နောက်ဆုံးကျန်ရစ်သူများ
Vol. 72 Ch. 1005
ထန်တိုက်လင်သည် ယဲ့တန်းရွှမ်အနောက်သို့ သွားရပ်လိုက်ပြီး ယဲ့ချန်ကို ချစ်ခြင်းမေတ္တာအပြည့်နှင့် စိုက်ကြည့်နေသော်လည်း အသက်အားများကို လွှဲပြောင်းပေးရန် မတုံ့ဆိုင်းခဲ့ပေ။ သူမ၏ပုံရိပ်က ဖြည်းဖြည်းချင်း ဝေဝါးလာ၍ အပြာရောင် ရေခဲချီတစ်ခုအဖြစ် ပြောင်းလဲသွားသည်အထိ လင်ယောကျ်ားဖြစ်သူအား လှပသည့် အပြုံးတစ်ခုနှင့် နှုတ်ဆက်သွားခဲ့၏။ သူမသည် အတိတ်တွင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပြီး ယဲ့ချန်နှင့် တွေ့သောအခါ အရာရာ ပြောင်းလဲသွား၍ နောက်ပိုင်း၌ တန်းအာကို မွေးဖွားခဲ့သည်။ နှစ်ပေါင်းထောင်ချီ အတူနေခဲ့ရသည်မှာ ပျော်စရာကောင်းလွန်းပြီး သေဆုံးသွားသော ဖခင်ဖြစ်သူအကြောင်း စဥ်းစားမိသောအခါ မျက်ရည်အချို့ ဖြစ်တည်လာသည်။ ဤကား မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ခွဲခွာခြင်းတရားတို့ ရောပြွန်းနေသည့် ဘဝပင် ဖြစ်သည်။
အတူရှိခဲ့ရသော နှစ်များကို ပြန်လည်တွေးတောလိုက်သောအခါ တိုတောင်းလှသည်ဟု ထင်မှတ်ရသော်လည်း ထန်တိုက်လင်အတွက် ကျေနပ်စရာပင် ဖြစ်၏။
"လင်အာ"
ယဲ့ချန်၏ နှလုံးသွေးများ စီးထွက်လာပြီး ဇနီးသည်များက ရင်သွေးနှစ်ယောက်ကို ကယ်တင်လိုသောကြောင့် ရွေးချယ်ခဲ့သည်ဖြစ်ရာ တားဆီးရန် မဖြစ်နိုင်ပေ။ နင်အာနှင့် ယဲ့လော့သည်လည်း ယဲ့တန်းရွှမ်နှင့် ယဲ့ချင်းရောင်အနားသို့ လျှောက်သွားကာ အသက်အားများ စတင်လွှဲပြောင်းပေးလိုက်ကြသည်။ သူက ထိုဇနီးနှစ်ယောက်၏ မေတ္တာတရားကို နားလည်သောကြောင့် လက်ဖဝါးမှ သွေးထွက်လာသည်အထိ လက်သီးဆုပ်၍ အံကြိတ်ထားလိုက်မိ၏။
"အစ်ကိုကြီး ပုံရိပ်ယောင်ပုလဲကို ထားပေးခဲ့မယ်။ အနာဂတ်မှာ ဒါကို မြင်ရင် နင်အာကို မမေ့ရဘူးနော်"
နင်အာ၏ တောက်ပသော မျက်ဝန်းလေးများတွင် မျက်ရည်ဝဲနေသော်လည်း လှပစွာပြုံးနေပြီး ပုံရိပ်ယောင်ပုလဲအား ကမ်းပေးလိုက်၏။ သူမ၏ လှပသော အပြုံးလေးက ယဲ့ချန်၏ရင်ထဲတွင် ထာဝရအေးခဲသွားကာ မသေမချင်း မေ့နိုင်မည် မဟုတ်ချေ။ ယဲ့အိမ်တော်အတွင်း သူမနှင့် စတင်တွေ့ဆုံခဲ့သော အဖြစ်မှ စတင်၍ ကန့်သတ်ဒေသတွင် နတ်ဆိုးများကို ရင်ဆိုင်ခဲ့ပုံနှင့် အတူတကွ ကျော်ဖြတ်ခဲ့သော အန္တရာယ်များအကြောင်း တွေးနေမိသည်။
"အစ်ကိုကြီးရဲ့ဘေးမှာ ဇနီးသည်တစ်ယောက်အဖြစ် ပါရမီဖြည့်ပေးခဲ့ရတာကို အရမ်းကျေနပ်မိပါတယ်။ နှုတ်ဆက်ပါတယ်နော်"
ယဲ့လော့သည် သူမ၏အမူအရာအတိုင်း နူးညံ့သိမ်မွေ့စွာ နှုတ်ဆက်လိုက်သည်။ ယဲ့ချန်၏ သွေးကြောများ ပျက်စီးနေသဖြင့် မကျင့်ကြံနိုင်ခဲ့သောအခါ သူမက အချိန်တိုင်း အတူရှိပေးခဲ့သည်။ ဤမေတ္တာတရားက သူ၏ရင်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်၏။
"အသက်မီးတောက်ကို ဖျက်ဆီးပြီးရင် မင်းတို့ကို လာတွေ့မယ်"
ယဲ့ချန်သည် ဇနီးသည်များ သေဆုံးသွားသောအခါ သတ်ဖြတ်လိုစိတ် ရုတ်တရက် မြင့်တက်လာ၍ အသက်မီးတောက်ကို မော့ကြည့်လိုက်သည်။
"စောက်ကောင်လေး ယဲ့ချန် မင်း အသက်မီးတောက်ကို ဖျက်ဆီးရမယ်။ ဒီခွေးကောင်ကြောင့် ခြင်္သေ့မတွေ ဘယ်လောက်သေကုန်ပြီလဲ မသိဘူး။ မဟုတ်ရင် ငါသေရတာ ငြိမ်းချမ်းမှာ မဟုတ်ဘူး"
ထိုအချိန်၌ နန်ရှင်းတစ်နှင့် ခြင်္သေ့ကြီးသည် သူ၏နောက်ကျောသို့ လက်ဖဝါးဖြင့်ကပ်၍ အသက်အားများ လွှဲပြောင်းပေးလာခဲ့သည်။ သူက ဝမ်းနည်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ဤကမ္ဘာ၌ ငရဲဘုံ အမှန်တကယ်ရှိနေလျှင် အသက်မီးတောက်ကို ဖျက်ဆီးပြီး ဤမိတ်ဆွေများထံ လိုက်ပါသွားပေလိမ့်မည်။
"အစ်ကို မင်းက ငါ အလေးစားရဆုံး လူတစ်ယောက်ပါ။ မင်းအတွက် အသက်အားတွေပေးခဲ့ရတာ ငါ ယဲ့မုန်ဘဝမှာ လုံးဝနောင်တမရဘူး"
ယဲ့မုန်နှင့် ယဲ့မျိုးနွယ်ဝင်အားလုံးက ယဲ့ချန်၏ကိုယ်တွင်းသို့ အသက်အားများ လွှဲပြောင်းနေကြပြီး နောက်ဆုံးတွင် လောကငယ်တစ်ခုလုံး၌ အစွမ်းထက်သူ အနည်းငယ်သာ ကျန်ရစ်သည်။ ရှင်းဟွမ်မျိုးနွယ်တွင် ရှင်းဟွမ်ဘုရင်၊ ရွှမ်ကုန်း၊ ကျိယွမ်နှင့် အာကာသနတ်နှစ်ယောက်သာ ကျန်ရစ်ပြီး ရွှေဂျိုဧကရာဇ်၊ သိုင်းဘုရင်၊ သွေးနတ်ဆိုးဘိုးဘေး၊ ရှောင်ချီ၊ ယဲ့ရှင်းရွှမ်၊ နန်းကုန်းဇီ၊ လင်လုံ၊ ကောင်းကင်နတ်ဆိုး ခေါင်းဆောင်သုံးယောက် စသူတို့လည်း ရှင်သန်နိုင်ခဲ့ကြသည်။
"မင်းကြီး ကျုပ်တို့ ဘာဆက်လုပ်ရမလဲ"
လူသားမျိုးနွယ်တွင် အသက်ရှင်သူအများဆုံး ကျန်ရစ်သောကြောင့် ရွှမ်ကုန်းက အကြံတောင်းလိုက်သည်။ လူသားမျိုးနွယ်ဘက်တွင် ရောင်ယွမ်နှင့် ပီဖန်းလည်း ရှိနေသောကြောင့် ရှင်းဟွမ်ဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က အခြားအာကာသနတ်များ၏ အသက်အားကို ဝါးမျို၍ အချိန်ဆွဲထားနိုင်သော်လည်း အသက်လမ်းကြောင်း မရပ်သေးသဖြင့် အသက်အားများ စုပ်ယူခံနေရ၏။ ထိုအသက်အားများ ကုန်ခမ်းသွားရန်အတွက် အချိန်များစွာ လိုအပ်မည် မဟုတ်သောကြောင့် အသက်ရှင်လိုလျှင် ဆက်၍ဝါးမျိုရပေလိမ့်မည်။
"လူသားမျိုးနွယ်က ငါထင်ထားတာထက် ပိုအစွမ်းထက်နေပါလား။ ဒါပေမယ့် မင်းတို့အကုန် သေရမယ်"
သူက သွေးပုဆိန်ကို ဆွဲထုတ်၍ လူသားအုပ်စုထံ ချိန်ရွယ်ကာ အေးစက်စက်ပြောလိုက်ပြီး ခန္ဓာကိုယ်ထက်၌ ရွှေရောင်အလင်းတစ်ခုနှင့်အတူ ခမ်းနားသော ချပ်ဝတ်တစ်ခု ထွက်ပေါ်လာသည်။ လူသားမျိုးနွယ်ကြောင့် ကောင်းကင်ကံဗျတ်စောင်း ပျက်စီးသွားသော်လည်း သူက နောက်ထပ် မူလရတနာတစ်ခုဖြစ်သော သိုင်းကောင်းကင်ချပ်ဝတ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အခြားအာကာသနတ်များမှာ တုန်ရီသွား၍ သူ့ကို ပိုမိုကြောက်ရွံ့လာကြသည်။ နန်းကုန်းဇီသည်လည်း ရတနာနှစ်ခု ထုတ်ယူလိုက်ပြီး မူလရတနာများအောက် တစ်ဆင့်သာ နိမ့်သော ခရမ်းရောင် ကြယ်ပိုက်ကွန်နှင့် စီမုသံလိုက်အိမ်မြှောင်တို့ ဖြစ်သည်။ ယဲ့ရှင်းရွှမ်၏နောက်တွင် ထောင်ချီသော ဓားရှည်များ ထွက်ပေါ်လာကာ ကောင်းကင်မီးချပ်ဝတ်ကို ဆင့်ခေါ်လိုက်သော်လည်း ကံဆိုးစွာဖြင့် လက်မောင်းနေရာ ပျောက်ကွယ်နေခဲ့သည်။ သွေးနတ်ဆိုးဘိုးဘေးက မူလရတနာတစ်ခုဖြစ်သော အနန္တရှေးဟောင်းကျောက်စာကို ထုတ်ယူလိုက်သော်လည်း အရေအတွက်၁၂ခုတွင် တစ်ခု ပျောက်ဆုံးနေသောကြောင့် အနည်းငယ် အားနည်းနေခဲ့၏။ ကျိယွမ်သည်လည်း မူလရတနာခြောက်ခုတွင် ပါဝင်သော နတ်ပြည်ပုလဲကို ဆင့်ခေါ်လိုက်သောအခါ တစ်ကိုယ်လုံး ခရမ်းရောင်တောက်ပ၍ အလွန်မြင့်မြတ်ပုံပေါ်သည်။ ယဲ့ချန်၏ ခန္ဓာကိုယ်ပတ်လည်တွင် ကောင်းကင်ဓားပျံ၊ ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်စက်လုံးတို့ ထွက်ပေါ်လာပြီး တဖိတ်ဖိတ် တောက်ပနေကြ၏။
ဤမြင်ကွင်းကြောင့် ရှင်းဟွမ်ဘုရင်၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ ယဲ့ချန်တွင် ကောင်းကင်နတ်လက်နက်တစ်ခုအပြင် မူလရတနာနှစ်ခု ရှိနေမည်ဟု ထင်မထားပေ။ သူက ကောင်းကင်ဓားပျံအကြောင်း သိထားသော်လည်း ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်စက်လုံးကို မည်သို့ရထားကြောင်း မခန့်မှန်းနိုင်ချေ။ သို့သော် ၎င်းတို့က တိုက်ပွဲ၌ များစွာအသုံးမဝင်သောကြောင့် သူက သိုင်းကောင်းကင်ချပ်ဝတ်အားကိုးဖြင့် ကြောက်စိတ် လုံးဝမရှိချေ။ ၎င်းကို အသက်သွင်းလိုက်လျှင် ကောင်းကင်ဓားပျံပင် အလွယ်တကူ မထိုးဖောက်နိုင်သောကြောင့် ပြန်လည်တိုက်ခိုက်နိုင်၏။ ထို့ကြောင့် သူက ၎င်းကို ရှာဖွေရန်အတွက် နောက်လိုက်များစွာ စေလွှတ်ခဲ့ပြီး ရယူရန်အတွက် မျိုးနွယ်ပေါင်းများစွာကို သုတ်သင်ပစ်ခဲ့သည်။ ဖျက်ဆီးခံလိုက်ရသော ကောင်းကင်ကံဗျတ်စောင်းမှလွဲလျှင် မူလရတနာအားလုံးသည် အသက်မီးတောက်၏ လောကအတွင်း ထွက်ပေါ်လာခဲ့ကြ၏။
"မူလရတနာတွေနဲ့ နတ်လက်နက်တွေ ထွက်ပေါ်လာပြီ။ စိတ်ဝင်စားစရာပဲ"
ဧကရာဇ်က တစ်ချက်ပြုံးလိုက်ပြီး အနက်ရောင်အကြေးခွံများ ဖုံးကာ၍ အေးစက်စက်တောက်ပနေသော ဓားရှည်တစ်လက်အား ဆွဲထုတ်လိုက်သည်။ ၎င်းက ကောင်းကင်နတ်လက်နက်တစ်ခုဖြစ်သော ချီလင်ဓားပင် ဖြစ်သည်။ သိုင်းဘုရင်တွင် မူလရတနာများနှင့် နတ်လက်နက်များ မပိုင်ဆိုင်ထားသော်လည်း နတ်သတ်သမားမျိုးနွယ်၏ အမွေကို ရထားသောကြောင့် သတ်ဖြတ်ရေး အစီအရင်များစွာကို ခင်းကျင်းလိုက်သည်။
"ညီလေးတို့ လူသားမျိုးနွယ်ကို အရင်ဆုံးရှင်းပစ်ကြမယ်"
ရှင်းဟွမ်ဘုရင်၏ အမြင်တွင် သူတို့သုံးယောက် ပူးပေါင်းလိုက်လျှင် လူသားများကို သတ်ဖြတ်ရန် မခက်ခဲပေ။
"ကောင်းပြီ"
ကျန်နှစ်ယောက်က ရက်စက်စွာပြုံးလိုက်ပြီး သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လိုက်သောကြောင့် ကျန်အာကာသနတ်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။
"အရင်က ဘာရန်ငြှိုးတွေရှိရှိ၊ ဒီအချိန်မှာ မေ့ထားလိုက်ရအောင်"
ယဲ့ရှင်းရွှမ်က ကြည်လင်သောအသံဖြင့် ပြောလိုက်ပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ပိုင်း ဖြစ်နေသော်လည်း လူသားတစ်ယောက် ဖြစ်သောကြောင့် ရန်ကြွေးများကို ဂရုမစိုက်နိုင်တော့ပေ။
"ကောင်းပြီ"
ဤကား လူသားမျိုးနွယ် ဆက်လက်တည်တံ့ရေးအတွက် အဆုံးအဖြတ်တိုက်ပွဲ ဖြစ်သောကြောင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ့ကိုလည်း လူသားမျိုးနွယ်ဘက်က ထည့်တွက်လိုက်"
လူသားမျိုးနွယ်နှင့် မပူးပေါင်းလိုသော်လည်း ယဲ့ချန်တို့ အသတ်ခံလိုက်ရလျှင် ပစ်မှတ်ဖြစ်လာရန် သေချာသောကြောင့် သွေးနတ်ဆိုးဘိုးဘေးက ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။ ယဲ့ချန်က ထိုနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ ပိုင်ဆိုင်ထားသော ကောင်းကင်မီးလက်မောင်းကာနှင့် အနန္တရှေးဟောင်းကျောက်စာတစ်ချပ်အား ပစ်ပေးလိုက်သည်။ ယဲ့ရှင်းရွှမ်၏ မျက်လုံးများ တောက်ပသွားသကဲ့သို့ အနန္တရှေးဟောင်းကျောက်စာ ၁၂ချပ် ပြည့်စုံလျှင် မူလရတနာ၏ အစွမ်းအပြည့်အဝ ထုတ်ဖော်နိုင်သောကြောင့် သွေးနတ်ဆိုးဘိုးဘေးလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။ နောက်ဆုံးကျန်ရစ်သော အာကာသနတ်များက အုပ်စုကွဲသွားပြီး ရှင်းဟွမ်ဘုရင်၊ ရွှေဂျိုဧကရာဇ်၊ သိုင်းဘုရင်၊ ရှင်းဟွမ်မျိုးနွယ်၏ အာကာသနတ်သုံးယောက်၊ အခြားမျိုးနွယ်မှ အာကာသနတ်ခုနစ်ယောက်က တစ်ဖွဲ့ ဖြစ်သည်။ ယဲ့ချန်၊ ယဲ့တန်းရွှမ်၊ ယဲ့ချင်းရောင်၊ ရှောင်ချီ၊ ပီဖန်း၊ ယဲ့တန်းရွှမ်၊ နန်းကုန်းဇီ၊ သွေးနတ်ဆိုးဘိုးဘေး၊ သွေးမီးတောက် နတ်ဆိုးခေါင်းဆောင်နှင့် ရောင်ယွမ်တို့ ပါဝင်သော တစ်ဖွဲ့နှင့် ကောင်းကင်နတ်ဆိုး ခေါင်းဆောင်သုံးယောက် ဦးဆောင်သည့် အဖွဲ့တစ်ခုဟူ၍ ရပ်တည်နေကြသည်။ အသက်လမ်းကြောင်းက ဆက်လက်အသက်ဝင်နေသောကြောင့် အာကာသနတ်များမှာ အချိန်မရွေး သေဆုံးနိုင်ချေရှိပြီး အသက်အားများ ဝါးမျိုမှသာလျှင် ရှင်သန်နိုင်ပေလိမ့်မည်။
မူလတွင် လောကငယ်အတွင်း အာကာသနတ်များစွာ ရှိသော်လည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်သူများပင် အခြားအာကာသနတ်များ၏ သားကောင်အဖြစ် ရှုမြင်ခံခဲ့ရသည်။ အချိန်မရွေး သေဆုံးသွားနိုင်သောကြောင့် တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသောအခါ အနည်းငယ်သာ ကျန်ရစ်လေသည်။
"သတ်ကြ"
ရှင်းဟွမ်ဘုရင်က သွေးပုဆိန်ဖြင့် ယဲ့ချန်ကို ခုတ်ပိုင်းပြီး တိုက်ပွဲကန့်လန့်ကာကို ဆွဲတင်လိုက်၏။ ကောင်းကင်ဓားပျံက ထိပ်တိုက်ရင်ဆိုင်ရာ၌ များစွာအသုံးမဝင်သောကြောင့် ယဲ့ချန်သည် ကောင်းကင်တုန်ခါဆေးအိုးနှင့် ရင်ဆိုင်လိုက်သည်။ သို့ရာတွင် လေထဲတွင် မျောလွင့်နေသော ဓားပျံက တစ်ဖက်လူ၏ အားနည်းချက်ကို စဥ်ဆက်မပြတ် ရှာဖွေကာ ချောင်းမြောင်းနေ၏။
"ဘုန်း"
ရတနာနှစ်ခု ထိပ်တိုက်ရင်ဆိုင်သွားပြီးနောက် ကောင်းကင်တုန်ခါဆေးအိုးသည် သွေးပုဆိန်လောက် အစွမ်းမထက်သော်လည်း မူလရတနာတစ်ခု ဖြစ်သောကြောင့် ထူးခြားသည်။ ၎င်း၏ဝိညာဥ်မီးတောက်များမှာ မြွေများပမာ လူးလွန့်၍ ရှင်းဟွမ်ဘုရင်ထံ တိုးဝင်လာကြ၏။ သွေးပုဆိန်ထံမှ သွေးရောင်အလင်းတစ်ချက် ပြန့်ထွက်လာကာ ဝိညာဥ်မီးတောက်များကို တွန်းထုတ်လိုက်လေသည်။