အသက်နတ်ဘုရားအသစ်
Vol. 72 Ch. 1012
အာကာသနတ်များအားလုံးသည် အလင်းရောင်ထံ ခုန်ဝင်သွားကြပြီး မျိုးနွယ်ပေါင်းစုံမှ ထောင်ချီသော ပုံရိပ်များ ပါဝင်သည်။ ထို့နောက် ပိုမိုအစွမ်းထက်သော အရှိန်အဝါများနှင့်အတူ ကြွေးကျော်သံများ တခဲနက် ထွက်ပေါ်လာကာ အသက်မီးတောက်၏ လောကထံ ချီတက်လာကြသူများ ထွက်ပေါ်လာ၏။
"အသက်မီးတောက်ကို လူသားမျိုးနွယ်ရဲ့ သူတော်စင်ဘုရင် ပိုင်တယ်"
"လူသားမျိုးနွယ်အတွက် တိုက်ခိုက်ကြ"
မူလတွင် အရေအတွက် နည်းပါးသော်လည်း ဖြည်းဖြည်းချင်း များပြားလာကာ သောင်းချီသော လူသားမျိုးနွယ်၏ ကျင့်ကြံသူများ ရောက်ရှိလာကြ၏။ ကောင်းကင်သခင်သုံးယောက်၊ သေမင်း၊ ကျိုးလီ၊ ယဲ့ဂျန်၊ ယဲ့ရှင်းရွှမ်၊ နန်းကုန်းဇီ၊ လင်လုံ၊ မျက်ကန်းကြီးစသော အာကာသနတ်များအပြင် မှော်သားရဲမျိုးနွယ်၏ အာကာသနတ်များ၊ ကျိယွမ်၊ ရှောင်ချီ၊ ရှောင်ရိ၊ ရောင်ယွမ်၊ ကျူးကုန်းကုန်းတို့လည်း ပါဝင်နေသည်။ ရွှေနီလင်းနို့မျိုးနွယ်၊ သွေးမီးတောက် နတ်ဆိုးမျိုးနွယ်နှင့် ဆန်းကျယ်သော နတ်ဆေးပင်မျိုးနွယ်ပင် ယဲ့ချန်၏ သစ္စာခံများ ဖြစ်လာကြ၏။ ဤအစုအဖွဲ့က သန်မာလွန်းသောကြောင့် စကြဝဠာ၏သမိုင်းတွင် အစွမ်းအထက်ဆုံး အာကာသနတ်အဖွဲ့ကြီး ဖြစ်သည်။
ဟင်းလင်းပြင် လောကငယ်အတွင်း ကောင်းကင်၌ အသက်မီးတောက်ကို အကာအကွယ်အလွှာများ ဖုံးကာထားပြီး အသက်နိယာမ ပြန့်ထွက်လာသည်။
"အသက်မီးတောက်ကို မြန်မြန်ယူကြ"
ရှင်းဟွမ်ဘုရင်သည် ခြေတစ်လှမ်းနောက်ကျလျှင် အသက်မီးတောက်ကို မရနိုင်ဟု ခံစားမိသောကြောင့် ပြောပြောဆိုဆို ပြေးထွက်သွားခဲ့သည်။ အာကာသနတ်များက အကာအကွယ်အစီအရင်ကို တိုက်ခိုက်လိုက်သောကြောင့် တဘန်းဘန်းမြည်သံများ ထွက်ပေါ်လာသော်လည်း အနည်းငယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့၏။ ထို့အပြင် အသက်နိယာမ၏ စွမ်းအားကြောင့် သူတို့မှာ တားဆီးခံလိုက်ရပြီး ရှင်းဟွမ်ဘုရင်က သွေးပုဆိန်ဖြင့် အစွမ်းကုန် ထိုးဖောက်နေသည်။ သို့သော်လည်း အသက်နိယာမက အစွမ်းထက်လွန်းသောကြောင့် ကောင်းကင်နတ်လက်နက်ပင် အလွယ်တကူ မထိုးဖောက်နိုင်ချေ။
အာကာသနတ်အားလုံးသည် မျိုးနွယ်ပေါင်းစုံမှ ရောက်လာကြပြီး နယ်ခြားနတ်ဆိုးများ ပါဝင်နေသော်လည်း အချင်းချင်း မတိုက်ခိုက်ဘဲ ကာကွယ်ရေးအစီအရင်ကိုသာ ပူးပေါင်းချိုးဖျက်နေကြ၏။ ထိုအချိန်၌ ပုံရိပ်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာကာ လူသားမျိုးနွယ်၏ မျိုးဆက်ဟောင်းများ ဖြစ်သောကြောင့် အသက်မီးတောက်အတွက် တိုက်ပွဲဝင်ရန် စောင့်ဆိုင်းမနေဘဲ တရကြမ်း ပြေးဝင်လာခဲ့ကြသည်။
"လူသားမျိုးနွယ်နဲ့ အခြားမျိုးနွယ်တွေ ရောက်လာပြီ။ သူတို့ကို တားကြစမ်း၊ အသက်မီးတောက်အနားကိုတောင် အကပ်မခံကြနဲ့"
အာကာသနတ်ငါးရာကျော်က အရေအတွက်အားကိုးဖြင့် ဖိနှိပ်နိုင်မည်ဟု ထင်ထားကာ တားမြစ်လိုက်သော်လည်း တစ်ဖက်မှ အာကာသနတ်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။ အရေအတွက်သောင်းချီသည့် အာကာသနတ်များ ချီတက်လာသော မြင်ကွင်းကြောင့် သူတို့က ကြောက်လွန်းသဖြင့် ခြေဦးတည့်ရာ ထွက်ပြေးကုန်သည်။ လူသားမျိုးနွယ်ဝင် အာကာသနတ်အရေအတွက်သည် သူတို့မဟာမိတ်ထက်ပင် များနေသောကြောင့် မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း စဥ်းစားမရပေ။
"ဘန်း"
ရန်သူများမှာ လူသားမျိုးနွယ်နှင့် နောက်လိုက်များ၏ ရက်စက်စွာ ရိုက်နှက်ခံလိုက်ရပြီး ကိုယ့်ရုပ်ကိုယ်ပင် မမှတ်မိနိုင်လောက်ချေ။
"အရှင်က သူတို့ကို မသတ်စေချင်ဘူး။ အရှင်ဖမ်းကြ"
မှော်ကောင်းကင်သခင်က အာကာသနတ်တိုင်းကို အသံချင်း ဆက်သွယ်လိုက်ပြီး အရေအတွက် များလွန်းသောကြောင့် ရမ်းကားနေသည့် လူမိုက်များပမာ ထင်မှတ်ရသည်။ လူသားမျိုးနွယ်ဘက်မှ အာကာသနတ်ဆယ်ယောက်လျှင် ရန်သူတစ်ယောက်နှုန်းဖြင့် ရိုက်နှက်နေကြပြီး နတ်ချီဖြင့် မလှုပ်နိုင်အောင် ချုပ်ကိုင်ထားလိုက်ကြ၏။ ထို့နောက် ရက်စက်စွာ ရိုက်နှက်လိုက်ကြပြီး ကျင့်ကြံဆင့်ကို လျှို့ဝှက်ကျင့်စဥ်ဖြင့် ချိတ်ပိတ်လိုက်ကြသဖြင့် မသေသော်လည်း အခြေအနေ ဆိုးနေကြသည်။ ရန်သူများမှာ အာကာသနတ် ဖြစ်လာချိန်မှစတင်ပြီး ယနေ့အဖြစ်ကဲ့သို့ ဆိုးဆိုးရွားရွား မရှုံးနိမ့်ဖူးပေ။
ရှင်းဟွမ်၊ ရွှေဂျို၊ နတ်သတ်သမားစသော မျိုးနွယ်များက အပြင်းအထန် ဖိနှိပ်ခံနေရစဥ် ရှင်းဟွမ်ဘုရင်၊ ရွှေဂျိုဧကရာဇ်နှင့် သိုင်းဘုရင်တို့မှာ အသက်မီးတောက်၏ အကာအကွယ်အလွှာကို မထိုးဖောက်နိုင်ခဲ့ပေ။ သူတို့က ယာယီလက်လျှော့၍ တိုက်ပွဲဝင်ရန် လှည့်ကြည့်လိုက်သောအခါ မြင်နေရသော မြင်ကွင်းကြောင့် မျက်နှာပျက်သွားကြ၏။ သူတို့၏နောက်လိုက် အာကာသနတ်များမှာ ရက်ရက်စက်စက် ဖိနှိပ်ခံနေရပြီး လူသားမျိုးနွယ်ဘက်ရှိ အာကာသနတ်များစွာကို မယှဥ်နိုင်ပေ။
"ရှင်းဟွမ်ဘုရင် မင်း ငါ့ကို မှတ်မိသေးလား"
မှော်ကောင်းကင်ဘုရင်က ရှင်းဟွမ်ဘုရင်ကို ဓားဖြင့် ချိန်ရွယ်လိုက်၏။
"မင်းကများ ငါ့ကို စိန်ခေါ်ရဲလား"
အတိတ်တွင် ရှင်းဟွမ်ဘုရင်နှင့် သူတော်စင်ဘုရင်၏ တိုက်ပွဲဖြစ်ခဲ့သော အချိန်၌ တစ်ဖက်လူက အာကာသနတ်ထိပ်ဆုံးအဆင့် မရောက်သေးသဖြင့် ရှင်းဟွမ်ဘုရင်မှာ အလေးအနက်မထားပေ။
"မင်းမှာ ကောင်းကင်သိုင်းချပ်ဝတ်နဲ့ သွေးပုဆိန် ရှိတယ်။ ငါ တစ်ယောက်တည်း စိန်ခေါ်ဖို့ မဖြစ်နိုင်ပေမယ့် လူသားမျိုးနွယ်မှာ အာကာသနတ်များစွာရှိတယ်။ သူတော်စင်ဘုရင်က မင်းကို ဖမ်းဖို့ အမိန့်ပေးထားတယ်"
မှော်ကောင်းကင်သခင်၏ အကြည့်က ဓားတစ်စင်းပမာ ထက်ရှနေသည်။
"သူတော်စင်ဘုရင် ဟုတ်လား။ မင်းတို့အားလုံးကို သတ်ပြီးရင် သူ့ကိုပါ ငရဲပို့ပေးလိုက်မယ်"
ရှင်းဟွမ်ဘုရင်က ဒေါသတကြီးဖြင့် သွေးပုဆိန်ကို တစ်ဘက်လူထံ လွှဲယမ်းလိုက်သဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာသည်။ ဧကရာဇ်၊ သိုင်းဘုရင်နှင့် ကောင်းကင်နတ်ဆိုး ခေါင်းဆောင်သုံးယောက်ကို သေမင်း၊ ကျိုးလီ၊ မျက်ကန်းကြီးနှင့် ကျန်ကောင်းကင်သခင်နှစ်ယောက်က ရင်ဆိုင်လိုက်ကြ၏။
"ဘုန်း"
ရှင်းဟွမ်ဘုရင်၏ ပုဆိန်တိုက်ကွက်အောက်တွင် မှော်ကောင်းကင်သခင်က လွင့်ထွက်သွားသောကြောင့် သူက လှောင်ရယ်လိုက်၏။ တစ်ဖက်လူမှာ သူ၏ ပုဆိန်ချက်ကြောင့် ချက်ချင်း အသတ်ခံလိုက်ရမည်ဟု ထင်ထားခဲ့သည်။
"မင်းကများ ငါ့ကို စိန်ခေါ်ရဲတယ်။ သူတော်စင်ဘုရင်ကို ထွက်လာခိုင်းလိုက်စမ်း အဆင့်မမီတဲ့ကောင်"
သို့သော် ခြစ်ရာပင်မထင်ဘဲ သူ့ထံ ပြန်လည်ပြေးဝင်လာသော တစ်ဖက်လူကြောင့် မယုံနိုင်ဟန်ဖြင့် မင်သက်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး၊ အသက်နိယာမရဲ့ စွမ်းအား"
သူ၏မျက်လုံးများ ပြူးကျယ်နေကာ အသံများပင် တုန်ရီ၍ အသက်နတ်ဘုရား၏ အသက်နိယာမဖြစ်ကြောင်း ထင်ထင်ရှားရှား အာရုံခံနိုင်ခဲ့သည်။ အသက်မီးတောက်နှင့် မပေါင်းစပ်လျှင် အသက်နိယာမကို နားလည်ရန် မဖြစ်နိုင်ကြောင်း သိထားသော သူက စဥ်းစားရကြပ်နေသည်။ ပြင်းထန်သော တိုက်ပွဲများအတွင်း ဆန်းကျယ်သော အသက်အားတစ်ခု ဝင်ရောက်လာသောကြောင့် ပန်းပေါင်းစုံ ဖူးပွင့်လာကာ သုခဘုံတစ်ခုအလား ပြောင်းလဲသွား၏။ ၎င်းအရှိန်အဝါက လူတိုင်းကို စိတ်အေးသွားသယောင် ခံစားစေပြီး ရွှေရောင်လမ်းကြောင်းတစ်ခု ဟင်းလင်းပြင် လောကငယ်အတွင်း ဝင်ရောက်လာ၏။
"ဘာတွေဖြစ်နေတာလဲ"
တိုက်ခိုက်နေသူအားလုံးက ရပ်တန့်၍ လမ်းကြောင်းအဆုံးသို့ ကြည့်လိုက်သောအခါ ဧရာမသားရဲကြီးတစ်ကောင် ဖြည်းဖြည်းချင်း ပျံသန်းလာနေကြောင်း မြင်လိုက်ရသည်။
"ဒါက အသက်နတ်ဘုရားရဲ့ ရှေးဟောင်း မူလနတ်သားရဲ မဟုတ်ဘူးလား"
သူတို့က ၎င်း၏ ခေါင်းအထက်တွင် တည်ငြိမ်စွာ မတ်တပ်ရပ်၍ တစ်လောကလုံး အထက်မှ ဖြစ်တည်မှုအရှိန်အဝါမျိုး ထုတ်ဖော်နေသူ တစ်ယောက်ကိုလည်း မြင်ခဲ့ရသည်။
"အသက်နတ်ဘုရား ပြန်လည်ရှင်သန်လာတာလား"
ထိုပုံရိပ်၏ အရှိန်အဝါက အာကာသနတ်အားလုံးကို ဖိနှိပ်လိုက်သောကြောင့် အာကာသနတ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ နောက်ဆုံး၌ ခေါင်းငုံ့ပေးလိုက်ကြသည်။ အကယ်၍ ဘိုးဘေးနတ်ဘုရားတစ်ယောက် ဆင်းသက်လာလျှင် မည်သူမှမယှဥ်နိုင်ဘဲ အညံ့ခံရပေလိမ့်မည်။ ရှင်းဟွမ်ဘုရင်၊ ဧကရာဇ်၊ သိုင်းဘုရင်၊ ကောင်းကင်နတ်ဆိုး ခေါင်းဆောင်သုံးယောက်နှင့် သွေးနတ်ဆိုးဘိုးဘေးကမူ ခေါင်းမာစွာ ရပ်နေပြီး ပီဖန်း၏ ခေါင်းအထက်ရှိ ယဲ့ချန်ကို အန္တရာယ်ပေးလိုဟန်ဖြင့် ကြည့်နေကြသည်။
"ဒါက သူတော်စင်ဘုရင်ပဲ၊ အသက်နတ်ဘုရား မဟုတ်ဘူး"
"သူက အသက်မီးတောက်နဲ့ မပေါင်းစပ်ရသေးဘူးမလား။ ဘယ်လိုလုပ် ဘိုးဘေးနတ်ဘုရား ဖြစ်လာတာလဲ"
ရှင်းဟွမ်ဘုရင်သည် သွေးပုဆိန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ယဲ့ချန်ကို အလွတ်မပေးဘဲ စိုက်ကြည့်နေ၏။ တစ်ဖက်လူက ဘိုးဘေးနတ်ဘုရား မဟုတ်သော်လည်း အသက်နိယာမ၏ အရှိန်အဝါကို ပိုင်ဆိုင်နေသောကြောင့် အသက်မီးတောက်ကို လက်လွှဲပေးရန် မဖြစ်ချေ။
"ဒီကောင့်ကို သတ်ကြ"
ရှင်းဟွမ်ဘုရင်က ဦးဆောင်ပြေးဝင်သွားသောအခါ ကျန်ခြောက်ယောက်ကလည်း လိုက်ပါလာပြီး ယဲ့ချန်ထံ ဦးတည်လိုက်ကြ၏။ အာကာသနတ်ထိပ်ဆုံးအဆင့် ခုနစ်ယောက်က သူ့ကို သတ်ရန်အတွက် အသန်မာဆုံး တိုက်ကွက်ကိုယ်စီ ထုတ်ဖော်လာကြသည်။ ထွက်ပေါ်လာသော နတ်ချီများက ပြင်းထန်လွန်းသဖြင့် ကမ္ဘာဖျက်ကပ်ဘေး ကျရောက်လာသကဲ့သို့ ဟင်းလင်းပြင်လောကတစ်ခွင် မှောင်မိုက်နေသည်။ သွေးပုဆိန်၊ ချီလင်ဓားနှင့် အခြားလက်နက်များ၏ အလင်းရောင်က ကျဆင်းလာသောအခါ သာမန်အာကာသနတ်များဆိုလျှင် ဤပူးပေါင်းတိုက်ကွက်အောက်၌ ချက်ချင်းသေဆုံးသွားပေလိမ့်မည်။
"သတိထားပါ အရှင်"
ရန်သူခုနစ်ယောက်၏ တိုက်ကွက်က ရုတ်တရက် ဆန်လွန်းသောကြောင့် လူသားမျိုးနွယ်၏ အာကာသနတ်များမှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။ ယဲ့ချန်သည် ရန်သူများကို တစ်ချက်ကြည့်လိုက်ပြီး အသက်နိယာမကို လည်ပတ်၍ ပင်လယ်ကြီးပမာ ဖြန့်ကျက်လိုက်သည်။
"ကောင်းကင်နတ်လက်နက်တွေနဲ့ မူလရတနာတွေက မင်းတို့နဲ့ မထိုက်တန်ဘူး"
သူက လက်ဝါးဖြန့်ထုတ်လိုက်သောအခါ အသက်နိယာမ စွမ်းအင်များသည် ရန်သူခုနစ်ယောက်၏ ရင်ဘတ်ကို တဘန်းဘန်း ထိမှန်သွားသည်။ သူတို့က လွင့်ထွက်သွား၍ ဝိညာဥ်ပြိုကွဲလုနီးပါး ဖြစ်သောကြောင့် တုန်လှုပ်သွားကြ၏။ ယဲ့ချန်၏ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းပြီး လက်ဝါးတစ်ချက်တည်းဖြင့် သူတို့၏ ပူးပေါင်းတိုက်ကွက်ကို ဖျက်ဆီးသွားသည်။ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သော တစ်ဖက်လူနှင့် သူတို့ကြားမှ ကွာဟချက်ကို နားလည်ခဲ့ကြ၏။ ရှင်းဟွမ်ဘုရင်နှင့် ရွှေဂျိုဧကရာဇ်မှာ ချုပ်နှောင်ခံလိုက်ရပြီး မည်မျှရုန်းကန်ပါစေ၊ မလွတ်မြောက်နိုင်ခဲ့ပေ။ ကောင်းကင်သိုင်းချပ်ဝတ်က အပိုင်းတစ်ခုစီအဖြစ် ကွဲထွက်လာကာ သွေးပုဆိန်၊ ချီလင်ဓားနှင့်အတူ ယဲ့ချန်ထံ ပျံသန်းလာကြပြီး ဒန်တန်အတွင်း ဝင်ရောက်သွားကြသည်။
"ဒီကောင်က အသက်နိယာမကို ဘယ်လိုနားလည်နေတာလဲ။ အသက်နတ်ဘုရား တစ်ယောက်တည်းကသာ နားလည်နိုင်တာ မဟုတ်ဘူးလား မဖြစ်နိုင်ဘူး"
ဤဖြစ်ရပ်ကို လက်မခံနိုင်သောကြောင့် ရှင်းဟွမ်ဘုရင်မှာ ဒေါသတကြီးဖြစ်နေစဥ် အသက်နိယာမစွမ်းအင်ဖြင့် ထိမှန်ခံလိုက်ရပြန်သည်။ သူတို့က လွင့်ထွက်သွားကာ လူသားမျိုးနွယ်၏ အာကာသနတ်များ လက်ထဲတွင် ဖမ်းချုပ်ခံခဲ့ရသည်။
"ဘာကြောင့်လဲ။ မင်းက ဘာကြောင့် အသက်နိယာမကို နားလည်နေရတာလဲ"
ရှင်းဟွမ်ဘုရင်က ရုန်းကန်ရင်း အဆက်မပြတ် အော်ဟစ်နေသည်။
"မင်းက သိဖို့ မထိုက်တန်ဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သောကြောင့် တစ်ဖက်လူမှာ ခေါင်းငိုက်စိုက်ကျ၍ တိတ်ဆိတ်သွားခဲ့သည်။ ထိုအချိန်၌ ပန်းရောင်ပုံရိပ်တစ်ခု ရုတ်တရက် ခုန်ထွက်လာကာ ရှင်းဟွမ်ဘုရင်၏တင်ပါးကို ရက်စက်စွာ တိုက်ခိုက်လိုက်သည်။
"အား"
နာကျင်မှုကြောင့် သူ၏မျက်နှာက ရှုံ့မဲ့သွားသည်။
"ဒါက မှော်သားရဲမျိုးနွယ်အတွက် လက်စားချေတာကွ။ ငါ ကျူးကုန်းကုန်းက ရှင်းဟွမ်ဘုရင်ရဲ့ တင်ပါးကို တိုက်ခိုက်နိုင်ခဲ့ပြီ"
ကျူကုန်းကုန်းက မောက်မာဂုဏ်ယူစွာ အော်ဟစ်လိုက်ပြီး အာကာသနတ်ထိပ်ဆုံးအဆင့် ဖြစ်သည့်အပြင် လျှို့ဝှက်ကျင့်စဥ်နှင့် တိုက်ခိုက်လိုက်သောကြောင့် ရှင်းဟွမ်ဘုရင်အား အသည်းခိုက်မတတ် နာကျင်စေနိုင်ခဲ့သည်။
ဤမြင်ကွင်းကြောင့် ယဲ့ချန်က ပြုံးလိုက်ပြီး အသက်မီးတောက်ထံ ခေါင်းမော့ကြည့်ရင်း အာကာသနတ်များ အားလုံးရှေ့မှောက်တွင် တစ်လှမ်းချင်း ဦးတည်လိုက်၏။ အကာအကွယ်အလွှာများမှာ အလိုလိုပျက်စီးသွားကာ သူ၏တစ်ကိုယ်လုံး အလင်းတန်းရောင်စုံ တောက်ပနေ၍ နန်းတက်ဘုရင်တစ်ပါး၏ တော်ဝင်ဝတ်ရုံအလား ခမ်းနားလှပနေသည်။ အသက်မီးတောက်မှာ တဖိတ်ဖိတ် တောက်ပနေကာ ယဲ့ချန်သည် စိတ်နှလုံးတည်ငြိမ်စွာဖြင့် လက်လှမ်းလိုက်သည်။
ဤအချိန်မှစတင်၍ ယဲ့ချန်သည် စကြဝဠာ၏ စည်းမျဥ်းကို ပြောင်းလဲပြင်ဆင်နိုင်စွမ်းရှိသော ဘိုးဘေးနတ်ဘုရားတစ်ယောက် ဖြစ်လာခဲ့သည့်အပြင် ဘွဲ့နာမည်တစ်ခုအားလည်း ပိုင်ဆိုင်ခဲ့လေသည်။
"အသက်နတ်ဘုရားယဲ့ချန်"
1.11.2024တွင် Mad Snail၏ 'Nine Astra Skies'ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြီးဆုံးအောင် ဘာသာပြန်ရေးသားခဲ့သည်။
သဗ္ဗေသတ္တာကံမ္မသကာ
GOD