အချိန်နတ်ဘုရား၏ ဆက်သားများ
Vol. 72 Ch. 1008
"မဟုတ်ဘူး။ ငါ လက်မခံနိုင်ဘူးကွ။ အသက်နတ်ဘုရား အမှိုက်ကောင် ထွက်လာစမ်း။ မင်းနဲ့ ငါ စီးချင်ထိုးမယ်"
ရှင်းဟွမ်ဘုရင်သည် မကျေနပ်စွာဖြင့် အော်ဟစ်လိုက်ပြီး ဒေါသတကြီးဖြင့် မျက်နှာက ရှုံ့မဲ့နေ၏။ သူက မည်မျှကျိန်ဆဲနေပါစေ၊ အသက်ကြီးရင့်လာပြီး သေကာနီးအချိန်သို့ နီးကပ်လာသည်။ သူက မည်မျှရုန်းကန်နေပါစေ၊ အသက်လမ်းကြောင်းတွင် အရာအားလုံး သဲလွန်စပင်မကျန်အောင် ချေမွခံလိုက်ရပေလိမ့်မည်။ သူက ရှုံ့တွနေသောလက်ကို မြှောက်၍ ကြည့်လိုက်ပြီး အသက်အားများ စီးထွက်လာသည်ကို ခံစားရသဖြင့် ကြောက်စိတ်များ ဖြစ်တည်လာ၏။ သူက အစွမ်းထက်သူတစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း အသက်ကြီးလွန်းသဖြင့် လမ်းပင် မလျှောက်နိုင်တော့ချေ။ နောက်ဘဝ၌ ပြန်လည်ဝင်စားမည့် လောကသည် အလွန်အံ့သြစရာကောင်းနေလျှင်ပင် သူနှင့် မဆိုင်တော့ပေ။
"အနာဂတ်ဆိုတာ ရှိရင် ငါတို့တွေ ပြန်ဆုံကြမယ်"
ယဲ့ချန်က မျက်လုံးများမှိတ်၍ ရေရွတ်လိုက်ပြီး မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေသည်။ သူ၏မြင်ကွင်းအတွင်း ဇနီးလေးယောက်၊ ဖခင်၊ သမီးနှင့် မိတ်ဆွေများစွာကို မြင်ယောင်နေပြီး ဤဘဝ၌ အသက်ရှင်ခဲ့ရခြင်းမှာ ကျေနပ်စရာကောင်းသောကြောင့် အဆုံးသတ်ရမည့် အဖြစ်ကို တွန်းလှန်မနေတော့ပေ။ သူက မျှော်လင့်ချက်မဲ့စွာ လက်လျှော့လိုက်သောအခါ အသက်မီးတောက်၏ ကာကွယ်ရေးအစီအရင်များအားလုံး အက်ကြောင်းထင်လာ၍ အလိုလို ပြိုကွဲကုန်သည်။
"အဖေ ဘာတွေဖြစ်နေတာလဲ။ ကြည့်စမ်းပါဦး"
ယဲ့တန်းရွှမ်က ရုတ်တရက် အော်ဟစ်လိုက်ပြီး အကာအကွယ် လုံးဝကင်းမဲ့နေသည့် အသက်မီးတောက်မှာ လေထဲ၌ တောက်ပနေသည်။
"ဟား ဟား နောက်ဆုံးတော့ ငါ့အပိုင် ဖြစ်လာပြီ"
ရှင်းဟွမ်ဘုရင်၏ မျက်လုံးများ ချက်ချင်းတောက်ပလာပြီး နောက်ဆုံးအင်အားကို ထုတ်ဖော်၍ အစွမ်းကုန်ပြေးထွက်သွားခဲ့၏။ ဖြစ်ရပ်ဆိုးကြောင့် ယဲ့ချန်သည် အရာရာကို နားလည်သွားခဲ့ပြီး အသက်မီးတောက်ရခြင်း မရခြင်းက အရေးမပါသော်လည်း သူ့ကို တားမြစ်ရန် လှုပ်ရှားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ၊ အသက်မီးတောက်သည် ရှင်းဟွမ်ဘုရင်၏လက်ထဲ ကျရောက်သွား၍ မဖြစ်ချေ။
"တန်းအာ အသက်မီးတောက်ကို ယူလိုက်"
ယဲ့ချန်က အော်ဟစ်သတိပေး၍ ကောင်းကင်ဓားပျံကို အစွမ်းကုန်ယမ်းရင်း ရန်သူ၏ နောက်ကျောဘက်မှ တိုက်ခိုက်ပစ်လိုက်သည်။ ထို့ကြောင့် ရှင်းဟွမ်ဘုရင်က နောက်လှည့်လာပြီး သွေးပုဆိန်နှင့် ကာကွယ်လိုက်ရသည်။ အသက်လမ်းကြောင်းကြောင့် အသက်အားများကုန်ခမ်းနေသဖြင့် မူလခွန်အား၏ အပုံတစ်သောင်းပုံတစ်ပုံသာ ပိုင်ဆိုင်၍ နှစ်ယောက်လုံး၏ ရတနာများပင် မှိန်ဖျော့နေကြ၏။ သို့သော်လည်း သူက မူလရတနာနှစ်ခုနှင့် ကောင်းကင်နတ်လက်နက်တစ်ခုအား ထိန်းချုပ်၍ ရှင်းဟွမ်ဘုရင်ကို တားမြစ်နိုင်ခဲ့သည်။ ယဲ့တန်းရွှမ်သည် ပီဖန်းကို စီးနင်း၍ အသက်မီးတောက်ထံ ရောက်သွားသော်လည်း ၎င်းသည် နေတစ်စင်းပမာ ရုတ်တရက် တောက်ပလာသည်။
"ဘုန်း"
သူတို့က အသက်မီးတောက်၏ မီးလျှံများကြောင့် သုတ်သင်ခံလိုက်ရသောအခါ ယဲ့ချန်မှာ မယုံနိုင် ဖြစ်နေသည်။ သူက စကြဝဠာအတွင်း လွင့်ပြယ်သွားသော သားဖြစ်သူ၏ဝိညာဥ်ကို ဗလာမျက်ဝန်းများနှင့် စောင့်ကြည့်နေရင်း မွေးဖွားကာစ အမှတ်တရများကို တွေးနေမိ၏။ ဖြစ်နိုင်သည်မှာ အကာအကွယ်အလွှာများ ပျက်စီးသွားသော်လည်း အသက်မီးတောက်ကို မည်သူမှ မရယူနိုင်ပေ။
"ဟား ဟား ငါ့ရတနာကို မင်းတို့ မယူနိုင်ပါဘူး"
ရှင်းဟွမ်ဘုရင်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး မင်သက်နေသော ယဲ့ချန်ကို ကျော်ဖြတ်ကာ အသက်မီးတောက်ထံ ဦးတည်၍ လက်လှမ်းခဲ့သည်။ သူ၏လက်က ၎င်းကို ထိတွေ့သွားသောအခါ ချက်ချင်းလောင်ကျွမ်းခံလိုက်ရပြီး တစ်ကိုယ်လုံး ကူးစက်လာခဲ့၏။
"အား မဖြစ်နိုင်ဘူး။ အသက်မီးတောက်က ငါ့အပိုင် ဖြစ်လာရမယ်"
သူက နာကျင်စွာအော်ဟစ်ရင်း တစ်ကိုယ်လုံး မီးလောင်ခံနေရသော်လည်း ရူးသွပ်စွာ ရှေ့ဆက်နေခဲ့သည်။ နောက်ဆုံးတွင် သူက အရှင်လတ်လတ် မီးရှို့ခံလိုက်ရပြီး ပြာကျသွားသောအခါ ဤဘဝတွင် အသက်မီးတောက်ကိုရရန် နည်းမျိုးစုံ အသုံးပြုခဲ့သူတစ်ယောက် အဆုံးသတ်သွားသည်။ ယဲ့ချန်သည် ဟင်းလင်းပြင်အတွင်း အထီးကျန်စွာ မတ်တပ်ရပ်နေရင်း စိတ်က ထူးထူးခြားခြား တည်ငြိမ်နေ၏။ သူက အသက်မီးတောက်ထံ မသိစိတ်၏စေ့ဆော်မှုအရ တစ်လှမ်းချင်း ချဥ်းကပ်သွားသောအခါ တစ်ကိုယ်လုံး မီးရှို့ခံခဲ့ရသည်။ မီးတောက်များက အပြင်းအထန် လောင်ကျွမ်းနေသော်လည်း သူက မရပ်တန့်ခဲ့သည့်အပြင် အသက်မီးတောက်ကိုပင် အလေးမထားတော့ပေ။ သူ၏စိတ်က ဗလာဖြစ်နေပြီး မသိစိတ်အတိုင်း သွားလာနေခြင်းဖြစ်ကာ ရုပ်ခန္ဓာသည် အသက်မီးတောက်အောက်၌ ပြာကျသွားသည်။
ပြင်းထန်သော နာကျင်မှုက အာရုံကြောတလျှောက် ပြန့်ထွက်လာသော်လည်း ဒန်တန်အတွင်း ကြယ်ကိုးလုံးအလယ်၌ ရှိနေသည့် နတ်သန္ဓေသားသည် အသက်ဝင်လာကာ ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်ဖြင့် အသစ်ပြန်လည် ဖန်တီးပေးခဲ့၏။ သူ၏ရုပ်ခန္ဓာက ဆက်တိုက်လောင်ကျွမ်းခံနေရသော်လည်း တစ်လှမ်းချင်း ရှေ့ဆက်နေရင်း နောက်ဆုံး၌ အသက်နိယာမကို နားလည်သဘောပေါက်ခဲ့သည်။
"ဒီအချိန်မှာ ဒါက ဘာအသုံးဝင်လို့လဲ။ ငါက စကြဝဠာထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရပြီ"
ယဲ့ချန်၏ ရုပ်ခန္ဓာသည် အသက်မီးတောက်နှင့် ပေါင်းစပ်သွားသော်လည်း အထီးကျန်လွန်းသော စိတ်၌ ခံစားချက်ဗလာ ဖြစ်နေခဲ့သည်။ သူက သန္ဓေသားတစ်ယောက်ပမာ ဖြစ်တည်နေပြီး အသက်နိယာမ မွေးဖွားလာသောအခါ သူ နားလည်ထားသည့် နိယာမကိုးခုထက် များစွာပို၍ အစွမ်းထက်နေ၏။ သူ၏နတ်ဝိညာဥ်က စကြဝဠာတစ်ခွင် ပျံ့နှံ့သွားပြီး အသက်နတ်ဘုရား ဖြစ်လာခဲ့သော်လည်း အသက်လမ်းကြောင်း၌ သေဆုံးသွားသူများကို အသက်ပြန်မသွင်းနိုင်ချေ။ သူက အသက်နတ်ဘုရားဖြစ်၍ အသက်များ ဖန်တီးနိုင်သော်လည်း အသက်လမ်းကြောင်း သတ်ဖြတ်လိုက်သူများကို မကယ်တင်နိုင်တော့ပေ။ သူက အခြားဘိုးဘေးနတ်ဘုရားများ၏ တည်ရှိမှုကို အာရုံခံမိသော်လည်း အဆင့်တက်ကာစ ဖြစ်သောကြောင့် ခွန်အားချင်း အလွန်တရာ ကွာခြားနေသည်။ ထိုအချိန်၌ သူ၏အမုန်းတရားများကို ဖော်ပြရန် စကားလုံး ရှာမတွေ့သကဲ့သို့ တိုက်ခိုက်လိုစိတ်များ ပျောက်ကင်းနေသည်။
"စကြဝဠာရဲ့ အထွတ်အထိပ် ဘိုးဘေးနတ်ဘုရား ဖြစ်လာတော့ရော ဘာထူးသွားမှာမို့လို့လဲ"
ယဲ့ချန်က စိတ်ဓာတ်ကျနေစဥ် အသက်နိယာမသည် ဆက်လက်ဖြစ်ပေါ်လာနေကာ ဒန်တန်အတွင်း၌ သက်ရှိများ စတင်မွေးဖွားလာ၍ ခေတ်သစ်တစ်ခု အစပြုခဲ့သည်။ သူ၏ဒန်တန်အတွင်း လောကရော အပြင်စကြဝဠာပါ အသက်အားများ ပြည့်နှက်နေသော်လည်း အနာဂတ်က မရေရာပေ။ ဤကြီးမားလှသော လောကကြီးအတွင်း သူက အတိတ်မှတ်ဉာဏ်များဖြင့် အထီးကျန်စွာ ရှင်သန်နေရပေလိမ့်မည်။ ထိုအချိန်၌ အာကာသနတ်ထိပ်ဆုံးအဆင့် နှစ်ယောက်က သူ့ထံ ဦးတည်လာနေသောကြောင့် အသက်လမ်းကြောင်း၌ ရှင်သန်နိုင်ခဲ့ခြင်းမှာ ဘိုးဘေးနတ်၁၇ယောက်နှင့် သက်ဆိုင်နိုင်သည်။ သူက နတ်ဝိညာဥ်ဖြင့် စစ်ဆေးလိုက်သောအခါ ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားသော နဂါးဘုရင်နှင့် ထန်းယွမ် ဖြစ်နေသောကြောင့် မင်သက်သွားခဲ့သည်။ သူတို့ကို နောက်တစ်ကြိမ် မတွေ့ရသည့်အပြင် ဘိုးဘေးနတ်ဘုရားများနှင့်ပင် ပတ်သက်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။
"ယဲ့ချန် နောက်တစ်ကြိမ် ပြန်ဆုံကြပြီ"
နဂါးဘုရင်က တစ်ချက်ပြုံး၍ နှုတ်ဆက်လိုက်သည်။ ယဲ့ချန်က တစ်ခုခု ပြောချင်သော်လည်း အသက်လမ်းကြောင်းကြောင့် ကောင်းကင်မူလကြယ် ပျက်စီးခဲ့ရသဖြင့် ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
"ငါတို့ကို ဘိုးဘေးနတ်ဘုရားတွေက စေလွှတ်ခဲ့တယ်။ အသက်နတ်ဘုရားဖြစ်လာတဲ့ မင်းကို ဂုဏ်ပြုဖို့ သူတို့ကိုယ်စား ငါ့ကို လွှတ်လိုက်ကြတယ်။ မင်းက အသက်နိယာမကို နားလည်နေပြီမလား"
ထန်းယွမ်က တစ်လုံးချင်း ပြောလိုက်သော်လည်း ယဲ့ချန်၏ စိတ်အခြေအနေက အောင်ပွဲခံရမည့်အစား ဝမ်းနည်းနေခဲ့သည်။
"ငါတို့ရဲ့စကြဝဠာမှာ အက်ကြောင်းတစ်ခု ဖြစ်နေပြီး အချိန်မီ မပြင်ဆင်နိုင်ရင် စကြဝဠာတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ မင်းရဲ့ ဒန်တန်ထဲမှာတောင် စကြဝဠာတစ်ခု ဖြစ်နေတဲ့အတွက် ဒါကို ပြုပြင်ပေးနိုင်တယ်"
ထန်းယွမ်သည် သေဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းမရှိဟန်ဖြင့် ခံစားချက်မဲ့စွာ ပြောနေသောကြောင့် ယဲ့ချန်က ဒေါသထွက်လာခဲ့သည်။ စကြဝဠာအတွင်းရှိ သက်ရှိအားလုံးကို သတ်ဖြတ်ပြီး အသက်နတ်ဘုရားတစ်ယောက် ဖြစ်စေခဲ့သောကြောင့် ဘိုးဘေးနတ်ဘုရားများမှာ အမှန်တကယ် ရက်စက်ခဲ့၏။ ဤကား အမှန်တရားဆိုလျှင် သူက ဘိုးဘေးနတ်ဘုရားအားလုံးကို ပြစ်ဒဏ်ခတ်ရပေလိမ့်မည်။ ထန်းယွမ်နှင့် နဂါးဘုရင်သည်ပင် အတိတ်မှ နဂါးဘုရင်နှင့် ထန်းယွမ် မဟုတ်ဘဲ ပြောင်းလဲသွားသည်။
"ဘိုးဘေးနတ်ဘုရားတွေက ဉာဏ်ပညာအကြီးမားဆုံးဖြစ်လို့ အရာရာကို တွက်ချက်ထားခဲ့တယ်။ သူတို့က စကြဝဠာကို ထိန်းသိမ်းနေရင်း ဘီလီယံချီတဲ့ အသက်တွေ မွေးဖွားသေဆုံးလာတာကို မြင်ဖူးကြပြီ။ တကယ်တော့ အသက်လမ်းကြောင်း ပွင့်လာဖို့ အချိန်မတန်သေးဘူး။ သူတို့က အသက်လမ်းကြောင်းကို ဖွင့်လှစ်ပြီး မင်းကို အသက်မီးတောက် ပေးခဲ့တာပဲ"
ထန်းယွမ်က ပြောပြောဆိုဆိုနှင့် အဖြူအနက် ရောစပ်နေသည့် ကျောက်တုံးတစ်ခုကို ယဲ့ချန်အား ပစ်ပေးလိုက်သည်။
"ဒါက ဘာလဲ"
ယဲ့ချန်သည် ၎င်းထံမှ ထူးဆန်းသော စွမ်းအင်တစ်ရပ်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"အချိန်နတ်ဘုရားရဲ့ လက်ဆောင်"
ထန်းယွမ်၏ အဖြေစကားကြောင့် သူက တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားကာ ထိုကျောက်တုံးအား မလွတ်တမ်း ဆုပ်ကိုင်ထားလိုက်မိလေသည်။