်ပြီး လေဟာနယ်ကို ဖြတ်သန်းနိုင်လိမ့်မယ်။ စကြဝဠာထဲမှာ လှည့်ပတ်သွားလာနိုင်လိမ့်မယ်”

“လေထုကို ချေဖျက်နိုင်တဲ့ အကြီးအကဲရဲ့ နည်းလမ်းနဲ့ဆိုရင် လေဟာနယ်မှာ သွားလာဖို့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်”

“ဝီ”

လွန်းပျံယာဉ်က ရပ်တန့်သွားသည်။

အကြီးအကဲ၏မျက်နှာက ရှုံ့တွပြီး မျက်လုံးများက တောက်ပနေသည်။

သူက မတ်တပ်ရပ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။

“ဟုတ်တယ်။ ပေသုံးသောင်းကြီးမားတဲ့ လွန်းပျံယာဉ်ကို ဖန်တီးရမယ်။ ပြီးရင် လေဟာနယ်မှာ ခရီးနှင်ရမယ်”

“ဒီလွန်းပျံယာဉ်ရဲ့ ဖိအားထိုးခွဲနည်းစနစ်နဲ့ဆိုရင် စကြဝဠာတွေကို ခရီးသွားဖို့တောင် ဖြစ်နိုင်တယ်”

“ဒါပေမဲ့ ငါတို့က စွမ်းအင်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ”

“ပြီးတော့ အတွင်းပိုင်းတည်ဆောက်ပုံကိုလည်း သေချာစီစဉ်ရမယ်”

အကြီးအကဲက ရေရွတ်လိုက်ပြီး ဟန်မူယဲ့ကို မေ့သွားပုံပေါ်သည်။ သူ့ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က နေရာတွင်ထိုင်နေပြီး ပြုံးလိုက်သည်။ သူက ခေါင်းခါပြီး လက်ကိုဆန့်ထုတ်၍ လွန်းပျံယာဉ်ကို ထိတွေ့သည်။

“ဘုန်း”

မှတ်ဉာဏ်ပုံရိပ်များသည် ရေစီးကြောင်းသဖွယ် ပေါ်ထွက်လာသည်။

သူ၏ဝိညာဉ်က အားနည်းပြီး ကျင့်ကြံဆင့် မလုံလောက်ခဲ့လျှင် သူ့စိတ်က တစ်ခါတည်း ပြိုကျသွားလိမ့်မည်။

သာမန်လူသားများအတွက် ပြုလုပ်ထားသော လွန်းပျံယာဉ်သည် အလွန်များပြားသော မှတ်ဉာဏ်များကို သယ်ဆောင်ထားသည်။

မရေမတွက်နိုင်သော ရုပ်သေးရုပ်အပိုင်းအစများ ပေါ်ထွက်လာသည်။ ထို့နောက် လက်တစ်စုံက သူတို့ကို စုစည်းလိုက်သည်။

မှတ်ဉာဏ်များ ရှိနေသည့်အတွက် မထူးဆန်းတော့ပေ။ ဤလွန်းပျံယာဉ်ကို ရုပ်သေးရုပ်အပိုင်းအစများမှတစ်ဆင့် ဖန်တီးထားသည်။

ရုပ်သေးရုပ်အပိုင်းအစများသည် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့သည်။

ဖရိုဖရဲဖြစ်နေသော စစ်ပွဲကို မြင်ရသည်။ ထို့နောက် အစိတ်အပိုင်းများသည် လွန်းပျံယာဉ်အဖြစ် ပေါင်းစပ်သွားသည်။

ရူးသွပ်နေသော အကြီးအကဲက လွန်းပျံယာဉ်ကို ထိန်းချုပ်ထားပြီး နတ်ဘုရားသားရဲတစ်ကောင်၏ နယ်မြေထဲသို့ ဝင်သွားသည်။ ထို့နောက် သားရဲနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။

သို့မဟုတ် လွန်းပျံယာဉ်ကို ထိန်းချုပ်ထားပြီး စကြဝဠာအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို လိုက်ဖမ်းနေလိမ့်မည်။

စကြဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခု၊ အဓိကအင်အားစုများ၊ ဘုရားကျောင်းများနှင့် လျှို့ဝှက်ကောင်းကင်မြို့၏ ပန်းပဲပညာရှင်များက ထိုအကြီးအကဲကို မြင်လိုက်ရသောအခါတွင် ပုန်းနေကြလိမ့်မည်။

“အရူးလော့ ....”

ဟန်မူယဲ့က ပြုံးသည်။

သူက လွန်းပျံယာဉ်မှတစ်ဆင့် အရူးလော့၏ နည်းလမ်းများကို မြင်ခဲ့ရသည်။

အမျိုးမျိုးသော ထူးဆန်းသည့်အကြံဉာဏ်များ ရှိနေသည်။

သာမန်ပန်းပဲပညာရှင်များ မလုပ်ဆောင်ရဲသောအရာကို သူက တစ်ခုပြီးတစ်ခု စမ်းသပ်ခဲ့သည်။

ထို့ကြောင့် လျှို့ဝှက်ကောင်းကင်မြို့သည် နေရာတိုင်းတွင် ကပ်ဘေးများနှင့် ကြုံခဲ့ရသည်။

သို့သော် တချို့စမ်းသပ်ချက်များသည် ဟန်မူယဲ့၏မျက်လုံးကို တောက်ပသွားစေသည်။

“ပေါင်းစပ်ရုပ်သေးရုပ်”

သူက ညင်သာစွာ ရေရွတ်သည်။

အရူးလော့က ထပ်ကာတလဲလဲ စမ်းသပ်ပြီး ကိုယ်ပိုင်ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲခဲ့သည်။

ကျန်းယောင်ရန်ကဲ့သို့ ဇီဝရုပ်သေးရုပ်မျိုး မဟုတ်ပေ။ ဟန်မူယဲ့ဖန်တီးခဲ့သော ခေးအော့အဆင့် ရုပ်သေးရုပ်မျိုးလည်း မဟုတ်ပေ။ စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်များ၏ ပေါင်းစပ်မှု ဖြစ်သည်။

သူက အကြိမ်ပေါင်းများစွာ ပေါင်းစပ်ခဲ့သည်။

“တကယ့်ကို အရူးပဲ ....”

ဟန်မူယဲ့က လွန်းပျံယာဉ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

လွန်းပျံယာဉ်က လက်ဝါးအရွယ်အစားရှိသော အစိမ်းရောင်လွန်းပျံယာဉ်အဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဝါးပေါ်သို့ ရောက်လာသည်။

သူက ခေါင်းခါလိုက်ပြီး လွန်းပျံယာဉ်ကိုသိမ်း၍ သိပ်မဝေးသောနေရာတွင် ရှိနေသည့် ရင်ပြင်ဆီသို့ လျှောက်သွားသည်။

ထိုနေရာသည် လျှို့ဝှက်ကောင်းကင်မြို့၏ ကုန်သွယ်ရေးနယ်မြေ ဖြစ်သည်။

တာဝန်ကျနေသော ကျင့်ကြံသူများက ဟန်မူယဲ့၏ တံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်သည်။ ဟန်မူယဲ့က လျှို့ဝှက်ကောင်းကင်မြို့သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်လာကြောင်း သိလိုက်ရသောအခါ သူတို့က အဆင့်ခုနစ် ပန်းပဲပညာရှင်တစ်ယောက်ကို လှမ်းခေါ်သည်။

“ဒီဆရာက ကောင်းကင်သူတော်စင်မြို့ကို ပထမဆုံးအကြိမ် ရောက်လာတာပဲ။ မင်းက ကုန်သွယ်ရေးနယ်မြေမှာ သူ့ကို လမ်းပြပေးလိုက်ပါ။ ရှင်းပြစရာရှိတာကိုလည်း သေချာရှင်းပြလိုက်ပါ”

တာဝန်ကျနေသော သူတော်စင်အဆင့် ချပ်ဝတ်သခင်က အနည်းငယ် မောက်မာစွာ အမိန့်ပေးသည်။

အဆင့်ခုနစ် ပန်းပဲပညာရှင်က ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။ ထို့နောက် ရှေ့မှ ဦးဆောင်သွားသည်။

“အကြီးအကဲ၊ ကျွန်တော့်နာမည်က ချောင်တပါ။ ကျွန်တော်က လျှို့ဝှက်ကောင်းကင်မြို့မှာ နှစ်ပေါင်းသုံးထောင် ကျင့်ကြံခဲ့တယ်။ ကျွန်တော်က အရာအားလုံးနဲ့ ရင်းနှီးပါတယ်”

“အကြီးအကဲက တစ်ခုခုအခက်ကြုံနေရင် ကျွန်တော့်ကို ပြောနိုင်ပါတယ်”

All Chapters