အသက်လမ်းကြောင်း
Vol. 72 Ch. 1002
"ကျိယွမ် မင်းက ရှင်းဟွမ်မျိုးနွယ်ဝင်တစ်ယောက်ဆိုတော့ လွှတ်ပေးလိုက်မယ်။ ဒီအသက်မီးတောက်တိုက်ပွဲက မျိုးနွယ်အတွက် အရေးကြီးတယ်။ ငါ့လမ်းကို ပိတ်နေမယ်ဆိုရင် ယဥ်ကျေးနေမှာ မဟုတ်ဘူး"
ရွှမ်ကုန်းက နတ်ဝိညာဥ်ကို ထုတ်ဖော်၍ ကျိယွမ်အား ပစ်မှတ်ထားလိုက်သည်။
"အသက်မီးတောက်ကို ရမယ်ဆိုရင် သူတော်စင်ဘုရင် ဖြစ်ရမယ်။ ရှင်းဟွမ် မဖြစ်စေရဘူး"
သူမကလည်း နတ်ဝိညာဥ်ဖြင့် ရင်ဆိုင်လိုက်သောကြောင့် ခရမ်းရောင်အလင်းများ ပြန့်ထွက်လာသည်။ လောကငယ်အတွင်း အာကာသနတ်များ၏ တိုက်ပွဲက ပြင်းထန်သထက်ပြင်းထန်လာစဥ် အစိမ်းရောင်ဝတ်ရုံနှင့် အုပ်စုတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ သူတို့က အစွမ်းထက်ကြပြီး အာကာသနတ် ထိပ်ဆုံးအဆင့်သုံးယောက် ပါဝင်ကာ ရောင်ယွမ်လည်း အပါအဝင်ဖြစ်၏။ ဤကား စကြဝဠာ၏အစထဲက တည်ရှိခဲ့သော နတ်ဆေးပင်မျိုးနွယ်ဖြစ်ကာ အစွမ်းထက်သော်လည်း ပုန်းအောင်းနေတတ်ကြသည်။ ၎င်းက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ ကာကွယ်သူများ ဖြစ်သောကြောင့် သူတော်စင်ဘုရင်၏ ပထမဘဝတည်းက ရင်းနှီးခဲ့ကြ၏။
နတ်ဆေးပင်မျိုးနွယ်ဝင်များ၏ ရုပ်ခန္ဓာသည် အဖိုးတန်ဆေးပင်များမှ ပြောင်းလဲလာသောကြောင့် စုပ်ယူပြီး သန့်စင်လိုက်လျှင် ကျင့်ကြံဆင့်များစွာ တိုးတက်လာနိုင်သဖြင့် မျိုးနွယ်အားလုံး၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူတို့က အမြဲတမ်း ပုန်းအောင်းနေရပြီး အသက်မီးတောက် ထွက်ပေါ်လာသောအခါတွင်မှ တိုက်ပွဲဝင်ရန် လူလုံးထွက်ပြခဲ့ကြသည်။ ရောင်ယွမ်သည် အပြင်းအထန် တိုက်ခိုက်နေသော ယဲ့ချန်နှင့် ရှင်းဟွမ်ဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး အတိတ်မှ ဖြစ်ရပ်များကို အတိအကျ သိလာခဲ့သည်။ ထို့ကြောင့် ယဲ့ချန်နှင့်ပတ်သက်လျှင် ခံစားချက်များ ရှုပ်ထွေးနေပြီး ကျိယွမ်ကြယ်မှ မှတ်ဉာဏ်များမှာ ပျော်စရာအကောင်းဆုံး ဖြစ်ပေသည်။ မျိုးနွယ်ပေါင်းစုံပါဝင်သော တိုက်ပွဲကြီးအတွင်း နတ်ဆေးပင်မျိုးနွယ်သည် သူမကြောင့် လူသားမျိုးနွယ်နှင့် ပူးပေါင်းကာ အခြားပြိုင်ဘက်များကို ရင်ဆိုင်ခဲ့သည်။
သူတို့က ပြင်းထန်စွာ တိုက်ခိုက်နေစဥ် အသက်မီးတောက်သည် ထူးဆန်းစွာ ပြောင်းလဲသွားပြီး အစိမ်းရောင်အလင်းများ ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာကာ လောကတစ်ခွင် လွှမ်းခြုံလိုက်၏။
"ဘာဖြစ်နေတာလဲ"
လူတိုင်းက အံ့သြမင်သက်နေကြစဥ် မျိုးနွယ်ခေါင်းဆောင်များမှာ အလန့်တကြား ဖြစ်ကုန်သည်။
"အသက်လမ်းကြောင်း အသက်ဝင်လာပြီ"
၎င်း၏ ဒဏ္ဍာရီများကို အစွမ်းထက်မျိုးနွယ်များတွင်သာ မှတ်တမ်းတင်ထားပြီး စကြဝဠာ၏ သက်ရှိတိုင်းကို အသက်နတ်ဘုရားက ဖန်တီးထားခြင်းဖြစ်၏။ အသက်မီးတောက်ကို ရယူခြင်းသည် သက်ရှိအားလုံးကို ထိန်းချုပ်နိုင်ခြင်းမည်ပြီး အာကာသနတ်များလည်း ပါဝင်သည်။
"အသက်လမ်းကြောင်းက အာကာသနတ်တွေအပေါ်မှာလည်း အကျိုးသက်ရောက်တယ်။ လူတိုင်းက အသက်ကြီးလာပြီး သေဆုံးသွားကြလိမ့်မယ်။ အသက်နိယာမကို နားလည်သဘောပေါက်နိုင်မှသာ အသက်ဆက်ရှင်နိုင်လိမ့်မယ်။ ဒါက သံသရာအသစ် ပြန်စတာ ဖြစ်တယ်။ သက်ရှိသန်းပေါင်း ရာချီဆယ်ချီမှာတောင် တစ်ယောက်သာ အသက်ရှင်နိုင်တယ်"
အသက်မီးတောက်၏ အစိမ်းရောင်အလင်းသည် လောကငယ်မှတဆင့် စကြဝဠာတစ်ခုလုံးသို့ ပြန့်ထွက်သွားကာ ဖြည်းဖြည်းချင်း ဝါးမျိုနေခဲ့သည်။ အသက်လမ်းကြောင်း ထွက်ပေါ်လာခြင်းသည် ဘဝသစ်တစ်ဖန် စတင်ခြင်းဖြစ်ကာ ၎င်း၏ ကြောက်စရာကောင်းပုံကို သိထားသူများမှာ မျက်နှာပျက်ကုန်သည်။ သူတို့က ကျင့်ကြံဆင့် မြင့်မားနေလျှင်ပင် အသက်လမ်းကြောင်းကို မခုခံနိုင်သောကြောင့် အသက်အားများ စတင်ယုတ်လျော့လာခဲ့သည်။
"ဒါ...ဒါက အသက်နတ်ဘုရားရဲ့ အပြစ်ပေးမှုပဲ"
အာကာသနတ်တစ်ယောက်က စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်ပြီး ပြင်းထန်စွာ တိုက်ခိုက်နေသူများသည် နောက်ဆုတ်သွား၍ သက်ဆိုင်ရာမျိုးနွယ်ဝင်များနှင့် ပူးပေါင်းလိုက်ကြ၏။
"ငါတို့က လောဘကြီးပြီး အရာရာကို သတ်ဖြတ်လုယူခဲ့ကြတယ်။ နောက်ဆုံးမှာ အသက်နတ်ဘုရားက အပြစ်ပေးပြီ"
"ငါတို့ရဲ့ အသက်တွေကို သူက ဖန်ဆင်းထားတာဖြစ်လို့ နောက်ဆုံးမှာ ပြန်ယူနိုင်တယ်။ ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်တယ်ဆိုရင်တောင် နောက်ဆုံးမှာ အသက်ကြီးရင့်ပြီး သေဆုံးနိုင်တယ်"
အသက်လမ်းကြောင်းကြောင့် အမှန်နှင့် အမှား၊ အောင်မြင်မှုနှင့် ကျရှုံးမှုများက ပျောက်ကွယ်သွားကာ အသက်နတ်ဘုရား၏ ဒေါသ ဖြစ်တည်လာခဲ့သည်။ သူက သက်ရှိများကို ဖန်ဆင်းခဲ့သော်လည်း အချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေကြသဖြင့် ကိုယ့်နိဂုံးကိုယ် ဖျက်ဆီးကြခဲ့ပေသည်။ အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်သော ဘုရင်နှစ်ပါးပင်လျှင် အသက်လမ်းကြောင်း၏ ကြောက်မက်ဖွယ်စွမ်းအင်ကို ခံစားလိုက်ရပြီး အသက်အားများ တရစပ် ကုန်ခမ်းနေ၏။ ယဲ့ချန်သည် အသက်မီးတောက်ကို ချက်ချင်းမထိန်းချုပ်နိုင်လျှင် အကျိုးဆက်များ အလွန်ဆိုးရွားနိုင်သောကြောင့် မျက်မှောင်ကြုတ်ကာ နောက်ဆုတ်လိုက်၏။ ရှင်းဟွမ်ဘုရင်သည် တစ်ဖက်လူကို တိုက်ခိုက်ရန် အကောင်းဆုံး အခြေအနေဖြစ်သော်လည်း စွမ်းအင်များကို ရုတ်သိမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် အလင်းတန်းများအဖြစ် အသက်မီးတောက်ထံ လှစ်ခနဲ ပြေးဝင်သွားကြပြီး အသက်လမ်းကြောင်းကို တားမြစ်ရန် ကြံစည်ခဲ့ကြသည်။ အကာအကွယ်အလွှာများက တဘန်းဘန်း ပေါက်ကွဲသွားကာ သူတို့က တစ်ယောက်ကိုတစ်ယောက် စိုးရိမ်နေကြသော်လည်း အချင်းချင်း မတိုက်ခိုက်ကြပေ။ အသက်မီးတောက်အနားသို့ ကပ်လာလေလေ၊ စွမ်းအင်က ကြီးမားလာလေလေ ဖြစ်ပြီး သူတို့ကို အသက်လမ်းကြောင်းမှ တားမြစ်ခဲ့သည်။
"ဒီမျိုးဆက်ရဲ့ ပြိုင်ဘက်ကင်းဖြစ်တဲ့ ငါက အသက်လမ်းကြောင်းကြောင့် အသေမခံနိုင်ဘူး"
ရှင်းဟွမ်ဘုရင်က ဒေါသတကြီး ကြုံးဝါး၍ သွေးပုဆိန်ဖြင့် ရင်ဆိုင်လိုက်သကဲ့သို့ ယဲ့ချန်သည်လည်း ကောင်းကင်ဓားပျံအတွင်း နိယာမကိုးမျိုး ပေါင်းစပ်ပြီး ပစ်ခတ်လိုက်သည်။
"ဘုန်း"
ထိုစွမ်းအားနှစ်ရပ်သည် အသက်နိယာမကို ထိမှန်သွားပြီး ထိပ်ဆုံးအဆင့် အာကာသနတ်များကို ချေမွပစ်နိုင်သော်လည်း ၎င်းအား လှိုင်းပင်မထစေခဲ့ပေ။
"အသုံးမဝင်ဘူး။ အသက်နိယာမက ပထမဆုံးမှာ အစွမ်းအထက်ဆုံး မဟုတ်ဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာအကြာမှာ စကြဝဠာရဲ့ သက်ရှိအရေအတွက်က များပြားလာခဲ့တယ်။ မျိုးနွယ်ပေါင်းစုံရဲ့ ခံစားချက်တွေက ဒီနိယာမမှာ ပေါင်းစပ်ပါဝင်နေပြီး အစွမ်းထက်လာခဲ့တယ်။ မင်းတို့နှစ်ယောက်က ဘယ်လောက်အစွမ်းထက်ထက်၊ စကြဝဠာရဲ့ သက်ရှိအားလုံးကိုတော့ မယှဥ်နိုင်ဘူး"
သွေးမီးတောက်နတ်ဆိုးမျိုးနွယ်မှ အဘိုးအိုတစ်ယောက်က ပြောလိုက်ပြီး အာကာသနတ်များ အားလုံးအကြား၌ အသက်အကြီးဆုံး ဖြစ်လာခဲ့သည်။
"တကယ်ပဲ အခြားနည်းလမ်း မရှိတော့ဘူးလား"
ယဲ့ချန်သည် အသက်နိယာမကို မချိုးဖျက်နိုင်သောကြောင့် စိုးရိမ်တကြီးဖြစ်သွားကာ အသက်လမ်းကြောင်းကြောင့် အသက်အားများ လျင်မြန်စွာ ကုန်ဆုံးနေရသည်။
"ရှင်းဟွမ်ဘုရင် မင်းရဲ့ ရှင်းဟွမ်မျိုးနွယ်က အချိန်အကြာကြီး အစွမ်းထက်လာပေမယ့် မရေမတွက်နိုင်တဲ့ မျိုးနွယ်တွေကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့် မင်းက ဒီနေ့ကံကြမ္မာရဲ့ ပြစ်ဒဏ်ကို ခံရလိမ့်မယ်။ ငါက သွေးမီးတောက် နတ်ဆိုးမျိုးနွယ်ဝင် အားလုံးကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ ရှင်းဟွမ်မျိုးနွယ် နောက်တစ်ကြိမ် ပြန်လည်ဖြစ်တည် မလာပါစေနဲ့"
"အဘိုးကြီး ပါးစပ်ပိတ်ထားစမ်း"
ရှင်းဟွမ်ဘုရင်က ဒေါသတကြီးဖြင့် သွေးပုဆိန်ကို ပစ်လွှတ်လိုက်သော်လည်း အံ့သြစရာကောင်းစွာဖြင့် လွဲချော်သွားသည်။ အဘိုးအို၏ ခန္ဓာကိုယ်သည် အသက်ကြီးပြင်းလာကာ ဝိညာဥ်တစ်ခုအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားသော်လည်း သူ၏ရယ်သံက ပဲ့တင်ထပ်ကျန်ရစ်လေသည်။
"ငါက အသက်လမ်းကြောင်း မပွင့်လာခင် အကြာကြီး အသက်ရှင်လာခဲ့တယ်။ ငါ့သက်တမ်းက နောက်ဆုံးကို ရောက်နေပြီး နောက်ထပ်အသက်ရှင်စရာ မလိုတော့ဘူး"
သူ၏အသက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ အသက်လမ်းကြောင်းကြောင့် ပထမဆုံး ကွယ်လွန်သော အာကာသနတ် ဖြစ်လာခဲ့၏။
"မျိုးနွယ်ခေါင်းဆောင်"
သွေးမီးတောက် နတ်ဆိုးမျိုးနွယ်ဝင်များထံမှ ဝမ်းနည်းစွာ အော်သံများ ထွက်ပေါ်လာကြ၏။ ထိုအဘိုးအိုက အသက်ကြီးရင့်နေပြီ ဖြစ်သောကြောင့် အကန့်အသတ်သို့ ရောက်နေသောအခါ အသက်လမ်းကြောင်း၏ တိုက်စားမှုကို မခုခံနိုင်ခဲ့ပေ။
အာကာသနတ်များက အစွမ်းထက်သောကြောင့် တိုက်စားမှုကို ယာယီတောင့်ခံထားနိုင်သော်လည်း သာမန်သက်ရှိများမှာ မခုခံနိုင်သောကြောင့် စကြဝဠာတစ်ခုလုံး ပြောင်းလဲနေသည်။ ထာဝရနတ်ပြည်ထောင်၊ သွေးပြည်ထောင်၊ နတ်ဆိုးဘုရင်ပြည်ထောင်စသော နေရာများတွင် အချိန်တိုင်း သက်ရှိပေါင်းသန်းရာချီ သေဆုံးကုန်၏။ ပထမဆုံး သေဆုံးသွားသူများမှာ အားအနည်းဆုံးဖြစ်ကြပြီး ပို၍သန်မာသူများက နောက်ပိုင်းတွင် အသက်ဓာတ်များ ကုန်ခမ်းလာသည်။ နတ်ဆိုးဘုရင်ပြည်ထောင်၌ မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများမှာ ပြာကျသွားပြီး မီးခိုးများအဖြစ် လွင့်ပြယ်ကုန်သည်။ စစ်တပ်များလည်း ချက်ချင်းပျောက်ကွယ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်နေကြသော်လည်း အသက်လမ်းကြောင်းက ညှာတာမနေခဲ့ချေ။
ကြယ်တစ်လုံးအထက်တွင် မရေမတွက်နိုင်သော နတ်ဆိုးလက်ခံကောင်များ တည်ရှိနေကာ ယောကျ်ား၊ မိန်းမ၊ ကလေးလူကြီးမရွေး ပါဝင်သည်။ ကောင်းကင်နတ်ဆိုးများ၏ ကျွန်အဖြစ် ရှင်သန်နေရသောကြောင့် မွေးဖွားလာသော ကလေးငယ်များမှာ ဆင်းရဲလွန်း၏။ သို့သော် အသက်လမ်းကြောင်းက သူတို့ကိုလည်း ညှာတာမပေးခဲ့ဘဲ သက်ရှိအားလုံး လျင်မြန်စွာ အသက်ကြီးလာကြသည်။ အသက်ငယ်ရွယ်သော လူငယ်များ၏ ခန္ဓာကိုယ်ထက်၌ပင် အရေးအကြောင်းများ ပြည့်နှက်နေသည်။
"ကျုပ် မသေချင်ဘူး"
လူငယ်တစ်ယောက်က မကျေမနပ် ရေရွတ်ရင်း အရိုးစုအဖြစ် မြေပြင်ထက်သို့ လဲကျသွားသည်။ ကြောက်စိတ်က သက်ရှိတိုင်းတွင် ဖြစ်တည်လာ၍ မသေခင် သွေးရူးသွေးတန်း ထွက်ပြေးနေကြသော်လည်း သေခြင်းတရားထံမှ မလွတ်မြောက်ခဲ့ပေ။ ကလေးငယ်များ၏ ငိုသံများ ဆူညံစွာ ကြားနေရပြီး အသက်လမ်းကြောင်း၏ ကပ်ဘေးသည် မွေးကင်းစကလေးများပင် အလွတ်မပေးခဲ့ပါချေ။