အခန်း (၁၃၉၅)
Vol. 100 Ch. 1395
အပြင်လူများက သူတို့နှစ်ယောက်၏စကားကို ကြားရလျှင် အံ့အားသင့်နေလိမ့်မည်။
သူတို့က စကြဝဠာအား ဖြတ်သန်းနိုင်သော ဧရာမလွန်းပျံယာဉ်အကြောင်းကို ပြောနေကြသည်။
ထိုပစ္စည်းမျိုးကို အောင်မြင်စွာ ဖန်တီးနိုင်လျှင် စကြဝဠာတစ်ခုလုံး၏ ကျင့်ကြံခြင်းလမ်းစဉ်ကို သက်ရောက်စေလိမ့်မည်။
“ဟုတ်တယ်။ နတ်ဘုရားသားရဲကို လွန်းပျံယာဉ်ရဲ့ဝိညာဉ်အဖြစ် ထားလိုက်ရင် ခုခံမှုနဲ့ တိုက်ခိုက်မှုနည်းလမ်းတွေကို အလိုလျောက် အသက်သွင်းနိုင်လိမ့်မယ်”
ပျော်ရွှင်နေသော လော့ရှန်းတုံက ဟန်မူယဲ့ကို ဂရုမစိုက်နိုင်တော့ပေ။ သူက အပြင်ဘက်သို့ ပြေးထွက်သွားသည်။
သူ၏ ရူးသွပ်နေသော စကားသံကို မကြာခဏ ကြားနိုင်သည်။
“အကြီးအကဲ၊ လောင်းကြေးပြိုင်ပွဲကို မှတ်မိတယ်မဟုတ်လား”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“ငါသိတယ်။ ငါသိတယ်။ ရွှင်ချူးယွင်ကို ငါ့အတွက် ထားလိုက်”
လော့ရှန်းတုံ၏အသံကို ကြားရသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။
သူ့မျက်နှာထားက ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
နတ်ဘုရားသားရဲက လမ်းပြပေးပြီး လွန်းပျံယာဉ်ကို ထိန်းချုပ်လိမ့်မည်။
ဖြစ်ပျက်သွားသော တချို့အရာများကို ပြန်ပြင်ရန် မဖြစ်နိုင်ပေ။
ပေသုံးသောင်းကြီးမားသော လွန်းပျံယာဉ်ကို အောင်မြင်စွာ ဖန်တီးခဲ့လျှင် ကြယ်စင်စုစကြဝဠာက ဖြည်းဖြည်းချင်း ပြိုလဲသွားလိမ့်မည်။
မရေမတွက်နိုင်သော ကျွမ်းကျင်သူများက ဤနေရာမှ ထွက်သွားပြီး ပြန်လာတော့မည်မဟုတ်ပေ။
အင်အားစုများသည် ရွေးချယ်စရာမရှိဘဲ ပေါင်းစပ်ရုပ်သေးရုပ်၊ ခေးအော့အဆင့်ရုပ်သေးရုပ်နှင့် အဆင့်နိမ့်ရုပ်သေးရုပ်များကို အသုံးပြုပြီး ခွန်အားဖြည့်တင်းရလိမ့်မည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့၊ ရေခဲလမြို့နှင့် ထျန်းရှန်မြို့တို့သည် ထိုကိစ္စများကို ကိုင်တွယ်နေသည်။
ထိုအချိန်တွင် ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်က စတင်အသွင်ပြောင်းသွားမည်။
အဆင့်နိမ့်ကျင့်ကြံသူများက အရေးပါလာလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးထားသော ကျွမ်းကျင်သူများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြလိမ့်မည်။
“ဒါက .... အကောင်းဆုံးခေတ်ပဲ ဖြစ်လိမ့်မယ်”
ဟန်မူယဲ့က ညင်သာစွာ ရေရွတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်သည်။
လျှို့ဝှက်ကောင်းကင်မြို့၏ လောင်းကြေးပြိုင်ပွဲမတိုင်ခင် နှစ်ရက်အလိုတွင် ပေါ်ထွက်လာသော သတင်းကြောင့် လူတိုင်းက တုန်လှုပ်သွားသည်။
မိသားစုကြီးခုနစ်ခုတွင် ပါဝင်သော ရှန့်ကွမ်းမိသားစု၏ လက်ရွေးစင်လူငယ် ရှန့်ကွမ်းတုန်က လောင်းကြေးများကို လက်ခံနေသည်။
အကယ်၍ တခြားလူတစ်ယောက်က လောင်းကြေးလက်ခံရဲလျှင် ဆိုးဝါးစွာ အဆုံးသတ်သွားလိမ့်မည်။
သို့သော် ရှန့်ကွမ်းဟုန်က ထိပ်တန်းမိသားစုကြီးသုံးခု၏ လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး လျှို့ဝှက်ကောင်းကင်မြို့ကို လွှမ်းမိုးထားနိုင်သည်။
ရှန့်ကွမ်းဟုန် ကမ်းလှမ်းထားသော လျော်ကြေးအချိုးအစားကလည်း ပုံမှန်ပင် ဖြစ်သည်။
ရွှင်မိသားစု အနိုင်ရလျှင် ၁.၂ဆ လျော်ကြေးပေးမည်။
ပန်းပဲပညာရှင်အစည်းအရုံး အနိုင်ရလျှင် ၈ဆ လျော်ကြေးပေးမည်။
လူတိုင်းက ရှန့်ကွမ်းမိသားစုကို ယုံကြည်နိုင်သည်။
ထို့ကြောင့် လူအများစုက ကံကောင်းခြင်းကို ရွှင်မိသားစုနှင့်အတူ ရယူရန် လောင်းကြေးထပ်လိုက်ကြသည်။
ရွှင်မိသားစုက အနိုင်ရမည်ဖြစ်ကြောင်း လူတိုင်းက သိနေကြသည်။
ပန်းပဲပညာရှင်အစည်းအရုံးက စကြဝဠာနယ်မြေ၏ မိသားစုကြီးများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
ရွှင်မိသားစု၏ လူတစ်ယောက်က လောင်းကြေးကို အာမခံပေးရန်အတွက် မူလဒင်္ဂါး သန်းသုံးသောင်းကို ပို့ပေးခဲ့သည်။
ရှန့်ကွမ်းဟုန်က အရှုံးခံရန် ပြင်ဆင်ထားပုံရသည်။
စကြဝဠာနယ်မြေ၏ မိသားစုကြီးများအတွက် အနည်းငယ် ဆုံးရှုံးသွားခြင်းသည် အရေးမပါပေ။
မူလဒင်္ဂါး သန်းသုံးသောင်းကို လက်ခံပြီးသောအခါ ရှန့်ကွမ်းဟုန်က ရွှင်မိသားစုအနိုင်ပွဲ၏ လျော်ကြေးကို ၀.၅အထိ မြှင့်ပေးခဲ့သည်။ ရတနာများကို အသုံးပြု၍ အကန့်အသတ်မရှိ လောင်းကြေးထပ်နိုင်ကြောင်း ကြေညာခဲ့သည်။
သူက ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရတနာများကိုလည်း လက်ခံသည်။
မြို့ထဲတွင် ရှန့်ကွမ်းမိသားစုက ရက်ရောသည်ဟု သတင်းပြန့်နေသည်။
တစ်ရက်အတွင်းမှာပင် ရှန့်ကွမ်းဟုန်က လောင်းကြေးငွေ သန်းတစ်သိန်းကို လက်ခံခဲ့ရသည်။
ရှန့်ကွမ်းဟုန်က အနည်းဆုံး မူလဒင်္ဂါး သန်းငါးသောင်းကို ဆုံးရှုံးလိမ့်မည်ဟု တခြားလူများက ပြောနေကြသည်။
“တောင်သခင်ဟန်၊ အခုအချိန်မှာ လောင်းကြေးငွေ သန်းနှစ်သိန်းလောက် ရှိပါတယ်။ စကြဝဠာအဆင့်နဲ့ ကမ္ဘာဦးအဆင့် ရတနာတွေကိုလည်း လက်ခံထားပါတယ်”
ရှန့်ကွမ်းဟုန်က ပြောသည်။
“ရွှင်ကျူးယွင်က လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ဆရာသခင်ယွင်ကျီနဲ့ ဆရာသခင်ကျူးယွမ်ဆီကို ကိုယ်တိုင်သွားခဲ့တယ်လို့ သတင်းရထားပါတယ်”
ထိုဆရာသခင်နှစ်ယောက်သည် လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင် ၁၂ယောက်ထဲတွင် ပါဝင်သည်။
များသောအားဖြင့် သူတို့သည် လောင်းကြေးတိုက်ပွဲများကို စိတ်မဝင်စားကြပေ။ သို့သော် လုံလောက်သော အကျိုးအမြတ် ရှိနေလျှင် လှုပ်ရှားကြလိမ့်မည်။
ရွှင်မိသားစုသည် မိသားစုကြီးခုနစ်ခုတွင် ပါဝင်သည်။ ပန်းပဲပညာရှင်အစည်းအရုံးက သူတို့နှင့် မယှဉ်နိုင်ပေ။
“ပြီးတော့ ရွှင်ချူးယွင်က ဆရာကျန်းယောင်ရန်နဲ့ ဇာတ်မြှုပ်နေထိုင်တဲ့ တခြားကျွမ်းကျင်သူတွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ကြားခဲ့ရတယ်”
ကျန်းယောင်ရန်၏နာမည်ကို ပြောလိုက်သောအခါ ရှန့်ကွမ်းတုန်၏ မျက်လုံးများက တောက်ပသွားသည်။
အကယ်၍ တောင်သခင်ဟန်က ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ကျန်းယောင်ရန်နှင့် ယှဉ်လိုက်လျှင် မည်သို့ ဖြစ်နေမည်နည်း။
“ကိစ္စမရှိပါဘူး”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
လွန်ခဲ့သောနှစ်ရက်တွင် သူက လွန်းပျံယာဉ်အား တည်ဆောက်မည့်အကြောင်းကို တွက်ချက်နေခဲ့သည်။ လောင်းကြေးပြိုင်ပွဲကို ဂရုမစိုက်မိပေ။
လောင်းကြေးပြိုင်ပွဲတွင် လူတစ်ယောက်က ပြိုင်ပွဲသုံးခုလုံးတွင် ယှဉ်ပြိုင်နိုင်သည်။
အကယ်၍ ပန်းပဲပညာရှင်အစည်းအရုံးက တစ်ပွဲရှုံးသွားလျှင် သူက ဝင်ပါမည်။
ဟန်မူယဲ့၏ ဂရုစိုက်ပုံမရသော မျက်နှာထားကြောင့် ရှန့်ကွမ်းတုန်က အနည်းငယ် စိတ်ပျက်သွားသည်။
ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်တချို့ကို ထုတ်ပြလိမ့်မည်ဟု သူက ထင်ထားခဲ့သည်။
ဟန်မူယဲ့က ပန်းပဲပညာရှင်အစည်းအရုံး၏ စံအိမ်သို့ ပြန်ရောက်လာသောအခါ အထဲသို့ ဝင်လာသော ချန်ကျန်းကို မြင်လိုက်ရသည်။
“ဆရာဟန်၊ ကျွန်တော်တို့ အနိုင်ရမယ့်ဘက်မှာ မူလဒင်္ဂါး သန်းရှစ်ထောင် လောင်းကြေးထပ်ခဲ့တယ်”
သူက မကျေမနပ် ပြောသည်။
“လျှို့ဝှက်ကောင်းကင်မြို့ရဲ့လူတွေက အရမ်းလွန်တာပဲ။ ရွှင်မိသားစုဘက်မှာ လောင်းကြေးသန်းတစ်သိန်းကျော် ရှိနေပေမဲ့ ကျွန်တော်တို့ဘက်မှာ လောင်းကြေး သန်းတစ်သောင်းတောင် မပြည့်ဘူး”
အခြေအနေအရ ပန်းပဲပညာရှင်အစည်းအရုံးသည် ရှုံးနိမ့်ရန် သေချာနေသည်။ ထို့ကြောင့် မည်သူက လောင်းကြေးထပ်ရဲမည်နည်း။
ဟန်မူယဲ့က ချန်ကျန်းကို ကြည့်လိုက်သည်။
ဤလောင်းကြေးပြိုင်ပွဲသည် သူ့ကြောင့် ဖြစ်လာသော်လည်း သူနှင့် မပတ်သတ်ဟု ပြောနိုင်သည်။
နှစ်ပေါင်းများစွာကြာအောင် ယှဉ်ပြိုင်နေသော ပန်းပဲပညာရှင်အစည်းအရုံးနှင့် စကြဝဠာနယ်မြေ၏ အင်အားစုများကြောင့် ဖြစ်ပေါ်လာသည်။
ပန်းပဲပညာရှင်အစည်းအရုံးသည် အဆင့်နိမ့်ပညာရှင်များကို ကိုယ်စားပြုသည်။ သူတို့အဖွဲ့အစည်းတွင် အများစုသည် အဆင့်ရှစ်၊ အဆင့်ကိုးတွင်သာ ရှိကြသည်။
သို့သော် ထိုလူများသည် ကျင့်ကြံခြင်းလောက၏ အခြေခံအုတ်မြစ် ဖြစ်သည်။
တစ်ဖက်တွင် အဆင့်မြင့်ပန်းပဲပညာရှင်များ ရှိနေကြသည်။
နတ်ဘုရားအဆင့်သည် သူတို့၏ပန်းတိုင် မဟုတ်ပေ။
သူတို့က လုံလောက်သော အမွေအနှစ်နှင့် အရင်းအမြစ်များကို ပိုင်ဆိုင်ကြသည်။
ထိုနှစ်ခုကြားတွင် မပြေလည်နိုင်သော အရှုပ်အထွေးတစ်ခု ရှိနေသည်။
“ငါတို့ ရှုံးရှုံးနိုင်နိုင် ကောင်းကင်ရေခဲတူကို ထုတ်ပေးရလိမ့်မယ်။ မင်းက အဲဒါကို ဆန္ဒရှိလား”
ဟန်မူယဲ့က ချန်ကျန်းကို ကြည့်လိုက်ပြီး မေးသည်။
ချန်ကျန်း၏မျက်နှာက တောင့်တင်းသွားပြီး ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်က ကောင်းကင်ရေခဲတူရဲ့ လျှို့ဝှက်ချက်ကို နားမလည်နိုင်ဘူး။ ကျွန်တော်က အဲဒီရတနာကို ထိန်းသိမ်းထားဖို့ မထိုက်တန်ဘူး”
“ကောင်းကင်ရေခဲတူအတွက် အစစ်အမှန်သခင်တစ်ယောက် ပေါ်ထွက်လာရင် ကျွန်တော်ကျေနပ်ပါတယ်”
ချန်ကျန်းက ထိုသို့ ပြောလိုက်သော်လည်း နှမြောနေပုံရသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောပေ။
အစစ်အမှန်ရတနာတစ်ပါးဖြစ်သော ကောင်းကင်ရေခဲတူသည် ချန်ကျန်းနှင့် အမှန်တကယ် မထိုက်တန်ပေ။
ဟန်မူယဲ့က ထိုတူကို ပြန်ယူရမည်။
သို့သော် ချန်ကျန်းအတွက် သင့်တော်သော ရတနာတစ်ခုကို ပြန်ပေးမည်။
“စိတ်မပူပါနဲ့။ ငါတို့ နိုင်မှာပါ”
ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး ချန်ကျန်း၏ပခုံးကိုပုတ်၍ ပြောလိုက်သည်။
ချန်ကျန်းက ပြုံးသည်။
ပင်မအကြီးအကဲငါးယောက်က အနိုင်ရမည်ဟု ယုံကြည်ချက်ရှိစွာ မပြောရဲပေ။ ဟန်မူယဲ့ကသာ တည်ငြိမ်စွာ ရှိနေခဲ့သည်။
“ဆရာဟန်၊ ဆရာလုကျန်းယောင်က ငါတို့ကိုကူညီဖို့ သဘောတူလိုက်တယ်”
အကြီးအကဲယုကျန်းက ပျော်ရွှင်နေသောမျက်နှာထားဖြင့် လျင်မြန်စွာ ချဉ်းကပ်လာပြီး ပြောလိုက်သည်။
လုကျန်းယောင်သည် လျှို့ဝှက်ကောင်းကင်မြို့၏ ဆရာသခင် ၁၂ယောက်အောက်တွင် ရှိနေသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
သူက လျှို့ဝှက်ကောင်းကင်မြို့တွင် နာမည်ကြီးပြီး အကြီးအကဲယုကျန်းတို့ထက် ပိုသာသည်။
သူတို့၏အမြင်တွင် လုကျန်းယောင်အပြင် သခင်မ မင်တုံလည်း ရှိနေသောကြောင့် ပန်းပဲပညာရှင်အစည်းအရုံးက ပြိုင်ဘက်ကင်းနေသည်။
ရွှင်ချူးယွင်နှင့်ပြိုင်ပွဲမှလွဲ၍ ကျန်နှစ်ပွဲလုံးကို သူတို့က အနိုင်ရလိမ့်မည်။
ရှုံးပွဲတစ်ပွဲနှင့် ရွှင်မိသားစုကို မျက်နှာသာပေးရမည်ဆိုလျှင် လက်ခံနိုင်သည်။
အကြီးအကဲယုကျန်းက ပျော်ရွှင်နေသောကြောင့် ဟန်မူယဲ့က တိတ်ဆိတ်စွာ နေလိုက်သည်။
တစ်ခါတလေတွင် အသိနည်းလျှင် စိတ်ပူစရာနည်းသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရောင်နီအလင်း ပေါ်ထွက်လာသောအခါ ပန်းပဲပညာရှင်အစည်းအရုံးက အပြည့်အဝပြင်ဆင်၍ ထွက်လာခဲ့သည်။
သခင်မမူယွဲ့၏ စကားအရ သခင်မ မင်တုံသည် ပြိုင်ပွဲနေရာသို့ တိုက်ရိုက်လာလိမ့်မည်။
လှုပ်ရှားမည်ဟု ကတိပေးခဲ့သော ဆရာသခင်လုကျန်းယောင်ကလည်း ရောက်လာသည်။
ဟန်မူယဲ့အပါအဝင် ပင်မအကြီးအကဲခြောက်ယောက်နှင့် ပန်းပဲပညာရှင်အစည်းအရုံး၏ ထောင်ချီသော ပန်းပဲပညာရှင်များသည် တက်ကြွစွာ ချီတက်လာကြသည်။
စကြဝဠာနယ်မြေ၏ ကောင်းကင်လျှို့ဝှက်မြို့တွင် ဖြစ်နေသော်လည်း ပန်းပဲပညာရှင်အစည်းအရုံးက လူအင်အားတောင့်တင်းသည်။
သူတို့က ကျွမ်းကျင်သူများကို လိုအပ်နေရုံသာ ဖြစ်သည်။
“သူတို့ ရောက်လာကြပြီ”
“ဒီတစ်ကြိမ်မှာ ပန်းပဲပညာရှင်အစည်းအရုံးက ကောင်းကင်ကို တုတ်နဲ့ထိုးချင်နေတာပဲ”
“ရွှင်မိသားစုက သူတို့ကို ဘယ်လိုသင်ခန်းစာပေးမလဲ ကြည့်ရအောင်”
လျှို့ဝှက်ကောင်းကင်မြို့၏ ပန်းပဲပညာရှင်များက ပန်းပဲပညာရှင်အစည်းအရုံး၏ လူအုပ်ကို မြင်လိုက်ရသောအခါတွင် ဆူညံစွာပြောနေကြသည်။
သူတို့၏အမြင်တွင် ပန်းပဲပညာရှင်အစည်းအရုံးက ရွှင်မိသားစုနှင့် ယှဉ်ပြိုင်ရန် မထိုက်တန်ပေ။
ဟန်မူယဲ့နှင့် တခြားလူများက လေးနက်သော မျက်နှာထားဖြင့် တခြားလူများကို ဂရုမစိုက်ဘဲ ရှေ့ဆက်လာကြသည်။
သူတို့၏အဆင့်တွင်ရှိသော ကျင့်ကြံသူများသည် ပြင်ပလောက၏ သက်ရောက်မှုကို မခံရတော့ပေ။
ပြိုင်ပွဲကွင်းပြင်၏ ပတ်ဝန်းကျင်သည် လူများနှင့် ပြည့်နှက်နေသည်။
ကောင်းကင်တွင်လည်း လွင့်မျောနေသော ပုံရိပ်များကို မြင်ရသည်။
စင်မြင့်၏အောက်တွင် ရွှင်ချူးယွင်နှင့် ရွှင်မိသားစုဝင်များ ရှိနေကြသည်။
သိပ်မဝေးသောနေရာတွင် သခင်မမူယွဲ့က အစိမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက်နှင့်အတူ ရှိနေသည်။
“နင်က ဟန်မူယဲ့ပဲ ဖြစ်ရမယ်”
အမျိုးသမီးကျင့်ကြံသူက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ဒီပြိုင်ပွဲကို အနိုင်ရဖို့ လွယ်မှာမဟုတ်ဘူး”
“နင်မြင်လား။ ရွှင်ချူးယွင်ရဲ့ဘေးမှာ ရပ်နေတဲ့လူက ဆရာသခင်ကျူးယွမ်ပဲ”
သူမ၏စကားကြောင့် အကြီးအကဲယုကျန်းနှင့် တခြားလူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။
“အခုအချိန်မှာ စကားပြောနေရင်လည်း အသုံးမဝင်တော့ဘူး”
အမျိုးသမီးကျင့်ကြံသူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် ဘေးတွင်ရှိသော လုကျန်းယောင်ကို ဆက်ကြည့်သည်။
“လုကျန်းယောင်နဲ့ငါက ကျန်တဲ့နှစ်ပွဲကို တာဝန်ယူလိုက်မယ်။ နင်က ပထမဆုံးပွဲကို ပြိုင်လိုက်ပါ”
သူမက ပြောသည်။
“ငါတို့ ရှုံးသွားရင် ကွာခြားချက်ကြီးမားလို့ပဲ ဖြစ်မယ်”