ရက်စက်သော လျူကျောင်း
Vol. 010 Ch. 986
လျူကျောင်း၏ အသံပျောက်ကွယ် သွားသည်နှင့် ရှေးဟောင်း သစ်ပင်ကို ဗဟိုပြုလျက် မရေမတွက်နိုင်သော သစ်ရွက်များသည် ကောင်းကင်နှင့် မြေပြင်အကြား၌ ပျံသန်းကြကာ လေဟာနယ်အား ဖုံးလွှမ်းလျက်၊ ကောင်းကင်အား ဖုံးအုပ်လျက် နတ်နဂါးဝင်္ကပါ တည်ရာသို့ စုစည်း လာကြသည်။
လေခွင်းသံများ အဆက်မပြတ် ကြားလာရကာ သစ်ရွက်တိုင်းက အလွန် ပြင်းထန်သော ဓားအသိများအဖြစ် ပြောင်းလဲကြသည်။ ဓားအသိ တစ်ခုစီက အရာခပ်သိမ်းကို ဖြတ်တောက် နိုင်စွမ်း၏။
လျူကျောင်းကား ထိုနေရာတွင်ပင် ခံစားချက် ကင်းမဲ့စွာ ရပ်နေသည်။ သူ့ထံမှ ရုန့်ရင်း ကြမ်းတမ်းသော စိတ်ဝိညာဉ် အားလှိုင်းများ ဖြာထွက်လာခဲ့ပြီး တစ်လောကလုံး မရေမတွက်နိုင်သော လျူကျောင်း၏ ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။
ဗုဒ္ဓ ဟောကြားတော် မူသည်မှာ သစ်တစ်ရွက်၊ ပွင့်တစ်ချပ်စီက သစ်ပင်တစ်ပင် သို့မဟုတ် တစ်ကမ္ဘာ ဖြစ်သည်။ သူက ထိုသစ်ရွက်များအား သတ်ဖြတ်ခြင်း၏ စေတမန်များ အဖြစ် ပြောင်းလဲခဲ့ရာ နတ်နဂါး ကစားကွက်သည် ပြိုင်ဘက်ကင်း ခုခံတားဆီးခြင်း စွမ်းအားကို ပိုင်ဆိုင်လျှင်ပင် ပျက်စီးရမည် ဖြစ်သည်။ ရန်ရှောင်က တစ်ဖက်လူ၏ ပြင်းထန်သော တိုက်ခိုက်မှုအား ခံစားမိသည်။ တစ်လောကလုံးသည် လျူကျောင်း၏ စိတ်ဝိညာဉ်နှင့် ဆက်နွှယ်သွားဟန် ရသည်။ လျူကျောင်း ကိုယ်တိုင်က ဤနေရာ၏ အရှင်သခင် ဖြစ်လာဟန် ရသည်။
တစ်ချိန် တစ်ခါက ရန်ရှောင်သည် လျူကျောင်းအား အလွန် အထင်ကြီး ခဲ့ပေသည်။ သူကား နတ်နဂါး ကစားကွက်ကို ချေဖျက်နိုင်သူ ဖြစ်ကာ ဉာဏ်ပညာ ကြီးမားသူ ဖြစ်သည်။ သို့သော်လည်း အတွင်း စိတ်ရိုင်းအား မြတ်စွာဘုရားပင် ထွင်းဖောက် မြင်နိုင်စွမ်း မရှိပေ။ သူ၏ ဆုံးဖြတ်ချက် တစ်ခုက အရာအားလုံးကို ပြောင်းလဲခဲ့သည်။ သို့သော် နောင်တတရား ဟူသည် နောက်ကျမှ ရောက်လာ တတ်၏။ ယခု သူလုပ်နိုင်သည်ကား လျူကျောင်းကို သတ်ဖြတ်ကာ လက်စားချေရန် ဖြစ်သည်။
ရန်ရှောင်က နတ်နဂါးဝင်္ကပါအား ဗဟိုပြုလျက် ရှေ့သို့ တက်လာကာ လက်သည်းများဖြင့် ရန်သူကို ဖြတ်တောက်ရန် ကြိုးစားသည်။
သူ့ရှေ့မှ မြင်ကွင်းအား ကြည့်ကာ ရန်ရှောင် ဘာကြံစည် နေသည်ကို လျူကျောင်း နားလည်သည်။ ရန်ရှောင်ကား သူ့အား တိုက်ခိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် ရန်ရှောင်သည် အဆင့်မီပါသလော။
မရေမတွက်နိုင်သော သစ်ရွက်များသည် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းများ အဖြစ် ပြောင်းလဲကာ နဂါးကြီးထံသို့ လာရောက် တိုက်ခိုက်ကြသည်။ နတ်နဂါးကြီးက ဒေါသတကြီး အော်ဟစ်ကာ လျူကျောင်းအား သတ်ဖြတ်လိုသော သဘောဖြင့် ရှေ့သို့ တက်လာသည်။
လျူကျောင်းက ရန်ရှောင်ရှိရာ အရပ်သို့ ရုတ်တရက် လက်ဆန့်တန်း လိုက်သည်။ ချက်ချင်းပင် သစ်ရွက်မုန်တိုင်းက အထက်ရှဆုံးသော ဓားများအလား နဂါးကြီး ခန္ဓာကိုယ်အား တစ်စတစ်စ တိုက်စား ဖြတ်တောက် ကြသည်။ နတ်နဂါး ဝင်္ကပါထဲမှ လူအများအပြားသည် ဒဏ်ရာ အများအပြား ရကြကာ အချို့မှာ ပါးစပ်မှ သွေးများ စီးကျလာကြသည်။ သို့သော်လည်း နတ်နဂါးဝင်္ကပါထဲမှ လူများက သူတို့၏အသက်ကို ပဓာနမထားဘဲ လျူကျောင်းထံသို့ ဆက်လက် တိုးဝင် သွားကြသည်။
ရန်ရှောင်၏ မျက်လုံးများမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ် လာသည်။ သူက စိတ်စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ မုန်တိုင်းက ဖျက်ဆီးခြင်းဖြင့် လောကကြီးကို ဖုံးအုပ်ကာ အတွင်းမှ အရာခပ်သိမ်းအား ရှင်းလင်းသည်။ သူ၏ လောကဓာတ် အဆင့်ဖြင့် သူ့မဟာရန်သူတော်ကို မသတ်ဖြတ်နိုင်ဟု မယုံကြည်ပေ။
နတ်နဂါး၏ ခန္ဓာမှာ တဖြည်းဖြည်း ပြိုပျက်လာခဲ့ပြီး သစ်ရွက်များသည် လေဟာနယ်ကို ထိုးခွင်းလျက် ရန်ရှောင်အား လာရောက် ဖြတ်တောက် ကြသည်။ ထိုအခိုက်တွင် နီရဲသော သွေးများ လေထဲ ပျံ့လွင့်လာခဲ့၏။ လျူကျောင်း၏ မျက်နှာ၌ လှောင်ပြောင် သရော်သော အပြုံးတစ်ခု ပေါ်လာသည်။ တိုက်ပွဲကား ပြီးဆုံးပြီ ဖြစ်သည်။ စစ်တုရင်ကျေးရွာမှ လူများအားလုံး သေဆုံးပြီ ဖြစ်သည်။
ရန်ရှောင်ထံသို့ ပျံသန်းသွားနေသော သစ်ရွက်များအား ကြည့်ကာ သူ၏အပြုံးမှာ တစ်နည်းအားဖြင့် မကောင်းဆိုးဝါး ဆန်လာခဲ့သည်။ ထိုနေရာ၌ ရုတ်တရက် လျှပ်စီး အက်ကွဲသံများ ပေါက်ကွဲသံများ ဖြစ်ပေါ်လာကာ ရန်ရှောင်၏ အနီးမှ အရာအားလုံးမှာ ပျက်စီး သွားသည်။ နတ်နဂါး ဝင်္ကပါပျက်စီး သွားလျှင် ရန်ရှောင်က သူ့အရှေ့မှ အရာခပ်သိမ်းကို ဖျက်ဆီးနိုင်သော စစ်နတ်ဘုရား လျှပ်စီးဝင်္ကပါကို ဖွဲ့စည်းခဲ့သည်။
ရန်ရှောင်၏ လက်ထဲ၌ တော်ဝင် ရတနာတစ်ခု ပေါ်လာသည်။ ထိုအရာကား ကျိရှန်းကမ်းပါး သူရဲကောင်း ကိုးဖော်၏ ခေါင်းဆောင် ဖြစ်သော ကီဖုန်း အသုံးပြုသော တော်ဝင်ရတနာ ငွေရောင်လှံရှည် ဖြစ်သည်။
“သတ်...” တော်ဝင်ရတနာက အရာခပ်သိမ်းကို လျစ်လျူရှုလျက် လျူကျောင်းထံသို့ တိုးဝင်လာသည်။ ထိုအကြောင်းပြချက် ကြောင့်ပင် ရန်ရှောင်သည် အားနည်းချင်ယောင် ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဟန်ဆောင်ခြင်း ပီပြင်စေရန် သူ့ခန္ဓာကိုယ်၌ ဒဏ်ရာများပင် ဖြစ်ပေါ် စေခဲ့သည်။
“ဖွဲ့စည်းခြင်း...” လျူကျောင်းက လက်ဝှေ့ယမ်း လိုက်လျှင် အဆုံးမဲ့သော သစ်ရွက်များသည် သူ့ရှေ့၌ စုစည်းလာကြကာ ခုခံခြင်း အရံအတားများ ဖြစ်လာပြီး ရန်ရှောင်ကို တားဆီးသည်။ သို့သော်လည်း ထိုမျှ ကြွပ်ဆတ်သော ခုခံခြင်းက လျှပ်စီး စွမ်းအားကို မည်သို့ တားဆီး နိုင်မည်နည်း။
ထိတ်လန့်ဖွယ် လျှပ်စီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ခံစစ် အရံအတားသည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားသည်။ ထိုအခိုက်တွင် သူ၏ မျက်လုံးများက ရှေ့သို့ ရူးသွပ်စွာ ကြည့်သည်။ အလွန် ပြင်းထန်သော လျှပ်စီး ဖျက်ဆီးခြင်း၏ အောက်၌ လျူကျောင်းကား အချိန်မရွေး ပျက်စီး သွားနိုင်သည့် အခြေအနေ ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်တွင် ရန်ရှောင်သည် ပုံရိပ်ယောင် တစ်ခုအား ခံစားမိသည်။ လျူကျောင်း၏ မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ သူ၏သွင်ပြင်မှာ လျူကျောင်း ဖြစ်နေပြီး မြန်ဆန်စွာပင် နောက်ထပ် ရုပ်သွင် တစ်ခုသို့ ပြောင်းလဲ၏။
“ဘာလို့ ကျုပ် ဖြစ်နေရတာလဲ...” အော်ဟစ်သံ တစ်ခုနှင့်အတူ လျှပ်စီး အလင်းတန်းကြောင့် ခန္ဓာကိုယ်မှာ ပေါက်ကွဲ ပျက်စီးသွားသည်။ ရန်ရှောင်၏ မျက်နှာက မယုံကြည်နိုင်သော အမူအရာ ဖြစ်လာကာ ဘေးနားတွင် ရှိသော လူတစ်ယောက်အား ကြည့်သည်။ ထိုနေရာတွင် ရပ်နေသောသူမှာ လျူကျောင်း ဖြစ်သည်။ ရန်ရှောင်သာ မဟုတ်၊ ဝင်္ကပါအတွင်း၌ ရှိသော တခြားလူများ သည်လည်း လျူကျောင်းအား နားမလည်စွာ ကြည့်ကြသည်။ သူတို့အားလုံးက အရိုးထဲအထိ စိမ့်ဝင်လာသော အေးစက်ခြင်းအား ခံစားကြရ၏။
“သူက ဘာလို့ မသေရတာလဲ...” ရန်ရှောင်၏ မျက်လုံးများက လျူကျောင်းအား စိုက်ကြည့် နေသည်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ တော်ဝင်ရတနာက လျူကျောင်း၏ ခန္ဓာကိုယ်အား သေချာပေါက် ထွင်းဖောက် ဝင်ရောက် သွားခဲ့သည်။ သို့သော် သေဆုံးသူမှာ အဘယ်ကြောင့် နောက်တစ်ယောက် ဖြစ်နေရသနည်း။
လက်ရှိ ဘာဖြစ်နေသည်ကို မည်သူကမှ နားမလည်။ သို့သော် ထိုအခိုက်တွင် သူတို့အားလုံး သေလူများကဲ့သို့ အေးစက်သော ခံစားချက်များအား ရသည်။ သူတို့မှာ ရှီဟွာတောင်၏ ထိပ်သီး တန်ခိုးရှင်များ ဖြစ်ကြသော်လည်း လျူကျောင်း၏ နေရာတွင် အစားထိုး သေကြရသည်။
“လျူကျောင်း … ဘာဖြစ်နေတာလဲ” တန်ခိုးရှင် တစ်ယောက်က အေးစက်စွာ မေးသည်။ လျူကျောင်းက ဤသို့သော အခြေအနေမျိုးအား တစ်ခါမှ မပြောဖူးပေ။
ရှီဟွာတောင်တွင် လျူကျောင်း၏ အဆင့်အတန်းသည် အလွန် မြင့်မားပေသည်။ သူ့အား ရှန့်ထိုသုံးပါးက ကိုယ်တိုင် သင်ကြားပေးရကာ အနာဂတ် ရှီဟွာတောင်၏ ဆက်ခံသူအဖြစ် သတ်မှတ် ခံထားရ၏။ သူတို့အားလုံးက လျူကျောင်းအား ကူညီရန် လိုလားကြ သော်လည်း သူ့အတွက် အသက် အသေခံရန်မူကား မည်သူမှ မလိုလားပေ။
ရီဖူရှင်းသည် တော်ဝင်ကျဲ နန်းတော်၌ ယနေ့ အဆင့်အတန်းအား သူ၏ သွေးချွေးများဖြင့် တည်ဆောက်ခဲ့ကာ ခေါင်းဆောင်းကောင်း ပီသသူဖြစ်သည်။ လျူကျောင်းကား တခြားလူများ၏ အောင်မြင်မှုကို အညွန့်ခူးစားသူသာ ဖြစ်ရာ ထိပ်သီး တန်ခိုးရှင်များ အနေဖြင့် သူ့အတွက် မည်သို့ အသေခံလိုမည်နည်း။
“ကျုပ်ကို အပြစ် မတင်ကြပါနဲ့... စီနီယာအစ်ကိုတို့။ ဒါက သတ်ဖြတ်ခြင်း အတွက် ဆရာကိုယ်တိုင် စီမံပေးထားတဲ့ ဝင်္ကပါပဲ။ ကျုပ် အသက်ရှင်နေသရွေ့ ဝင်္ကပါက အမြဲတမ်း အသက်ဝင်နေပြီး ပြိုင်ဘက်ကင်း နေလိမ့်မယ်။ ဒါကြောင့် ကျုပ်ကို ခွင့်လွှတ်ကြပါ” လျူကျောင်းက ပြောသည်။
ဝင်္ကပါ အတွင်းမှ လူများ၏ အမူအရာများ ပြောင်းလဲကြသည်။ လျူကျောင်း၏ ဆိုလိုရင်းမှာ နားလည်ရန် လွယ်ကူပေသည်။ သူ၏ ဝင်္ကပါထဲ၌ လျူကျောင်းမှလွဲ၍ တခြားလူများသည် စတေးခံများ ဖြစ်ကြသည်။
ထို့နောက် မရဏတောင်၌ စစ်တုရင်ရှန့်ထို လွတ်မြောက်ရန် လျူကျောင်းက စစ်တုရင်ရှန့်ထို၏ တပည့်များအား မည်သို့ စတေးခဲ့သည်ကို သူတို့ အမှတ်ရ လာကြသည်။ ယနေ့တွင် လျူကျောင်းက တစ်ဖန် ထိုသို့ ကြံစည်ပြန်သည်။
“စဉ်းစားဖို့ မလိုတော့ဘူး ... စီနီယာအစ်ကိုတို့။ ဒီဝင်္ကပါက သစ်ပင်လိုပဲ။ ခင်ဗျားတို့ အားလုံးက ကျုပ်ကို အာဟာရတွေပေးတဲ့ အမြစ်တွေလိုပဲ။ ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို ကျုပ်က စားသုံးနိုင်တယ်။ အသက်တွေကိုလည်း လဲလှယ်နိုင်တယ်” လျူကျောင်းက ဆက်ပြောသည်... “ဒီတိုက်ပွဲက ရှီဟွာတောင် အတွက် အရမ်း အရေးကြီးတယ်။ ရှီဟွာတောင်က ခင်ဗျားတို့ ပေးဆပ်ခဲ့တာတွေကို မမေ့ပါဘူး”
ရန်ရှောင်က ထိုမြင်ကွင်းအား ကြည့်ကာ ချက်ချင်း မတုံ့ပြန်သေးပေ။ သူက လျူကျောင်းနှင့် ရှီဟွာတောင်မှ တန်ခိုးရှင်များအား ကြည့်သည်။ မည်မျှ အဓိပွာယ် ကင်းမဲ့လိုက် သနည်း။ ကြည့်ရသည်မှာ မရဏတောင်၌ အဖြစ်အပျက်များသည် တစ်ဖန် ပြန်ဖြစ်လာခဲ့ဟန် ရသည်။ လျူကျောင်းက သူ ထင်ထားသည်ထက် ရက်စက် ကြမ်းကြုတ် ပေသည်။
ရှီဟွာတောင်မှ တန်ခိုးရှင် တစ်ယောက်က ဝင်္ကပါမှ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော် သူ၏ စွမ်းအားများမှာ ထိန်းချုပ် ခံထားရသလို စိတ်စွမ်းအားများ သည်လည်း တခြားလူ၏ ချုပ်ကိုင်မှုအောက်၌ ရှိသည်။ ဤဝင်္ကပါအား စတင်ဖွဲ့စည်းစဉ်က သူတို့သည် လျူကျောင်းအား သံသယ မဝင်ခဲ့ကြရာ ဝင်္ကပါနှင့် စိတ်ပါလက်ပါ ပူးပေါင်းခဲ့ကြသည်။ ယခု သူတို့သည် ဝင်္ကပါမှ မိမိတို့၏ သဘောဖြင့် လွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။
“တော်တော် ကောင်းတဲ့ ဂိုဏ်းတူ ညီငယ်လေးပဲ...” တစ်ယောက်က အေးစက်စွာပြောသည်။
“စီနီယာအစ်ကို… ဒီတိုက်ပွဲက ရှီဟွာတောင် အတွက် အရမ်း အရေးပါတယ်။ ဒီဝင်္ကပါက ဆရာရဲ့ ညွှန်ကြားချက် အတိုင်း စီမံထားတာပဲ။ ကျုပ်ဆန္ဒအတိုင်း ပူးပေါင်းမှုမရှိရင် ခင်ဗျားတို့က ရှီဟွာတောင်ကို သစ္စာဖောက်တာပဲ။ ကျုပ်က သစ္စာဖောက်တွေကို အပြစ်ပေးတဲ့အခါ ခင်ဗျားတို့က အပြစ်မဆိုပါနဲ့” လျူကျောင်းက ရုန်းရင်း ကြမ်းတမ်းစွာ ပြောကာ လက်ဝှေ့ယမ်း လိုက်လျှင် ခုနက စကားပြောသော သူသည် ရုတ်တရက် အားနည်းသွားပြီး မျက်နှာက ပြာနှမ်းသွား၏။
“သေချာတာပေါ့... ကျုပ်တို့က ဂိုဏ်းတူညီလေး ပြောစကားကို နားထောင်ရမှာပေါ့” ထိုတန်ခိုးရှင်က အားနည်းစွာ ပြောသည်။ သို့သော်လည်း သူ၏ မျက်လုံးများက အမုန်းတရားများဖြင့် ပြည့်နေသည်။ တန်ခိုးရှင် တစ်ယောက် အတွက် ယနေ့ အဆင့်အထိ ရောက်ရန် မလွယ်ကူပေ။ သို့သော် ရှီဟွာတောင် ရှန့်ထို၏ အမြင်တွင် သူတို့ကား စတေးခံများသာ ဖြစ်သည်။ ရှီဟွာတောင် ရှန့်ထိုကား အလွန်ရက်စက် ကြမ်းကြုတ်၏။
“ဒီလိုဆိုရင်လည်း အရင်ဆုံး ရန်ရှောင်ကို အရင်သတ်... ပြီးရင် ရီဖူရှင်းကို သတ်မယ်” လျူကျောင်းက ပြောသည်။ ထို့နောက် တစ်ဖန် သူက ရန်ရှောင်အား အေးစက်စွာ ကြည့်သည်။
သစ်ရွက် သစ်ကိုင်း လှုပ်ခတ်သံများနှင့်အတူ ရှေးဟောင်း သစ်ပင်၏ နွယ်ပင်များသည် ကောင်းကင် တစ်ခွင်အား ဖုံးလွှမ်းလာခဲ့ကာ ရန်ရှောင်နှင့် တခြားလူများအား ရစ်ပတ်သည်။
“ခင်ဗျား သေလို့ရပြီ...” လျူကျောင်းက ပြောသည်။ အဆုံးအစမဲ့သော သစ်ကိုင်းများ ရန်ရှောင်ထံသို့ တိုးဝင်လာကြ၏။ သွေးအလိမ်းလိမ်း ကပ်နေသော ရန်ရှောင်က အေးစက်စွာ ပြန်ကြည့်သည်။ လက်ရှိအချိန်တွင် လျူကျောင်းအား သတ်ဖြတ်ရန်မှာ မဖြစ်နိုင်တော့ သလောက် အခွင့်အရေး နည်းပါး သွားပေသည်။
လက်စားချေရန် အခွင့်အရေး မရှိတော့ပြီလား။ သူက အမုန်းတရားများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လျူကျောင်းကို ကြည့်ကာ တော်ဝင် ရတနာအား တင်းတင်း ဆုပ်ကိုင်သည်။ သူက သေရမည် ဆိုလျှင်ပင် လျူကျောင်းအား သတ်ဖြတ်ရန် နောက်ဆုံး ထွက်သက်အထိ ကြိုးစားပေမည်။
“သတ်...” ကျယ်လောင်သော အသံနှင့်အတူ ရန်ရှောင်က ရှေ့သို့ ပြေးသွားခဲ့လျှင် သစ်ကိုင်းများကလည်း သူ့ထံသို့ တိုးဝင်လာကြသည်။
“ဒီမှာ...” သူ့နောက်မှ အသံတစ်သံအား ကြားရကာ ကောင်းကင်မှသည် ရိုက်ခတ်လာသော ကြီးမား ပြင်းထန်သော ဓားအသိအား ခံစားရသည်။ ရန်ရှောင်၏ နောက်တွင် မြစ်တစ်စင်းအလား ဓားများ ပြေးဝင်လာသည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် ပြင်းထန်သော အားလှိုင်းတစ်ခု ဆင်းသက်လာပြီး သစ်ကိုင်းများ၏ လှုပ်ရှားမှုများကိုပင် နှေးကွေး စေနိုင်စွမ်းသော လေဟာနယ် ထိန်းချုပ်ခြင်း စိတ်စွမ်းအား တစ်ခု ဖြစ်ပေသည်။
***