ထာဝရနတ်ပြည်ထောင်၏ နိဂုံး
Vol. 72 Ch. 998
"ဒီကိစ္စကို ကျုပ်ကိုယ်တိုင် နတ်ဝိညာဥ်နဲ့ အာရုံခံနိုင်ခဲ့တာ ဖြစ်ပါတယ် မင်းကြီး"
မင်ကျောက်က အသေအချာပြောလိုက်ပြီး လိမ်လည်နေခြင်း ဖြစ်သော်လည်း အမှန်အတိုင်း ပြောနေသကဲ့သို့ တည်ငြိမ်နေ၏။
"လူသားမျိုးနွယ်မှာ အာကာသနတ်ထိပ်ဆုံးအဆင့်တွေ ဘာကြောင့် ဒီလောက်များနေရတာလဲ။ အရင်တုန်းက သူတော်စင်ဘုရင်ဟာ မသေဘဲ စကြဝဠာရဲ့ တစ်နေရာမှာ ပုန်းအောင်းနေပြီး အင်အားပြည့်မှ တစ်စခန်းထလာတာများလား။ ဒီခွေးကောင်နဲ့ ခွေးမကျိယွမ်ကတော့ကွာ"
ရှင်းဟွမ်ဘုရင်က မျက်မှောင်ကြုတ်၍ အလေးအနက်စဥ်းစားနေပြီး ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာ ဖြစ်ကြောင်း သုံးသပ်လိုက်သည်။
"လူသားမျိုးနွယ်က တစ်ခုခု ကြံစည်နေပါတယ်။ သူတို့က ရှင်းဟွမ်မျိုးနွယ်ကို အောက်ဘုံဆီ မျှားခေါ်ချင်နေတာ ဖြစ်ပါလိမ့်မယ်။ မျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်ကြောင့်သာ မဟုတ်ရင် ကျုပ်တို့တောင် ပြန်ရောက်လာနိုင်မှာ မဟုတ်ပါဘူး"
မင်ကျောက်က နတ်ချီဖြင့် ပုံရိပ်အချို့ကို ပြသလိုက်ပြီး မိုးထိုးမတတ် မြင့်မားသော ကြယ်ကောင်းကင်ခံတပ်၊ ဧရာမကြယ်ယာဥ်ကြီးများ၊ မရေမတွက်နိုင်သော ရုပ်သေးများ၊ အလိုအလျောက် လည်ပတ်နေသော ပန်းပဲရုံများ ပါဝင်ကာ ရှင်းဟွမ်မျိုးနွယ်၏ သိနိုင်စွမ်းကို ကျော်လွန်နေသည်။ ဤမြင်ကွင်းများကြောင့် ရှင်းဟွမ်ဘုရင်က ပို၍လေးနက်သွားကာ ဗဟုသုတကြွယ်ဝသော်လည်း ကမ္ဘာပေါ်ရှိ ခေတ်မီ စက်ရုံအလုပ်ရုံများကို မြင်ဖူးခြင်း မရှိပေ။ ထို့အပြင် လူသားမျိုးနွယ်၏ အင်အားက သူ့ကို ကြောက်လန့်စေခဲ့သည်။
"မင်းကြီး ဘိုးဘေးနတ်ဘုရားတွေက အသက်မီးတောက်ရဲ့ ဆက်ခံသူကို ရွေးချယ်တော့မယ်။ ဒါကိုသာ ရနိုင်ရင် ဘယ်သူမှ အရှင့်ကို မယှဥ်နိုင်ပါဘူး။ ဒါကြောင့် အောက်ဘုံကို သွားပြီး ရန်သူရဲ့လှည့်ကွက်ထဲ မဝင်မိပါစေနဲ့"
မင်ကျောက်က ဖြောင်းဖျလိုက်သည်။ နတ်ပြည်တွင်နေခြင်းက အလုံခြုံဆုံးသော နည်းလမ်းဖြစ်ကာ အကယ်၍ အသက်မီးတောက်၏ ဆက်ခံသူ ဖြစ်လာလျှင် ရှင်းဟွမ်ဘုရင်က ပြိုင်ဘက်ကင်းပေလိမ့်မည်။ အာကာနတ်ထိပ်ဆုံးအဆင့်များ မည်မျှရှိပါစေ၊ ဘိုးဘေးနတ်ဘုရားတစ်ပါးကို မယှဥ်နိုင်ပေ။
"ငါကိုယ်တိုင် ဆုံးဖြတ်မယ်။ မင်း သွားနိုင်ပြီ"
သူက မင်ကျောက်ကို လက်ယမ်းပြလိုက်ပြီး နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းရှိရာထံ ငေးမောနေခဲ့သည်။ လူသားမျိုးနွယ်က အမှန်တကယ် အစွမ်းထက်လာပြီး သူတော်စင်ဘုရင် အသက်ရှင်နေလျှင် သူ့အတွက် ဤတိုက်ပွဲကား ရှောင်လွှဲမရနိုင်သော ကံကြမ္မာ ဖြစ်သည်။ စကြဝဠာအတွင်း နတ်ပြည်ထောင်၃၂ခု တည်ရှိပြီး အခြေအနေက နှစ်ပေါင်းငါးထောင်ကြာသည်အထိ တည်ငြိမ်နေခဲ့သည်။ အချို့သော နတ်ပြည်ထောင်များ တည်ရှိလာသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ အချိန်အတိအကျပင် မသိနိုင်ပေ။ သမိုင်းကြောင်းအတွင်း အစွမ်းထက်မျိုးနွယ်များစွာက နတ်ပြည်ထောင်များ တည်ထောင်ရန် ကြိုးပမ်းခဲ့သော်လည်း ကျရှုံးခဲ့ရပြီး စစ်ဖြစ်ပွားခြင်းမရှိလျှင် နတ်ပြည်ထောင်တစ်ခု ပြိုလဲစရာ အကြောင်းမရှိချေ။ သာမန်အဆင့်ခြောက်မျိုးနွယ်များက နတ်ပြည်ထောင် တည်ဆောက်ရန် အဆင့်မမီဘဲ အဆင့်ခုနစ်မျိုးနွယ်များနှင့် အလွန်အစွမ်းထက်သော မျိုးနွယ်များသာ စွမ်းဆောင်နိုင်ကြ၏။
သို့ရာတွင် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းတွင် လူသားမျိုးနွယ်၏ နတ်ပြည်ထောင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသောကြောင့် အားလုံးကို အံ့သြစေခဲ့သည်။ နတ်ပြည်ထောင်များ၏ ဟန်ချက်ညီမှု ကျိုးပဲ့သွားကာ ပို၍အံ့သြစရာကောင်းသည်မှာ လူသားမျိုးနွယ်က ထာဝရနတ်ပြည်ထောင်ကို စစ်ကြေညာခြင်းဖြစ်သည်။ ဤနတ်ပြည်ထောင်သည် အသန်မာဆုံးဖြစ်ကာ အစွမ်းအထက်ဆုံးမျိုးနွယ် ဖြစ်သည့် ရှင်းဟွမ်မျိုးနွယ်၏ အထောက်အပံ့ကို ရထားသောကြောင့် လူသားမျိုးနွယ် ကျရှုံးမည်ဟု အားလုံးက ထင်ထားကြသည်။ နတ်ပြည်ထောင်များနှင့် မျိုးနွယ်အားလုံးသည် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းကို စောင့်ကြည့်နေစဥ် ၎င်းထံမှ ကြယ်ယာဥ်ကြီးများ အုပ်စုလိုက် ထွက်ပေါ်လာကာ ထာဝရနတ်ပြည်ထောင်အား တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပိုင်နက်သားရဲများက နေရာအနှံ့တွင် ရုတ်တရက် ထွက်ပေါ်လာကာ ဧရိယာတိုင်း လိုက်လံတိုက်ခိုက်နေခဲ့သည်။ ပို၍တုန်လှုပ်စရာကောင်းသည်မှာ ၎င်းတို့အထဲတွင် တော်ဝင်မျိုးနွယ်ဟု သတ်မှတ်ခံထားရပြီး အချိန်ကြာမြင့်စွာ မျိုးတုံးပျောက်ကွယ်နေသော ရွှေပိုင်နက်သားရဲများ ပါဝင်နေခြင်းဖြစ်သည်။ လွန်ခဲ့သော အတိတ်က ရှင်းဟွမ်နှင့် လူသား ပထမစစ်ပွဲတွင် ၎င်းမျိုးနွယ်က သုတ်သင်ခံလိုက်ရပြီး ဘုရင်မများ သေဆုံးခဲ့ကာ သာမန်မျိုးနွယ်ဝင် အနည်းငယ်သာ ကျန်ရစ်သည်။ ၎င်းမျိုးနွယ်က ရုတ်တရက် ပြန်လည်ထွက်ပေါ်လာပြီး လူသားမျိုးနွယ်၏ မဟာမိတ်ဖြစ်နေမည်ဟု မည်သူမှ မျှော်လင့်မထားပေ။
ယဲ့ချန်သည် ထာဝရနတ်ပြည်ထောင်အတွင်း လှည့်လည်သွားလာနေရင်း ကြယ်အဖွဲ့အစည်းတစ်ခုထံ ရောက်တိုင်း ဒန်တန်အတွင်းမှ စစ်တပ်များ ဆင့်ခေါ်ကာ သိမ်းပိုက်စေသည်။ သူ၏ရည်ရွယ်ချက်မှာ ၎င်းကို အားနည်းစေရန်ဖြစ်ပြီး စစ်တပ်များ တစ်ခုပြီးတစ်ခု စေလွှတ်နေသောကြောင့် နေရာတိုင်း ပရမ်းပတာ ဖြစ်လာခဲ့၏။ ယဲ့တန်းရွှမ်သည်လည်း လူသားမျိုးနွယ်၏ တပ်မဟာကြီးကို ဦးဆောင်ကာ ရောက်လေရာ တိုက်ခိုက်သိမ်းပိုက်ရင်း အောင်ပွဲဆင်နွှဲနေသည်။ နေရာတိုင်း၌ စစ်မီးများ တောက်လောင်နေပြီး လူသားမျိုးနွယ်၏ အရှိန်အဟုန်က အခြားသူများထင်ထားသည်ထက် ပို၍မြန်ဆန်နေခဲ့သည်။ ထာဝရနတ်ပြည်ထောင်နှင့် ရန်ကြွေးရှိသော နတ်ဆိုးဘုရင်ပြည်ထောင်နှင့် သွေးပြည်ထောင်ကလည်း အခြေအနေကို အခွင့်ကောင်းယူကာ လူသားမျိုးနွယ်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ နတ်ပြည်ထောင်၃၂ခု နှင့် အစွမ်းထက်မျိုးနွယ်များ၏ ခေါင်းဆောင်များသည် ဤကိစ္စကို ဆွေးနွေးနေကြပြီး နိမ့်ကျသော လူသားမျိုးနွယ်က ထာဝရနတ်ပြည်ထောင်ကို အကျပ်ရိုက်စေမည်ဟု လုံးဝထင်မထားကြပေ။
"ဘာတွေဖြစ်နေတာလဲ။ ရှင်းဟွမ်မျိုးနွယ်က ဘာကြောင့် မလှုပ်ရှားသေးတာလဲ"
"ယေဘူယျပြောရရင် သူတို့က အာကာသနတ်တစ်ယောက်လောက် စေလွှတ်သင့်နေပြီ"
"ဘာကြောင့် ထာဝရနတ်ပြည်ထောင်က ငြိမ်ခံနေရတာလဲ"
"ငါ့အထင် ရှင်းဟွမ်ဘုရင်က ဒီကိစ္စကို မသိသေးလောက်ဘူး။ လူသားမျိုးနွယ်ကို ခဏတော့ မောက်မာခွင့်ပေးထားလိုက်ပါ။ အာကာသနတ်တစ်ယောက် ရောက်လာရင် သူတို့က ချက်ချင်းရှုံးနိမ့်သွားလိမ့်မယ်။ ထိပ်ဆုံးကနေ အောက်ဆုံးကို သူတော်စင်ဘုရင်လို ပြုတ်ကျသွားရင်တော့ ကြည့်မကောင်းရှုမကောင်း ဖြစ်တော့မယ်"
သူတို့၏အမြင်တွင် လူသားမျိုးနွယ်က အနိုင်ရရန် အခွင့်အလမ်းမရှိသော်လည်း စစ်မီးများက နယ်စပ်မှတဆင့် ထာဝရနတ်ပြည်ထောင်၏ ဗဟိုချက်နေရာများအထိ ကူးစက်လာသည်။ ဘီလီယံချီသော တိုက်ပွဲများ ဖြစ်ပျက်နေပြီး နေရာတိုင်းက စစ်မြေပြင်အဖြစ် ပြောင်းလဲနေသည်။ လူသားမျိုးနွယ်က အဆုံးမရှိသည့်အလား ချီတက်နေပြီး အာကာသအမြှောက်ပစ်ချက်များအောက်တွင် ရှင်းဟွမ်စစ်သည်တော်များ မရေမတွက်နိုင်အောင် ကျဆုံးနေကြသည်။ ကြယ်ယာဥ်များ၊ အာကာသအမြှောက်များ၊ ပိုင်နက်သားရဲများနှင့် ယဲ့ချန်၏ သစ္စာခံနောက်လိုက်များက ထာဝရနတ်ပြည်ထောင်ကို ကြမ်းတမ်းစွာ တိုက်ခိုက်နေကြပြီး မပျက်စီးမချင်း ရပ်တန့်မည် အရိပ်အယောင် မရှိသောအခါ နတ်ပြည်ထောင်အားလုံးကို တုန်လှုပ်စေသည်။
မူလတွင် သူတို့သည် လူသားမျိုးနွယ်က ဤမျှစွမ်းဆောင်နိုင်မည်ဟု မယုံကြည်သော်လည်း အချိန်ကြာလာသောအခါ ၎င်း၏အင်အားမှာ ထင်ထားသည်ထက် ကျော်လွန်ကြောင်း နားလည်လာရသည်။ လူသားမျိုးနွယ်၏ နတ်အဆင့်နှင့်အထက် ကျင့်ကြံသူအရေအတွက်က သူတို့ထက်ပင် သာလွန်နေသည့်အပြင် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားများ ပိုင်ဆိုင်ထားကြ၏။ အာကာသနတ်များသာ ဝင်ရောက်စွက်ဖက်ခြင်းမရှိလျှင် ဤမျိုးနွယ်သည် ထာဝရနတ်ပြည်ထောင်ကို အလွယ်တကူ ချေမွသွားပေလိမ့်မည်။ ရှင်းဟွမ်မျိုးနွယ်ဘက်မှ မလှုပ်ရှားရသော အကြောင်းအရင်းကို သူတို့က သိချင်နေကြသည်။ ထာဝရနတ်ပြည်ထောင်သည် အလွန်အင်မတန် ကျယ်ဝန်းပြီး မရေမတွက်နိုင်သော ရှင်းဟွမ်လက်အောက်ခံ မျိုးနွယ်များမှာ အပြင်းအထန်တိုက်ခိုက်ခံနေရပြီး အာကာသအမြှောက်များကို ခုခံနိုင်စွမ်း လုံးဝမရှိပေ။ သူတို့က ရှင်းဟွမ်မျိုးနွယ်မှ စစ်ကူများ မပို့ပေးလာသည့်အတွက် သံသယစိတ်များဖြင့် ရှင်သန်နေကြရသည်။
နတ်ပြည်ရှိ ရှင်းဟွမ်နန်းတော်အတွင်း ကျယ်လောင်သော ငြင်းခုံသံများ ထွက်ပေါ်နေသည်။
"အရှင်မင်းကြီး ထာဝရနတ်ပြည်ထောင်က အလွန်အားနည်းနေပါပြီ။ ကျုပ်တို့ အာကာသနတ်တွေကို တိုက်ခိုက်ခွင့်ပေးပါ။ ဒါက နိမ့်ကျတဲ့ လူသားမျိုးနွယ်ဖြစ်လို့ ကြောက်စရာ အကြောင်းမရှိပါဘူး"
"မှန်ပါတယ် အရှင်။ ကျုပ်ကိုယ်တိုင် အောက်ဘုံကိုဆင်းပြီး ရန်သူတွေနဲ့ တိုက်ခိုက်ချင်ပါတယ်"
ရွှမ်ကုန်းနှင့် အာကာသနတ်များက သွေးဆာရက်စက်စွာ တောင်းဆိုလိုက်ကြသည်။
"ဒီလိုလုပ်လို့ မဖြစ်ပါဘူး မင်းကြီး။ လူသားမျိုးနွယ်မှာ အာကာသနတ်အဆင့်ကိုတောင် အပြင်းအထန် ဒဏ်ရာရစေနိုင်တဲ့ အာကာသအမြှောက်ဆိုတဲ့ လက်နက်ပိုင်ဆိုင်ကြောင်း သတင်းရထားပါတယ်။ ပိုပြီးအစွမ်းထက်တဲ့ ဝှက်ဖဲတွေလည်း ရှိနိုင်တဲ့အတွက် အောက်ဘုံကို ဆင်းသွားရင် အကောက်ကြံခံရနိုင်ပါတယ်"
"ဒီလက်နက်တွေက နတ်ပြည်ကို ရောက်မလာနိုင်တဲ့အတွက် စိတ်အေးလက်အေး နေနိုင်ပါတယ်။ မင်းကြီးသာ အသက်မီးတောက်ကိုရရင် ရှင်းဟွမ်မျိုးနွယ်က ဘာမှဂရုစိုက်စရာ မလိုတော့ပါဘူး"
တစ်ဖက်တွင် မင်ကျောက်က ဦးဆောင်၍ ကန့်ကွက်လိုက်သောကြောင့် အာကာသနတ်များ နှစ်ဖွဲ့ကွဲနေကြသည်။
"တော်ကြစမ်း"
ရှင်းဟွမ်ဘုရင်က အေးစက်စက် ငေါက်ငမ်းလိုက်သောကြောင့် အာကာသနတ်အားလုံး ချက်ချင်းတိတ်ဆိတ်ကုန်သည်။ အမှန်တကယ်တွင် သူက နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းကို ထောက်လှမ်းရန် အာကာသနတ်သုံးယောက် စေလွှတ်ခဲ့သည်။ သို့ရာတွင် ထိုသုံးယောက်က ပြန်မလာနိုင်ခဲ့သောကြောင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် လူသားမျိုးနွယ်သည် နယ်မြေတစ်ခုကို သိမ်းပိုက်လိုက်တိုင်း အစီအရင်တစ်ခုကို ခင်းကျင်းလိုက်ပုံရသောကြောင့် သူက မည်သည်ကိုမှ မမြင်နိုင်တော့ပေ။ ကြယ်အဖွဲ့အစည်းများမှာ အာရုံခံမရနိုင်သော အဖြစ်သို့ ရောက်သွားသဖြင့် သူ၏အမြင်တွင် ထောင်ချောက်များ ဖြစ်နေခဲ့သည်။ အကယ်၍ လူသားမျိုးနွယ်ဘက်မှ တစ်ယောက်ယောက် ထွက်လာပြီး ပေါ်တင်စိန်ခေါ်လျှင် ကြောက်စရာ အကြောင်းမရှိပေ။ သို့ရာတွင် သူက အာကာသနတ်ထိပ်ဆုံးအဆင့် ဖြစ်နေသည့်တိုင်အောင် အကောက်ကြံခံရမည်ကို စိုးရိမ်နေခဲ့ပြီး ယဲ့ချန်၏ အကြံအစည်များအောက်တွင် လှည့်စားခံလိုက်ရသည်။
"ရွှမ်ကုန်း အသက်မီးတောက် ဘယ်အချိန်ပေါ်လာမလဲဆိုတာ စုံစမ်းပေးစမ်း"
သူက အသက်မီးတောက်ကိုရလျှင် ကြောက်စရာမရှိတော့သဖြင့် ဤသို့အမိန့်ပေး စေခိုင်းလိုက်သည်။ အကယ်၍ သူသာ အသက်နတ်ဘုရားဖြစ်လာလျှင် နတ်ပြည်ထောင်များကို အချိန်မရွေး တည်ဆောက်နိုင်သောကြောင့် ထာဝရနတ်ပြည်ထောင်ကို အရေးစိုက်မနေတော့ပေ။ သူက ထာဝရနတ်ပြည်ထောင်၏ မရေမတွက်နိုင်သော ပြည်သူများကို အလေးမထားဘဲ စွန့်ပစ်လိုက်ပုံရသောကြောင့် ရွှမ်ကုန်းမှာ သက်ပြင်းချလိုက်မိသည်။
ယဲ့ချန်သည် ပီဖန်းကို စီးနင်းရင်း ထာဝရနတ်ပြည်ထောင်တစ်ခွင် လှည့်လည်သွားလာနေကာ ရန်သူဘက်မှ အာကာသနတ်တစ်ယောက် ဆင်းသက်လာလျှင် အချိန်မရွေး သတ်ဖြတ်ပစ်ရန် ပြင်ဆင်ထားသည်။ သို့ရာတွင် စစ်ပွဲက ထာဝရနတ်ပြည်ထောင်တစ်ခုလုံးသို့ တောက်လောင်နေပြီး လူသားမျိုးနွယ် ပိုင်နက် ကျယ်ပြန့်လာသည့်တိုင်အောင် ရှင်းဟွမ်မျိုးနွယ်မှ အာကာသနတ်များ ထွက်မလာခဲ့ပေ။ ထို့ကြောင့် သူလျှိုများ၏တာဝန် အောင်မြင်ခဲ့ပြီး သူ၏အကြံအစည် အထမြောက်သွားကြောင်း နားလည်လိုက်သည်။ သူက နောက်လိုက်များကို စစ်ပွဲအား အရှိန်မြှင့်ရန် အမိန့်ပေးလိုက်သည်။ ရွှေပိုင်နက်သားရဲစစ်တပ်နှင့် ယဲ့တန်းရွှမ်၏ တပ်မဟာကြီးက ထာဝရနတ်ပြည်ထောင်၏ မြို့တော်ကို သိမ်းပိုက်လိုက်သောအခါ တော်ဝင်မျိုးနွယ်မှာ ထွက်ခွာသွားပြီဖြစ်သည်။
ရှင်းဟွမ်မျိုးနွယ်ဝင်များက ထာဝရနတ်ပြည်ထောင်ကို စွန့်ခွာသွားသောကြောင့် အခြားနတ်ပြည်ထောင်များမှာ အံ့သြနေကြပြီး ဤသတင်းသည် အထက်ပိုင်းအကြီးအကဲများနှင့် ခေါင်းဆောင်များကို မင်သက်သွားစေခဲ့လေသည်။