အခန်း (၁၄၀၀)
Vol. 100 Ch. 1400
‘ဒီလိုလူမျိုးက လျှို့ဝှက်ကောင်းကင်မြို့မှာ ပေါ်လာတာလား’
‘ဘာဖြစ်လို့ ရောက်လာတာလဲ’
“ညီအစ်ကိုရှန့်ကွမ်း”
ရွှင်ချူးယွင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်သည်။
“ဒီပြိုင်ပွဲလေးက ခင်ဗျားကို ဆွဲဆောင်နိုင်မယ်လို့ ထင်မထားခဲ့ဘူး”
ရွှင်ချူးယွင်က ရွှင်မိသားစု၏ ထိပ်တန်းအဆင့်လူတစ်ယောက် ဖြစ်သော်လည်း ရှန့်ကွမ်းချင်နှင့် မယှဉ်နိုင်သေးပေ။
ရှန့်ကွမ်းချင်က ထိပ်တန်းအဆင့် မိသားစုကြီးသုံးခု၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
“မင်းရဲ့ လောင်းကြေးပြိုင်ပွဲက ကိစ္စကြီးတစ်ခုပါပဲ”
ရှန့်ကွမ်းချင်က ပေါ့ပါးစွာ ရယ်လိုက်ပြီး စင်မြင့်ကို ကြည့်သည်။
“ညီအစ်ကိုကျန်းနဲ့ ညီအစ်ကိုလော့တို့ရဲ့ ယှဉ်ပြိုင်မှုကို နှစ်သောင်းချီကြာရင်တောင် တွေ့ရမှာမဟုတ်ဘူး”
“ငါက ဒီမှာရှိနေမှတော့ မျက်မြင်သက်သေအဖြစ် ဆောင်ရွက်ပေးရမှာပေါ့”
သူက ထိုသို့ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ ကောင်းကင်သည် အစိမ်းရောင်နှင့် အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။
“ငါ ရှန့်ကွမ်းချင်က လောင်းကြေးဖွင့်ပေးဖို့ ရောက်လာတာပဲ။ ဘယ်ဘက်က ညီအစ်ကိုကျန်းအတွက်၊ ညာဘက်က ညီအစ်ကိုလော့အတွက်ပဲ”
“မင်းတို့တွေ စိတ်ကြိုက် လောင်းနိုင်တယ်။ တစ်ဆပြန်လျော်မယ်”
သူက ပြုံးလိုက်ပြီး ထိပ်တန်းမိသားစုကြီးသုံးခု၏ ကျွမ်းကျင်သူတစ်ယောက်တွင် ရှိသင့်သော ယုံကြည်ချက်မျိုးဖြင့် ပြောသည်။
လောင်ကြေးက မည်သို့ပင်ဖြစ်စေ တစ်ဆပြန်လျော်မည်။
သူက ပိုက်ဆံကို ဂရုစိုက်နေသောကြောင့် မဖြစ်နိုင်ပေ။ ဤသို့ ခမ်းနားသောပြိုင်ပွဲတွင် ဝင်ပါချင်သောကြောင့် ဖြစ်လိမ့်မည်။
ထို့အပြင် ရှန့်ကွမ်းမိသားစု၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ အကယ်၍ တခြားတစ်ယောက် ဖြစ်နေလျှင် တခြားလူများက ဝိုင်းဆဲကြလိမ့်မည်။
စကြဝဠာနယ်မြေတွင် ဤအချိန်မျိုး၌ လောင်ကြေးဖွင့်ပေးရန် ထိုလူမျိုးကသာ ထိုက်တန်သည်။
“ဟားဟား၊ အဲဒါဆိုရင် ယုကျန်းက အစ်ကိုလော့ကို ထောက်ပံ့ပေးချင်ပါတယ်”
အကြီးအကဲယုကျန်းက ရယ်လိုက်ပြီး လက်ထဲတွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ပစ်ထုတ်သည်။
ရွှင်ချူးယွင်၏ မျက်နှာထားက တည်ငြိမ်စွာ ရှိနေသည်။ သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ငါးရုပ်ကို ထုတ်ပေးပြီး ကျန်းယောင်ရန်၏ဘက်တွင် ထားလိုက်သည်။
သူ၏ ရဲတင်းမှုမျိုးသည် မိသားစုကြီးခုနစ်ခု၏ ဂုဏ်သတင်းနှင့် ထိုက်တန်သည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အမျိုးမျိုးသော ဝိညာဉ်သတ္တု၊ ရုပ်သေးရုပ်နှင့် လက်နက်များကို ထုတ်ပေးကြသည်။
အနိုင်ရလျှင် လျော်ကြေးအတွက် စိတ်ပူစရာမလိုပေ။ လောင်းကြေးလက်ခံသောလူက ရှန့်ကွမ်းမိသားစု ဖြစ်သည်။
ထို့အပြင် ဤလောင်းကြေးသည် စင်မြင့်ပေါ်တွင်ရှိသော ဆရာကျန်း၊ အရူးလော့တို့နှင့် သက်ဆိုင်နေသည်။
‘ဆရာကျူးယွမ်၊ သခင်ယွင်ကျီ၊ သခင်မ မင်တုံတို့က စကြဝဠာတစ်ဝက်အဆင့် ရတနာတွေကို ပစ်ထုတ်လိုက်တာ မမြင်ဘူးလား’
ချက်ချင်းဆိုသလိုပင် နှစ်ဖက်လုံးတွင် မူလဒင်္ဂါးနှင့် မတွက်ချက်နိုင်သော ရတနာများဖြင့် ပြည့်သွားသည်။
ကမ္ဘာဦးအဆင့် ရတနာများသည် တစ်ထောင်ကျော်နေသည်။
နှစ်ဖက်လုံး၏ ပမာဏသည် အကြမ်းဖျင်း တူညီသည်။
သို့သော် ကျန်းယောင်ရန်၏ဘက်က အနည်းငယ် ပိုများသည်။
လော့ရှန်းတုံက လျှို့ဝှက်ကောင်းကင်မြို့၏ အရူးလော့အဖြစ် နာမည်ကြီးသော်လည်း လူအများ၏အမြင်တွင် ဂုဏ်သတင်းကောင်းမွန်သော ကျန်းယောင်ရန်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
သူတို့နှစ်ယောက်လုံးသည် ကိုယ်ပိုင်ထောက်ခံသူများကို ပိုင်ဆိုင်ထားသည်။
နှစ်ဖက်လုံး၏ ကောင်းကင်သည် ရတနာများ၏အလင်းဖြင့် တောက်ပနေသည်။
စင်မြင့်ပေါ်တွင်ရှိသော လူနှစ်ယောက်က ပတ်ဝန်းကျင်၏ သက်ရောက်မှုကို မခံရပေ။
မီးတောက်များသည် ကျန်းယောင်ရန်၏ရှေ့တွင် ပေါ်ထွက်လာသည်။ သူ၏ ခရမ်းရောင်မီးအလင်းတွင် ဝိညာဉ်စွမ်းအားကို မြင်ရသည်။
ဟန်မူယဲ့၏အမြင်တွင် ကျန်းယောင်ရန်၏ ပန်းပဲပညာပါရမီက အလွန်ကောင်းမွန်သည်။
သူက ခရမ်းနေမင်းမီးပြင်းဖိုတွင် တစ်ကြိမ်သာ သရုပ်ပြခဲ့သော်လည်း ကျန်းယောင်ရန်က ဉာဏ်အလင်းရခဲ့သည်။
သူ၏ နားလည်နိုင်စွမ်းနှင့် ထိန်းချုပ်မှုသည် လုံလောက်အောင် မနက်ရှိုင်းသေးသော်လည်း နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ကောင်းမွန်လာလိမ့်မည်။
ကျန်းယောင်ရန်က ခရမ်းနေမင်းမီးပြင်းဖိုထဲတွင် ဟန်မူယဲ့သရုပ်ပြခဲ့သော နည်းလမ်းကို အသုံးပြုမည်ဖြစ်သည်။
သက်ရှိစွမ်းအား ဖြစ်သည်။
ကျန်းယောင်ရန်က အရူးလော့ကို အနိုင်ယူရန် ယုံကြည်ချက်ရှိပုံမရပေ။ ထို့ကြောင့် လတ်တလောနားလည်ထားသော ဉာဏ်အလင်းကို အသုံးပြုခဲ့သည်။
တစ်ဖက်တွင် လော့ရှန်းတုံက သေးငယ်သော လေးထောင့်စတုရန်းများကို ထုတ်ယူခဲ့သည်။
ထိုစတုရန်းများသည် မှိန်ဖျော့သော စွမ်းအင်အလင်းကို ထုတ်လွှတ်နေသည်။
တခြားလူများက ထိုအကြောင်းကို မသိသော်လည်း ဟန်မူယဲ့က သိနေသည်။
ထိုအရာသည် သူအကြံပေးခဲ့သော လွန်းပျံယာဉ် ဖြစ်သည်။
အမျိုးမျိုးသော ပစ္စည်းများကို ပေါင်းစပ်ပြီး ပေသုံးသောင်းကြီးမားသော လွန်းပျံယာဉ်ကို ဖန်တီးမည်။
သူတို့နှစ်ယောက်လုံးက အလွန်လျင်မြန်သည်။
ကျန်းယောင်ရန်က တစ်နာရီအတွင်း အစိမ်းရောင်ဝါးတုတ်ကို ဖန်တီးနိုင်ခဲ့သည်။
ထိုဝါးတုတ်သည် စိမ်းလန်းနေပြီး သုံးပေရှည်လျားသည်။ ထို့အပြင် လက်တစ်ချောင်းစာ ထူထဲသည်။
ရွှေအလင်းသည် ကျန်းယောင်ရန်၏လက်တွင် လှုပ်ရှားနေပြီး ဝါးတုတ်တွင် အင်းကွက်များကို ထွင်းထုလိုက်သည်။
မရေမတွက်နိုင်သော အင်းကွက်များသည် ဝါးတုတ်တွင် ပေါ်လာကြသည်။
ဝါးတုတ်က ထူးခြားသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
“အသက်စွမ်းအား”
စင်မြင့်၏အောက်တွင်ရှိသော ရွှင်ချူးယွင်က ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။
သူ့ဘေးတွင်ရှိသော ဆရာသခင်ကျူးယွမ်နှင့် ရှုံးနိမ့်သွားသော ဆရာသခင်ယွင်ကျီတို့ကလည်း အံ့အားသင့်နေကြသည်။
“လက်နက်သန့်စင်ခြင်းကနေ အသက်စွမ်းအားကို ဖန်တီးဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အဲဒါက ပန်းပဲပညာလမ်းစဉ်ရဲ့ တားမြစ်နယ်မြေပဲ ....”
သူတို့က မယုံကြည်နိုင်စွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
တစ်ဖက်တွင် သခင်မ မင်တုံက ဘေးတွင်ရှိသော သခင်မမူယွဲ့ကို လှည့်ကြည့်သည်။
“ကျန်းယောင်ရန်က ဟန်မူယဲ့နဲ့ တွေ့ဖူးတယ်လို့ ပြောခဲ့တယ်မဟုတ်လား”
“သူတို့မှာ အဆက်အသွယ်တစ်ခု ရှိတယ်လို့ ပြောခဲ့တယ်နော်”
သခင်မမူယွဲ့က ခေါင်းညိတ်သည်။
သခင်မ မင်တုံက တောက်ပနေသော မျက်လုံးများနှင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“အသက်စွမ်းအားလား”
အရူးလော့က အံ့အားသင့်နေသော မျက်နှာထားဖြင့် ခေါင်းမော့ကြည့်သည်။
“မင်း၊ ကျန်းယောင်ရန်က မူလပြန်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ ဘာဖြစ်လို့ ဦးတည်ချက်ပြောင်းလိုက်တာလဲ”
ကျန်းယောင်ရန်က ခပ်ဟဟရယ်လိုက်ပြီး အရူးလော့၏ရှေ့တွင် လွင့်မျောနေသော ထောင်ချီသည့် အစိတ်အပိုင်းများကို ကြည့်သည်။
“မင်း အရူးလော့က လက်နက်ပစ္စည်းတွေကို ပေါင်းစပ်ဖို့ လက်လျော့လိုက်ပြီမဟုတ်ဘူးလား”
နှစ်ယောက်က ပြုံးလိုက်ကြသည်။ ထို့နောက် ခေါင်းငုံ့ပြီး အလုပ်ဆက်လုပ်နေသည်။
အောက်တွင် သူတို့နှစ်ယောက်၏ အတိတ်အကြောင်းကို သိထားသောလူများက တီးတိုးပြောနေကြသည်။
ကျန်းယောင်ရန်က ရုပ်ခန္ဓာကို ရုပ်သေးရုပ်နှင့် အစားထိုးရာတွင် နာမည်ကြီးသည်။
ကျွမ်းကျင်သူများ၏ တွက်ချက်မှုနှင့် နားလည်နိုင်စွမ်းအရ ရုပ်သေးခန္ဓာနှင့် ဝိညာဉ်ကို ပေါင်းစပ်လိုက်လျှင် ထာဝရရှင်သန်နိုင်လိမ့်မည်။
ကျန်းယောင်ရန်က ထိုလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။
သို့သော် ယခုအချိန်တွင် သူက အသက်စွမ်းအားကို မွေးထုတ်ရန် ကြိုးစားနေသည်။
ထိုအရာသည် နှစ်ပေါင်းများစွာကြာအောင် သူလိုက်နာခဲ့သော လမ်းစဉ်နှင့် ကွဲပြားနေသည်။
“သူက ဉာဏ်အလင်းရခဲ့တာလား။ ဒါမှမဟုတ် တခြားအကြောင်းပြချက် ရှိနေတာလား”
ကျန်းယောင်ရန်နှင့် ရင်းနှီးသော ပန်းပဲပညာရှင်များက နားမလည်နိုင်ဖြစ်နေကြသည်။
“လော့ရှန်းတုံက ဝိညာဉ်ထိခိုက်သွားတဲ့အတွက် ပေါင်းစပ်ပြီး ခွဲထုတ်နိုင်တဲ့ ရတနာတွေကို သန့်စင်ဖို့ မလုပ်တော့ဘူး။ အခု သူက မတူညီတဲ့နည်းလမ်းကို အသုံးပြုနေတာလား”
“ပြီးတော့ သူက လွန်းပျံယာဉ်တွေကို နှစ်တစ်သောင်းလောက် လေ့လာနေတာမဟုတ်လား။ အခု သူက ဘာကို သန့်စင်နေတာလဲ”
လျှို့ဝှက်ကောင်းကင်မြို့၏ ပန်းပဲပညာရှင်များကပင် လော့ရှန်းတုံသန့်စင်နေသော ပစ္စည်းကို မပြောနိုင်ကြပေ။
“ဝီ”
တစ်နာရီအကြာတွင် ကျန်းယောင်ရန်၏ လက်ထဲတွင်ရှိသော ဝါးတုတ်က ရွှေရောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်က ပိုးအိမ်အဖြစ် ဖြည်းဖြည်းချင်း စုစည်းခဲ့သည်။
လိပ်ပြာ ဖြစ်သည်။
ပိုးအိမ်က ကွဲထွက်လာသောအခါ လူတိုင်းက ခုနစ်ရောင်ခြယ်လိပ်ပြာကြောင့် ဖမ်းစားခံလိုက်ရသည်။
လိပ်ပြာက တောင်ပံဖြန့်လိုက်သောအခါ ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။
“ဝိညာဉ်လိပ်ပြာပဲ”
ရှန့်ကွမ်းချင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝိညာဉ် ....
ထိုလိပ်ပြာ၏ အထင်ရှားဆုံးလက္ခဏာရပ် ဖြစ်သည်။
ဝိညာဉ်ဟူသော စကားလုံးသည် ကျန်းယောင်ရန်၏ ခွန်အားကို ဖော်ပြရန် လုံလောက်သည်။
လျှို့ဝှက်ကောင်းကင်မြို့တွင် သန်းချီသော ပန်းပဲပညာရှင်များ ရှိကြသည်။ သူတို့ထဲတွင် ဝိညာဉ်ပါသော ရတနာကို သန့်စင်နိုင်သောလူများ မရှိကြပေ။
သက်မဲ့ပစ္စည်းကို အသက်သွင်းပေးမည်။ ထိုအရာသည် ဖန်တီးခြင်း၏ တားမြစ်နယ်မြေ ဖြစ်သည်။
“ဝီ”
တစ်ဖက်တွင် လော့ရှန်းတုံ၏ လေးထောင့်အတုံးများက စတင်ချိတ်ဆက်သွားသည်။
ထိုသို့ဖြင့် လွန်းပျံယာဉ်ပုံရိပ် ပေါ်လာသည်။
ထို့နောက် လွန်းပျံယာဉ်က စတင်ကြီးထွားလာသည်။
အစပိုင်းတွင် ပေသုံးဆယ်ဖြစ်သော်လည်း နောက်ပိုင်းတွင် ပေတစ်ထောင်ဖြစ်လာသည်။
လွန်းပျံယာဉ်က အပြည့်အဝ ဖြစ်တည်လာသောအခါ ပေသုံးသောင်းကြီးမားပြီး လေထုထဲတွင် လွင့်မျောနေသည်။
အစစ်အမှန် ပေသုံးသောင်းမဟုတ်ပေ။ ပုံရိပ်တစ်ခုသာ ဖြစ်သည်။
“ညီအစ်ကိုလု၊ ဒါက ခင်ဗျားရဲ့ လွန်းပျံယာဉ်လား”
ကျန်းယောင်ရန်က လွင့်မျောနေသော လွန်းပျံယာဉ်ပုံရိပ်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
လော့ရှန်းတုံက ဂုဏ်ယူနေသောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်းယောင်ရန်၏ ဝိညာဉ်လိပ်ပြာကို ကြည့်သည်။
“မင်းကလည်း မဆိုးပါဘူး။ မင်းရဲ့ ဝိညာဉ်ရတနာကြောင့်သာမဟုတ်ရင် မင်းကို တစ်ချက်လှည့်ကြည့်မှာမဟုတ်ဘူး”
အောက်တွင်ရှိသော လူအုပ်က ကြောင်အနေသည်။
သူတို့က အံ့အားသင့်စရာကောင်းသော လုပ်ငန်းစဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရသည်။
လျှို့ဝှက်နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။
‘ဒါပေမဲ့ ဒီပစ္စည်းနှစ်ခုကို ဘယ်လိုယှဉ်ကြည့်ရမှာလဲ’
“ညီအစ်ကိုလော့၊ ရှန့်ကွမ်းမိသားစုက ....”
ရှန့်ကွမ်းချင်က ကျယ်လောင်စွာ ပြောသည်။ သို့သော် သူ့စကားမဆုံးခင် ကျန်းယောင်ရန်က လက်ဆန့်ထုတ်ပြီး ရှေ့တွင်ရှိသော လော့ရှန်းတုံ၏လက်မောင်းကို ဆွဲလိုက်သည်။
“ညီအစ်ကိုလော့၊ ငါတို့ ကျန်းမိသားစုက ဒီလိုလွန်းပျံယာဉ်တစ်စီးကို လိုချင်တယ်။ ဈေးပြောလိုက်ပါ”
လော့ရှန်းတုံက အောက်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လွန်းပျံယာဉ်ကို သိမ်းသည်။ သူက ကျန်းယောင်ရန်ကို ကြည့်လိုက်သည်။
“လွင့်မျောတိမ်ချပ်ဝတ်က ဘယ်လိုဖြစ်သွားမှာလဲ”
ကျန်းယောင်ရန်က ခေါင်းညိတ်သည်။
“ဒီတစ်ပွဲကို သရေလို့သတ်မှတ်ရင်ရော ဘယ်လိုလဲ”
‘သရေ’
‘သရေတဲ့လား’
လူတိုင်းက ကြောင်အသွားသည်။ သူတို့က စင်ပေါ်တွင်ရှိသော လူနှစ်ယောက်နှင့် လောင်းကြေးထပ်ထားသော ရတနာများကို ကြည့်လိုက်သည်။
‘တစ်ဆနဲ့ လောင်းကြေးထပ်ထားတာလေ’
“သွားကြစို့၊ သွားကြစို့။ ဒီလွန်းပျံယာဉ်က သန့်စင်ဖို့ မလွယ်ဘူး။ ငါ့မှာ အကောင်အထည်မဖော်နိုင်တဲ့ အကြံဉာဏ်တွေ ရှိသေးတယ်”
အရူးလော့က ပြောလိုက်ပြီး ချပ်ဝတ်၏ ရွှေရောင်ကွင်းကိုကြည့်၍ စင်ပေါ်မှ ခုန်ချသွားသည်။
“ကောင်လေးဟန်၊ ဒီပွဲမှာ မင်းကို ကူညီဖို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ အခု အမှာစာတွေ ရလာတော့ မင်းကို မကူညီနိုင်တော့ဘူး”
သူက ပြောလိုက်သည်။
“ဒီပြိုင်ပွဲက မင်းအပေါ်မှာပဲ မူတည်တော့တယ်”
အရူးလော့က ကျေနပ်စွာရယ်လိုက်ပြီး ရွှင်ချူးယွင်ကို လက်ပြသည်။
“မင်းတို့အားလုံး ဆက်ပြိုင်လို့ရပြီ”
ကျန်းယောင်ရန်ကလည်း ဝိညာဉ်လိပ်ပြာကို သိမ်းလိုက်ပြီး ရွှင်ချူးယွင်ကို ကြည့်သည်။
“တာအိုရောင်းရင်းချူးယွင်၊ ဒီနေ့မှာ ငါက ညီအစ်ကိုလော့နဲ့ ပညာချင်းဖလှယ်ရုံပဲ။ မင်းတို့ရဲ့ ပြိုင်ပွဲက ငါတို့နဲ့ မဆိုင်တော့ဘူး”
သူက ပြောလိုက်သည်။
‘မဆိုင်တော့ဘူးတဲ့လား’
အောက်တွင်ရှိသော မရေမတွက်နိုင်သည့်လူများက ကျိန်ဆဲချင်နေကြသည်။
‘ငါက အများကြီး လောင်းကြေးထပ်ထားတာလေ။ အခု မဆိုင်တော့ဘူးလို့ လာပြောနေတာလား’
‘မင်းတို့အားလုံး မမှားပါဘူး။ လောင်းကြေးထပ်မိတဲ့ ငါပဲ မှားတာ’
စင်မြင့်ပေါ်တွင်ရှိသော ကျန်းယောင်ရန်နှင့် အရူးလော့ကြောင့်သာမဟုတ်လျှင် လူတိုင်းက ကျယ်လောင်စွာ ကျိန်ဆဲနေကြလိမ့်မည်။