စတေးခြင်း
Vol. 72 Ch. 1004
"ဘာနည်းလမ်းလဲ"
လူတိုင်း၏အကြည့်က ရောင်ယွမ်ထံ ကျရောက်လာသည်။
"မျိုးနွယ်ဝင်တိုင်းရဲ့ အသက်အားတွေကို လူတစ်ယောက်တည်းအပေါ်မှာ စုဝေးစေလိုက်ရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိတယ်"
သူမက ဖြေလိုက်ပြီး မျက်ဝန်းများ မှေးမှိန်သွားကာ ယဲ့ချန်ထံ အကြည့်ကျရောက်လာသည်။ အတိတ်တွင် သူမက ကံကြမ္မာကို တွက်ချက်ခဲ့သောအခါ ယဲ့ချန်နှင့် သူမ တစ်ယောက်ယောက် သေရမည်ဟု အဖြေထွက်ခဲ့သည်။ သူမ၏စကားကြောင့် အားလုံး မင်သက်သွားကာ ရူးသွပ်စွာ တိုက်ခိုက်သတ်ဖြတ်နေကြရင်း အချင်းချင်းဝါးမျိုရန် ကြိုးစားနေသည့် အာကာသနတ်များထံ အကြည့်ရောက်ခဲ့ကြသည်။ ပတ်ဝန်းကျင်၌ သူတို့၏ ချစ်ရသူများ ပြည့်နှက်နေပြီး မည်သူအသက်ရှင်ပါစေ၊ ကျန်သူများက သေရပေလိမ့်မည်။ ယဲ့ချန်သည် မိသားစုဝင်များထံ အကြည့်ရောက်သွားကာ တစ်ယောက်ချင်းစီသည် သူ၏ အချစ်ရဆုံးများ ဖြစ်သောကြောင့် နှလုံးသားတစ်ခုလုံး နာကျင်နေ၏။
ထိုအချိန်၌ ဒန်တန်အတွင်းရှိ ကောင်းကင်မူလကြယ်ထံ အသက်လမ်းကြောင်း စတင်ရောက်ရှိလာသောကြောင့် ယဲ့မျိုးနွယ်အပါအဝင် မရေမတွက်နိုင်သော သက်ရှိများစွာ သေလုမျောပါး ဖြစ်ကုန်သည်။ ရက်စက်လှသော ဤမြင်ကွင်းကြောင့် သူက စိုးရိမ်တကြီးဖြစ်နေပြီး ဒန်တန်အတွင်းမှ သက်ရှိများ၏ အသက်အားများကို စုပ်ယူလိုက်လျှင် သက်တမ်းကို ဆွဲဆန့်နိုင်သော်လည်း ဤမျှကရုဏာမမဲ့ရက်ချေ။
"အခြားနည်းလမ်း ရှိရမယ်"
ယဲ့ချန်က ခေါင်းယမ်းလိုက်ပြီး သိုလှောင်ရတနာများနှင့် ဒန်တန်အတွင်းမှ ဆေးပင်များ၊ ရတနာများ၊ စုဆောင်းထားသော နတ်အရိုးများနှင့် နတ်သွေးများကို ထုတ်ယူလိုက်သည်။ ၎င်းတို့တွင် အသက်အားများ ပါဝင်သော်လည်း စုပ်ယူခံရသည်နှင့်ယှဥ်လျှင် အလွန်နည်းပါးသည်။
"ဒါတွေကို အသုံးပြုလိုက်ကြ"
သူက လက်တစ်ဖက်ယမ်းလိုက်ပြီး အရာအားလုံးကို လူတိုင်းထံ ခွဲဝေပေးလိုက်ပြီး ဆေးပင်အချို့ကို သန့်စင်လိုက်သည်။ လူတိုင်းက ဝမ်းနည်းနေကြပြီး ဤနည်းလမ်းမှာ အလုပ်မဖြစ်သောကြောင့် မျက်လုံးများ နီရဲလာကြသော်လည်း သန့်စင်လိုက်ကြ၏။ ယဲ့တန်းရွှမ်သည် သွေးမီးတောက် နတ်ဆိုးသန္ဓေသားထံမှ ရခဲ့သော နတ်သွေးစက်ကို ပုလင်းလိုက် မော့သောက်လိုက်သည်။
"ဒါက အသုံးမဝင်ဘူး"
ရောင်ယွမ်၏ ရင်ထဲတွင် ဝမ်းနည်းစိတ်များ ပြည့်နှက်နေစဥ် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသော နတ်ဆေးပင်မျိုးနွယ်၏ အကြီးအကဲများအနက် တစ်ယောက်က ရှေ့ထွက်လာခဲ့သည်။
"ရောင်ယွမ် မျိုးနွယ်အကြီးအကဲတွေအားလုံး တိုင်ပင်ပြီးပြီ။ မင်းက နတ်ဆေးပင်မျိုးနွယ်ရဲ့ အမွေခံဖြစ်ပြီး အသက်ဆက်ရှင်ရမယ်။ စကြဝဠာရဲ့ တစ်နေရာမှာ ငါတို့မျိုးဆက်အဖြစ် သစ်စေ့တွေ မြုပ်နှံထားခဲ့တယ်။ မင်းက စွမ်းအားအနည်းငယ် ပေးလိုက်ရင်တောင် မျိုးဆက်သစ်တွေအဖြစ် မွေးဖွားလာလိမ့်မယ်။ အသက်လမ်းကြောင်းက ဒါတွေအပေါ် အကျိုးသက်ရောက်မှု ရှိမရှိကိုတော့ မပြောနိုင်ဘူး"
ထိုအကြီးအကဲက ကြင်နာစွာပြုံး၍ မှာကြားနေခဲ့သည်။
"မျိုးနွယ်ခေါင်းဆောင် ဒီလိုမလုပ်ပါနဲ့။ ငါက ဒီလောက်ကြီးလေးတဲ့ တာဝန်ကို လက်မခံရဲပါဘူး"
စကားအသွားအလာအရ နတ်ဆေးပင်မျိုးနွယ်ဝင်အားလုံးသည် အသက်အားများကို လွှဲပြောင်းပေးမည် ဖြစ်သောကြောင့် ရောင်ယွမ်က အလန့်တကြား ငြင်းလိုက်၏။
"မင်းကလွဲရင် ဘယ်သူမှ ဒီတာဝန်ကို မထမ်းဆောင်နိုင်ဘူး"
နတ်ဆေးပင်မျိုးနွယ်ခေါင်းဆောင်က တစ်ချက်ပြုံးလိုက်သောအခါ ရောင်ယွမ်သည် နေရာ၌ မလှုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။ ထို့နောက် အသက်အားများက သူမ၏ကိုယ်တွင်းသို့ တရစပ်စီးဝင်လာကာ နတ်ဆေးပင်မျိုးနွယ်ဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးသွား၍ ပြာ ဖြစ်သွားကြ၏။ မျိုးနွယ်ဝင်များ၏ ကြင်နာသော အပြုံးကိုယ်စီကြောင့် သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာကာ ကလေးတစ်ယောက်ပမာ ငိုကြွေးလိုက်မိသည်။ နတ်ဆေးပင်မျိုးနွယ်၏ လုပ်ရပ်ကြောင့် လူသားမျိုးနွယ်ဝင်များမှာ တိတ်ဆိတ်သွားကြပြီး ယဲ့ချန်၏ စကားသံ တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။
"ငါတို့အတွက် တစ်ယောက်တည်းက မလုံလောက်ဘူး။ နှစ်ယောက်တော့ အသက်ရှင်ရမှာပေါ့"
ယဲ့ချန်၏ အကြည့်သည် လူတိုင်းကို ဖြတ်သန်းသွားသော်လည်း ဇနီးလေးယောက်နှင့် အကြည့်ချင်းဆုံခဲ့သည်။ ဤလေးယောက်သည် သူ၏ ဘဝတလျှောက် အနိမ့်အမြင့် လောကဓံကို အတူတကွ အဖော်ပြုပေးခဲ့ပြီး အရေးပါဆုံးများ ဖြစ်ကြ၏။ အကယ်၍ သူတို့သာ အသက်ရှင်နိုင်မည်ဆိုလျှင် သူ၏အသက်ကို စွန့်လွှတ်ရန် လက်တုံ့နေမည် မဟုတ်ချေ။ နှစ်ယောက်သာ အသက်ရှင်ရမည်ဆိုလျှင် အဖြေက လူတိုင်း၏ရင်ထဲတွင် သတ်မှတ်ပြီးဖြစ်သွားကာ ယဲ့ချန်သည် ဇနီးလေးယောက်၏ ရည်ရွယ်ချက်ကို နားလည်လိုက်၏။
"တန်းအာ နောက်ကျရင် ညီမလေးကို ကောင်းကောင်းစောင့်ရှောက်ပါ"
ယဲ့ချန်သည် ယဲ့တန်းရွှမ်နှင့် ယဲ့ချင်းရောင်ကို လေးနက်စွာ ကြည့်လိုက်ပြီး မှာကြားလိုက်သောအခါ ယဲ့တန်းရွှမ်မှာ မင်သက်သွားသည်။
"အဖေ ဒီလိုမလုပ်ပါနဲ့"
"တန်းအာ သေခြင်းတရားက ရှောင်လွှဲမရနိုင်ဘူးဆိုရင်တောင် မင်းတို့နှစ်ယောက် အသက်ရှင်ရမယ်။ မင်းရဲ့ကျင့်ကြံဆင့်က အာကာသနတ်ထိပ်ဆုံးအဆင့်ဆိုတော့ ချင်းရောင်ကို ကာကွယ်ပေးနိုင်ပါတယ်။ အနာဂတ်မှာ မင်းတို့ ချစ်ချစ်ခင်ခင်နဲ့ အသက်ရှင်သွားကြ"
ယဲ့ချန်က ကြင်နာစွာ မှာကြားနေစဥ် ထန်တိုက်လင်၊ နင်အာ၊ ပိုလင်းနှင့် ယဲ့လော့က ပြုံးနေသကဲ့သို့ ယဲ့မျိုးနွယ်ဝင်များကလည်း ပြုံးပြနေကြသည်။
"မဟုတ်ဘူး။ အဖေ အမေ ဦးလေးတို့ ဒေါ်လေးတို့ ခင်ဗျားတို့ မသေရဘူး"
ယဲ့ချင်းရောင်၏ မျက်ဝန်းမှ မျက်ရည်များ ဆည်ရေကျိုးသကဲ့သို့ စီးကျလာ၏။ ထိုအချိန်၌ ယဲ့တန်းရွှမ်သည် ထူးဆန်းစွာဖြင့် တစ်ကိုယ်လုံး သွေးကြောများ ဖောင်းကားလာ၍ ဝမ်းဗိုက်ကို နာကျင်စွာ ဆုပ်ကိုင်လိုက်မိသည်။
"ဘာဖြစ်တာလဲ"
ယဲ့ချန်က အခြေအနေကို နတ်ဝိညာဥ်ဖြင့် ချက်ချင်းစစ်ဆေးလိုက်ပြီး အကြောင်းအရင်းမှာ နတ်သွေးစက်ဖြစ်ကြောင်း နားလည်လိုက်သည်။
"ဘုန်း"
ဆန်းကျယ်ကာ ပြင်းထန်သော အရှိန်အဝါတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာပြီး အစွမ်းထက်လွန်းသောကြောင့် ယဲ့တန်းရွှမ်၏ ရုပ်ခန္ဓာ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့သည်။
"ဒါက ဘယ်လိုနတ်သွေးစက်မျိုးလဲ။ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာလဲ။ အာကာသနတ် ထိပ်ဆုံးအဆင့်တောင် မချေဖျက်နိုင်ဘူးလား"
ယဲ့ချန်က ရင်ထိတ်သွားပြီး သားဖြစ်သူ၏ နာကျင်မှုကြောင့် စိုးရိမ်နေခဲ့သည်။ လက်ရှိတွင် သူ၏အသက်အားများ လွှဲပြောင်းပေးလိုက်လျှင်ပင် ယဲ့တန်းရွှမ်အတွက် အသုံးမဝင်ပေ။
"ယဲ့ချန် တန်းအာက ဒီလိုဖြစ်သွားမှတော့ နင် အသက်ရှင်ရမယ်။ ကလေးနှစ်ယောက်ကို အသက်စွန့်ပြီး ကာကွယ်ပေးပါ။ ရှင်းဟွမ်ဘုရင်ကို နင်ကလွဲပြီး ဘယ်သူမှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"
ထန်တိုက်လင်က ယဲ့ချန်ကို စိုက်ကြည့်၍ လေးနက်စွာ မှာကြားလိုက်သည်။
"မလုပ်ရဘူး"
အတူတကွ ရှင်သန်ပြီး သေဆုံးရလျှင် ကျေနပ်စရာဖြစ်သော်လည်း ဇနီးသည်များ ကွယ်လွန်မည့်အဖြစ်ကို ကိုယ်တိုင်စောင့်ကြည့်ရလျှင် ယဲ့ချန်အတွက် သည်းခံနိုင်မည် မဟုတ်ပေ။ သူ၏အသက်အားများ ကုန်ခမ်းသွားပါစေ၊ ချစ်ခင်ရသော ထန်တိုက်လင်၊ ပိုလင်း၊ နင်အာနှင့် ယဲ့လော့တို့ကို ကယ်တင်လိုခဲ့သည်။
"အစ်ကိုကြီးက ကလေးတွေကို ကာကွယ်ပေးရမယ်နော်"
နင်အာက တည်ငြိမ်စွာ ပြောလိုက်ပြီး တန်းအာနှင့် ချင်းရောင်အပေါ် ပုံရိပ်ယောင်ပညာ အသုံးပြုလိုက်သဖြင့် ယာယီသတိလွတ်သွားစေသည်။ ပိုလင်းသည် ယဲ့ချင်းရောင်အနားသို့ ကပ်သွားကာ ပွေ့ဖက်လိုက်ပြီး ယဲ့ချန်ကို ညှင်သာစွာ ပြောလိုက်၏။
"မောင်လေး မမရဲ့ဘဝမှာ ကံအကောင်းဆုံးက မင်းနဲ့ ရေစက်ဆုံခဲ့ပြီး သမီးလေးတစ်ယောက် မွေးဖွားခဲ့တဲ့အဖြစ်ပါပဲ။ ငါ အရမ်းပျော်တယ်။ အနာဂတ်မှာ ငါ့ကိုယ်စား သမီးလေးကို ထားခဲ့ပါမယ်"
"မလုပ်နဲ့"
ပိုလင်း၏ အပြုံးကြောင့် ယဲ့ချန်မှာ ရင်နာသွားသဖြင့် နှလုံးသားကို အရှင်လတ်လတ် ဆွဲဆုတ်ခံနေရသယောင် ခံစားလိုက်ရ၏။
"နှုတ်ဆက်ပါတယ် မောင်လေးရယ်"
ပိုလင်းသည် အသက်အားများကို ယဲ့ချင်းရောင်ထံ လွှဲပြောင်းပေးပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်စပြုလာသည်။ သူမသည် ယဲ့ချန်ကိုကြည့်နေရင်း အတိတ်မှ ပုံရိပ်များကို ပြန်လည်အမှတ်ရနေခဲ့၏။ လက်ရှိတွင် သူမ၏ညှို့ငင်အား ပြင်းထန်ဆဲဖြစ်သော်လည်း မိခင်တစ်ယောက်၏ မေတ္တာတရား ထင်ရှားစွာ ထွက်ပေါ်နေ၏။
"ဒီနှစ်တွေက ငါ့ဘဝမှာ အပျော်ရွှင်ရဆုံး အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်"
ယဲ့ချန်က သူမ၏ပုံရိပ်ကို ပွေ့ဖက်လိုက်သော်လည်း နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားလေသည်။
"စောက်အသက်မီးတောက် စောက်အသက်လမ်းကြောင်း မင်းတို့ကို ငါ ဖျက်ဆီးပစ်မယ်"
သူက ကျားနာတစ်ကောင်ပမာ ဒေါသတကြီး ကြုံးဝါးလိုက်ပြီး နတ်အရိုးများ အက်ကွဲသွားကာ တစ်ကိုယ်လုံးမှ ကြမ်းကြုတ်ပြင်းထန်လွန်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။