ရှုပ်ထွေးလှသော တိုက်ပွဲကြီး
Vol. 72 Ch. 1001
ရှေးဟောင်း မူလနတ်သားရဲကို စီးနင်းကာ ရောက်ရှိလာသူက လူသားမျိုးနွယ်၏ သူတော်စင်ဘုရင် ဖြစ်သည်ဟူသော သတင်း လျင်မြန်စွာ ထွက်ပေါ်လာသောအခါ မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများ၏ အတွေးကို လှုပ်ခတ်သွားစေခဲ့သည်။ အတိတ်တွင် အသက်မီးတောက်လုပွဲတွင် ရှင်းဟွမ်ဘုရင်က အစွမ်းထက်လွန်းသောကြောင့် အခြားအာကာသနတ်အားလုံးကို ဖိနှိပ်ခဲ့ပြီး မည်သူမှ မယှဥ်နိုင်ခဲ့ပေ။ သူတော်စင်ဘုရင် ထွက်ပေါ်လာသောအခါ အရာရာ ပြောင်းလဲသွားပြီး လက်ရှိတွင် ဤရန်ကြွေးတိုက်ပွဲက တစ်ကျော့ပြန်လာခဲ့၏။
သူတို့က အတိတ်နှင့်မတူ၊ ကွဲပြားနေသော ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ဤအဆင့်မျိုးတွင် ရုပ်ခန္ဓာပြောင်းလဲရန် လွယ်ကူသောကြောင့် ထူးဆန်းသည်ဟု မခံစားရပေ။ ပီဖန်း၏ခေါင်းအထက်တွင် ရပ်နေသော သူ၏အရှိန်အဝါက အတိတ်နှင့် မခြားနားသည့်အပြင် ပို၍သန်မာလာပုံပေါ်သည်။ ရှင်းဟွမ်ဘုရင်သည် ယဲ့ချန်နှင့် ကျိယွမ် အတူတကွ ရောက်လာသည်ကို မြင်သောအခါ မျက်လုံးများ မီးဝင်းဝင်းတောက်နေခဲ့သည်။ သူ့ကို မွေးဖွားခဲ့သော ကြယ်သစ်ပင် ဖျက်ဆီးခံလိုက်ရခြင်းမှာ ဤနှစ်ယောက်နှင့် ပတ်သက်နေနိုင်သည်။ သူက အစွမ်းအထက်ဆုံး ဖြစ်လာရန်အတွက် ကြယ်သစ်ပင်တစ်ခုတည်းမှ မွေးဖွားလာသော ရှင်းဟွမ်၁၅ယောက်လုံးကို သတ်ပစ်ခဲ့သည်။ ထို့အပြင် အခြားသော ကြယ်သစ်ပင်များကို ခုတ်လှဲ၍ မရေမတွက်နိုင်သော အဆီအနှစ်များ ထုတ်ယူကာ သူ၏သစ်ပင်ကို အားဖြည့်ပေးခဲ့သည်။ ကြယ်သစ်ပင်က သူ့ကို ဝိညာဥ်ချီများ ထောက်ပံ့ပေးနိုင်သောကြောင့် ရက်စက်ကာ အကြင်နာမဲ့သော်လည်း ခံစားချက်အချို့ ရှိနေသည်။
ယဲ့ချန်နှင့် ကျိယွမ်သည် ရှင်းဟွမ်အိမ်တော်မှ ရောက်လာခြင်း ဖြစ်နိုင်သောကြောင့် မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရနိုင်သည်။ ဤကား ဖြေရှင်းမရသော ရန်ကြွေးတစ်ခုဖြစ်ပြီး ရှင်းဟွမ်ဘုရင်၏ မျက်လုံးများ အေးစက်တင်းမာလာကာ အသက်မီးတောက်ကိုရလျှင် လူသားတစ်ယောက်တလေပင်မချန် သတ်ဖြတ်ရန် ကြံစည်ထား၏။
"အာကာသနတ်အားလုံး ရောက်လာပြီဆိုတော့ စတင်လိုက်ကြတာပေါ့။ အသက်မီးတောက်ကို ပေါင်းစပ်နိုင်ရင် ဘယ်သူဖြစ်ဖြစ် အသက်နတ်ဘုရား ဖြစ်လာလိမ့်မယ်"
ခမ်းနားသော စကားသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ဘိုးဘေးနတ်ဘုရား၁၇ယောက်က စောင့်ကြည့်နေကြောင်း အာကာသနတ်များ ခံစားလိုက်ရ၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လေပေါ်သို့ ခုန်တက်ကာ ကောင်းကင်ယံတွင် ရှိနေသော ပစ်မှတ်ထံ ဦးတည်လိုက်ကြသည်။
"ညီလေးတို့ မင်းတို့နှစ်ယောက်က သူတော်စင်ဘုရင်ကို အချိန်ဆွဲထားပေးပါ။ ငါက အသက်မီးတောက်ကိုရရင် ရွှေဂျိုမျိုးနွယ်ရော နတ်သတ်သမားမျိုးနွယ်ကိုပါ အနာဂတ်မှာ အဆုံးမရှိတဲ့ အောင်မြင်မှုတွေ ပေးမယ်"
ရှင်းဟွမ်ဘုရင်က ဤသို့မှာကြား၍ အံ့လောက်စရာ အရှိန်မျိုးဖြင့် ပြေးထွက်သွားသောအခါ ရွှေဂျိုမျိုးနွယ်၏ ဧကရာဇ်နှင့် နတ်သတ်သမားမျိုးနွယ်၏ သိုင်းဘုရင်သည် အကြည့်ချင်းဖလှယ်ရင်း အနီးကပ် လိုက်ပါသွားကြသည်။ အသက်မီးတောက်ကို ရှေးဟောင်းကာကွယ်ရေး အစီအရင်အလွှာများနှင့် ကာကွယ်ထားပြီး ရယူလိုသူက ၎င်းတို့ကို အရင်ဆုံး ချိုးဖျက်ရပေလိမ့်မည်။
"ထွက်သွားစမ်း"
ရှင်းဟွမ်ဘုရင်သည် အသက်မီးတောက်ထံ ဦးတည်နေသော အာကာသနတ်အဆင့် နတ်ဆိုးနှစ်ယောက်ကို သွေးပုဆိန်ဖြင့် ခုတ်ပိုင်းပစ်လိုက်သည်။ တစ်ချက်တည်းဖြင့် ထိုနှစ်ယောက်က ဘန်းခနဲ ပေါက်ကွဲသွားကာ သွေးအိုင်အဖြစ် ပျောက်ကွယ်ကုန်သည်။
"ဘုန်း"
သူက အလွှာခြောက်ခုကို ဆက်တိုက်ချိုးဖျက်ပစ်လိုက်ပြီး အသက်မီးတောက်နှင့် နီးကပ်လာသောလည်း ကောင်းကင်ထိပ်ဆုံးတွင် ရှိနေသောကြောင့် အလွှာမည်မျှ ကျန်ရစ်မည်ကို မပြောနိုင်ပေ။
"ဒီကောင့်ကို တားကြစမ်း။ အသက်မီးတောက် ပေးလိုက်လို့ မဖြစ်ဘူး"
ကောင်းကင်နတ်ဆိုးများက အော်ဟစ်ကြုံးဝါးရင်း ပြေးဝင်လာသောကြောင့် ရှုပ်ထွေးသော တိုက်ပွဲကြီးတစ်ခု စတင်လာခဲ့ပြီး မျိုးနွယ်ပေါင်းစုံမှ အာကာသနတ်များ ပါဝင်သည်။ ရှင်းဟွမ်ဘုရင်သည် အလွှာခြောက်ခုကို တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ခဲ့သော်လည်း နောက်ပိုင်းရောက်လေလေ၊ ပို၍ဖျက်ဆီးရခက်ခဲလေလေ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ၎င်းတို့ကို ဖျက်ဆီးရန်အတွက် အချိန်များစွာ လိုအပ်ပြီး လောလောဆယ်တွင် မည်သူမှ အသက်မီးတောက်ကို ရယူနိုင်မည် မဟုတ်ပေ။ သူက နောက်ပြန်လှည့်၍ ပုဆိန်ကြီးကိုယမ်းကာ တိုက်ပွဲအတွင်း ဝင်ရောက်သွားပြီး ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်လိုက်သည်။ သူက အစွမ်းထက်ပြီး ကောင်းကင်နတ်လက်နက်တစ်ခု ပိုင်ဆိုင်ထားသောအခါ ပြိုင်ဘက်ကင်းလောက်အောင် သန်မာနေ၏။ ကောင်းကင်နတ်ဆိုး ခေါင်းဆောင်သုံးယောက်နှင့် သွေးနတ်ဆိုးခေါင်းဆောင်က ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း ပုဆိန်တစ်ချက်အယမ်းတွင် သွေးနတ်ဆိုးခေါင်းဆောင်၏ လက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
ရှင်းဟွမ်ဘုရင်၏ တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေပြီး နတ်အရှိန်အဝါ ပြန့်ထွက်လာသောအခါ အခြားအာကာသနတ်များကို ဖိနှိပ်နိုင်ခဲ့သည်။ သူက ဒဏ်ရာများ အပြည့်အဝ ကောင်းမွန်လာရုံသာမက အတိတ်မှ အခြေအနေထက်ပင် ပို၍သန်မာလာ၏။ အာကာသနတ်ပေါင်းထောင်ချီက တိုက်ခိုက်နေပြီ ဖြစ်သောကြောင့် လူသားများနှင့် မဟာမိတ်များက ယဲ့ချန်ထံ ညွှန်ကြားချက် တောင်းခံလိုက်ကြသည်။
"ခေါင်းဆောင် ကျုပ်တို့ ဘယ်သူ့ကို အရင်ဆုံး တိုက်ခိုက်ရမလဲ"
"ကောင်းကင်နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ရှင်းဟွမ်မျိုးနွယ်၊ ရွှေဂျိုမျိုးနွယ်နဲ့ နတ်သတ်သမားမျိုးနွယ်ကို သတ်ကြ"
ယဲ့ချန်က ပီဖန်းကို ရှင်းဟွမ်ဘုရင်ထံ ပျံသန်းစေရင်း အမိန့်ပေးလိုက်သည်။
"ဝေါင်း"
၎င်းက ဒေါသတကြီးကြုံးဝါး၍ လက်ဝါးဖြင့် ပုတ်ချလိုက်သောအခါ တစ်ဖက်လူသည် သွေးပုဆိန်ဖြင့် ခုခံလိုက်သောကြောင့် နတ်ချီများ ဘက်ပေါင်းစုံ ပြန့်ထွက်သွားသကဲ့သို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။
"အသက်နတ်ဘုရားရဲ့ သားရဲ ဖြစ်နေရင်တောင် သားရဲက သားရဲပါပဲ"
ရှင်းဟွမ်ဘုရင်က ယဲ့ချန်ကို စိုက်ကြည့်၍ အထင်သေးစွာ ကဲ့ရဲ့လိုက်သည်။ တစ်ဖက်လူ၏ အင်အားက ထင်ထားသည်ထက် များစွာကျော်လွန်နေသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ရန်သူ၏ မျက်လုံးများအတွင်း မရေမတွက်နိုင်သော သက်ရှိများ ဖျက်ဆီးခံရနေသယောင် မြင်နေရသဖြင့် မည်သို့သော ကျင့်စဥ်မျိုး ကျင့်ကြံထားကြောင်း သူက အတွေးနက်နေခဲ့သည်။ ဘုရင်နှစ်ယောက်က ကောင်းကင်တွင် တစ်ယောက်ကိုတစ်ယောက် အလွတ်မပေးဘဲ စောင့်ကြည့်နေပြီး မလှုပ်ရှားသော်လည်း အရှိန်အဝါချင်း ပြိုင်ဆိုင်နေကြ၏။ အစွမ်းထက်သူများ၏ တိုက်ပွဲတွင် အမှားတစ်ချက်၌ အသက်ပေးလိုက်ရနိုင်သောကြောင့် ဂရုစိုက်ရပေလိမ့်မည်။ ရွှေဂျိုဧကရာဇ်နှင့် သိုင်းဘုရင်က တိုက်ခိုက်ရန် ဟန်ပြင်နေသူနှစ်ဦးကို စိုက်ကြည့်ရင်း မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်လာသောကြောင့် အေးစက်စက် ပြုံးလိုက်ကြသည်။
ထိုအချိန်တွင် ရွှေဂျိုမျိုးနွယ်နှင့် နတ်သတ်သမားမျိုးနွယ်ဝင်များသည် ရုတ်တရက် ကြမ်းတမ်းစွာ တိုက်ခိုက်လာရင်း လူသားမျိုးနွယ်၊ ရှေးဟောင်းမူလမျိုးနွယ်နှင့် သွေးမီးတောက်နတ်ဆိုးမျိုးနွယ် စသည်တို့ကို ပစ်မှတ်ထားလာကြ၏။ ကျန်တစ်ဖက်တွင် ကောင်းကင်နတ်ဆိုးနှင့် သွေးနတ်ဆိုးများက ရှင်းဟွမ်မျိုးနွယ်ကို အရူးအမူးတိုက်ခိုက် သုတ်သင်နေကြသည်။ တိုက်ပွဲက ရှုပ်ထွေးလွန်းသောကြောင့် အခြေအနေအစစ်အမှန်ကို မည်သူမှ မမြင်နိုင်ပေ။
"အမေ တစ်ခုခု မှားနေတယ်။ နောက်ဆုတ်ကြ"
ယဲ့တန်းရွှမ်က ထူးဆန်းသော တိုက်ပွဲကြောင့် ချက်ချင်းသတိပေးကာ ယဲ့ချင်းရောင်၊ ထန်တိုက်လင်နှင့် အခြားသူများကို နောက်ဆုတ်စေသည်။ တိုက်ပွဲက ရှုပ်ထွေးလွန်းနေသော်လည်း ရွှေဂျိုမျိုးနွယ်၏ အာကာသနတ်နှစ်ယောက်က သူ့ကို ဝိုင်းဝန်းပိတ်ဆို့ထားသောကြောင့် နောက်ဆုတ်မရခဲ့ပေ။ ဧကရာဇ်က တိုက်ပွဲကို နတ်ဝိညာဥ်ဖြင့် စစ်ဆေးလိုက်ပြီး လူသားမျိုးနွယ်ထံ ဧရာမသားရဲ အသွင်ပြောင်း၍ ရောက်ရှိလာခဲ့သည်။
"လူသားမျိုးနွယ်မှာ သူတော်စင်ဘုရင်ကလွဲရင် အစွမ်းထက်တဲ့ ကျင့်ကြံသူ မရှိပါလား ဟား ဟား"
သူက လှောင်ပြောင်ရယ်မော၍ တိုက်ခိုက်လိုက်သောအခါ အဝေးတွင် ရှိနေသော ကျိယွမ်က လှုပ်ရှားရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် ပုံရိပ်တစ်ခုက လက်နှစ်ဖက်တွင် စည်းတံဆိပ်များ ဖန်တီးကာ ဧရာမတာအိုရုန်းတစ်ခုဖြင့် ဧကရာဇ်၏ တိုက်ကွက်ကို ခုခံနိုင်ခဲ့သည်။
"ဘုန်း"
"လူသားမျိုးနွယ်မှာ အစွမ်းထက်ကျင့်ကြံသူ မရှိတော့ဘူးလို့ ဘယ်သူ ပြောတာလဲ"
နန်းကုန်းဇီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သွေးနတ်ဆိုးများအကြား ပုန်းအောင်းနေရာမှ ထွက်လာခြင်းဖြစ်သည်။
"မင်းကိုယ်မင်း အထင်ကြီးနေတာပဲ။ ငါ့ကို တားနိုင်မယ် ထင်လို့လား"
တစ်ဖက်လူက အစွမ်းထက်ကြောင်း အာရုံခံမိသော်လည်း ရွှေဂျိုသားရဲကြီးက အရေးမစိုက်ဟန်ဖြင့် လက်သည်းနှင့် ကုတ်ချလိုက်၏။ နန်းကုန်းဇီက အစွမ်းထက်သော်လည်း စကြဝဠာအတွင်း နှစ်သန်းပေါင်းရာချီ အုပ်စိုးခဲ့သော ဧကရာဇ်နှင့်ယှဥ်လျှင် အားနည်းသောကြောင့် ကျိယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အနည်းငယ် အားနည်းသော်လည်း တစ်ဖက်လူမှ သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ ဧကရာဇ်ဘက်ရှိ အားသာချက်မှာ ရွှေဂျိုမျိုးနွယ်၏ အလွန်အမင်းသန်မာသော ရုပ်ခန္ဓာနှင့် အစွမ်းထက် ရတနာတစ်ခု ပိုင်ဆိုင်ထားသောကြောင့်ပင်။
"ရှောင်ချီ သူ့ကို ကူညီပေးလိုက်ပါ"
"ဟုတ်"
သူမက အမိန့်ပေးလိုက်သောအခါ မျောက်ကလေးက စိတ်လှုပ်ရှားစွာ ခုန်ပေါက်ပြေးထွက်သွားရင်း မီတာရာထောင်ချီမြင့်မားသော ဧရာမမျောက်ဝံကြီးအဖြစ် ပြောင်းလဲသွားသည်။ သူက ကောင်းကင်ထောက်တိုင်ကို လက်နက်အဖြစ် အသုံးပြုကာ ဧကရာဇ်၏ နံစောင်းကို ရိုက်ထုတ်လိုက်သည်။
"ဘုန်း"
နောက်သို့ လွင့်ထွက်သွားသော ဧကရာဇ်က ဒေါသတကြီး ပြေးဝင်လာ၍ တိုက်ခိုက်လိုက်သော်လည်း သူက ရှောင်တိမ်းပြလိုက်သည်။ ရှောင်ချီက သန်မာသောကြောင့် နန်းကုန်းဇီနှင့်အတူ ရွှေဂျိုဧကရာဇ်ကို တိုက်ပွဲအတွင်း ထိန်းထားနိုင်ခဲ့သည်။ တိုက်ပွဲက အလွန်ပြင်းထန်နေပြီး ရှင်းဟွမ်မျိုးနွယ်၏ ကမ္ဘာမကြေ ရန်သူတော်များက မုန်းတီးစွာ တိုက်ခိုက်နေကြသည်။ မျိုးနွယ်ပေါင်းစုံဖြင့် ရှုပ်ထွေးလှသော တိုက်ပွဲအတွင်း ပန်းရောင်ပုံရိပ်တစ်ခုသည် အာကာသနတ်များအကြား သွားလာနေကာ ရတနာများကို ခိုးယူလျက်ရှိသည်။
"ဟား ဟား ငါ ကျူကုန်းကုန်းက ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်စရာလား။ ဒါက ဒဏ္ဍာရီလာ အသက်မီးတောက်ဖြစ်ရမယ်။ ဒါက ဘယ်လောက်တန်မလဲ ပြောရခက်ပေမယ့် ဘာဖြစ်ဖြစ် ငါ့အပိုင်ပဲ"
ကျူကုန်းကုန်းက ရယ်မောရင်း ကောင်းကင်ထက်ရှိ အသက်မီးတောက်ကို မြင်သောအခါ မျက်လုံးများ တောက်ပလာသည်။ ကျင့်ကြံသူများ တိုက်ခိုက်နေစဥ် နတ်ဆိုးအချို့သည် ကာကွယ်ရေးအလွှာများကို ထိုးဖောက်ရန် ကြိုးစားနေကြသည်။ သူတို့၏နည်းလမ်းမှာ ပါးစပ်များကိုဟ၍ ကာကွယ်ရေးအလွှာများကို တိုက်ရိုက်ဝါးမျိုပစ်လိုက်ခြင်း ဖြစ်သည်။
"ငါနဲ့အတူ လူသားမျိုးနွယ်ကို သုတ်သင်ကြ"
ရွှမ်ကုန်း၏အမိန့်ဖြင့် ရှင်းဟွမ်မျိုးနွယ်မှ အာကာသနတ်များသည် လူသားများကို ဝိုင်းထားလိုက်ကြ၏။ အကယ်၍ သူတို့က လူသားများစွာကို သတ်နိုင်လျှင် ယဲ့ချန်၏အာရုံ ပျက်ပြားသွားနိုင်သောကြောင့် ရှင်းဟွမ်ဘုရင် အနိုင်ရပေလိမ့်မည်။ ထိုအချိန်၌ ကျိယွမ်သည် နတ်ဝိညာဥ်ဖြင့် ရှင်းဟွမ်မျိုးနွယ်၏ အာကာသနတ်များကို ဖိအားပေးကာ ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျိယွမ်"
ရွှမ်ကုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ရွှမ်ကုန်း နောက်တစ်ကြိမ် ပြန်ဆုံကြပြီ"
သူမက လေထဲတွင် ဝံ့ကြွားစွာ ရပ်နေရင်း တည်ငြိမ်စွာ ပြောလိုက်လေသည်။