← Chapters

ကုနှင့်ပိုင်တို့၏ပူးပေါင်းမှု

Vol. 010 Ch. 987

ကုနှင့်ပိုင်တို့၏ပူးပေါင်းမှု

Vol. 010 Ch. 987

ဆုတ်ဖြဲခြင်း လောကဓာတ်များ ပါဝင်ကာ မိုးမခ သစ်ကိုင်းများသည် ပြိုင်ဘက်ကင်းပြီး ကောင်းကင်နှင့် မြေပြင်အကြား သစ်ရွက်လှုပ်သံများ အဆက်မပြတ် ကျလာရသည်။ သို့သော် ထိုအရာများမှာ မမြင်ရသော အားလှိုင်း တစ်ခု၏ ချုပ်နှောင်ခြင်းကို ခံရသည်။ နောက်မှ လိုက်ပါလာသော ဓားမြစ်ရေ စီးကြောင်းသည် အရာအားလုံးအား ချိုးဖျက်လျက် မိုးမခ သစ်ကိုင်းများကို ပိတ်ဆို့ကာ အဆက်မပြတ် ကျဆင်းလာခဲ့သည်။

ရန်ရှောင်၏ ဘေးတစ်ဖက် တစ်ချက်တွင် လူနှစ်ယောက် ပေါ်လာသည်။ နှစ်ယောက်လုံးသည် ထူးခြား ကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါများကို ပိုင်ဆိုင်ပြီး ချောမော ခန့်ညားကြပေသည်။ သူတို့ နှစ်ယောက်လုံးက အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး သူတို့၏ ရှေ့မှ လျူကျောင်းကို ပြန်ကြည့်ကြသည်။

“ပိုင်လွေလီ... ဂူတုံးလျို” လျူကျောင်းက သူတို့ နှစ်ယောက်အား ကြည့်သည်။ သူတို့သည်လည်း ရှားရှင်းယွန်နှင့်အတူ အထက်ဘုံ၌ သွားရောက် လေ့ကျင့်ခဲ့သူများ ဖြစ်ကြသည်။ ပိုင်လွေလီသည် ကျိရှားတော်ဝင် နန်းတော်၏ တပည့်ဖြစ်ကာ ဂူတုံးလျိုသည် ရီဖူရှင်း၏ စီနီယာအစ်ကိုသုံး ဖြစ်သည်။ နှစ်ယောက်လုံးသည် ထူးခြား ထက်မြက်သူများ ဖြစ်ကြ၏။ ပိုင်လွေလီသည် ကောင်းကင် ရွေးချယ်ခံ အဖြစ် သတ်မှတ်ခံရကာ ဂူတုံးလျိုသည်လည်း နုတ်ထွက်ခြင်း မရှိခဲ့လျှင် သူလည်း ထိုနည်းတူ သတ်မှတ် ခံရပေမည်။

ပိုင်လွေလီနှင့် ဂူတုံးလျိုတို့သည် မိတ်ဆွေကောင်းများ ဖြစ်ကြမည်ဟု သူ မထင်ထားခဲ့ပေ။ ဂူတုံးလျိုက အရှေ့မြေရိုင်း ဒေသမှ မြေရိုင်းပြည်နယ်သို့ ရောက်လာသော အချိန်၌ သူပထမဦးဆုံး စိန်ခေါ်သူမှာ ပိုင်လွေလီ ဖြစ်သည်။ ထိုစဥ်က ပိုင်လွေလီသည် အသက်ငယ်ငယ်ဖြင့် ကောင်းကင်မြေရိုင်း အဆင့်၏ ထိပ်သီး ဆယ်နေရာသို့ ဝင်ရောက်နိုင်သော နာမည် အကျော်ကြားဆုံး လူငယ် ပါရမီရှင် ဖြစ်သည်။ ဂူတုံးလျိုက စိန်ခေါ်မှုတွင် ရှုံးနိမ့်ခဲ့သော်လည်း သူ၏ နာမည်မှာလည်း မြေရိုင်းပြည်နယ် တစ်ခုလုံးသို့ ကျော်ကြား လာခဲ့သည်။

သူတို့နှစ်ယောက် ဒုတိယအကြိမ် ရင်ဆိုင် တိုက်ခိုက်မှုမှာ နဂါးပတ်တောင်၌ ဖြစ်ပွားခဲ့သည်။ ပိုင်လွေလီနှင့် ကျူကော့မင်းယွီတို့၏ စေ့စပ်ပွဲ၌ ဂူတုံးလျိုက ပိုင်လွေလီအား စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲ၌ ဂူတုံးလျိုက ပိုင်လွေလီအား အနိုင်ယူခဲ့ကာ မြေရိုင်းပြည်နယ် တစ်ခွင်၌ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။

စိတ်ဝင်စားဖွယ် ကောင်းသည်ကား ထိုပြိုင်ဘက် နှစ်ယောက်သည် တစ်ချိန်တည်း ပေါ်လာခဲ့ခြင်းပင်။ မှန်သည် ... ဤသည်က တမင် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ လျူကျောင်းက မြေရိုင်းပြည်နယ်မှ လူများကို သတ်ဖြတ်နေသည်အား ဂူတုံးလျိုက မြင်ကာ ပြေးလာခဲ့ခြင်း ဖြစ်သည်။ ရန်ရှောင် တစ်ယောက် အန္တရာယ်နှင့် ကြုံသောအခါ ပိုင်လွေလီကလည်း လာရောက်ကူညီခြင်းဖြစ်သည်။ သူတို့နှစ်ယောက် ရန်ရှောင်ကို အလယ်မှထားကာ အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ဦးလုံးက တစ်စုံတစ်ခုကို သဘောတူညီချက် ရယူပြီးသည့်အလား အကြည့်များကို လွှဲလိုက်ကြသည်။

“နန်းဆောင်သခင်ရန် ... ခင်ဗျားက ကျုပ်တို့ကို ဝင်္ကပါထဲသို့ ခေါ်နိုင်မလား” ဂူတုံးလျိုက မေးသည်။ သူသည် ယခု ကွန်းရှီအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ပိုင်လွေလီ သည်လည်း လွန်ခဲ့သော သုံးရက်က အလယ်အလတ် ကွန်းရှီအဆင့်သို့ တက်လှမ်းခဲ့သည်။ နှစ်ယောက်လုံးတွင် တော်ဝင် ရတနာများအား ပိုင်ဆိုင်ကြရာ အလွန် အားကောင်း ကြပေသည်။ သို့သော်လည်း ဝင်္ကပါဖြင့် တိုက်ခိုက်နေသော လျူကျောင်းအား ရင်ဆိုင်ရန်မှာ ရူးသွပ်ခြင်း ဖြစ်သည်။

“ကောင်းပြီ...” ရန်ရှောင်က ခေါင်းညိတ်သည်။ လျှပ်စီးဓာတ် သဘာဝများ သူတို့ထံသို့ စီးဆင်းလာသည်။ ဂူတုံးလျိုနှင့် ပိုင်လွေလီတို့က ရှန်ရှောင်၏ စိတ်ဝိညာဉ် လမ်းညွှန်မှု အတိုင်း လုပ်ဆောင်ကြရာ တစ်ခဏချင်း၌ သူတို့သည် အဆုံးအစမဲ့သော လျှပ်စီးကမ္ဘာ၌ ပေါင်းစပ် သွားသည်ကို ခံစားကြရသည်။

“မင်းတို့ နှစ်ယောက် တိုက်ခိုက်တော့မယ် ဆိုရင် မင်းတို့ရဲ့ စိတ်ဝိညာဉ်နဲ့ အသိပေးပါ။ ငါမင်းတို့ကို ကူညီမယ်” ရန်ရှောင်က ပြောသည်။ ပိုင်လွေလီနှင့် ဂူတုံးလျိုတို့က ခေါင်းညိတ်ကြ၏။

လျူကျောင်းက သူ့ရှေ့မှ လူအနည်းငယ်ကို ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ပိုင်လွေလီနှင့် ဂူတုံးလျိုတို့ နှစ်ယောက်လုံးသည် ထူးခြား ထက်မြက်ကြ၏။ ကံမကောင်းသည်က ဤနှစ်ယောက်မှာ သူ၏လက်၌ သေဆုံး ကြရပေတော့မည်။

သစ်ရွက် လှုပ်ခတ်သံများ ထပ်မံ၍ ကြားလာ ရပြန်သည်။ ရှေးဟောင်း သစ်ပင်၏ အပေါ်၌ မရေမတွက်နိုင်သော လျူကျောင်း၏ ပုံရိပ်များ ပေါ်လာသည်။ ရှေးဟောင်း သစ်ပင်၏ အကိုင်းအခက်များသည် အဝေးဆီသို့ ရှည်လျား လာခဲ့ကြပြီး မိုးမခ သစ်ကိုင်းများက ကောင်းကင်ကို ဖုံးအုပ်ကာ ဝင်္ကပါအား တစ်ဖန် ရစ်ပတ် လာခဲ့ပြန်သည်။ သစ်ရွက်များက အလွန် ထက်ရှသော ဓားသွားများအလား ရန်ရှောင်တို့ထံသို့ ဦးတည်ကာ ပျံသန်း လာကြသည်။

ပိုင်လွေလီနှင့် ဂူတုံးလျိုတို့က ရှေ့သို့ တစ်ပြိုင်နက်တည်း တက်ရောက် သွားကြလျှင် ရန်ရှောင်သည်လည်း သူတို့ နှစ်ယောက်၏ အတွေးများကို ချက်ချင်း လက်ခံရရှိသည်။ သူ၏မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသော်လည်း ဘာမှမပြောပေ။ ဝင်္ကပါအတွင်းမှ စွမ်းအားများ အားလုံးသည် ပိုင်လွေလီနှင့် ဂူတုံးလျိုတို့ထံသို့ မြန်ဆန်စွာ စီးဆင်း သွားခဲ့ကြသည်။

ပိုင်လွေလီ၏ မျက်လုံးများက နက်မှောင်သွားကာ တစ်လောကလုံး မီးခိုးရောင်ကမ္ဘာ ဖြစ်သွားသည်။ သူ၏နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးတစ်စုံ ပေါ်လာ၏။ လေဟာနယ် တစ်ခုလုံးအား ပြင်းထန် သိပ်သည်းသော စိတ်စွမ်းအားများ ဖုံးလွှမ်း လာခဲ့၏။ မျက်လုံးအစုံမှာ ပိုင်လွေလီ၏ သက်စောင့်ဝိညာဉ် ဖြစ်သော ဖျက်ဆီးခြင်း မျက်လုံး ဖြစ်သည်။

လေထဲတွင် ပျံသန်း နေကြသော သစ်ရွက်များသည် ကန့်သတ် တားဆီးခြင်း ခံခဲ့ရပြီး ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးများ၏ ဒေါသမုန်တိုင်းသည် လေထု တစ်ခုလုံးကို သတ်ဖြတ်၏။ တစ်ချိန်တည်းတွင် ဂူတုံးလျိုအား ရှေးဟောင်း သင်္ကေတကိုးခု လှည့်ပတ် ပျံသန်းကြသည်။ ထိုနေရာတွင်လည်း လေထုတစ်လုံးကို ရိုက်ခတ်လာသော စိတ်စွမ်းအားများနှင့် အတူ အလွန်အမင်း အားကောင်းသော ဓားစွမ်းအင်က ဓားမြစ်ရေများအဖြစ် ပြောင်းလဲလျက် တစ်လောကလုံးအား တိုက်စား ဖျက်ဆီးသည်။ အဆုံးအစမဲ့သော သစ်ရွက်ပျံများသည် ပျက်စီးခြင်းသို့ ရောက်ရကာ မိုးမခ သစ်ကိုင်းများမှာလည်း အဆက်မပြတ် ကျိုးပျက် ကြရ၏။

“အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအား...” ပိုင်လွေလီက အော်ဟစ်လိုက်လျှင် ကြောက်မက်ဖွယ် စိတ်ဝိညာဉ် အားများက လျှပ်စီး နတ်ဘုရားတစ်ပါး အဖြစ် ပြောင်းလဲ သွားသည်။ နတ်ဘုရားသည် သူ၏ လျှပ်စီးစွမ်းအားဖြင့် ရုပ်ခန္ဓာကိုသာ တိုက်ခိုက်နိုင်သည် မဟုတ်ပဲ စိတ်ဝိညာဉ်ကိုလည်း တိုက်ခိုက်နိုင်၏။ ဂူတုံးလျိုကလည်း စစ်နတ်ဘုရား ကိုးပါးကို ဆင့်ခေါ်ကာ လျူကျောင်းအား တိုက်ခိုက်သည်။

တစ်ချိန်တစ်ခါက ပိုင်လွေလီနှင့် ဂူတုံးလျိုတို့က ထိုစွမ်းရည်နှစ်ခုဖြင့် အချင်းချင်း ရင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ ယခု သူတို့ နှစ်ယောက်သည် ထိုစွမ်းရည်နှစ်ခုအား အသုံးပြုကာ လျူကျောင်းကို တိုက်ခိုက် နေကြသည်။ ပိုထူးခြားသည်ကား သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုသည် အချင်းချင်း အလွန် လိုက်လျောညီထွေ ရှိနေသည်။

သူတို့ နှစ်ယောက်၏ စွမ်းအားများကို မြင်လျှင် လျူကျောင်းက လက်ဝှေ့ယမ်း လိုက်သည်။ ရှေးဟောင်း သစ်ပင်ကလည်း သစ်ပင်ဝိညာဉ်အဖြစ် ပြောင်းလဲကာ ရှေ့သို့ ရွေ့လျားသွား၏။ ကျောက်ဆောင်များ အလား သိပ်သည်း မာကျောသော သစ်ကိုင်းများ ဖြန့်ကြက် ထွက်ပေါ် လာသည်။ သစ်ကိုင်းများသည် ကျောက်သား ကျောက်ဆောင်များ အလား ပြင်းထန်စွာဖြင့် ပိုင်လွေလီနှင့် ဂူတုံးလျိုတို့အား တိုက်ခိုက်သည်။ သစ်ကိုင်းများ၏ အဖျားသည် ဓားသွားများတမျှ ထက်ရှကာ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိ၏။

“စုဖွဲ့ခြင်း...” ဂူတုံးလျိုက အမိန့်ပေးလျှင် စစ်နတ်ဘုရား ကိုးပါးသည် တစ်ကိုယ်တည်း အဖြစ် ပေါင်းစပ်သည်။ ရှေးသင်္ကေတကိုးခုက ကောင်းကင်နှင့် မြေပြင်တို့၏ စွမ်းအားများဖြင့် ပေါင်းစပ်၏။ ဤတွင် လေဟာနယ် တစ်ခုလုံး အဆုံးအစမဲ့သော ရှေးသင်္ကေတများ ဖြစ်ပေါ်လာကာ ဂူတုံးလျို၏ လက်ဝါး ရိုက်ထုတ်မှုနှင့်အတူ လိုက်ပါကြသည်။

ပိုင်လွေလီ ဖန်ဆင်းထားသော လျှပ်စီးနတ်ဘုရားက တူတစ်ချောင်းအား ကိုင်ကာ ရှေးသစ်ပင်အား ထုနှက် တိုက်ခိုက်သည်။ ကျောက်သား ကျောက်ဆောင်များ အလား မာကျောသော သစ်ကိုင်းများသည် အဆက်မပြတ် ကျိုးပျက် ကြရသည်။ သို့သော်လည်း အဆုံးအစမဲ့သော သစ်ကိုင်းများ၏ အောက်၌ ပိုင်လွေလီနှင့် ဂူတုံးလျိုတို့၏ နတ်ဘုရားများမှာ ပျက်စီး ကြရသည်။ လေဟာနယ်ကား စွမ်းအင် အပိုင်းအစများဖြင့် တဝုန်းဝုန်း ပေါက်ကွဲကာ ကစဉ့်ကလျား ဖြစ်နေသည်။

“မင်းတို့ တတ်နိုင်တာ ဒါ အကုန်လား...” လျူကျောင်းက မောက်မာစွာ ပြောသည်။ လျူကျောင်း၏ ရှေးဟောင်း သစ်ပင်မှ ပျက်စီးသွားသော သစ်ကိုင်းများမှာ ပြန်လည် ရှင်သန်လာပြီး ကောင်းကင် တစ်ခွင်လုံးအား အုပ်မိုးထားသည်။ လျူကျောင်း၏ စွမ်းအားများမှာ အဆက်မပြတ် အားကောင်း လာနေသလို တစ်ဖက်တွင် သူ့ဝင်္ကပါမှ သူများသည် အလွန် အားနည်းလာဟန် ရသည်။ လျူကျောင်းက ထိုလူများ၏ စွမ်းအားများကို အလွန်အကျွံ စုပ်ယူနေဟန် ရသည်။

“သူ့ကိုသတ်ဖို့ ငါတို့က ဝင်္ကပါကို ဖျက်မှရမယ်” ပိုင်လွေလီက ပြောသည်။ သူက ဂူတုံးလျိုအား မကြည့်သော်လည်း ဂူတုံးလျိုက သူ့အား ပြောနေသည်ကို သိသည်။

“သူ့ဝင်္ကပါကို ဖျက်ဖို့ဆိုရင် ငါတို့က သူ့ဝင်္ကပါထဲက တခြားလူတွေ အကုန်လုံးကို သတ်မှရမယ်။ ဒါမှ သူ့အတွက် အစားထိုးစရာလူ ကျန်မှာ မဟုတ်တော့ဘူး” ဂူတုံးလျိုက ဆက်ပြောသည်... “မင်းက တဲ့တိုး ဖျက်ချင်တာလား ... မင်းက ရှေ့က ဦးဆောင်ပြီး တိုက်ခိုက်ချင်တာလား”

“ငါက ရှေ့ကနေပြီး တိုက်ခိုက်မှုတွေကို ကာကွယ်မယ်။ မင်းက တိုက်ခိုက်တဲ့ အပိုင်းကို တာဝန်ယူ” ပိုင်လွေလီက ပြန်ပြောသည်။

“ကောင်းပြီ...” ဂူတုံးလျိုက ခေါင်းညိတ်သည်။

စကား အနည်းငယ်များဖြင့် သူတို့ နှစ်ယောက်သည် အရာအားလုံးကို စီမံခန့်ခွဲသွားဟန် ရပြီး ရန်ရှောင်အတွက် ဘာမှလုပ်စရာပင် မကျန်တော့ပေ။ သူက ထိုနှစ်ယောက်အား အံ့အားသင့်စွာ ကြည့်သည်။ သူက သူတို့နှစ်ယောက်၏ ပတ်သက်မှုကို နားမလည်သော်လည်း ထိုအရာက သိပ်အရေးမပါပေ။ လျူကျောင်းကို သတ်နိုင်ခဲ့လျှင် ရှီဟွာတောင် သည်လည်း ပျက်စီးပေမည်။ သူကား ထိုသို့ ဖြစ်ရန်အတွက် အရာအားလုံးကို လုပ်ဆောင် နိုင်ပေသည်။

ပိုင်လွေလီ၏ အမူအရာမှာ လေးနက်လာခဲ့ကာ သူ့နောက်၌ မှော်စာလိပ်တစ်ခု ပေါ်လာသည်။ မှော်စာလိပ်ဝိညာဉ်မှ ပြင်းထန်သော အလင်းများ ဖြာထွက် လာခဲ့၏။ ပိုင်လွေလီက သူ့လက်ညှိုးကို ဆန့်လိုက်လျှင် ရုတ်တရက် သွေးစများ ပေါ်လာခဲ့ကာ မှော်စာလိပ်ပေါ်၌ စုတ်ချက်များ ဖြစ်ပေါ်စေသည်။

မှော်စာလိပ်က လေထဲတွင် ရပ်နေရင်း အလွန် လင်းလက်လာကာ မှော်စာလိပ်ထဲမှ စာလုံးများသည် ဧရာမ မှော်စာလိပ်ကြီး တစ်ခုအဖြစ် ဖန်ဆင်း ဖြစ်ပေါ်လာပြီး လျူကျောင်းထံသို့ တိုးဝင်သွားသည်။

“သွေးဖြင့် စတေးခြင်း ... နတ်ဘုရား သတ်ဖြတ်ခြင်း မှော်စာလိပ်...” ပိုင်လွေလီက ပြောသည်။ ထိုအခိုက်တွင် သူ၏ စိတ်ဝိညာဉ် စွမ်းအားများ ခန်းခြောက် သွားဟန် ရသည်။ မှော်စာလိပ်မှ သွေးနီရောင်များ ကောင်းကင်တစ်ခွင် ဖုံးအုပ်သွားကာ တားမြစ် မှော်ပညာ၏ လောကဓာတ်သည် မှော်စာလိပ်အား အဆုံးအစမရှိ အထောက်အပံ့ပြုလျက် တစ်ဖက်မှ သစ်ရွက်များ သစ်ကိုင်းများကို အဆက်မပြတ် ဖျက်ဆီးသည်။

လျူကျောင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ မန္တန်ရွတ်ဆိုသံအချို့ ကြားလိုက်ရကာ ရှေးဟောင်း သစ်ပင်မှ လှုပ်ခတ်သံများ ထွက်ပေါ်လာသည်။ ရှေးဟောင်း သစ်ပင်မှ ထည်ဝါသော ရောင်စဉ်ရောင်ဝါများ လင်းလက်လာပြီး သွေးနီရောင် မုန်တိုင်းအား ခုခံရသည်။ ထိုအခိုက်တွင် လျူကျောင်းကား မည်သည့် အရာကိုမှ ဂရုမစိုက်နိုင်ပေ။

ပိုင်လွေလီ စတင် တိုက်ခိုက်သည်နှင့် ဂူတုံးလျို သည်လည်း တစ်ပြိုင်နက်တည်း လှုပ်ရှား၏။ သူ့နောက်တွင် ပန်းချီကား တစ်ချပ် ပေါ်လာခဲ့ကာ သူ့ဝိညာဉ်က ထိုအထဲ၌ ပေါင်းစပ် သွားသည်။ ယခင်က ဤပန်းချီကား အတွက်ပင် ကျန်းရှာက မြေရိုင်း ပြည်နယ်သို့အထိ သူ့နောက်မှ လိုက်လံ သတ်ဖြတ်ခြင်း ဖြစ်သည်။ ယခု ပန်းချီကားသည် သူ့အား ဆရာသခင်အဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည်။ အလွန်ပြင်းထန်သော စိတ်ဝိညာဉ်အားများ ပန်းချီကားကို စီးဆင်းကျသည်။ အဆုံးအစမဲ့သော သင်္ကေတများသည် ပန်းချီကားအား ပြင်းထန်စွာ လှည့်ပတ်လျှင် ရောင်စဉ်ရောင်ဝါများ လင်းလက် လာခဲ့သည်။ ထိုအခိုက်တွင် ပန်းချီကားထဲမှ အသွင်သဏ္ဌာန် တစ်ခု အပြင်လောကသို့ ဆင့်ခေါ်ခံလိုက် ရဟန်တူကာ ထိုနတ်ဘုရားအလား သဏ္ဌာန်သည် ဂူတုံးလျိုနှင့် ဆင်ဆင်တူ၏။ နောက်၌ရပ်နေသော ရန်ရှောင်နှင့် တခြားလူများ၏ စိတ်ဝိညာဉ် စွမ်းအားများမှာ မြန်ဆန်စွာ ခန်းခြောက် သွားကြ၏။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများမှာ မယုံကြည်နိုင်ဖွယ် ကောင်းအောင် ပြင်းထန်ပေသည်။

ရန်ရှောင်က ရှေ့မှမြင်ကွင်းကို စူးစိုက် ကြည့်နေသည်။ ထိုနတ်ဘုရားသည် လျှပ်စီးအသွင်သို့ ပြောင်းလဲပြီး သင်္ကေတကိုးခုအား လှည့်ပတ်လျက် လမ်းကြောင်း တစ်လျှောက် ဖျက်ဆီးကာ လျူကျောင်းထံသို့ တိုးဝင် သွားသည်။

မရေမတွက်နိုင်သော သစ်ကိုင်း သစ်ရွက်များသည် အဆက်မပြတ် ကျိုးပျက် ကြရသည်။ လျူကျောင်းက ပိုင်လွေလီ၏ တိုက်ခိုက်မှုများကို ကာကွယ်ရင်း ဂူတုံးလျိုကိုလည်း တစ်ဖက်မှ တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် သူက တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ နတ်ဘုရားအလား လျှပ်စီးတန်းသည် ဧရာမ သစ်ပင်ကြီးအား ဖျက်ဆီးရာ နာကျင်စွာ အော်ဟစ်သံနှင့်အတူ တန်ခိုးရှင် တစ်ယောက်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး သွေးများ နေရာတိုင်း၌ ပြန့်ကျဲ သွားကြ၏။

အဆက်မပြတ် အော်ဟစ်သံများသည် တန်ခိုးရှင်များ၏ အဆုံးသတ်နိဂုံး ဖြစ်နေသည်။ သူတို့မှာ ဂူတုံးလျို၏ သတ်ဖြတ်ခြင်းကို အဆက်မပြတ် ခံနေကြရကာ လျူကျောင်း၏ အားအင်မှာလည်း တဖြည်းဖြည်း ဖျော့တော့ အားနည်း လာခဲ့သည်။ သူ၏ ပြိုင်ဘက်ဝင်္ကပါမှာ ဤနှစ်ယောက်၏ တိုက်ခိုက်ခြင်းကြောင့် ပျက်စီး တော့မည်လော။ သူ့တွင် စဉ်းစားနေရန် အချိန် မရှိသော်လည်း ရှေးဟောင်း သစ်ပင်၏ တိုက်ခိုက်ရေး ဝင်္ကပါသည် အံ့အားသင့်ဖွယ် ကောင်းအောင် အားကောင်း ပေသည်။ သို့သော် ဝင်္ကပါက ဂူတုံးလျို၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ဘဲ အဆက်မပြတ် ပျက်စီးရသည်။

***

All Chapters