← Chapters

နှစ်တစ်ထောင်အကြာ

Vol. 72 Ch. 1010

နှစ်တစ်ထောင်အကြာ

Vol. 72 Ch. 1010

ကျိုးလီသည် ယဲ့ချန်က ဤသို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားမည်ဟု ထင်မထားသည့်အပြင် အသက်နိယာမကိုလည်း အံ့သြနေသည်။ သူ၏တစ်ကိုယ်လုံး စွမ်းအားများ ပြည့်နှက်နေကာ ခွန်အားက အတိတ်မှ အထွတ်အထိပ်အခြေအနေထက်ပင် ပို၍သန်မာလာပြီး ဤနှစ်များအတွင်း ဘဝ၏အဓိပ္ပါယ်ကို နားလည်ထား၏။ သူက အချိန်ကြာမြင့်စွာ ဝမ်းမြောက်နေပြီး နှစ်ပေါင်းများစွာ စောင့်ရကျိုးနပ်ခဲ့ကာ လူသားမျိုးနွယ် မြင့်တက်လာခြင်းကို မြင်နိုင်စွမ်း ရှိလာသည်။ ထိုအချိန်၌ ရှင်းဟွမ်မျိုးနွယ်မှ အာကာသနတ်ငါးယောက်သည် လမ်းတလျှောက် တွေ့သမျှဖျက်ဆီး၍ ကြမ်းတမ်းစွာ ရောက်ရှိလာကြ၏။

"လူသားမျိုးနွယ်ဝင်တွေ မင်းတို့ရဲ့ သေခြင်းတရားကို လက်ခံစမ်း"

အာကာသနတ်တစ်ယောက်က ခြိမ်းခြောက်လိုက်၏။

"ဒီကောင်တွေကို ကျုပ် ကိုင်တွယ်ပါမယ် အရှင်"

ကျိုးလီက လေးစားစွာ အသိပေးလိုက်ပြီး တိုက်ခိုက်လိုစိတ်များ ဖြစ်တည်လာကာ ခန္ဓာကိုယ်ပတ်လည်တွင် ကောင်းကင်ကြယ်တာရာရုန်းများ လှည့်ပတ်နေရင်း တစ်ခုချင်းစီသည် စွမ်းအားကြီးမားလှ၏။ ၎င်းတို့က ရန်သူငါးယောက်ထံ တိုးဝင်သွားပြီး နတ်ချီများဖြင့် ထိပ်တိုက်ရင်ဆိုင်မိသောအခါ တဘုန်းဘုန်း ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ရုန်းများနှင့် နတ်ချီများ ပြိုင်ဆိုင်မှုကြောင့် တန်ပြန်လှိုင်းများ ပတ်ဝန်းကျင်သို့ ပြန့်ထွက်သွားကာ ကြယ်များ ဆက်တိုက်ပျက်စီးကုန်သည်။ ရုန်းများက ရန်သူများ၏ နတ်ချီများကို တွန်းလှန်လိုက်ပြီး အဆင့်နိမ့် အာကာသနတ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ထိမှန်သွားသောအခါ မည်းနက်သွားအောင် လောင်ကျွမ်းခံလိုက်ရ၏။ ကျန်လေးယောက်မှာလည်း အသည်းအသန် ခုခံလိုက်ရသောကြောင့် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်သည်။

"အစွမ်းထက်လှချည်လား"

ကျိုးလီသည် ငါးယောက်တစ်ယောက် တိုက်ခိုက်နေရသော်လည်း အောက်စည်းသို့ ရောက်မသွားသည့်အပြင် ရန်သူများ၌ အဆင့်မြင့်တစ်ယောက်၊ အလယ်အဆင့်တစ်ယောက်နှင့် အဆင့်နိမ့် သုံးယောက် ပါဝင်သည်။ ထို့ကြောင့် အထွတ်အထိပ်အချိန်၌ သူက အဆင့်မြင့် အာကာသနတ်တစ်ယောက် ဖြစ်ခဲ့ပုံရကာ အသက်နိယာမ၏ စွမ်းအားကြောင့် ပို၍အစွမ်းထက်လာခဲ့သဖြင့် ယဲ့ချန် မည်သို့ပြုလုပ်လိုက်ကြောင်း အဖြေရှာမရပေ။

နိယာမများတွင် အဆင့်မျိုးစုံ ကွဲပြားနေပြီး ယဲ့ချန်သည် ဖန်တီးမှုနိယာမကိုးခုကို နားလည်ထားသော်လည်း များစွာနက်ရှိုင်းခြင်း မရှိပေ။ ကျန်တစ်ဖက်တွင် သူက မရေမတွက်နိုင်သော သက်ရှိများ၏ဘဝကို အသက်လမ်းကြောင်း၌ မြင်တွေ့ခဲ့ရသည့်အပြင် အသက်မီးတောက်နှင့် ပေါင်းစပ်ခဲ့ဖူးသည်။ ထို့အပြင် အချိန်နိယာမ၏ စွမ်းအားကိုလည်း ကြုံတွေ့ခဲ့ရသောကြောင့် အသက်နိယာမက ပိုမိုသန်မာလာ၍ ဖန်တီးမှု နိယာမကိုးခုထက် ပိုမိုသာလွန်နေသည်။ လက်ရှိတွင် သူက အသက်မီးတောက်ကို မပိုင်ဆိုင်ထားသော်လည်း စကြဝဠာ၏ အဓိက စွမ်းအင်နိယာမများကို နားလည်နေသဖြင့် ကျိုးလီအား သန်မာလာအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိခဲ့သည်။

ကျိုးလီသည် ရန်သူလေးယောက်ကို တစ်ကိုယ်တော် ဖိနှိပ်နေပြီး ဟင်းလင်းပြင် အက်ကြောင်းထင်လာသည်အထိ တိုက်ပွဲက ပြင်းထန်လှ၏။ အချိန်မကူးပြောင်းခင် သူက ဤတိုက်ပွဲ၌ အသက်ပေးခဲ့ရသော်လည်း အခြေအနေက လက်ရှိ၌ ပြောင်းပြန် ဖြစ်နေသည်။

"ဘုန်း"

သူ၏ လက်ဝါးချက်အောက်တွင် အဆင့်နိမ့် အာကာသနတ်တစ်ယောက်၏ ရုပ်ခန္ဓာက ကောင်းကင်ကြယ်တာရာရုန်းကြောင့် ပြိုကွဲသွားခဲ့သည်။ ယေဘူယျသဘောဆိုရလျှင် ဤကျင့်စဥ်က အာကာသနတ်တစ်ယောက်၏ ရုပ်ခန္ဓာကို အဆုံးမသတ်နိုင်သော်လည်း ရုန်းတစ်ခုချင်းစီတွင် အသက်နိယာမ၏ စွမ်းအင်များ ပါဝင်နေသည်။ အသက်နိယာမက အသက်ကို ဖန်တီးနိုင်သကဲ့သို့ အသက်ကိုလည်း နှုတ်ယူနိုင်သည်။ ကျိုးလီကိုယ်တိုင်ပင် သူ၏ခွန်အားကို အံ့သြနေပြီး ရန်သူများမှာ ရုန်းဖြင့် ထိမှန်ခံလိုက်ရလျှင် သေဆုံးနိုင်သဖြင့် ကြောက်စိတ်ကြောင့် ထွက်ပြေးလိုက်ကြသည်။

"ဒီလူသားက ကြောက်စရာကောင်းလွန်းတယ်။ သူက သူတော်စင်ဘုရင်များလား"

တစ်ကိုယ်လုံး ကြောက်စိတ်များ စိမ့်တက်လာသဖြင့် သူတို့က အချင်းချင်းဆက်သွယ်ကာ မတုံ့ဆိုင်းရဲဘဲ တည်နေရာပြောင်း ကျင့်စဥ်ကိုယ်စီ အသက်သွင်းလိုက်ကြ၏။

"မလိုတော့ဘူး"

ကျိုးလီက လိုက်သတ်ချင်သော်လည်း ယဲ့ချန်က လက်ကာပြလိုက်၏။

"အရှင် ဒီကောင်တွေက ရှင်းဟွမ်ဘုရင်ကို အရှင့်အကြောင်း ပြောပြမှာ သေချာတယ်။ သူ လှုပ်ရှားလာရင် ပိုခက်ခဲသွားလိမ့်မယ်"

ကျိုးလီက စိုးရိမ်စွာပြောလိုက်ပြီး သူ၏အမြင်၌ ယဲ့ချန်သည် အသက်နိယာမကို နားလည်ထားသော်လည်း ဟင်းလင်းပြင်နတ်အဆင့်သာ ဖြစ်၏။

"လောလောဆယ့်တော့ ဒီကောင့်ကို မောက်မာခွင့် ပေးထားလိုက်ပါ။ ကျုပ်က အသက်နိယာမကို တည်ငြိမ်အောင် ကျင့်ကြံရဦးမယ်"

ယဲ့ချန်သည် တည်ငြိမ်စွာ ဖြေလိုက်ပြီး သူတော်စင်ဘုရင်၏ အရှိန်အဝါမျိုး ထွက်ပေါ်နေကြောင်း ကျိုးလီက ခံစားလိုက်ရ၏။ သူက သူတော်စင်ဘုရင်၏ နောက်လိုက်ဖြစ်လာခြင်းမှာ တစ်ဖက်လူ၏ အရှိန်အဝါ​ကြောင့်ဖြစ်ပြီး နောက်ဆုံး၌ တစ်သက်လုံး စောင့်ဆိုင်းနေခဲ့ရသော နေ့ရက် ကျရောက်လာသည်။

"လူသားမျိုးနွယ် သန်မာလာရမယ်"

သူက ခံစားချက်များကြောင့် လွှမ်းမိုးခံလိုက်ရပြီး များမကြာမီအတွင်း နတ်ပြည်သို့ လူသားမျိုးနွယ်က ဝင်ရောက်၍ ရှင်းဟွမ်ဘုရင်အား အနိုင်ယူမည်ဟု သေချာနေခဲ့သည်။

"အကြီးအကဲကျိုး သွားကြစို့"

ထို့နောက် ယဲ့ချန်နှင့် ကျိုးလီသည် နတ်စက်လုံးအတွင်း ဝင်ရောက်ကာ အပြောကျယ်လှသော စကြဝဠာအတွင်း ထွက်ခွာလာခဲ့သည်။ နတ်ပြည်၌ ရှင်းဟွမ်နန်းတော်အတွင်း ရှင်းဟွမ်ဘုရင်၏ စကားသံက အလွန်အေးစက်တင်းမားနေခဲ့၏။

"အာကာသနတ်ငါးယောက်မှာ သုံးယောက်ပဲ ပြန်လာနိုင်ခဲ့တယ်။ ဒီလူငယ်က ဘယ်သူလဲ"

"ကျုပ်တို့ အဖြေ မသိရသေးပါဘူး အရှင်"

ရွှမ်ကုန်းက ချက်ချင်းဒူးထောက်၍ တင်ပြလိုက်သည်။

"သူတော်စင်ဘုရင်လား။ သူဆိုရင်လည်း ဒီအာကာသနတ်တွေ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက ပျောက်ဆုံးနေတဲ့ ကောင်းကင်သခင်သုံးယောက်ထဲက တစ်ယောက်လား။ ဒီကောင်တွေကရော ရှင်းဟွမ်မျိုးနွယ်ကို တိုက်ခိုက်ရဲလို့လား"

ရှင်းဟွမ်ဘုရင်က မျက်မှောင်ကြုတ်၍ အတွေးနက်နေပြီးနောက် နောက်လိုက်များအား လူသားမျိုးနွယ်ဝင်တိုင်းကို လိုက်လံသတ်ဖြတ်ရန် အမိန့်ချလိုက်၏။

နှစ်ပေါင်း တစ်ထောင်ကျော်အတွင်း မရေမတွက်နိုင်သော အဆင့်နိမ့်သက်ရှိများ မွေးဖွားသေဆုံးနေကြသော်လည်း အာကာသနတ်များအတွက် မျက်တောင်တစ်ခတ်သာ ကြာမြင့်၏။ နတ်စက်လုံးသည် စကြဝဠာအတွင်း လွန်းထိုးပျံသန်းလျက် ဒဏ္ဍာရီတစ်ပုဒ်ကို ဖန်တီးနေပြန်သည်။ ၎င်းရောက်လေရာတွင် မရေမတွက်နိုင်သော မျိုးနွယ်များ ပျောက်ကွယ်သွားကာ ရှင်းဟွမ်မျိုးနွယ်ဝင်များက ရယူလိုသော်လည်း တစ္ဆေတစ်ကောင်ပမာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့ပြီး သဲလွန်စ မကျန်ရစ်ပါချေ။

All Chapters