← Chapters

လူသားမျိုးနွယ် အစွမ်းထက်လာခြင်း

Vol. 72 Ch. 1011

လူသားမျိုးနွယ် အစွမ်းထက်လာခြင်း

Vol. 72 Ch. 1011

နှစ်ပေါင်းတစ်ထောင်အကြာတွင် အသက်မီးတောက် ထွက်ပေါ်လာတော့မည့် သတင်းက စကြဝဠာအတွင်း ပေါ်ပေါက်လာသဖြင့် မရေမတွက်နိုင်သော အာကာသနတ်များ အသင့်ပြင်လိုက်ကြ၏။ သက်ရှိတိုင်းက အသက်နတ်ဘုရားအသစ် ထွက်ပေါ်လာမည့် နေ့ရက်ကို စောင့်ဆိုင်းနေကြပြီး အာကာသနတ်များအကြားတွင် ရှင်းဟွမ်ဘုရင်က အစွမ်းအထက်ဆုံးဟု ဆိုနိုင်သည်။ သို့သော်လည်း အခြားမျိုးနွယ်များက ၎င်းကို လက်မလွှတ်နိုင်သောကြောင့် နတ်တိုင်းပြည်များနှင့် မျိုးနွယ်များစွာအကြားတွင် အခြေအနေက တင်းမာလာ၏။ အချင်းချင်း လျှို့ဝှက်ယှဥ်ပြိုင်နေစဥ် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းမှ သတင်းတစ်ခုသည် လောကကို လှုပ်ခတ်သွားခဲ့ပြီး လူသားမျိုးနွယ်က နတ်ပြည်ထောင်တစ်ခု တည်ထောင်၍ နတ်ပြည်ထောင်အားလုံးကို စစ်ကြေညာလိုက်ခြင်းပင်။

"လူသားတွေ ရူးကုန်တာလား"

"တကယ်ရယ်စရာကောင်းလိုက်တာ။ နိမ့်ကျတဲ့ လူသားမျိုးနွယ်က ဘာလုပ်နိုင်မှာမို့လို့လဲ"

"နတ်ပြည်ထောင်တွေက ဘယ်အာကာသနတ်မဆို လူသားမျိုးနွယ်ကို ရှင်းပစ်နိုင်တယ်"

"ဒီကောလဟာလတွေ ဘယ်က ထွက်လာတာလဲ"

နတ်ပြည်ထောင်များ၏ ခေါင်းဆောင်များနှင့် အကြီးအကဲတိုင်းသည် ဤသတင်းကို ပြက်ရယ်ပြုနေကြ၏။ နတ်ပြည်ထောင်များသည် ရှင်သန်မှု၏ ပြယုဂ် ဖြစ်ကာ တည်ထောင်ရာတွင် အသက်ပေါင်းဘီလီယံချီ စတေးခဲ့သောကြောင့် သွေးနှင့် တည်ဆောက်ထားသည်ဟုပင် ဆိုနိုင်၏။ နတ်ပြည်ထောင် တည်ထောင်ရန် အစွမ်းထက်သော မျိုးနွယ်များမှာ အားနည်းသော မျိုးနွယ်များစွာကို ကျွန်ပြုထားပြီး ဥပမာအားဖြင့် ရှင်းဟွမ်မျိုးနွယ်ဖြစ်ကာ များပြားလှသော သက်ရှိများသည် သူတို့၏ ခြေနင်းကျောက်များဟု ရှူမြင်ခံရ၏။ စကြဝဠာအတွင်း မျိုးနွယ်တစ်ခုသည် တစ်လောကလုံးကို စစ်ကြေညာသော အဖြစ်မျိုး မရှိခဲ့ဖူးသဖြင့် သူတို့က မယုံကြည်ကြပေ။ သို့သော်လည်း ဖြစ်ရပ်မှန်က သူတို့၏ အထင်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်။

လွန်ခဲ့သော နှစ်ခြောက်ရာက ပျောက်ကွယ်သွားသော ယဲ့ရှင်းရွှမ်သည် နတ်ဆိုးဘုရင်ပြည်ထောင်၏ နယ်စပ်၌ ထွက်ပေါ်လာကာ နတ်ဆိုးယာဥ်ကြီးထက် ပို၍အစွမ်းထက်သော ကြယ်ယာဥ်များ၊ ရွှေပိုင်နက်သားရဲနှင့် ပိုင်နက်သားရဲပေါင်းသိန်းချီကို ဦးဆောင်၍ စစ်ပွဲ စတင်ခဲ့သည်။ သူက ထိပ်တန်းအာကာသနတ် တစ်ယောက် ဖြစ်နေသည့်အပြင် လူသားမျိုးနွယ်မှ အာကာသနတ်သုံးဆယ်ကျော် ပါဝင်၏။ သူက စစ်တပ်ကို ဦးဆောင်ပြီး လမ်းတလျှောက် စစ်မီးတောက်လောင်စေကာ မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများမှာ ချေမှုန်းခံလိုက်ရသဖြင့် ကျွန်ပြုခံထားရသူအားလုံး လွတ်မြောက်ခဲ့သည်။ ကောင်းကင်နတ်ဆိုး ခေါင်းဆောင်သုံးယောက်သည် သူ၏ခွန်အားကို ကြောက်လန့်သော​ကြောင့် တိုက်ခိုက်ရန် ထွက်မလာရဲပေ။

လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာအကြာက သွေးမီးတောက် နတ်ဆိုးမျိုးနွယ်နှင့်အတူ ပျောက်ဆုံးသွားသော နန်းကုန်းဇီသည်လည်း စစ်တပ်တစ်ခုကို ဦးဆောင်ကာ သွေးပြည်ထောင်အား စတင်တိုက်ခိုက်သည်။ ထိပ်တန်းအာကာသနတ်တစ်ယောက်ဖြစ်သော သူနှင့်အတူ သွေးမီးတောက် နတ်ဆိုးမျိုးနွယ်မှ အာကာသနတ်ခြောက်ယောက် လိုက်ပါလာခဲ့သည်။ နတ်ပြည်ထောင်အားလုံးမှာ လူသားမျိုးနွယ်၏ စစ်တပ်များနှင့် တိုက်ခိုက်နေရပြီး လူသားမျိုးနွယ်ဘက်တွင် ထိပ်တန်းအာကာသနတ်များစွာ ပါဝင်သည်။ ထို့အပြင် လူသားမျိုးနွယ်၏ အင်အားက ထင်ထားသည်ထက် ကျော်လွန်နေကာ ကြောက်မက်ဖွယ်ကောင်းလွန်းပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင်နတ်များ၊ လောကနတ်များ၊ ပိုင်နက်သားရဲများနှင့် အစွမ်းထက် စစ်လက်နက်များ ပိုင်ဆိုင်နေသည်။ သူတို့ရောက်လေရာတွင် နတ်ပြည်ထောင်များမှာ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရပြီး အစွမ်းထက်အကြီးအကဲများမှာလည်း ကြောက်လန့်နေသောကြောင့် မလှုပ်ရှားရဲခဲ့ပေ။ လူသားမျိုးနွယ်၌ အာကာသနတ်များစွာ ရှိနေသည့်အပြင် တစ်ယောက်ချင်းစီက သန်မာလှပြီး ထိပ်တန်းအဆင့်များလည်း ပေါများနေသောကြောင့်ပင်။

လူသားမျိုးနွယ်ဘက်တွင် မှော်သားရဲမျိုးနွယ်၊ သွေးမီးတောက်နတ်ဆိုးမျိုးနွယ်၊ ရေခဲကောင်းကင်မျိုးနွယ်၊ ရွှေနီလင်းနို့မျိုးနွယ် စသဖြင့် ပူးပေါင်းထားကြပြီး အာကာသနတ်များမှာ ကောင်းကင်မှ မိုးစက်ပမာ ပေါများလှ၏။ နတ်ပြည်ထောင်များသည် နဂါးငွေ့တန်းကြယ်အဖွဲ့အစည်းကို ထောက်လှမ်းချင်သော်လည်း မြူခိုးများ ဖုံးအုပ်နေကာ စစ်တပ်များ တရစပ် ထွက်ပေါ်လာနေသည်ကိုသာ သိခဲ့ရသည်။

ထာဝရနတ်ပြည်ထောင်၏ နယ်စပ်တွင် ချောမောငယ်ရွယ်သော ယောကျ်ားတစ်ယောက်က လေထဲတွင် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ဆံပင်ရှည်များက လေထဲတွင် မျောလွင့်နေပြီး နက်ရှိုင်းသော မျက်လုံးအစုံကို ပိုင်ဆိုင်ထား၏။ သူက ထိပ်တန်းအာကာသနတ်တစ်ယောက်ဖြစ်ကာ နန်းကုန်းဇီ၊ ယဲ့ရှင်းရွှမ် စသူတို့ထက် ပို၍သန်မာကာ နောက်လိုက်ခြောက်ယောက်သည် လေးစားစွာ ခစားနေကြ၏။ ထိုနောက်လိုက်များထဲတွင် အမှောင်မြို့၏ အုပ်ချုပ်သူ သေမင်းလည်း ရှိနေသည်။

"လူသားမျိုးနွယ် ဒီလိုအစွမ်းထက်လာတာကို မြင်ရတာနဲ့ အခု သေမယ်ဆိုရင်တောင် သေပျော်ပြီ။ ငါ့နောက်လိုက်တွေ ဒီတစ်ခေါက် သူတော်စင်ဘုရင်ကို လုံးဝသစ္စာမဖောက်ကြနဲ့။ ငါတို့က တစ်ခါ မှားယွင်းခဲ့မိတဲ့အတွက် ပေးဆပ်ရမယ်"

သူက ရေခဲခေါင်းတလားအတွင်းမှ ပြန်လည်ရှင်သန်လာသည့် မှော်ကောင်းကင်သခင်ဖြစ်ကာ ရင်ထဲတွင် သူရဲကောင်းစိတ်ဓာတ်များ ပြည့်နှက်နေ၏။ ကောင်းကင်သခင်များသည် လူသားမျိုးနွယ်၌ သူတော်စင်ဘုရင်ပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်သော်လည်း အတိတ်၌ ရှင်းဟွမ်မျိုးနွယ်၏ သွေးထိုးမှုကြောင့် အတွင်းကြိတ် ပြိုကွဲခဲ့ရသည်။ ကောင်းကင်သခင်သုံး​ယောက် သေဆုံးသွားကာ ကျန်သုံးယောက်မှာ ဒဏ်ရာ အပြင်းအထန်ရရ၍ ပျောက်ကွယ်ကုန်သည်။ လက်ရှိတွင် မှော်ကောင်းကင်သခင်၊ ရုန်းကောင်းကင်သခင်နှင့် ပညာရှိကောင်းကင်သခင်တို့သည် ယဲ့ချန်ကြောင့် ပြန်လည်ရှင်သန်လာကာ ထိပ်တန်းအာကာသနတ်အဆင့် ရောက်လာကြ၏။ အာကာသနတ်များစွာ ပိုင်ဆိုင်ထားသဖြင့် ကြီးထွားလာသော လူသားမျိုးနွယ်ကို တစ်နေ့ မြင်ရမည်ဟု သူတို့က ထင်မထားကြပေ။

"သူ​တော်စင်ဘုရင်က အစွမ်းထက်တယ်"

"သတ်ကြ"

လူသားများက ကြွေးကြော်အော်ဟစ်နေစဥ် မှော်ကောင်းကင်သခင်က အမိန့်ပေးလိုက်သောအခါ ကျင့်ကြံသူများသည် ကျိုင်းကောင်အုပ်ပမာ ထာဝရနတ်ပြည်ထောင်ထံ ချီတက်သွားကြ၏။ ကာကွယ်ရန် ကြိုးစားသော ခံတပ်များ ဖျက်ဆီးခံလိုက်ရပြီး ရန်သူစစ်တပ်များ တစ်ခုပြီးတစ်ခု ရှင်းလင်းခံလိုက်ရသည်။

နတ်ပြည်ထောင်အားလုံး တိုက်ခိုက်ခံနေရပြီး ခေါင်းဆောင်များက တန်ပြန်တိုက်ခိုက်ရန်အတွက် ခေါင်းပေါက်မတတ် စဥ်းစားနေရသည်။ လူသားမျိုးနွယ်၏ အင်အားကို သူတို့က မလှောင်ရဲတော့သည့်အပြင် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။ သူတို့အားလုံးက လူသားမျိုးနွယ်ကို စစ်ကြေညာလိုက်သော်လည်း တစ်ဖက်၏ ထိုးစစ်ကို ပိုမိုကြမ်းတမ်းလာစေရုံသာ ဖြစ်၏။ လူသားမျိုးနွယ်က သူတို့ကို လျစ်လျူရှုထားကာ နတ်ပြည်ထောင်များအတွင်း ထက်ရှသော ဓားများပမာ ထိုးဖောက်ဝင်ရောက်လျက်ရှိ၏။ နတ်ပြည်ထောင်များက အချင်းချင်း မဟာမိတ်ဖွဲ့လိုက်ကြသော်လည်း အာကာသနတ်များသည် လှုပ်ရှားရန် ကြောက်လန့်နေသောကြောင့် နတ်ပြည်အပြင်သို့ ထွက်မလာရဲပေ။

လူသားမျိုးနွယ်၏ အင်အားက ကြောက်စရာကောင်းလွန်းနေပြီး သတင်းများအရ လူသားမျိုးနွယ်၌ ထိပ်တန်းအာကာသနတ် ၃၀ ကျော်၊ မှော်သားရဲမျိုးနွယ်၌ ဆယ်ယောက်ကျော်နှင့် အခြားမျိုးနွယ်များ၌ အယောက်ခြောက်ဆယ်ကျော်ကြောင်း သိခဲ့ရသည်။ အာကာသနတ်များမှာမူ အရေအတွက် ထောင်ချီသည်အထိ များပြားနေသည့်အပြင် နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းအတွင်းသို့လည်း ထောက်လှမ်းမရချေ။ ထိုနေရာ၌ ပုန်းအောင်းကျင့်ကြံနေသော အာကာသနတ်အရေအတွက် မည်မျှရှိမည်ကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။

လက်ရှိတွင် လူသားမျိုးနွယ်ရော မှော်သားရဲမျိုးနွယ်ပါ အဆင့်ခုနစ်မျိုးနွယ် ဖြစ်လာကြပြီး အင်အားအမှတ်က ရှင်းဟွမ်မျိုးနွယ်ပင် လိုက်မီရန် ခက်ခဲနေသည်။ နတ်ပြည်အတွင်း၌ အာကာသနတ်များသည် အချင်းချင်းဆက်သွယ်၍ ဤကိစ္စကို အလေးအနက်ထား ဆွေးနွေးနေကြ၏။

"ဘာတွေဖြစ်နေတာလဲ။ လူသားမျိုးနွယ်က ဘာကြောင့် ဒီလောက်အစွမ်းလာရတာလဲ"

"အရင်က ဘာသတင်းမှ မရခဲ့ပါဘူး"

မျိုးနွယ်ခေါင်းဆောင်များသည် စိတ်အခြေအနေ ဆိုးရွားနေပြီး မည်သူဖြစ်ပါစေ၊ လူသားမျိုးနွယ်ကြောင့် ခေါင်းကိုက်နေကြ၏။ လူသားမျိုးနွယ်သည် နတ်ပြည်ထောင်များကို တိုက်ခိုက်ရုံသာမကဘဲ နတ်ပြည်အထိ ကျူးကျော်လာကာ စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ကြပေလိမ့်မည်။ ၎င်းသည် မည်သည့်မျိုးနွယ်ကိုမှ မကြောက်ဘဲ အားလုံးကို ပြိုင်တူစိန်ခေါ်ကာ တစ်ခုပြီးတစ်ခု အနိုင်ယူပြနေသည်။ ဤခြိမ်းခြောက်မှုအောက်တွင် ရှင်းဟွမ်၊ ရွှေဂျို၊ နတ်သတ်သမား၊ ကောင်းကင်နတ်ဆိုး၊ သွေးနတ်ဆိုး စသည့်မျိုးနွယ်များမှာ ပူးပေါင်းရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။ နတ်ပြည်၌ ဤမျှများပြားသော ခေါင်းဆောင်များ စုဝေးသည့် အဖြစ်မျိုး လုံးဝမရှိခဲ့ဖူးချေ။

"အသက်မီးတောက် ထွက်ပေါ်လာတော့မယ်။ ဒါကို ရယူနိုင်ရင် လူသားမျိုးနွယ်ကို အနိုင်ယူနိုင်လိမ့်မယ်။ လူသားမျိုးနွယ်ကလည်း အသက်မီးတောက်အတွက် သေချာပေါက် ရောက်လာလိမ့်မယ်"

ရှင်းဟွမ်ဘုရင်သည် နတ်တိုင်းပြည်အားလုံး စစ်မီး တဟုန်းဟုန်းတောက်နေသော အဖြစ်ကြောင့် ရတက်မအေးနိုင်ခဲ့ပေ။ သူ့၏အထက်တွင် ပြိုင်ဘက်ကင်း ဖြစ်တည်မှုတစ်ခုက စောင့်ကြည့်နေကြောင်း အာရုံခံမိသဖြင့် ပုရွက်ဆိတ်တစ်ကောင်ပမာ ဖိအားကြောင့် မွန်းကြပ်နေရ၏။

"သူတော်စင်ဘုရင်လား။ ဒီကောင်က ပျောက်ကွယ်နေတဲ့အချိန်မှာ ဒီလောက် အစွမ်းထက်လာနိုင်လို့လား။ မဖြစ်နိုင်ဘူး။ ဘယ်သူမှ ဘိုးဘေးနတ်အဆင့်ကို ကျင့်ကြံရုံနဲ့ မရောက်နိုင်ဘူး။ အသက်မီးတောက်ကသာ တစ်ခုတည်းသော နည်းလမ်းပဲ။ ဘိုးဘေးနတ်၁၇ယောက်ကလည်း စကြဝဠာရဲ့ ကိစ္စတွေကို ဘယ်တော့မှ ဝင်စွက်ဖက်မယ် မထင်ဘူး"

သူ၏စိတ်က ရှုပ်ထွေးနေပြီး သူတော်စင်ဘုရင်သာ အမှန်တကယ် အသက်ရှင်နေဆဲဆိုလျှင် ဤတိုက်ပွဲမှာ မစခင် ရှုံးနိမ့်ပြီး ဖြစ်ပေလိမ့်မည်။ ရှင်းဟွမ်မျိုးနွယ်နှင့် အခြားမျိုးနွယ်များသည် အသက်မီးတောက်ထံ မျှော်လင့်ချက်အားလုံး ပုံအပ်ထားသောကြောင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြရသည်။ သူတို့က အသက်မီးတောက်ကိုရလျှင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီး မျိုးနွယ်တိုင်း၌ ကိုယ်ပိုင်အကြံအစည်များ ရှိနေ၏။ လူသားမျိုးနွယ်၏ ဖိအားအောက်တွင် သူတို့က ထိလွယ်ရှလွယ်သော မဟာမိတ်တစ်ခုကို ယာယီဖွဲ့စည်းထားခဲ့သည်။

လအနည်းငယ်အကြာတွင် တစ်လောကလုံး တုန်ခါသွားကာ နိယာမ၁၇ခုသည် တပြိုင်နက် ထွက်ပေါ်လာ၍ ရောင်စုံခြယ်အလင်းများ နတ်ပြည်နှင့် စကြဝဠာတစ်ခွင် ဖုံးလွှမ်းနေသည်။ မူလချီများ လှိုင်းထန်နေသဖြင့် သက်ရှိတိုင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကာ နောက်ဆုံးတွင် အသက်မီးတောက် ထွက်ပေါ်လာပေတော့မည်။ အာကာသနတ်များက တိုက်ခိုက်လိုစိတ် ပြင်းထန်စွာဖြင့် မော့ကြည့်လိုက်မိပြီး နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။ အသက်မီးတောက်ကို ရယူနိုင်လျှင် မည်သူမဆို အသက်နတ်ဘုရားအသစ် ဖြစ်လာပေလိမ့်မည်။

All Chapters