← Chapters

အခန်း (၁၃၉၈)

Vol. 100 Ch. 1398

အခန်း (၁၃၉၈)

Vol. 100 Ch. 1398

ဟန်မူယဲ့က တူနှင့် မထုနှက်ခဲ့သလို အင်းကွက်များကိုလည်း မရေးထိုးခဲ့ပေ။ သူက ချပ်ဝတ်ကို မည်သို့ သန့်စင်နိုင်မည်နည်း။

“လက်လျော့တာလား”

ဟန်မူယဲ့က တည်ငြိမ်စွာ ခေါင်းခါသည်။

“လက်နက်သန့်စင်တာက မီးနဲ့မီးခိုးတွေ ပါဝင်ရမယ်လို့ အမြဲထင်နေတာလား”

“ချပ်ဝတ်က ပုံစံတစ်ခုတည်းပဲ ရှိနေမယ်လို့ ထင်တာလား”

ဟန်မူယဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။ သူ့ခန္ဓာကိုယ်က ထူးခြားသော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး တခြားလူများက တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်ပေ။

သူက လူအုပ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“အဲဒါဆိုရင် လွင့်မျောတိမ်ချပ်ဝတ်က ဘယ်လိုမျိုးလဲ ပြလိုက်မယ်”

“ဘုန်း”

သူ့စကားအဆုံးတွင် ရွှေမြူခိုးက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

မြူခိုးက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ရွှေရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။

သို့သော် ချက်ချင်းဆိုသလိုပင် ချပ်ဝတ်က ပျောက်ကွယ်သွားပြီး နောက်ကျောဘက်တွင် တောင်ပံတစ်စုံ ဖြစ်လာသည်။

ထို့နောက် တောင်ပံက ပေသုံးဆယ်ပတ်ဝန်းကျင်အား လွှမ်းခြုံထားသော တိမ်တိုက်တစ်ခု ဖြစ်လာသည်။

ဆက်တိုက် ပြောင်းလဲသွားသည်။

‘ဒါက လွင့်မျောတိမ်ချပ်ဝတ်လား’

‘ဒါကို ချပ်ဝတ်လို့ ခေါ်နိုင်သေးလား’

‘မဟုတ်ဘူး။ ဒါက အစစ်အမှန်ချပ်ဝတ်ပဲ’

လူတိုင်းက ဟန်မူယဲ့၏ ကိုယ်ပေါ်တွင် ရွှေရောင်ဝတ်ရုံအဖြစ် ပြောင်းလဲသွားသော မြူခိုးများကို ကြောင်အစွာ ကြည့်နေသည်။

“ဒါက လွင့်မျောတိမ်ချပ်ဝတ်ပဲ ....”

အဝေးတစ်နေရာတွင်ရှိသော စံအိမ်တွင် ရှန့်ကွမ်းတုန်က ညင်သာစွာ ရေရွတ်လိုက်သည်။ သူက မခန့်မှန်းနိုင်သော ရွှေမြူခိုးများကို စူးရှစွာ ကြည့်နေခဲ့သည်။

“လွင့်မျောတိမ်ချပ်ဝတ်မှာ ထူးခြားချက်တွေရှိလား”

သူ့ဘေးတွင်ရှိသော အကြီးအကဲက မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။

ဟန်မူယဲ့က ရွှေမြူခိုးမှတစ်ဆင့် ပြောင်းလဲသွားသော ပုံစံကိုသာ ပြခဲ့သည်။ ယခုအချိန်တွင် မြူခိုးများ ပြန်ဖြစ်နေသည်။

ပုံစံပြောင်းသွားသော ဖြစ်စဉ်သည် အလွန်လျင်မြန်ပြီး မည်သည့်အရာကိုမှ စမ်းသပ်ကြည့်ရန် မဖြစ်နိုင်ပေ။

ထိုနည်းစနစ်မျိုးသည် ထူးခြားမှုမရှိပေ။

“မဟာအကြီးအကဲ၊ ဒါက ကျန်းယောင်ရန်ကိုယ်တိုင်တောင် ချီးကျူးလိုက်တဲ့ လွင့်မျောတိမ်ချပ်ဝတ်ပါ”

ရှန့်ကွမ်းဟုန်က ညင်သာစွာ ပြောလိုက်ပြီး အလင်းလွှာတွင်ရှိသော ရွှေမြူခိုးများကို ညွှန်ပြသည်။

“စကြဝဠာနယ်မြေမှာ ကျန်းယောင်ရန်ကို စိတ်ဝင်စားစေတဲ့အရာတွေ သိပ်မရှိဘူးမဟုတ်လား”

ရှန့်ကွမ်းဟုန်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး မျှော်လင့်နေသည်။

“တောင်သခင်ဟန်နဲ့ ဆရာကျန်းတို့ ယှဉ်ပြိုင်တာကို တကယ်မြင်ချင်တယ် ....”

ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ဆရာသခင်ယွင်ကျီ၏ မျက်နှာက ရှုံ့တွနေသည်။ သူက ရှေ့တွင်ရှိသော မီးတောက်နှင့် ဝိညာဉ်သတ္တုများကို ထိန်းညှိလိုက်ရသည်။

“ဒီချပ်ဝတ်မျိုးက စွမ်းအားရှိနိုင်မှာလား”

သူက တီးတိုးရေရွတ်လိုက်ပြီး တခြားအရာများကို ဂရုမစိုက်တော့ဘဲ ချပ်ဝတ်ကို သန့်စင်ရာတွင် အာရုံစိုက်ထားလိုက်သည်။

ဟန်မူယဲ့က အလျင်မလိုဘဲ နေရာတွင် ရပ်ပြီး ချပ်ဝတ်သန့်စင်သော ဆရာသခင်ယွင်ကျီကို ကြည့်နေသည်။

လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်တွင် ပါဝင်သော ဆရာသခင်ယွင်ကျီက လေးနက်သောစွမ်းရည်ကို ပိုင်ဆိုင်သည်။

သူ၏ ပန်းပဲလုပ်ငန်းစဉ်သည် စီးဆင်းနေသော စမ်းချောင်းနှင့် လွင့်မျောနေသော တိမ်တိုက်သဖွယ် ချောမွေ့နေပြီး ကြည့်ကောင်းသည်။

သို့သော် ဟန်မူယဲ့၏အမြင်တွင် ယွင်ကျီ၏ ပန်းပဲစွမ်းရည်က ရင့်ကျက်ရန် လိုအပ်နေသေးသည်။ သို့မဟုတ် စိတ်ဝိညာဉ်ကို လိုအပ်နေသည်ဟု ပြောနိုင်သည်။

သူတို့က လူတစ်ယောက်၏ နှလုံးသားဆန္ဒအား ဖော်ပြနိုင်သော ‌ရှေးခေတ်ပန်းပဲနည်းစနစ်ကို လွဲချော်သွားခဲ့သည်။

ထို့ကြောင့် ယွင်ကျီက အစစ်အမှန်နည်းစနစ်ကို မလေ့ကျင့်နိုင်ခဲ့ပေ။

ဟန်မူယဲ့က ယွင်ကျီ၏ရှေ့တွင်ရှိသော မီးတောက်များကို ကြည့်လိုက်သည်။

သူက ယွင်ကျီ၏ မီးတောက်ထိန်းနည်းစနစ်ကို စမ်းသပ်ပွဲနယ်မြေတွင် မြင်ဖူးသည်။

လျန်ထျန်းဂိုဏ်၏ နည်းစနစ် မဟုတ်ပေ။

သို့သော် အဓိကဂိုဏ်းသုံးဂိုဏ်းတွင် ပါဝင်သော သွမ်ထျန်းဂိုဏ်း၏ နည်းစနစ် ဖြစ်သည်။

သွမ်ထျန်းဂိုဏ်းသည် ဝိညာဉ်သတ္တုများကို ထိန်းချုပ်ရာတွင် ထူးခြားသော နည်းလမ်းကို အသုံးပြုသည်။ သူတို့က ဝိညာဉ်သတ္တုများ၏ အနက်ရှိုင်းဆုံးအလားအလာကို ဖော်ထုတ်နိုင်သည်။

‘ချူကျန်ကျားက သွမ်ထျန်းဂိုဏ်းမှာ နေခဲ့တာမဟုတ်လား’

ရှုအောင်းက ချူကျန်ကျား၏ အကြောင်းကို သိပ်မသိဟု ပြောခဲ့သည်။ သူက စကြဝဠာနယ်မြေတွင် ရှိနိုင်သည်ဟုလည်း ပြောခဲ့သည်။

“ဟမ်”

အလင်းရောင်များ ပေါ်ထွက်လာပြီး ရွှေရောင်ချပ်ဝတ်ပုံရိပ်ကို ဖြစ်ပေါ်စေသည်။

သုံးနာရီအကြာတွင် များပြားသော ဝိညာဉ်သတ္တုများကို အသုံးပြုပြီး တိမ်ကောင်းကင်ချပ်ဝတ်ကို သန့်စင်နိုင်ခဲ့သည်။

ဆရာသခင်ယွင်ကျီက ရှေ့တွင်ရှိသော ချပ်ဝတ်ကို ကြည့်လိုက်ပြီး စိတ်သက်သာသွားသည်။

ယနေ့ သန့်စင်ခဲ့သော တိမ်ကောင်းကင်ချပ်ဝတ်သည် သူ၏ အပြီးပြည့်စုံဆုံး လက်ရာဟု ပြောနိုင်သည်။

အစမှအဆုံးအထိ အဆင့်များအားလုံးကို ကောင်းမွန်စွာ ချိတ်ဆက်ထားနိုင်သည်။

စွမ်းအင်အမျိုးမျိုးသည်လည်း အလိုရှိသော အကန့်အသတ်သို့ ရောက်နေသည်။

ဆရာသခင်ယွင်ကျီက ကျေနပ်နေသော အကြည့်ဖြင့် ရှေ့သို့ ကြည့်သည်။

သူ၏ တိမ်ကောင်းကင်ချပ်ဝတ်ကို တခြားချပ်ဝတ်က ကျော်လွန်နိုင်မည်ဟု မထင်ပေ။

စကြဝဠာအဆင့် ချပ်ဝတ်များသည် မရေမတွက်နိုင်သော အရင်းအမြစ်ကို လိုအပ်သည်။ ထို့အပြင် လောကစွမ်းအားဖြင့် အချိန်ကြာမြင့်စွာ ပျိုးထောင်ပေးမှ အောင်မြင်လာမည်။

ယခုအချိန်တွင် ချက်ချင်းသန့်စင်လိုက်သော ချပ်ဝတ်မျိုးသည် ပန်းပဲပညာရှင်၏ အစစ်အမှန်ကျွမ်းကျင်မှုကို ပြသနိုင်သည်။

စကြဝဠာနယ်မြေတွင် သူ့ထက် သာလွန်သော ပန်းပဲပညာရှင်များ အနည်းငယ်သာ ရှိသည်။

ယွင်ကျီက ယှဉ်ပြိုင်လိုစိတ်များဖြင့် စင်မြင့်၏အောက်သို့ ကြည့်သည်။

အရူးလော့၊ ကျန်းယောင်ရန်၊ ရွှင်ချူးယွင် .... သူတို့ကို ကျော်လွန်ချင်သည်။

လွင့်မျောတိမ်ချပ်ဝတ်အား သန့်စင်ထားသော ဟန်မူယဲ့ကိုတော့ သူက ထည့်မတွက်ပေ။

‘ပြန်လည်မွေးဖွားလာတဲ့ ရှေးခေတ်ကျွမ်းကျင်သူတဲ့လား။ သူ့ကိုယ်သူ အရှက်ရအောင် လုပ်နေတာပဲ’

“ချပ်ဝတ်ကို စမ်းသပ်မယ်”

ဆရာသခင်ယွင်ကျီက ကျယ်လောင်စွာ ပြောပြီး သူ့ရှေ့တွင်ရှိသော အနက်ရောင်ချပ်ဝတ်ကို ရှေ့တိုးပေးလိုက်သည်။

တစ်ဖက်တွင် ဟန်မူယဲ့ကလည်း လက်မြှောက်ပြီး ရွှေမြူခိုးများကို ကွင်းတစ်ခုအဖြစ် စုစည်း၍ ရှေ့တိုးပေးသည်။

ပုံရိပ်နှစ်ခုသည် စင်မြင့်ပေါ်သို့ ပြေးတက်လာသည်။

အဆင့်ကိုးချပ်ဝတ်သခင်နှစ်ယောက် ဖြစ်သည်။

သူတို့၏ ကျင့်ကြံဆင့်များက တူညီရုံသာမက တိုက်ခိုက်နိုင်စွမ်းနှင့် နည်းလမ်းများကလည်း ဆင်တူသည်။

လျှို့ဝှက်ကောင်းကင်မြို့တွင် လောင်းကြေးတိုက်ပွဲအတွက် သီးသန့်လေ့ကျင့်ပေးထားသော ကျင့်ကြံသူများ ရှိကြသည်။

ပန်းပဲပညာရှင်များသည် လျှို့ဝှက်ကောင်းကင်မြို့ကို လွှမ်းမိုးထားသည်။ သူတို့က တိုက်ခိုက်ရာတွင် မကျွမ်းကျင်သောကြောင့် ကိုယ်စားတိုက်ခိုက်ပေးရန် ကျင့်ကြံသူများကို လေ့ကျင့်ပေးထားကြသည်။

ထိုကျင့်ကြံသူများသည် အမျိုးမျိုးသော အရင်းအမြစ်ကို ရရှိလိမ့်မည်။ သူတို့၏ ကျင့်ကြံဆင့်က အဆင့်တစ်ခုသို့ ရောက်သွားသောအခါ တခြားနေရာများသို့ စွန့်စားသွားလာရန် လျှို့ဝှက်ကောင်းကင်မြို့မှ ထွက်ခွာလိမ့်မည်။

သို့သော် စကြဝဠာနယ်မြေတွင် လျှို့ဝှက်ကောင်းကင်မြို့ကဲ့သို့ သက်တောင့်သက်သာရှိပြီး ဆွဲဆောင်နိုင်သောနေရာများ သိပ်မရှိပေ။

အဆင့်ကိုး ချပ်ဝတ်သခင်နှစ်ယောက်က စင်ပေါ်သို့ တက်လာကြသည်။ တစ်ယောက်က ဆရာယွင်ကျင်း၏ တိမ်ကောင်းကင်ချပ်ဝတ်ကို ယူလိုက်သည်။ တခြားတစ်ယောက်ကတော့ ဟန်မူယဲ့၏ရှေ့တွင်ရှိသော ကွင်းကို ဆုပ်ကိုင်လိုက်သည်။

“ဟမ်”

ရွှေရောင်ကွင်းက တုန်ခါသွားပြီး အဆင့်ကိုးချပ်ဝတ်သခင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသည်။

ထိုသို့ ချောမွေ့နေသော ဖြစ်စဉ်သည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

ချပ်ဝတ်သခင်က ခန္ဓာကိုယ်တွင် လှုပ်ရှားနေသော ရွှေရောင်အလင်းကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပနေသည်။

“ဒီစွမ်းအားက တကယ်ထူးခြားတာပဲ”

သူက ရေရွတ်သည်။

ထို့နောက် ဖြည်းဖြည်းချင်း လက်သီးဆုပ်ပြီး ရွှေရောင်အလင်းကို တည်မြဲလာစေသည်။

ရွှေရောင်ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ပုစဉ်းတောင်ပံသဖွယ် ပါးလွှာနေသော ဓားမော့တစ်လက်လည်း ဖြစ်တည်လာသည်။

စင်မြင့်၏အောက်တွင် လူတိုင်းက စိတ်ဝင်စားစွာ ကြည့်နေကြသည်။

‘ချပ်ဝတ်တွေ အကောင်အထည်ဖြစ်တည်လာတာက မထူးဆန်းပါဘူး။ ဒါပေမဲ့ ဒီချပ်ဝတ်က အရမ်းအံ့အားသင့်စရာကောင်းတယ်’

‘ပြီးတော့ သန့်စင်တဲ့နေရာမှာလည်း အဆင့်တွေသိပ်မလုပ်ခဲ့ရဘူး’

‘ဒီချပ်ဝတ်ကို သန့်စင်ဖို့ ဒီလောက်တောင် လွယ်တာလား’

“တိမ်မြူချပ်ဝတ်၊ ပုံရိပ်စစ်သည်၊ ရှေးခေတ်အမွေအနှစ် .... တချို့အရာတွေကို စိတ်ကူးအတိုင်း တကယ်ဖန်တီးနိုင်တယ်”

လော့ရှန်းတုံက ‌ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေပြီး စင်မြင့်ပေါ်သို့ ပြေးတက်သွားချင်သည်။

“ချူးယွင်၊ ဒီပြိုင်ပွဲကို ကြည့်ရတာနဲ့တင် ထိုက်တန်သွားပြီ”

ရွှင်ချူးယွင်၏ဘေးတွင် ရပ်နေသော ကျန်းယောင်ရန်က ခပ်ဟဟရယ်လိုက်သည်။

‘ထိုက်တန်တာလား’

ရွှင်ချူးယွင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူက လွင့်မျောတိမ်ချပ်ဝတ်၏ ထူးခြားမှုကို အာရုံခံနိုင်သည်။

သို့သော် သူက ဝန်မခံချင်ပေ။ ထို့အပြင် ဆရာသခင်ယွင်ကျီ၏ ချပ်ဝတ်ထက် သာလွန်မည်ဟု မယုံကြည်ပေ။

သူက တိမ်ကောင်းကင်ချပ်ဝတ်၏ စွမ်းရည်ကို ကောင်းမွန်စွာ နားလည်ထားသည်။

‘ဒါပေမဲ့ ကျန်းယောင်ရန်က ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ’

“ညီအစ်ကိုကျန်း၊ ဒီပြိုင်ပွဲက ကောင်းကင်ရေခဲတူနဲ့ ပတ်သတ်နေတယ်”

“အဲဒီရတနာက ငါတို့ ကျန်းမိသားစုအတွက် အရမ်းအရေးကြီးတယ်”

ရွှင်ချူးယွင်က တီးတိုးပြောသည်။

“ကောင်းကင်ရေခဲတူလား”

ကျန်းယောင်ရန်က အံ့အားသင့်စွာ လှည့်ကြည့်သည်။

“မင်းတို့မိသားစုရဲ့ ရှေးခေတ်ကျင့်ကြံသူ စောင့်ကြပ်နေတဲ့ တူလား။ ဓားနတ်ဘုရားလုယွဲ့က အဲဒီတူကို လုယူသွားခဲ့တယ်လေ”

“အဲဒါဆိုရင်တော့ ယှဉ်ပြိုင်ဖို့ ထိုက်တန်ပါတယ်”

သူက စကားပြောလိုက်ပြီး စင်မြင့်ကို ကြည့်၍ ခေါင်းခါသည်။

သူက တိတ်ဆိတ်သွားသည်။

‘ယှဉ်ပြိုင်ရမှာလား’

‘ဘာနဲ့ယှဉ်ပြိုင်ရမှာလဲ’

‘စင်ပေါ်မှာရှိတဲ့လူနဲ့လား’

“တိုက်”

စင်မြင့်ပေါ်တွင်ရှိသော အဆင့်ကိုးချပ်ဝတ်သခင်နှစ်ယောက်က ပြိုင်တူအော်ဟစ်လိုက်သည်။ သူတို့က ပြေးထွက်သွားသည်။

ဆရာသခင်ယွင်ကျီ၏ ရှေ့တွင်ရှိသော ချပ်ဝတ်သခင်က လက်သီးဆုပ်သည်။ သူ့ပတ်ဝန်းကျင်သည် လှုပ်ရှားလာပြီး ပုံရိပ်ယောင်ဆန်နေသည်။

ပုံရိပ်ယောင် ....

စင်မြင့်၏အောက်တွင်ရှိသော လူများက သက်ရောက်မခံရသော်လည်း ပုံရိပ်ယောင်ထဲသို့ ဝင်ရောက်သွားသော အဆင့်ကိုးချပ်ဝတ်သခင်က ရပ်တန့်သွားသည်။

သူက ဓားမော့ကိုင်ထားပြီး ထိတ်လန့်နေပုံပေါ်သည်။

ထိုအချိန်တွင် ပုံရိပ်ယောင်ကို ဖန်တီးလိုက်‌သော ချပ်ဝတ်သခင်က လက်မြှောက်လိုက်ပြန်သည်။

ပုံရိပ်အများအပြားသည် သူ့ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာသည်။

တိမ်ကောင်းကင်ချပ်ဝတ်၏ ကိုယ်ပွား ၉၉ခု ဖြစ်သည်။

ထိုကိုယ်ပွားများသည် ဝတ်ဆင်သူ၏ ခွန်အားတစ်ဝက်ကိုသာ ပိုင်ဆိုင်သော်လည်း ပူးပေါင်းလိုက်လျှင် အလွန်သန်မာသည်။

“ပြီးပြီ”

စင်မြင့်၏အောက်တွင်ရှိသော လူတစ်ယောက်က တီးတိုးပြောသည်။

ပုံရိပ်ယောင်တွင် ပိတ်မိနေပြီး ကိုယ်ပွားများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသောကြောင့် ကျင့်ကြံဆင့်ပိုမြင့်နေလျှင်ပင် ခုခံနိုင်မည်မဟုတ်ပေ။

အဆင့်ကိုး ချပ်ဝတ်သခင်နှစ်ယောက်၏ ခွန်အားနှင့် ကျင့်ကြံဆင့်က တူညီသည်။ သို့‌သော် ယခုအချိန်တွင် အနိုင်အရှုံးကို ချပ်ဝတ်၏စွမ်းအားဖြင့် ဆုံးဖြတ်နိုင်တော့မည်။

ဆရာသခင်ယွင်ကျီ၏ အနက်ရောင်ချပ်ဝတ်သည် ပိုမိုအားကောင်းပုံပေါ်သည်။

All Chapters