← Chapters

ရှင်းဟွမ်အိမ်တော်ကို ဖျက်ဆီးခြင်း

Vol. 72 Ch. 1000

ရှင်းဟွမ်အိမ်တော်ကို ဖျက်ဆီးခြင်း

Vol. 72 Ch. 1000

အလွန်အမင်းတောက်ပနေသော အလင်းတန်းများစွာသည် စကြဝဠာ၏ နေရာတိုင်းတွင် ထွန်းလင်းနေကာ အသက်မီးတောက်တိုက်ပွဲ စတင်ပြီဖြစ်သည်။ ပုံရိပ်များစွာသည် ကျင့်ကြံနေရာမှ ကြယ်တံခွန်များပမာ ပျံထွက်လာကြပြီး အလင်းတန်းများအတွင်း ဝင်ရောက်သွားကြ၏။ ၎င်းတို့သည် စကြဝဠာ၏ ကြယ်ဒေသတိုင်းနှင့် အန္တရာယ်ဒေသများမှ ထွက်ပေါ်လာခြင်းဖြစ်၍ နတ်ပြည်မှ အများဆုံး ဖြစ်သည်။ နတ်ပြည်မှ အရေအတွက် အနည်းဆုံး ထောင်ချီထွက်ပေါ်လာ၍ အလင်းတန်းများအတွင်း ဝင်ရောက်သွားသောအခါ မည်းမှောင်နေသည့် လောကတစ်ခုထံ ရောက်ရှိသွားသည်။ ၎င်းကို ဘိုးဘေးနတ်ဘုရားများ ဖန်တီးထားခြင်းဖြစ်ကာ ကိုယ်ထင်မပြသော်လည်း အတွေးစိတ်များဖြင့် အရာရာကို စောင့်ကြည့်နေသည်။

"စကြဝဠာ စတင်ဖြစ်ပေါ်လာတဲ့ အချိန်ကစလို့ ငါတို့ဘိုးဘေးနတ်၁၈ယောက်က စကြဝဠာရဲ့ မူလနိယာမတွေကို ထိန်းချုပ်ခဲ့ကြတယ်။ နှစ်ဘီလီယံနှစ်ဆယ်ကြာတိုင်း ပြန်လည်ဝင်စားရပြီး အသက်နတ်ဘုရားက အမွေဆက်ခံသူအတွက် အသက်မီးတောက်ကို ချန်ထားရစ်ခဲ့တယ်။ ဒါက အသက်မီးတောက်ဖြစ်ပြီး ဘယ်သူရရ အသက်နတ်ဘုရားအဖြစ်ကို ရောက်လာလိမ့်မယ်"

ခမ်းနားကြီးကျယ်၍ ရှေးဆန်သော စကားသံတစ်ခုက ခံစားချက်ကင်းမဲ့စွာ ထွက်ပေါ်လာပြီး အစိမ်းရောင် ကျောက်တုံးသဏ္ဍာန် မီးလျှံတစ်ခုကြောင့် လောကတစ်ခွင် လင်းထိန်သွားခဲ့၏။ ၎င်းတွင် များပြားလှသော အသက်နိယာမများ ပါဝင်ပြီး လောကတစ်ခွင် မူလချီများ ပြည့်နှက်သွားစေသည်။ အစွမ်းအထက်ဆုံး ကျင့်ကြံသူများသာ ၎င်းကို ရယူနိုင်စွမ်းရှိပြီး ခွန်အားမလုံလောက်ဘဲ အတင်းအကြပ် သန့်စင်လျှင် ပြင်းထန်လှသော အကျိုးဆက်များ ရင်ဆိုင်ရပေလိမ့်မည်။ အတိတ်အကြောင်းကို အာကာသနတ်များက ပြန်လည်စဥ်းစားနေကြပြီး ၎င်းကို ရယူရန်အတွက် အထွတ်အထိပ် ကျင့်ကြံသူနှစ်ယောက်ဖြစ်သော သူတော်စင်ဘုရင်နှင့် ရှင်းဟွမ်ဘုရင်က အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရသွားသောအခါ အာကာသနတ်အချို့က အခွင့်ကောင်းယူရန် ကြိုးစားခဲ့သော်လည်း အသက်မီးတောက်ကြောင့် သေအောင် လောင်ကျွမ်းခံလိုက်ရသည်။ ထို့ကြောင့် ဤစကြဝဠာတွင် အထွတ်အထိပ် ကျင့်ကြံသူများသာ အရည်အချင်းပြည့်မီပြီး အင်အားနည်းပါးလျှင် ၎င်းကိုသန့်စင်ရန် အလွန်အန္တရာယ်များပေသည်။

ထို့နောက် မျိုးနွယ်များအကြားတွင် စစ်ပွဲတစ်ခု စတင်ခဲ့ပြီး မရေမတွက်နိုင်သော အာကာသနတ်များက ဒဏ်ရာအပြင်းအထန်ရပြီး ပျောက်ကွယ်ကုန်သည်။ ဘိုးဘေးနတ်၁၇ယောက်က အခြေအနေကို ထိန်းချုပ်ရန်အတွက် အသက်မီးတောက်ကို ပြန်လည်သိမ်းဆည်းသွားခဲ့သည်။ ထို့ကြောင့် အာကာသနတ်များက တံခါးပိတ်ကျင့်စဥ်ဝင်၍ ခွန်အားမြင့်မားလာစေရန် ကြိုးကြိုးစားစား ကျင့်ကြံနေကြပြီး အရာအားလုံးသည် ဤတိုက်ပွဲ၌ အခြားသူများကို ရင်ဆိုင်နိုင်ရန် ဖြစ်သည်။ ဤတစ်ကြိမ်တိုက်ပွဲတွင် ပါဝင်မည့် အာကာသနတ်အရေအတွက်သည် ပို၍များပြားနေသကဲ့သို့ ပို၍သန်မာကြပြီး အုပ်စုလိုက် စုဝေးနေကြ၏။ ထိုအုပ်စုများမှာ ရှင်းဟွမ်မဟာမိတ်၊ နတ်ဆိုးမဟာမိတ်နှင့် မိစ္ဆာမဟာမိတ်စသဖြင့် များပြားလှပြီး တိုက်ခိုက်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။

ရှင်းဟွမ်မဟာမိတ်ရှေ့မှောက်တွင် အဆင့်ခုနစ် မျိုးနွယ်သုံးခု၏ ခေါင်းဆောင်သုံးယောက် ရှိနေပြီး တဖိတ်ဖိတ်တောက်ပနေသည့် အလင်းရောင်များအောက်တွင် ကြီးစိုးစွာ ရပ်နေကြ၏။ နတ်ဆိုးမဟာမိတ်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်သုံးယောက်အပါအဝင် ခေါင်းဆောင်၁၂ယောက် ရှိနေကာ အခြားအင်အားစုများတွင်လည်း အာကာသနတ်ထိပ်ဆုံးအဆင့်များ ပိုင်ဆိုင်ထားကြသည်။ ယဲ့ရှင်းရွှမ်နှင့် နန်းကုန်းဇီသည် နတ်ဆိုးမဟာမိတ်တွင် ရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် ရန်လိုစွာ စိုက်ကြည့်နေသည်။ သို့ရာတွင် ဤအချိန်၌ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးများကို ဘေးဖယ်ထားကြပြီး ရည်ရွယ်ချက်ချင်း တူညီကြ၏။

"ငါတို့ကိစ္စကို နောက်မှ ဖြေရှင်းမယ်။ ဘာတွေဖြစ်ဖြစ် အသက်မီးတောက်ကို လူသားမျိုးနွယ် ပိုင်ဆိုင်ရမယ်"

"ကောင်းပြီ"

နန်းကုန်းဇီက တစ်ချက်စိုက်ကြည့်၍ အသံချင်း ဆက်သွယ်လိုက်သောအခါ ယဲ့ရှင်းရွမ်သည်လည်း ချက်ချင်းခေါင်းညိတ်ခဲ့သည်။ ယဲ့ရှင်းရွှမ်၏ အနောက်တွင် ပုံရိပ်တစ်ခုရပ်နေပြီး ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားသော ချင်ဧကရာဇ် ဖြစ်သည်။ သူက ယဲ့ရှင်းရွှမ်နှင့် နန်းကုန်းဇီ၏ ပြဿနာကို သိထားပြီး နှစ်ယောက်လုံးသည် လူသားတစ်ယောက်၏ ကိုယ်ပွားဖြစ်သော်လည်း အသိစိတ်ကိုယ်စီ ပိုင်ဆိုင်ထားကြ၏။ သူတို့က အစွမ်းထက်သောကြောင့် အသိစိတ်ကို အဆုံးရှုံးမခံလိုသောကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ ချင်ဧကရာဇ် သိထားသမျှအရ ယဲ့ရှင်းရွှမ်သည် နန်းကုန်းဇီ၏ အရင်းနှီးဆုံး လူတစ်ယောက်ကို သတ်ဖြတ်ခဲ့သောကြောင့် ဖြေရှင်းမရနိုင်သော သွေးကြွေးပင် ဖြစ်သည်။ သို့သော် လောလောဆယ်၌ အသက်မီးတောက်ကိုရရေးက လူသားမျိုးနွယ်အတွက် အရေးအကြီးဆုံး ဖြစ်၏။ အတိတ်မှ ရန်ကြွေးများသည် မျိုးနွယ်၏ ကောင်းကျိုးအောက်တွင် မှေးမှိန်သွားကြပြီး သူတို့အားလုံး သေဆုံးရလျှင်ပင် အသက်မီးတောက်ကိုရပါက ထိုက်တန်ပေသည်။ ထို့အပြင် လင်လုံ၊ ချီတောက်၊ သေမင်း၊ တန်းလင်စသော လူသားကျင့်ကြံသူများလည်း ရောက်ရှိနေကြပြီး အုပ်စုများအတွင်း ရောနှောဝင်ရောက်နေကာ အသက်မီးတောက်အား တောက်ပသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြ၏။

ထိုအချိန်တွင် နတ်ပြည်၌ ပီဖန်း၏ ဧရာမခန္ဓာကိုယ်ကြီးက ရှင်းဟွမ်အိမ်တော်အထက်၌ ပေါ်ပေါက်လာပြီး ယဲ့ချန်သည် ၎င်း၏ခေါင်းအထက်တွင် တည်ငြိမ်စွာ ရပ်နေခဲ့၏။ အာကာသနတ်၏ အရှိန်အဝါ ကျဆင်းလာသောအခါ အိမ်တော်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားကာ အာကာသနတ်အားလုံးသည် အသက်မီးတောက်တိုက်ပွဲသို့ ထွက်ခွာသွား၍ အင်အားအကြီးဆုံးမှာ ဟင်းလင်းပြင်နတ် ထိပ်ဆုံးအဆင့်သာ ဖြစ်သည်။ ရှင်းဟွမ်မျိုးနွယ်သည် ကြီးမားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်သော ပါရမီရှင်များရှိကာ အာကာသနတ်အဆင့်သို့ ချိုးဖျက်နိုင်သော အလားအလာကို ပိုင်ဆိုင်ကြသည်။

"ရှင်းဟွမ်ဘုရင် မင်းက လူသားတွေကို မျိုးတုံးသတ်ဖြတ်ချင်ခဲ့တယ်။ ဒီနေ့ ငါက ရှင်းဟွမ်မျိုးနွယ်ကို လက်စားချေတဲ့အနေနဲ့ ပါရမီရှင်တွေကို ခေါ်သွားမယ်"

ယဲ့ချန်က သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်၍ နတ်ဝိညာဥ်ကို အိမ်တော်တစ်ခွင် ဖြန့်ကျ​က်လိုက်သည်။ ရှင်းဟွမ်မျိုးနွယ် သည် လူသားများကို ညှာတာခြင်းမရှိ သတ်ဖြတ်ခဲ့ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် ပါရမီရှင်များ သေဆုံးခဲ့ရသည်။ လူသားမျိုးနွယ်က စကြဝဠာတစ်ခွင် ထွက်ပြေးသွားရပြီး မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရသောကြောင့် အမုန်းတရားမှာ နက်ရှိုင်းလွန်းသည်။ ရှင်းဟွမ်အိမ်တော်တွင် အာကာသနတ်တစ်ယောက်မှ မကျန်ရစ်သောကြောင့် သူ့ကို ခုခံနိုင်သူမရှိခဲ့ဘဲ နတ်အဆင့်များ၊ လောကနတ်အဆင့်များနှင့် ဟင်းလင်းပြင်နတ်အဆင့်များ၏ နတ်ဝိညာဥ်က သူ၏နတ်ဝိညာဥ်ကို မခုခံနိုင်ခဲ့ပေ။ ထို့နောက် ရှင်းဟွမ်မျိုးနွယ်ဝင်အားလုံး သူ၏ဒန်တန်အတွင်း စုပ်ယူခံလိုက်ရပြီး သတ်ဖြတ်ခြင်းမပြုဘဲ နောက်လိုက်အဖြစ် ပြောင်းလဲမည် ဖြစ်သောကြောင့် ရှင်းဟွမ်ဘုရင်နှင့်ယှဥ်လျှင် စိတ်ထားကောင်းမွန်ရာ ရောက်ပေသည်။

ရှင်းဟွမ်အိမ်တော်အတွင်း ကြယ်နတ်သစ်ပင်များစွာ ပေါက်ရောက်နေပြီး ယဲ့ချန်က အချို့ကို ဒန်တန်အတွင်း စုပ်ယူကာ လက်ကျန်နတ်သစ်ပင်များကို ဖျက်ဆီးလိုက်သည်။ ကြယ်နတ်သစ်ပင်အနည်းငယ်သာ ကျန်ရစ်သောအခါ နတ်ဝိညာဥ်တစ်ခုက သူ့ကို တားမြစ်လာသောကြောင့် ထွက်ခွာမသွားသေးသော ရှင်းဟွမ်မျိုးနွယ်၏ အာကာနတ်တစ်ယောက် ဖြစ်နိုင်သည်။ သူက စစ်ဆေးလိုက်သောအခါ အမြင့်ဆုံး သစ်ပင်ထက်တွင် ခရမ်းရောင်ဆံပင်ရှည်နှင့် မိန်းမတစ်ယောက် မတ်တပ်ရပ်နေခဲ့ပြီး ပခုံး၌ လက်တစ်ဝါးအရွယ် မျောက်ကလေးတစ်ကောင် ရှိနေခဲ့၏။

"မင်းပါလား"

ယဲ့ချန်က ထိုမိန်းမကို မသိသော်လည်း မျောက်ကလေးကို မှတ်မိသွားခဲ့ပြီး ထူးဆန်းစွာ ရင်းနှီးမှုတစ်ခုအား ခံစားလိုက်ရ၏။ ရှင်းဟွမ်အိမ်တော်အတွင်း ကြယ်နတ်သစ်ပင်များစွာကို သူက ဖျက်ဆီးထားခဲ့ပြီး သူမ၏ပတ်လည်ရှိ အရေအတွက် အနည်းငယ်သာ ကျန်ရစ်၏။

"ရှင်းဟွမ်မျိုးနွယ်က မျိုးနွယ်များစွာကို ဖျက်ဆီးခဲ့တယ်။ ဒီနေ့မှာတော့ ကံကြမ္မာက ဒဏ်ခတ်လိုက်ပြီ။ သူတို့နဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒီကြယ်နတ်သစ်ပင် အနည်းငယ်ကိုတော့ ချန်ထားပေးဖို့ တောင်းဆိုချင်ပါတယ်"

ကျိယွမ်က သက်ပြင်းတစ်ချက်ချ၍ တည်ငြိမ်အေးဆေးစွာ တောင်းဆိုလိုက်သည်။ ယဲ့ချန်သည် အကြည့်ချင်းဆုံလိုက်သောအခါ သူမ၏ မျက်ဝန်းအတွင်း ခံစားချက်များကို မြင်လိုက်ရသောကြောင့် ဝမ်းနည်းစိတ်များ ဖြစ်တည်လာခဲ့သည်။ သူက ခဏတာ တိတ်ဆိတ်သွား၍ ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်လူမှာ ရှင်းဟွမ်မျိုးနွယ်ဝင် ဖြစ်သော်လည်း ရင်းနှီးမှုကို ဝိညာဥ်အတွင်းပိုင်းအထိ ခံစားနေရ၏။ သူ၏အရင်ဘဝတွင် သူမနှင့် ဆက်ဆံရေးတစ်ခု ရှိခဲ့ပုံရသောကြောင့် တောင်းဆိုချက်ကို မငြင်းပယ်နိုင်ခဲ့ပေ။ အကယ်၍ ရှင်းဟွမ်မျိုးနွယ်သာ လူသားများကို ဆက်လက်အန္တရာယ်ပြုမည်ဆိုလျှင် သူက အားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေခဲ့သည်။

ကျိယွမ်၏ အကြည့်သည် အမြင့်ဆုံးသော ကြယ်သစ်ပင်ထံ ကျရောက်သွားပြီး ၎င်းမှာ ရှင်းဟွမ်ဘုရင်နှင့် ပတ်သက်ဆက်နွယ်နေသည်။ သူသည် အာဏာကို အလွဲသုံးစားပြု၍ မရေမတွက်နိုင်သော ကြယ်သစ်ပင်များကို ဖျက်ဆီးကာ ၎င်းကို ပျိုးထောင်ခဲ့ပြီး အခြားသစ်ပင်များ၏ အဆီအနှစ်များကြောင့် ပို၍မြင့်မားလာခြင်းဖြစ်သည်။ သူမက ညာလ​က်ဖြင့် နတ်ချီများကို ၎င်းထံ ပစ်ခတ်လိုက်သောအခါ ခဏအတွင်း ဘုန်းခနဲ မြည်ဟီးသွားကာ ခရမ်းရောင် မီးခိုးများအကြား ပြာကျသွားခဲ့သည်။

"သွားကြစို့"

ထို့နောက် ကျိယွမ်သည် မူလနတ်သားရဲပေါ်သို့ ခုန်တက်ကာ ယဲ့ချန်ကို ပြောလိုက်သည်။ သူက ခေါင်းညိတ်၍ အသက်မီးတောက်တိုက်ပွဲသို့ မရောက်သေးသည်မှာ သူတစ်ယောက်တည်းပင် ဖြစ်၏။ ပီဖန်းက ကောင်းကင်သို့ ပျံတက်၍ အလင်းတန်းများထံ ဦးတည်ဝင်ရောက်လာစဥ် ယဲ့မျိုးနွယ်ဝင်များလည်း ရောက်ရှိနေခဲ့သည်။ တိုက်ပွဲစတင်ကာနီးတွင် ရှေ့ဆုံး၌ ရပ်နေသော ရှင်းဟွမ်ဘုရင်သည် သူ၏ကြယ်သစ်ပင် ဖျက်ဆီးခံလိုက်ရကြောင်း အာရုံခံမိသဖြင့် မျက်နှာပျက်သွားခဲ့သည်။ သူ၏အမူအရာက ပို၍ရက်စက်ကြမ်းကြုတ်လာပြီး ရှင်းဟွမ်အိမ်တော် တိုက်ခိုက်ခံခဲ့ရကြောင်း နားလည်လိုက်သည်။

"ဒီခွေးကောင်တွေ"

သူက ဒေါသတကြီး ဆဲဆိုလိုက်ပြီး ရှင်းဟွမ်အိမ်တော်ကို ဖျက်ဆီးခဲ့သော အပြစ်ကား ခွင့်လွှတ်နိုင်စရာ မရှိပေ။ သူက ဒေါသမီးတောက်လောင်နေစဥ် တစ်ခုခုကို အာရုံခံမိသော​ကြောင့် သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လိုက်သောအခါ လောကငယ်အတွင်း ဝင်ရောက်လာသည့် ရှေးဟောင်းမူလနတ်သားရဲနှင့် ၎င်းအထက်ရှိ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

"ဒါက ရှေးဟောင်း မူလနတ်သားရဲပါလား"

"ဒါက အသက်နတ်ဘုရားရဲ့ စီးတော်ယာဥ်မလား"

"ဒီသားရဲက ဘယ်သူ့ကို အညံ့ခံလိုက်တာလဲ"

အာကာသနတ် ထိပ်ဆုံးအဆင့်များသည် ပီဖန်းကို မြင်ဖူးထားကြပြီး အသက်နတ်ဘုရား သေဆုံးသွားချိန်၌ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ သူတို့က တစ်ချိန်လုံး ပျောက်ကွယ်နေသော ၎င်းကို လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ရသည့်အပြင် ပြန်လည်ထွက်ပေါ်လာသောအခါ တစ်စုံတစ်ယောက်၏ လက်အောက်ခံ ဖြစ်နေမည်ဟု မျှော်လင့်မထားပေ။ ၎င်းအထက်ရှိ ပုံရိပ်နှစ်ခုမှာ မည်သူဖြစ်သနည်းဟူသော မေးခွန်း ထွက်ပေါ်လာခဲ့လေသည်။

All Chapters