ရှန့်ထိုကျင့်၏ဆန္ဒ
Vol. 010 Ch. 985
ရှန့်ထိုကျင့်က လိပ်ပြာလေးနှင့် စုချီဟန်တို့အား တော်ဝင်ရှီ နန်းဆောင်သို့ ခေါ်ဆောင်လာခဲ့ရာ မည်သူကမှ သူ့အား မတားဆီးရဲကြပေ။ သူ့တွင် တပည့်နှစ်ဦးမျှသာ ရှိသည်။ စုချီဟန်နှင့် လိပ်ပြာလေးတို့အား သတ်၍ ရှန့်ထိုကျင့်အား ဒေါသ မထွက်စေလိုပေ။ မည်သို့ဆိုစေ သူတို့ အားလုံးထဲတွင် ရှန့်ထိုကျင့်ထက် အားကောင်းသည်မှာ ရှန့်ထိုကျိ တစ်ယောက်သာ ရှိသည်။
သူတို့သုံးယောက် တော်ဝင်ရှီ နန်းဆောင်သို့ ရောက်ရှိ လာခဲ့ကြကာ ရှန့်ထိုကျင့်က သူ့တပည့်များ၏ ဒဏ်ရာများကို ကိုယ်တိုင် ကုသသည်။ လိပ်ပြာလေးသည် ဆေးပညာကို လေ့ကျင့်ရာ သူမက အလွန် အားနည်း၏။ စုချီဟန်၏ အဆိပ်များက သူမအားလည်း ထိခိုက်စေခဲ့သည်။ သို့သော်လည်း သူတို့နှစ်ဦး အချင်းချင်း ပေါင်းစပ်ခဲ့သော အမြုတေ၏ သက်ရောက်မှုကြောင့် နှစ်ယောက်လုံးမှာ နောင်တွင် ဆေးနှင့်အဆိပ်ကို တွဲဖက် လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။
ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့က ရှန့်ထိုကျင့်အား ကြည့်ကြသည်။ ရှန့်ထိုလီက ပြောသည်... “ရှန့်ထိုကျင့် … ခင်ဗျားက ခင်ဗျား တပည့်တွေ အပေါ်မှာ တော်တော် ရက်စက်တာပဲ” စုချီဟန်ကား ရှန့်ထိုကျင့် အငယ်စား ဖြစ်သည်။ ရှန့်ထိုကျင့်က သူ့အား ထိုနည်းပုံစံ ရှုမြင်သည်ကို သူသိသည်။ ထို့ကြောင့် သူက သူ့တပည့်အပေါ် အမှန်တကယ်အားဖြင့် သေစေလိုသော ဆန္ဒမရှိပေ။
“ချိုးဖျက်ခြင်း မရှိဘဲ ပြင်ဆင်လို့ မရဘူး...” ရှန့်ထိုကျင့်က ပြန်ပြောသည်။ စုချီဟန်အား သူ တစ်ယောက်တည်းသာ အကောင်းဆုံး နားလည် သဘောပေါက် ပေသည်။ သူ၏ ကြေကွဲဖွယ် အတိတ်ဘဝကြောင့် စုချီဟန်ကား အမြဲတမ်းအားဖြင့် တစ်စုံတစ်ခု လိုအပ်နေခဲ့သည်။ သူက မိမိကိုယ်ကိုယ် ကောင်းကောင်း နားလည်ခြင်း မရှိခဲ့လျှင် တော်ဝင်လမ်းစဉ်သို့ မည်သည့်အခါမှ ခြေချနိုင်မည် မဟုတ်ပေ။
“ဟင်း...” ရှန့်ထိုလီက သဘောမကျဟန်ဖြင့် ပြောသည်... “မင်းက သူ့တစ်ယောက်တည်းကိုပဲ စမ်းသပ်ခဲ့တာတော့ ဟုတ်ပုံမရဘူး” စုချီဟန်အား စမ်းသပ်ခြင်းက ရီဖူရှင်းအား စမ်းသပ်ခြင်း မဟုတ်ပေဘူးလား။
ရှန့်ထိုကျင့်က အဖြေမပေးပေ။ ရှန့်ထိုလီက ရီဖူရှင်းတိုက်ခိုက်နေရာသို့ ကြည့်ကာ ပြောသည်... “တကယ်လို့ နန်းတော်က ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ရင် ခင်ဗျားက အနာဂတ်မှာ မြေရိုင်းပြည်နယ်သို့ လာပြီးတော့ လေ့ကျင့်မှာ မဟုတ်ဘူးလား” သူက သူ၏တပည့်များအား စစ်ပွဲတွင် ပါဝင်စေသလို သူကိုယ်တိုင် ကလည်း တော်ဝင်စစ်ပွဲ၌ ပါဝင်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။ ရှန့်ထိုလီက ရှန့်ထိုကျင့်၏ သဘောထားကို ကောင်းကောင်း နားလည်သည်။ ထို့အပြင် သူက ရှန့်ထိုကျင့်၏ ရည်မှန်းချက်များအား တခြားလူများထက် သိနားလည်ပေသည်။
ရှန့်ထိုလီ၏ သဘောမကျဖြစ်မှုက မည့်သည်နေရာက လာသည်ကို ရှန့်ထိုကျင့် နားလည်သည်။ သူက ပြည်နယ်ကိုးခု ကျောင်းတော်၌ နှစ်များစွာ နေခဲ့သော်လည်း ကျောင်းတော် အတွက် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။
“ကျုပ်က တိမ်လို လေလိုလူပါပဲ။ ကျုပ်က နေရာတိုင်းမှာ လေ့ကျင့်နိုင်တယ်။ ဒီနှစ်ပိုင်းတွေမှာ ခင်ဗျားကို စိတ်အနှောင့်အယှက် ပေးခဲ့တာ စိတ်မကောင်းပါဘူး” ရှန့်ထိုကျင့်က ကောင်းကင်သို့ ကြည့်ကာ တီးတိုးပြောသည်... “ပြီးတော့ … ကျုပ် ဘာလိုချင်တယ် ဆိုတာ ခင်ဗျား သိတာပဲ”
“သူ အောင်မြင်ခဲ့တာလား...” ရှန့်ထိုလီက ရီဖူရှင်းနှင့် ပတ်သက်၍ မေးမြန်းခြင်း ဖြစ်သည်။ သူက ရှန့်ထိုကျင့်အား ပြည်နယ်ကိုးခု ကျောင်းတော်သို့ ခေါ်ဆောင် လာခဲ့သည်မှာ ရီဖူရှင်း၏ အကျိုးကျေးဇူး အတွက် ဖြစ်နေသည်။
“အောင်မြင်ခါနီးပဲ။ ပြီးတော့ သူက အဆင့်နိမ့်ကွန်းရှီပဲ ရှိသေးတယ်။ သူ ဆက်ပြီးတော့ တိုးတက်လာခဲ့ရင် သူက သေချာပေါက် အောင်မြင်မှာပဲ။ တကယ်တမ်း ပြောရရင် ကျုပ်ကြောင့် မဟုတ်ရင် တောင်မှ သူက သေချာပေါက် ရှန့်ထိုဖြစ်မှာပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်အတွက် ကောင်းမွန်တဲ့ အစတစ်ခု ဖြစ်မှာပဲ” ရှန့်ထိုကျင့်က တီးတိုးပြောသည်။
“ခင်ဗျားက တစ်လောကလုံးရဲ့ တန်ခိုးရှင်တွေကို နတ်ဘုရား ပြစ်ဒဏ်က လွတ်မြောက်ဖို့ ဆန္ဒရှိနေတာလား။ မဟာလမ်းစဉ် ဆိုတာ စွဲလမ်းခြင်း တရားအတွက် နေရာမရှိဘူး။ ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်ရာ ကြတယ်” ရှန့်ထိုလီက တီးတိုးပြောသည်... “ဒါက ပြောတာ လွယ်ပေမဲ့ အချိန်တွေ အများကြီး ကြာလိမ့်မယ်။”
“ကျုပ်က လုံလုံလောက်လောက် အသက်မရှည်ခဲ့ရင် ရှီဟန်နဲ့ လိပ်ပြာလေးတို့ ရှိတယ်” ကောင်းကင်အား ကြည့်နေသော ရှန့်ထိုကျင့်၏ မျက်နှာ၌ ခိုင်မာ ပြတ်သားသော စိတ်ဆန္ဒ အငွေ့အသက်များ တွေ့ရသည်။
သူ၏ အချစ်ရဆုံးသော သူမှာ မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်ကြောင့် သေဆုံးခဲ့ရသည်။ သူက လိပ်ပြာလေးကိုလည်း ထိုသို့သော ကံကြမ္မာဆိုး မတွေ့ကြုံလိုပေ။ အမှန်တကယ်အားဖြင့် လောကမှ မည်သူ့ကိုမဆို သူကြုံတွေ့ခဲ့ရသော ကြေကွဲ ဝမ်းနည်းဖွယ် အဖြစ်ဆိုးအား မကြုံစေလိုပေ။ ထို့ကြောင့်ပင် ရီဖူရှင်းက ထောင်ကျန်းအား သူ့ထံသို့ ခေါ်ဆောင်လာကာ အကူအညီ တောင်းသောအခါ လက်ခံခဲ့ခြင်း ဖြစ်သည်။ အပြန်အလှန်အားဖြင့် သူက ရီဖူရှင်းအား ဆေးစမ်းသပ် စေခဲ့သည်။ သူ မမျှော်လင့်ထားခဲ့သည်က ရီဖူရှင်းက ဆေးစမ်းသပ်မှုအား အမှန်တကယ် အောင်မြင်ခဲ့သည်။
ရှန့်ထိုလီက ဘာမှမပြောတော့ပေ။ သူက ရီဖူရှင်းအား လှမ်းကြည့်သည်။ အကယ်၍ ဤတော်ဝင် စစ်ပွဲ၌ ရီဖူရှင်းသာ မသေဆုံးခဲ့လျှင် တော်ဝင်ကျဲ နန်းတော်သည် ပြည်နယ်ကိုးခု၌ အင်အား အကြီးဆုံး ဖြစ်လာ ပေလိမ့်မည်။ တစ်ခါတစ်ရံ စစ်ပွဲသည် လူတို့၏ စိတ်နေ သဘောထားများ၊ ခံယူချက်များနှင့် ရည်မှန်းချက်များကို ပြောင်းလဲ စေနိုင်သည်။ သေခြင်း ရှင်ခြင်း အခိုက်အတန့်များက တချို့သော အသိအမြင်များအား နားလည် စေနိုင်သည်။ မှန်သည် ... စစ်ပွဲမှ ယူဆောင်လာသော အရာအများစုမှာ သေခြင်းတရား ဖြစ်သည်။
စုချီဟန်နှင့် လိပ်ပြာလေးတို့ တိုက်ပွဲမှ ထွက်ခွာ သွားသည့်နောက်ပိုင်း အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခု၏ အဓိကပစ်မှတ်မှာ ရီဖူရှင်းတို့အဖွဲ့ ဖြစ်လာခဲ့သည်။ များစွာသော စစ်သည်များနှင့် ထိပ်သီး တန်ခိုးရှင်များက ရီဖူရှင်းတို့အား အထပ်ထပ် ဝန်းရံလာကြသည်။
တခြား တိုက်ပွဲမြေပြင် တစ်ခု၌ တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင် အများစုအား ကျိရာက စိတ်ရှိလက်ရှိ တိုက်ခိုက်နိုင်ခြင်း မရှိပါ။ သူ့အား ဗာဂျာရာဒေသမှ တန်ခိုးရှင်များက တားဆီး ထားကြသည်။ တစ်ဖက်တွင် ရီဖူရှင်း၏ လက်၌ များစွာသော ရှီဟွာတောင် တန်ခိုးရှင်များ အသတ်ခံခဲ့ရသည်။ တစ်ဖက်တွင် ကျောက်ပြည်ထောင်မှ ကျောက်မင်က ဖီးနစ်စစ်တပ်အား ဦးဆောင် တိုက်ခိုက်ကာ ယန်ဟောင်က ကောင်းကင် ဝင်္ကပါအား ဦးဆောင်လျက် သူတို့အား တားဆီးသည်။
အမှန်တကယ်အားဖြင့် ယွီကလန်က တန်ခိုးရှင်များအား ရင်ဆိုင် တိုက်ခိုက်နေသူမှာ ရှီဟွာတောင် တန်ခိုးရှင်များအား ဦးဆောင်သော လျူကျောင်း ဖြစ်သည်။ လျူကျောင်းသည် ဝင်္ကပါပညာ၌ ထူးချွန်ရာ ပူးပေါင်း တိုက်ကွက်များကို ကောင်းကောင်း ဖန်တီးနိုင်သည်။ သူဆင်ထားသော ဝင်္ကပါသည် ရှေးဟောင်းသစ်ပင် အသွင်သဏ္ဌာန်နှင့် ဆင်တူသည်။ သူတို့၏ စွမ်းအားများက လျူကျောင်းထံသို့ ပြင်းထန်စွာ စီးဆင်းနေကြသည်။ လျူကျောင်းက လက်ဝှေ့ယမ်းလျှင် မိုးမခပင်၏ အကိုင်းအခက် တစ်ခုက ကျဆင်း လာသကဲ့သို့ ထင်မှတ်ရသည်။ ထိုအကိုင်းအခက်မှ ခွန်အားရှိဟန် မရသော်လည်း အမှန်တကယ်အားဖြင့် လောက၏ အထက်ရှဆုံးသော လက်နက် ဖြစ်ပေသည်။ ထိုသစ်ကိုင်းက သူ့ရှေ့မှ များစွာသော တန်ခိုးရှင်များအား ဖြတ်တောက် သွားသည်။
“လျူကျောင်း...” ဒေါသတကြီး အသံတစ်သံအား ကြားရသည်။ သူက လှမ်းကြည့်လျှင် ဝင်္ကပါအသွင်ဖြင့် ပြေးလာသော လူတစ်စုအား မြင်သည်။ ထိုသူမှာ သူ၏ ရန်သူဟောင်း ဖြစ်သော စစ်တုရင်ရှန့်ထို၏ တပည့်ကြီး ရန်ရှောင်ဖြစ်သည်။
“နဂါးနတ်ဘုရားဝင်္ကပါ...” လျူကျောင်းက ရန်ရှောင် ဦးဆောင်လာသော ဝင်္ကပါအား စိတ်ဝင်တစား ကြည့်သည်။ သူ၏မျက်လုံးများက မကောင်းသော အငွေ့အသက်များ ထွက်ပေါ် လာခဲ့သည်။
“ခင်ဗျားက စစ်တုရင်ကျေးရွာက အဘိုးကြီး တစ်ယောက်ပဲ။ ကျုပ်က နတ်နဂါး ကစားကွက်ကို ဖျက်ဆီးနိုင်ခဲ့ပြီးတော့ စစ်တုရင်ရှန့်ထိုက ခင်ဗျားတို့ အားလုံးကို ကျုပ်နောက်လိုက် ဖြစ်စေခဲ့တယ်။ အခု ခင်ဗျားက ကျုပ်ကို သတ်ချင်တာလား” လျူကျောင်းက လှောင်ပြောင် ပြောဆိုသည်။
“လီခိုင်ရှင်းကသာ မင်းအတွက် အားနည်းချက် မလုပ်ပေးခဲ့ရင် မင်းက ကစားကွက်ကို ဖျက်နိုင်မှာ မဟုတ်ဘူး” ရန်ရှောင်က သူ့ညီအစ်ကို မောင်နှမများ၏ ကံဆိုးမိုးမှောင် ကျမှုများကို ပြန်တွေးကာ အသတ်ရှင်လိုစိတ်ပင် မရှိတော့ပေ။ လီခိုင်ရှင်း၏ သစ္စာဖောက်မှုကြောင့်သာ မဟုတ်ခဲ့လျှင် သူ့ဆရာနှင့် တကယ်တမ်း တွေ့ခွင့်ရသူမှာ ရီဖူရှင်း ဖြစ်ပေမည်။ ရီဖူရှင်းကသာ သူတို့အား ဦးဆောင်ခဲ့ပါက သူတို့ ညီအစ်ကိုမောင်နှမများ သေဆုံးခဲ့မည် မဟုတ်ဟု သူယုံကြည်သည်။
“ဒီလိုဆိုရင်လည်း...” လျူကျောင်း၏ အကြည့်က အေးစက်နေသည်... “ဒါဆိုလည်း ကျုပ်က ဝင်္ကပါကို ဖျက်နိုင်သလား၊ မဖျက်နိုင်ဘူးလား ကြည့်ကြတာပေါ့” သူကား ယခု ကွန်းရှီအဆင့်သို့ ရောက်နေပြီဖြစ်ရာ ယခင်ထက် များစွာ အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ယခု သူ့နောက်မှ လိုက်ပါ တိုက်ခိုက် နေကြသူများ မှာလည်း ယခင်က သူ့နောက်လိုက်များထက် အားကောင်းကြသည်။ ဤတစ်ကြိမ်က ဝင်္ကပါကို ဖျက်ရန် လေ့လာ ဆန်းစစ်နေစရာ မလိုတော့ဘဲ တစ်ခါတည်း ဝင်ရောက် တိုက်ခိုက် သတ်ဖြတ် နိုင်ပေသည်။
အလွန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ စစ်မြေပြင် တစ်နေရာ၌ ပေါက်ကွဲထွက် လာသည်။ ထိုဝင်္ကပါနှစ်ခုမှာ အလွန် ပြင်းထန် အားကောင်းလှ၏။ ရန်ရှောင်အား ဗဟိုပြုလျက် ဧရာမနဂါးကြီး တစ်ကောင် ပေါ်လာသည်။ လျူကျောင်း တည်ဆောက်ခဲ့သော ဝင်္ကပါသည် ရှေးဟောင်း သစ်ပင်တစ်ပင်နှင့် အလားသဏ္ဌာန် တူသည်။ သစ်ကိုင်း သစ်ရွက်များ လှုပ်ခတ်သံများနှင့်အတူ အဆုံးအစမဲ့သော သစ်ကိုင်းများ ကောင်းကင်သို့ ခွဲဖြာ ရှည်လျား လာကြသည်။
နဂါးက အော်ဟစ်ကာ လက်သည်းများဖြင့် ကုတ်ခြစ်သည်။ သူ၏ လက်သည်း ငါးချောင်းမှာ ချိတ်သဏ္ဌာန် ရှိသည်။ ထိုအရာများက ထက်ရှလွန်းရကား လေဟာနယ်ကို ထိုးခွင်းကာ လျူကျောင်းထံသို့ တိုးဝင် လာကြသည်။ များစွာသော နွယ်ပင်များက လက်သည်းများအား လာရောက် ရစ်ပတ်သော်လည်း နွယ်ပင်များသာ အပိုင်းပိုင်း အစစ ဖြစ်ရသည်။ သို့သော်လည်း နွယ်ပင်များသည် အကန့်အသတ်မဲ့ရာ လက်သည်းများအား အဆက်မပြတ် ရစ်ပတ်စေလျက် နှေးကွေးစေ၏။
“ရန်ရှောင်… ခင်ဗျားတို့ မျိုးဆက်က ပြည်နယ်ကိုးခု ရှီအဆင့်ဝင်တွေ နေရာဖယ်ပေးရမဲ့ အချိန် ရောက်လာပြီ” လျူကျောင်း၏ အသံက အေးစက် နေသည်။ သူက ထိုသို့ပြောလျှင် လက်သည်းများထံသို့ လွန်စွာ မာကျောဟန်ရသော နွယ်ပင်များ တိုးဝင် သွားကြသည်။ ထိုနွယ်ပင်များတွင် မဟာလမ်းစဉ်၏ လောကဓာတ်များ ပါဝင်နေဟန်ရကာ နဂါးလက်သည်းများအား တဖြည်းဖြည်း တိုက်စား သွားသည်။
လူငယ်မျိုးဆက်မှ တန်ခိုးရှင် အများအပြားသည် ယခု အရွယ် ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ထိုအထဲတွင် သိသိသာသာ တိုးတက် လာခဲ့သူများမှာ ရီဖူရှင်း၊ ယူချင်း၊ ဂူတုံးလျို၊ စုချီဟန်နှင့် တခြားလူများ ဖြစ်ကြသည်။ များစွာသော ထိပ်သီး ကွန်းရှီ တန်ခိုးရှင်များမှာ ရီဖူရှင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရပြီးဖြစ်ရာ သူပြောသည်မှာလည်း မမှားပေ။
လှိုင်းလေများ အတက်အကျကြောင့် ပြည်နယ်ကိုးခု ရှီအဆင့်မှာလည်း ကြီးစွာ ပြောင်းလဲ ပေတော့မည်။ လူအများအပြားက ပြည်နယ်ကိုးခု ရှီအဆင့်တွင် ဝင်ရောက် အစားထိုး ကြပေတော့မည်။ ထိုအရာကပင် တန်ခိုးရှင်လောက၏ ရက်စက်ကြမ်းတမ်းမှု ဖြစ်သည်။
လျူကျောင်း၏ မျက်လုံးများက အေးစက် သွားသည်။ နတ်နဂါး ကစားကွက်မှ ဝင်းလက်သော ဓားရောင်များ လေထုကို ထိုးခွင်းကာ လျူကျောင်းထံသို့ တိုးဝင် လာကြသည်။ သူ၏ ထောင်ချီသော ဓားများသည်လည်း ကြောက်မက်ဖွယ် ဓားမုန်တိုင်းများ ဖြစ်လာသည်။ နတ်နဂါး ဓားသည် ဓားစွမ်းအင် မုန်တိုင်း၏ တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ပျက်စီးလာခဲ့သည်။ ရွှေရောင် အလင်းများ မွေးဖွားလာခဲ့ကာ ကြောက်မက်ဖွယ် ဓားမုန်တိုင်းများက ရှေ့သို့တက်လာခဲ့လျှင် နဂါးက မာန်သွင်း အော်ဟစ်သည်။ ထောင်ပေါင်း များစွာသော ဓားများသည် အလင်း မျက်နှာပြင်အား လာရောက် တိုက်ခိုက်လျှင် နတ်နဂါးဝင်္ကပါသည် တုန်ယင် သွားသည်။ သူတို့၏ အရန်အတားမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။
“ခင်ဗျား လက်စား ချေချင်တယ် ... ဟုတ်လား ရန်ရှောင် … ဒါပေမဲ့ ခင်ဗျားက တန်းမဝင်ဘူး” လျူကျောင်းက မောက်မာစွာ ပြောသည်။ ထို့နောက် သူက ရှေ့သို့ တက်လာခဲ့သည်။
***