← Chapters

နီးကပ်လာသော အာကာသနတ်များ၏တိုက်ပွဲ

Vol. 72 Ch. 999

နီးကပ်လာသော အာကာသနတ်များ၏တိုက်ပွဲ

Vol. 72 Ch. 999

နှစ်ပေါင်းများစွာအတွင်း မည်သည့်အင်အားစုမှ ထာဝရနတ်ပြည်ထောင်၏ မြို့တော်ကို မကျူးကျော်နိုင်ခဲ့သောကြောင့် ၎င်းက ရှင်းဟွမ်မျိုးနွယ်အတွက် အရေးမကြီးသော်လည်း အခြားနတ်ပြည်ထောင်များ၏ အမြင်၌ အရေးပါသည်။ စကြဝဠာအတွင်း ၎င်းမျိုးနွယ်က အလွန်အစွမ်းထက်သော်လည်း လက်ရှိတွင် နစ်နာမှု ကြီးမားနေသဖြင့် သူတို့၏အမြင်၌ ကြောက်လန့်နေခြင်း ဖြစ်သည်။ လူသားမျိုးနွယ်နှင့် ရင်ဆိုင်ရာတွင် ရှင်းဟွမ်ဘုရင် ကြောက်သည်မှာ လူတစ်ယောက်တည်းသာရှိပြီး သူ​တော်စင်ဘုရင် ဖြစ်၏။ ဖြစ်နိုင်သည်မှာ သူက ဤနှစ်များအတွင်း စကြဝဠာ၌ ပုန်းအောင်းနေခဲ့ပြီး အင်အားများစုဆောင်း၍ ယနေ့တွင်မှ တစ်စခန်းထလာခြင်း ဖြစ်ပေလိမ့်မည်။ သူတော်စင်ဘုရင် ပြန်လည်ဝင်စားသော သတင်းက စကြဝဠာတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ အတိတ်တွင် အာကာသနတ်များစွာသည် အသက်မီးတောက်အတွက် တိုက်ခိုက်ခဲ့သော်လည်း ရှင်းဟွမ်ဘုရင်အား မည်သူမှ မဖိနှိပ်နိုင်ခဲ့ပေ။ သူတော်စင်ဘုရင် ထွက်ပေါ်လာသောအခါတွင်မှ ယှဥ်ပြိုင်နိုင်ခဲ့သောကြောင့်ပင်။

လူသားမျိုးနွယ်အနေဖြင့် ထာဝရနတ်ပြည်ထောင်၏ မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း နတ်ပြည်ထောင်တစ်ခုလုံးကို ထိန်းချုပ်ရန်အတွက် နှစ်ပေါင်းရာချီ လိုအပ်ပေလိမ့်မည်။ သို့ရာတွင် အခြားနတ်ပြည်ထောင်များက ဤအချက်ကို လျစ်လျူရှုထားပြီး ရှင်းဟွမ်မျိုးနွယ်၏ အနိုင်ကျင့်ခြင်းခံနေရသော အဆင့်ခြောက်မျိုးနွယ်များသည် ယဲ့ချန်ထံ သံတမန်များ စေလွှတ်ကာ ဆက်သွယ်လာကြသည်။ သွေးမီးတောက် နတ်ဆိုးမျိုးနွယ်သည်ပင် ရန်သူကို တိုက်ခိုက်ရန်အတွက် မဟာမိတ်ဖွဲ့လိုကြောင်း ပြောကြားလာပြီး နတ်ဆိုးဘုရင်ပြည်ထောင်နှင့် သွေးပြည်ထောင်ကလည်း ရှင်းဟွမ်မျိုးနွယ်ကို ပူးပေါင်းတိုက်ခိုက်ချင်သည့် သဘောထားများ ပြသလာခဲ့သည်။ လူသားမျိုးနွယ်အနေဖြင့် ထာဝရနတ်ပြည်ထောင်၏ မြို့တော်ကို သိမ်းပိုက်လိုက်ခြင်းသည် အခြားသူများအတွက် ခွန်အားပြယုဂ်တစ်ခုဖြစ်ပြီး မိတ်ဆွေဖွဲ့လိုသော အဆင့်ခုနစ်မျိုးနွယ်နှစ်ခုမှ ဆက်သားများပင် ရောက်ရှိလာ၏။ ယဲ့ချန်သည် ပူးပေါင်းလိုသူ အားလုံးကို လက်ခံခဲ့ပြီး အသက်မီးတောက်တိုက်ပွဲ၌ ရှင်းဟွမ်ဘုရင်ကို စိန်ခေါ်ရာတွင် အားလုံးကို အသုံးချရန် ကြံစည်ထားသည်။

လူသားမျိုးနွယ်၏ သူတော်စင်ဘုရင်က အသက်မီးတောက်အတွက် ရှင်းဟွမ်ဘုရင်ကို စိန်ခေါ်မည်ဖြစ်သောကြောင့် အတိတ်မှ တိုက်ပွဲသည် တစ်ကျော့ပြန်လာခဲ့သည်။ မျိုးနွယ်စုများစွာက လူသားမျိုးနွယ်ဘက်တွင် ရပ်တည်ခဲ့ပြီး ရှင်းဟွမ်ဘုရင်သာ အသက်မီးတောက်ကို ရသွားလျှင် သူတို့အတွက် အနာဂတ်က မကောင်းနိုင်ပေ။ သူတော်စင်ဘုရင်ကို အသက်မီးတောက် မရစေလိုသောသော်လည်း တစ်ဖက်လူကို စိန်ခေါ်နိုင်သူမှာ တစ်ယောက်တည်းသာ ရှိ၏။ သူတို့အနေဖြင့် အတိတ်ကဲ့သို့ နှစ်ဖက်လုံး အပြင်းအထန် ဒဏ်ရာရသွားရန် မျှော်လင့်နေကြသော်လည်း ရှင်းဟွမ်မျိုးနွယ်က အစွမ်းထက်လွန်းသောကြောင့် တိုက်ခိုက်ရာတွင် ပူးပေါင်းရပေလိမ့်မည်။

အတိတ်တွင် သူတော်စင်ဘုရင် ရှုံးနိမ့်ခဲ့ရသည်မှာ လူသားမျိုးနွယ်၏ အတွင်းရေးများကြောင့်ဖြစ်ပြီး မိတ်ဆွေများနှင့် မျိုးနွယ်ဝင်များ၏ ထောက်ခံခြင်းကို မရခဲ့ပေ။ သူက ရှင်းဟွမ်မျိုးနွယ်တစ်ခုလုံးနှင့် တစ်ကိုယ်တော် တိုက်ခိုက်ခဲ့ရသော်လည်း ကောင်းကင်ဓားပျံနှင့် ရှင်းဟွမ်ဘုရင်ကို အပြင်းအထန် ဒဏ်ရာရစေနိုင်ခဲ့သည်။ ထို့ကြောင့် မျိုးနွယ်တိုင်းမှ အာကာသနတ်များသည် သူ၏အစွမ်းထက်ခွန်အားကို အသိအမှတ်ပြုခဲ့ကြပြီး နောင်တရခဲ့ကြသည်။ အကယ်၍ သူတို့သာ သူတော်စင်ဘုရင်ဘက်မှ ရပ်တည်ပေးခဲ့လျှင် ရှင်းဟွမ်မျိုးနွယ်၏ ဗိုလ်ကျကြီးစိုးမှုကို ပြောင်းပြန်လှန်၍ အားလုံးအတွက် အဆင်ပြေပေခဲ့လိမ့်မည်။ သူတို့က အခွင့်အရေးတစ်ခုကို လွဲချော်ခဲ့သောကြောင့် လက်ရှိတွင် နောက်တစ်ကြိမ် အခွင့်အရေး ရလာသောအခါ ပြန်လည်ဝင်စားလာသည့် သူတော်စင်ဘုရင်၏သတင်းက လှိုင်းထန်စေခဲ့သည်။ ဤအခြေအနေသည် ရှင်းဟွမ်မျိုးနွယ်၏ အာဏာစက်ကို ပြောင်းလဲပစ်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ရာ လွဲချော်၍ မဖြစ်ချေ။ ဤအကြောင်းအရာများကို ကြိုတင်တွက်ချက်ထားသော ယဲ့ချန်က ထာဝရနတ်ပြည်ထောင်၏ မြို့တော်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဤတိုက်ပွဲကြောင့် ရှင်းဟွမ်မျိုးနွယ်၏ အင်အားကို များစွာမထိခိုက်ခဲ့သော်လည်း အကျိုးသက်ရောက်မှု အလွန်ကြီးမားလေသည်။

ရှင်းဟွမ်မျိုးနွယ်တွင် ရန်သူများစွာရှိပြီး အများစုသည် အဆင့်ခြောက်မျိုးနွယ်များ ဖြစ်ကြသည်။ အချို့က အဆင့်ခုနစ်မျိုးနွယ် ဖြစ်လာရန် အစွမ်းအစရှိသော်လည်း တစ်ဖက်လူကို ကြောက်ရသောကြောင့် ပုန်းလျှိုးကွယ်လျှိုး နေခဲ့ရ၏။ ရှင်းဟွမ်မျိုးနွယ်နှင့် ကမ္ဘာမကြေရန်သူဖြစ်သော သွေးမီးတောက်နတ်ဆိုးမျိုးနွယ်ကဲ့သို့ မျိုးနွယ်များသည် စကြဝဠာအတွင်း ပုန်းအောင်းနေရပြီး ရန်သူ၏ အင်အားကြောင့် ဒေါသကို မျိုသိပ်ထားရသည်။ သို့သော်လည်း အနိုင်ရရန် မျှော်လင့်ချက်ရှိလာသောအခါ သူတို့အနေဖြင့် ချက်ချင်းခုန်ထွက်လာ၍ အသက်နှင့်ရင်းကာ တိုက်ခိုက်ကြပေလိမ့်မည်။ ယဲ့ချန်လိုချင်သည်မှာ ဤမျိုးနွယ်များအကြားတွင် ပေါင်းကူးတစ်ခုဖြစ်ပြီး ယုံကြည်မှု တည်ဆောက်လိုခြင်းပင်။

လူသားမျိုးနွယ်ကြောင့် ရှင်းဟွမ်မျိုးနွယ်က ထာဝရနတ်ပြည်ထောင်ကို စွန့်လွှတ်လိုက်သောအခါ ကြောက်လန့်နေသည်ဟူသော အချက်ပြမှုတစ်ခု ဖြစ်တည်လာ၏။ ဤအချက်ပြမှုသည် တစ်သက်လုံး ပုန်းအောင်း၍ လက်စားချေရန် ချောင်းမြောင်းနေသော မျိုးနွယ်များအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သောကြောင့် ထွက်ပေါ်လာစေခဲ့သည်။ အကယ်၍ ရှင်းဟွမ်ဘုရင်သာ အသက်မီးတောက်ကိုရသွားလျှင် အားလုံး ကိစ္စတုန်းသွားမည်ဖြစ်ကာ သူတို့ပင်လျှင် သုတ်သင်ခံရနိုင်သည်။ ထို့ကြောင့် သူတို့အားလုံးအနေဖြင့် လူသားမျိုးနွယ်နှင့် လက်တွဲရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ မျိုးနွယ်ပေါင်းစုံမှ အာကာသနတ်တစ်ရာကျော်နှင့် ထိပ်ဆုံး အာကာသနတ်အနည်းငယ် ပူးပေါင်းလာကြသော်လည်း ရှင်းဟွမ်ဘုရင်ကို စိန်ခေါ်နိုင်သူမှာ အလွန်နည်းပါး၏။

နတ်ပြည်ရှိ ရှင်းဟွမ်နန်းတော်အတွင်း စားပွဲတစ်လုံး၌ ရှင်းဟွမ်ဘုရင်​နေရာယူထားကာ သက်ဆိုင်ရာမျိုးနွယ်များ၏ ခေါင်းဆောင်များ ရောက်ရှိနေသောကြောင့် အရှိန်အဝါ ကြီးမားစွာ ထွက်ပေါ်နေသည်။ ရှင်းဟွမ်၊ ရွှေဂျို၊ နတ်မီးတောက်၊ ဆည်းဆာ၊ ကြယ်နက်၊ နတ်သတ်သမားစသဖြင့် အစွမ်းထက်မျိုးနွယ်ပေါင်း ရာချီ စုဝေးနေကြသည်။ ဤမျိုးနွယ်များအကြားတွင် ရှင်းဟွမ်၊ ရွှေဂျိုနှင့် နတ်သတ်သမား မျိုးနွယ်သုံးခုက အစွမ်းအထက်ဆုံးဖြစ်ကာ အဆင့်ခုနစ်မျိုးနွယ်များ ဖြစ်ကြပြီး အဆင့်ခြောက်မျိုးနွယ် သုံးဆယ်ကျော်နှင့် အဆင့်ငါးမျိုးနွယ် တစ်ရာကျော် ရောက်ရှိလာကြသည်။ ဤစကြဝဠာတွင် ရွှေဂျိုဧကရာဇ်နှင့် နတ်သတ်သမား သိုင်းဘုရင်က ရှင်းဟွမ်ဘုရင်ပြီးလျှင် အစွမ်းထက်သော အာကာသနတ်များအဖြစ် ကျော်ကြားသည်။

"ညီအစ်ကိုတို့ လူသားမျိုးနွယ်ရဲ့ သူတော်စင်ဘုရင် ပြန်လည်မွေးဖွားလာတဲ့ အကြောင်း ကြားပြီးပြီ ထင်ပါတယ်။ မင်းတို့အားလုံးလည်း သူ့ရဲ့ခွန်အားကို သိကြတယ်။ ငါ့ကို ကူညီပြီး ဒီကောင့်ကို ထိန်းပေးရင် အသက်မီးတောက်ကို ရတာနဲ့ မင်းတို့အတွက် အကျိုးအမြတ်တွေ ခွဲပေးမယ်။ အနည်းဆုံး အသက်နိယာမတစ်ခုစီ ရစေရမယ်"

ရှင်းဟွမ်ဘုရင်က ရွှေဂျိိုဧကရာဇ်နှင့် နတ်သတ်သမား သိုင်းဘုရင်ကို ဦးတည်ကာ ပြောလိုက်သည်။

"အရာအားလုံးက အစ်ကိုရဲ့ အမိန့်အတိုင်းပါပဲ။ ကျုပ်ရဲ့ မျိုးနွယ်တစ်ခုလုံးက ခင်ဗျား အမိန့်ပေးလိုက်တာနဲ့ ရှေ့ထွက်လာပြီး အသက်မီးတောက်တိုက်ပွဲမှာ ကူညီပေးပါမယ်"

"နတ်သတ်သမားမျိုးနွယ်ကလည်း ဒီအတိုင်းပါပဲ"

မျိုးနွယ်ခေါင်းဆောင် နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းသဘောတူလိုက်ကြသည်။

"ကောင်းပြီ။ ဒီနေ့ ငါတို့တွေ ညီအစ်ကိုဖြစ်လာတဲ့အတွက် သောက်ကြမယ်။ တစ်ယောက်က မြင့်မားလာရင် ကျန်သူတွေကို မမေ့ကြနဲ့"

"ကောင်းပါပြီ"

အသန်မာဆုံး မျိုးနွယ်ခေါင်းဆောင် သုံးယောက်က သေရည်ခွက်ကိုယ်စီ မြှောက်လိုက်ကြပြီး ကြွေးကျော်နေခဲ့ကြသည်။ အဆင့်ခုနစ်မျိုးနွယ်သုံးခု၏ ဦးဆောင်မှုဖြင့် နောက်လိုက်မျိုးနွယ်တစ်ရာကျော်မှ အာကာသနတ်ရှစ်ရာကျော် စုဝေးနေကာ ထိပ်ဆုံးအဆင့် ငါးဆယ်ကျော် ပါဝင်သဖြင့် စကြဝဠာတစ်ခုလုံးကို အုပ်စိုးနိုင်သော အင်အားမျိုး ဖြစ်သည်။ အတိတ်တွင် လူသားမျိုးနွယ်ကို ဖိနှိပ်ရန်အတွက် ဤမျိုးနွယ်သုံးခုက တစ်ကြိမ် ပူးပေါင်းခဲ့ကြပြီး နှစ်ပေါင်းများစွာအကြာ၌ နောက်တစ်ကြိမ် ပြန်လည်စုဝေးခဲ့ကြသည်။

ဘိုးဘေးနတ်ဘုရား ၁၇ယောက်သည် အသက်မီးတောက်အတွက် ဆက်ခံသူ ရှာဖွေနေသော သတင်းက စကြဝဠာ၏ မရေမတွက်နိုင်သော သက်ရှိများအကြား ထွက်ပေါ်လာသည်။ နတ်ပြည်ထောင်များကြားတွင် တင်းမာမှုများ ရှိလာပြီး စစ်ပွဲများ ပြင်းထန်လာကာ အသက်မီးတောက်အတွက် ပြိုင်ဆိုင်လိုသော မျိုးနွယ်များ တိတ်တဆိတ် အင်အားစုဆောင်းနေကြသည်။ ရှင်းဟွမ်မဟာမိတ်အပြင် သွေးနတ်ဆိုးမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ် တည်ထောင်လိုက်သော နတ်ဆိုးမဟာမိတ်လည်း ဖြစ်တည်လာကာ အနည်းငယ် အားနည်းသော်လည်း ယှဥ်ပြိုင်နိုင်စွမ်း ရှိပေသည်။ အခြားသော မျိုးနွယ်များသည်လည်း စကြဝဠာ၏ နေရာတိုင်းတွင် မဟာမိတ်များ တည်ထောင်နေပြီး အာကာသနတ်များစွာ၏ ရည်မှန်းချက်က အသက်မီးတောက် ဖြစ်လာခဲ့သည်။

စကြဝဠာ၏ အစွန်အဖျားတစ်နေရာ၊ ကျူးမာတွင်းနက်နှင့် ဆန်းကျယ်သော နေရာအချို့တွင် နတ်ဆေးပင်မျိုးနွယ်ဝင်များ ရှိနေကာ ပုန်းအောင်းနေထိုင်သည်။ ၎င်းမျိုးနွယ်ဝင်များသည် နတ်ဆေးပင်များမှ အသွင်ပြောင်းလဲလာခြင်းဖြစ်ကာ လူသားမျိုးနွယ်နှင့် အလွန်ရင်းနှီးပြီး စွမ်းရည်ပေါင်းစုံ ပိုင်ဆိုင်ကြ၏။ အသက်မီးတောက်၏ သတင်း ထွက်ပေါ်လာသောအခါ စကြဝဠာအတွင်း ပုန်းအောင်းနေသူများကို လှုပ်ခတ်စေခဲ့ပြီး ၎င်း၏ပိုင်ရှင်သည် သက်ဆိုင်ရာမျိုးနွယ်၏ ရှင်သန်ရေးကို အာမခံပေးနိုင်ပေလိမ့်မည်။ ဤမျိုးနွယ်များအပြင် ရုတ်တရက် အစွမ်းထက်လာသော လူသားမျိုးနွယ်လည်း ပါဝင်ပြီး ၎င်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော သွေးချောင်းစီး တိုက်ပွဲများ စတင်ပေလိမ့်မည်။

ကျင့်ကြံသူတိုင်းက စိုးရိမ်တကြီး စောင့်ကြည့်နေကြပြီး အာကာသနတ်များက အချိန်ကို ကောင်းစွာအသုံးချ၍ ကျင့်ကြံနေကြသည်။ အသက်မီးတောက် ထွက်ပေါ်မလာသေးသော်လည်း နေရာတိုင်း၌ စစ်ဖြစ်နေပြီး သန်းရာချီသော ကျင့်ကြံသူများ သေဆုံးနေကြသည်။ သို့ရာတွင် စကြဝဠာက ကြီးမားလွန်းသောကြောင့် အရေအတွက် ထရီလီယံချီ သေဆုံးသွားသည့်တိုင်အောင် မည်သူမှ အရေးစိုက်မည် မဟုတ်ချေ။ စကြဝဠာ၏ သမိုင်းကြောင်းသည် သေဆုံးမှုများနှင့် တိုက်ပွဲများမှ မြစ်ဖျားခံလာသည် မဟုတ်ပါလော။

အာကာသနတ်များ၏ တိုက်ပွဲက အကြမ်းတမ်းဆုံးဖြစ်ပြီး အချိန်ကျရောက်လာလျှင် များစွာ အသက်ဆုံးရပေလိမ့်မည်။ တစ်ယောက်တည်းသော အာကာသနတ်က အလောင်းများကို တက်နင်း၍ အသက်မီးတောက်ကို ဆက်ခံကာ ဘိုးဘေးနတ်ဘုရား ဖြစ်လာပေလိမ့်မည်။ စကြဝဠာက တည်ငြိမ်နေသော်လည်း အသက်မီးတောက်နှင့် ပတ်သက်သော ကောလဟာလများ ဆက်တိုက်ထွက်ပေါ်နေကာ လအနည်းငယ်အတွင်း သို့မဟုတ် နှစ်အနည်းငယ်အတွင်း ပေါ်ထွက်လာမည်ဟု ခန့်မှန်းထားကြ၏။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီး တစ်ရက်တွင် တစ်လောကလုံး တုန်လှုပ်သွားကာ မူလနိယာမ ၁၇ခု တစ်ချိန်တည်း ထွက်ပေါ်လာသည်။ ၎င်းတို့က အလင်းတန်းများပမာ နတ်ပြည်နှင့် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံသွား၍ မူလချီလှိုင်းကြီးများ ပြန့်ထွက်လာသဖြင့် ကျင့်ကြံသူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။

"နောက်ဆုံးတော့ အချိန် ရောက်လာပြီ"

အာကာသနတ်များ၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာကာ ကောင်းကင်သို့ မော့ကြည့်ရင်း တိုက်ခိုက်လိုစိတ်များ ဝုန်းခနဲ တောက်လောင်လာကြ၏။ သူတို့က အသက်မီးတောက်တိုက်ပွဲတွင် သေဆုံးနိုင်ကြောင်း သိထားသော်လည်း မျိုးနွယ်အတွက် အောင်မြင်မှုကို အသက်နှင့်ရင်းကာ စွန့်စားလိုကြသည်။ သူတို့အတွက် သေဆုံးခြင်းက မှုစရာမဟုတ်ဘဲ မျိုးနွယ်တစ်ခုလုံး ဆက်လက်တည်တံ့ရေးအတွက် တိုက်ပွဲဝင်ကြရပေလိမ့်မည်။

All Chapters