မင်းက အဆင့်မမီဘူး
Vol. 010 Ch. 988
ရှီဟွာတောင် ရှန့်ထိုသည် ကောင်းကင်ထက်မှ နေ၍ တိုက်ပွဲကို ကြည့်နေရာ သူ့အနေဖြင့် လျူကျောင်းကို ကောင်းစွာ မြင်ရပေသည်။ ပိုင်လွေလီနှင့် ဂူတုံးလျိုတို့ ရန်ရှောင်အား လာရောက် ကူညီကာ တိုက်ခိုက်လျှင် သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုက အဘယ်ကြောင့် ထိုမျှ ကြီးမားသော သက်ရောက်အား ရှိနေသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။
“လျူကျောင်းကို သွားပြီးတော့ ကယ်ထုတ်လိုက်...” ရှီဟွာတောင် ရှန့်ထိုက ရှီဟွာတောင်မှ စွမ်းအားမြင့် တန်ခိုးရှင်များကို ပြောသည်။
“နောက်ဆုတ်...” လျူကျောင်းရှိနေရာ စစ်မြေပြင်မှ အော်သံတစ်ခုအား ကြားကြရသည်။ ပြောလိုက်သူကား ဝင်္ကပါအတွင်း၌ ရှိနေသော ရှီဟွာတောင်မှ တန်ခိုးရှင်တစ်ပါး ဖြစ်သည်။
“အတင့်ရဲတယ်...” ရှီဟွာတောင်ရှန့်ထိုက ထိုလူအားကြည့်ကာ အေးစက်စွာ ပြောသည်။ ထိုလူကား ဝင်္ကပါထဲတွင် ပြင်းထန်စွာ တုန်ယင်လျက်ရှိပြီး အချိန်မရွေး သေဆုံး နိုင်တော့မည့် အခြေအနေ ဖြစ်သည်။ သူ၏ အမူအရာများက မုန်းတီးမှုကြောင့် ရုပ်ဆိုး အကျည်းတန်နေကာ ရှီဟွာတောင် ရှန့်ထိုအား အေးစက်စွာ ပြောသည်...” ကျုပ်က သေရမှာကို မကြောက်ဘူး။ ကျုပ်တို့ ရှီဟွာတောင်မှာ လေ့ကျင့်တာ အချိန်အများကြီး ကြာခဲ့ပြီ။ ကျုပ်တို့က ရှီဟွာတောင်ရဲ့ အမိန့်ကို ကောင်းကောင်း နာခံခဲ့ပေမဲ့ ခင်ဗျားက ကျုပ်တို့ကို လိမ်ညာပြီးတော့ လျူကျောင်းရဲ့ ဝင်္ကပါထဲမှာ စတေးခံတွေ ဖြစ်ခိုင်းတယ်။ ကျုပ်တို့ အားလုံးက ရှီဟွာတောင်ရဲ့ တန်ခိုးရှင်တွေ ဖြစ်ပေမဲ့ လျူကျောင်း တစ်ယောက်တည်း အတွက် စွန့်ပယ် ခံရတယ်။ ကျုပ်က ရှီဟွာတောင်မှာ လေ့ကျင့်တာ နောင်တရတယ်”
ရှီဟွာတောင်ရှန့်ထိုက ထိုလူအား ဒေါသတကြီး ကြည့်ကာ ကောင်းကင်မှနေ၌ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ပြီး အေးစက်စွာ ပြောသည်... “စစ်မြေပြင် အတွင်းမှာ သစ္စာဖောက်တဲ့လူက သေဒဏ် ပေးခံရမယ်”
“ရှီဟွာတောင် ပျက်စီး လိမ့်မယ်...” ထိုလူ၏ မသေဆုံးမီ အော်ဟစ်သံက စစ်မြေပြင် တစ်ခုလုံးအား ရိုက်ခတ် သွားသည်။ သူသည် ဂူတုံးလျို၏ လက်ချက်ဖြင့် မသေဆုံးရဘဲ ရှီဟွာတောင် ရှန့်ထို၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
“မင်းတို့ ဘာကို စောင့်နေကြတာလဲ...” ရှီဟွာတောင် ရှန့်ထိုက ရှီဟွာတောင်မှ တန်ခိုးရှင်များအား ဒေါသတကြီး ကြိမ်းမောင်းသည်။ ရှီဟွာတောင်မှ တန်ခိုးရှင်များ၏ စိတ်နှလုံးမှာ ယိုယွင်း လာခဲ့သည်မှာ သေချာ၏။
စစ်တုရင် ထိုင်ကစား နေကြတော့ ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့က သက်ပြင်းများ ချကြသည်။ ရှန့်ထိုရှားက ပြောသည်... “လျူကျောင်းက တကယ်ပဲ အရည်အသွေးမြင့် ပါရမီရှင် တစ်ယောက် ဖြစ်တယ်ဆိုတာ သံသယ ဖြစ်စရာ မလိုဘူး။ ဒါပေမဲ့ သူက သူ့အကျိုးအတွက် တခြားလူတွေကို စတေးဖို့ ဝန်မလေးဘူး။ ရှီဟွာတောင်က တကယ်ပဲ အန္တရာယ်ရှိတဲ့ ကစားကွက်ထဲကို ရောက်နေတာပဲ။ သူက အောင်မြင်ရင် သူရဲကောင်း ဖြစ်ပြီးတော့ ကျရှုံးခဲ့ရင်တော့ အားလုံးရဲ့ တံတွေးခွက်ထဲ ပက်လက် မျောတော့မှာပဲ”
တန်ခိုးရှင်များသည် သူတို့၏ စိတ်နှလုံးများ ကိုလည်း လေ့ကျင့်ရပေရာ အလွန် ခိုင်မာသော စိတ်ဓာတ်များ ပိုင်ဆိုင်ခြင်း မရှိပါဘဲ ရှီအဆင့်သို့ မတက်လှမ်းနိုင်ပေ။ သူတို့သည် မှားယွင်း ယုံကြည်မှုများ၊ မျက်ကန်း ကိုးကွယ်မှုများနှင့် တခြားလူများ၏ လှည့်စားမှုများ၊ အသုံးချမှုများကို လက်မခံပေ။
“ရှန့်ထိုရှား ... ခင်ဗျားက သူ့ကို အထင်ကြီးနေပြီ။ စစ်မှန်တဲ့ သူရဲကောင်းတွေ ဆိုတာ တခြားလူတွေက သူတို့တွေအတွက် စတေးဖို့ရာ တိုက်တွန်းနေစရာ မလိုဘူး။ လျူကျောင်းက အဲလို အဆင့်ရောက်ဖို့ အများကြီး လိုသေးတယ်” ရှန့်ထိုလီက ခေါင်းယမ်းကာ ပြောသည်။
“အမှန်ပါပဲ...” ရှန့်ထိုရှားက ခေါင်းညိတ်ကာ ဆက်ပြောသည်... “ရီဖူရှင်း ဆိုရင်ကော …”
“သူသာ လျူကျောင်း နေရာမှာဆိုရင် တော်ဝင်ကျဲ နန်းတော်က လူတွေ လိုလိုလားလားနဲ့ ဝင်္ကပါထဲမှာ ပါဝင်ကြမယ်လို့ ကျုပ် ယုံကြည်တယ်” ရှန့်ထိုလီက ပြုံးလျက် ပြောသည်။ ရှန့်ထိုရှားက ပြုံးလျက် ခေါင်းညိတ်ကာ နှစ်ယောက်သား စစ်တုရင်ကို ဆက်ကစား ကြသည်။
သူတို့၏ ကစားပွဲမှာ စစ်မြေပြင်၌ ဖြစ်နေသော တိုက်ပွဲများအလား ခက်ခဲ ရှုပ်ထွေးဟန် ရသည်။ တော်ဝင်မြေ ခြောက်ခုက မဟာမိတ်ဖွဲ့ တိုက်ခိုက်ရာ သူတို့အနေဖြင့် အင်အားပိုင်း အရာ၌ လုံးဝ အသာစီးရယူထားပြီး မြေရိုင်းပြည်နယ်မှ လူများမူကား တုန်လှုပ်ခြင်း ကင်းသော စိတ်ဓာတ်ခံယူချက်၊ စည်းလုံး ညီညွတ်မှုနှင့် ပြင်းထန်သော ယုံကြည်ချက်များသာ ပိုင်ဆိုင်သည်။ သူတို့သည် နောက်ဆုံး ထွက်သက်အထိ ရန်သူများအား သေသေကြေကြေ တိုက်ခိုက်ကြမည့် ပုံမှန်ရှိသည်။ အနိုင်အရှုံးမှာ မသိသာ သေးသော်လည်း တော်ဝင်မြေ ခြောက်ခုက တော်ဝင်ကျဲ နန်းတော်အား အမြစ်ဖြုတ် ရှင်းလင်းရန် ရည်ရွယ်ထားရာ သူတို့တွင် မထုတ်ဖော် ရသေးသော ဝှက်ဖဲများ ရှိနေသေးသည်မှာ သေချာ၏။ သူတို့တွင် အချို့သော လျှို့ဝှက် လက်နက်များ ရှိနေသေးဟန် ရ၏။ သူတို့ထဲမှ မည်သူမှ မလှုပ်ရှားသေးဘဲ နောက်တွင်ရပ်ကာ ရီဖူရှင်း ရှိနေရာသို့ ကြည့်နေကြသည်။
လျူကျောင်းသည် ပိုင်လွေလီနှင့် ဂူတုံးလျိုတို့၏ ပူးပေါင်း တိုက်ခိုက်မှုကို ခံနေရ၏။ ရှေးဟောင်း သစ်ပင်ကြီးသည် ပြင်းထန်စွာ လှုပ်ယမ်းနေ၏။ ဝါးမျိုခြင်း စွမ်းအားတစ်ခု သူ့ထံမှ ဖြာထွက်လာခဲ့ကာ မရေမတွက်နိုင်သော သစ်ကိုင်းများ မြန်ဆန်စွာဖြင့် ဖြန့်ကြက် လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များ၏ စွမ်းအားများ လွန်ကဲစွာ စုပ်ယူခြင်း ခံခဲ့ရသဖြင့် အလွန်အမင်း အားနည်း သွားကြရာ ဂူတုံးလျို၏ သတ်ဖြတ်မှုကြောင့် နာကျင်စွာ အော်ဟစ်သံများ နေရာတိုင်းမှ ထွက်ပေါ် လာတော့သည်။
ဂူတုံးလျိုက နတ်ဘုရား အရိပ်နှင့် ရှေးသင်္ကေတ၏ မဟာ အလင်းတော်တို့ကို မြန်ဆန်စွာ ဆင့်ခေါ်လျက် လျူကျောင်းထံသို့ ပျံသန်း သွားသည်။ စူးရှသော အလင်းများ အရာအားလုံးကို ထွင်းဖောက်သွားကာ မဟာလမ်းစဉ်၏ ဓားမြစ်ရေစီးကြောင်းက ဓားတစ်လက်တည်း အဖြစ် ဖွဲ့စည်း ဖြစ်ပေါ်လာကာ လျူကျောင်းအား ဖြတ်သန်း သွားသည်။ သတ္တုဖြင့် ထိရိုက်သံ တစ်ခုအား ကြားရကာ လျူကျောင်း၏ အရိပ် သဏ္ဌာန်သည် ထိုနေရာမှ တဖြည်းဖြည်း ပျောက်ကွယ် သွား၏။ ထိုနေရာတွင် ရောင်စဉ် ခုနစ်သွယ် မျက်နှာပြင် အရံအတားနှင့်အတူ ရှန့်ထိုစွမ်းအား တချို့ ဝိုးတိုးဝါးတား ကျန်ရစ်ခဲ့သည်။ ထိုအခိုက်တွင် ထိုနေရာမှ မရေမတွက်နိုင်သော လျူကျောင်း၏ အရိပ်သဏ္ဌာန်များသည် အရပ်မျက်နှာ မျိုးစုံသို့ ခွဲဖြာ သွားကြသည်။ လျူကျောင်းက တော်ဝင် ရတနာအား အသုံးပြုလျက် တိုက်ခိုက်မှုကို ချေဖျက် သွားခဲ့ဟန် ရသည်။
လေထဲတွင် ပိုင်လွေလီ၏ မျက်လုံးများဟုပင် ထင်မှတ်ရသော ဧရာမ မျက်လုံးနက်ကြီး တစ်စုံ ဖြစ်ပေါ်နေသည်။ လောကဓာတ်များ စီးဆင်းစေလျက် မရေမတွက်နိုင်သော ရှေးသင်္ကေတများသည် သွေးယာဇ်စာလိပ်အား လှည့်ပတ် ပျံသန်းကြသည်။ အရပ်မျက်နှာတိုင်း၌ ရှေးနတ်ဘုရား၏ ပုံရိပ်များ ပေါ်ပေါက်လာသည်။ သူတို့၏ အနီးပတ်လည်၌ ပြင်းထန်သော သွေးလျှပ်စီးများ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်အား ပိတ်ဆို့သည်။ ထိုအရာက ပိုင်လွေလီ ကိုယ်တိုင် ဆင့်ကဲ နားလည်ခဲ့သော အရာခပ်သိမ်း ဖန်ဆင်းခြင်းနှင့် ပိတ်ဆို့ခြင်း စွမ်းအား ဖြစ်သည်။
“သတ်...” ပိုင်လွေလီ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်အား တွေ့ရသည်။ လျူကျောင်း၏လက်ထဲ၌ တော်ဝင်ကျဲ နန်းတော်မှ လူအများအပြား သေဆုံးခဲ့ရသည်။ ကျိရှားနန်းတော်၌ နှစ်များစွာ လေ့ကျင့်ခဲ့သော်လည်း သူ၏နှလုံးသားက တော်ဝင်ကျဲ နန်းတော်၌သာ ရှိနေခဲ့သည်။ မရေမတွက်နိုင်သော သွေးယာဇ်စာလိပ်များ ဆင်းသက်လာကာ စာလိပ်တစ်ခုစီက သွေးနီရောင် လျှပ်စီးတန်းများ အဖြစ် ပြောင်းလဲ သွားသည်။
ဂူတုံးလျို၏ မျက်လုံးများက စူးရှစွာဖြင့် လျူကျောင်းအား စူးစိုက် ကြည့်သည်။ သူ၏ လက်နှစ်ဖက်အား သင်္ကေတတချို့ ပြုလုပ်လိုက်ရာ ရှေးသင်္ကေတကိုးခု၏ မရေမတွက်နိုင်သော အရိပ်သဏ္ဌာန်များ ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် လျူကျောင်း၏ ပုံရိပ်များ တစ်ခုပြီးတစ်ခု အသတ်ခံရသည်။ သူတို့နှစ်ယောက် လက်တွဲကာ သီးသန့် လေဟာနယ် အတွင်း၌ ရှိသော အရာခပ်သိမ်းအား သတ်ဖြတ်ရန် ကြိုးစားကြသည်။ သူတို့က လျူကျောင်း ထွက်ပြေး လွတ်မြောက် သွားမည်ကို မလိုလားကြပေ။
ဗုဒ္ဓတရားသံများ ထွက်ပေါ်လာကာ ဗောဓိပင်နှင့် အလားသဏ္ဌာန် ရှိသော ရွှေရောင် ရှေးသစ်ပင်ကြီး ဖြစ်ပေါ်လာကာ သူ၏ အကိုင်းအခက်များက ပိုင်လွေလီနှင့် ဂူတုံးလျိုထံသို့ ဆန့်တန်းလျက် ထွက်သွားကြသည်။ သစ်ကိုင်းများမှာ အဆက်မပြတ် ဖြတ်တောက်ခြင်း ခံရသလို လျူကျောင်း၏ ပုံရိပ်များမှာလည်း ဆက်လက်၍ ပျက်စီးကြ၏။ သို့သော် လျူကျောင်းက သူ၏စွမ်းအားများ အားလုံးကို စုစည်းကာ တစ်ကွက်တည်းဖြင့် အဆုံးသတ်နိုင်မည့် အခွင့်အခါကို စောင့်ဆိုင်းနေဟန် ရသည်။ အလင်းတန်းတစ်ခုက လေထုကိုခွင်းကာ ရန်ရှောင်ရှိနေရာ ဝင်္ကပါပေါ်သို့ ဆင်းသက်လာ၏။
ကောင်းကင်နှင့် မြေပြင်သည် ဗုဒ္ဓ တရားတော်များကြောင့် တုန်ခါ လှုပ်ယမ်း နေကြဟန်ရသည်။ ရှေးဟောင်း သစ်ပင်မှ ရှန့်ထိုစွမ်းအားများ ဖြာထွက်လာခဲ့ကာ ပြင်းထန်သော အရှိန်အဝါက အရာအားလုံးကို လွှမ်းမိုးလျက် ပိုင်လွေလီနှင့် ဂူတုံးလျိုထံသို့ အတားအဆီးမဲ့စွာ ဆန့်တန်း လာခဲ့ကြသည်။
လျူကျောင်းက ဝါးမျိုခြင်း ဝင်္ကပါမှ စုစည်းရသမျှသော စွမ်းအားများ အားလုံးကို ထိုတိုက်ခိုက်မှု၌ ထည့်သွင်း ထား၏။ သူက တော်ဝင် ရတနာတစ်ခုအား စတေးခဲ့ကာ သူ၏ရှိရှိသမျှသော စွမ်းအားကုန် တိုက်ခိုက်မှုဖြင့် ပိုင်လွေလီနှင့် ဂူတုံးလျိုအား သတ်ဖြတ်နိုင်ရန် ရည်ရွယ်သည်။
ရှန်ရှောင်က ထိုမြင်ကွင်းအား ကြည့်ကာ သူ၏လက်ထဲမှ ရတနာငွေလှံအား ဝှေ့ယမ်းလျက် လျှပ်စီးနဂါးအလား အရာအားလုံးကို ပိုင်းဖြတ်ရန် ကြိုးစားသည်။
ဗုဒ္ဓ၏ တရားတော်များက လေထုကို ဆက်လက် တုန်ခါစေခဲ့သလို လျူကျောင်း၏ တိုက်ခိုက်မှုကလည်း ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်များ အားလုံးကို ပျက်စီးစေခဲ့ဟန် ရသည်။ စွမ်းအားကား ပြင်းထန်စွာဖြင့် ရန်ရှောင်အား ရိုက်ခတ်သွားလျှင် သူသည် သွေးတစ်ပွက် အန်လျက် အဝေးသို့ လွင့်စဉ်သွား၏။ သို့သော် သူ၏ တိုက်ခိုက်မှုကလည်း လျူကျောင်း၏ စွမ်းအားများစွာကို ယုတ်လျော့ စေခဲ့သည်။
သွေးယာဇ်စာလိပ်များ လျှပ်စီးတန်းအသွင်သို့ ပြောင်းလဲကာ လျူကျောင်း၏ အစစ်အမှန် ခန္ဓာကိုယ်သို့ ကျဆင်းကြသည်။ တစ်ဖက်တွင် ဂူတုံးလျို၏ ရှေးသင်္ကေတကိုးခု စွမ်းအားကလည်း အတားအဆီးမဲ့စွာဖြင့် ရိုက်ခတ် လာသည်။ ထိုအခိုက်တွင် လျူကျောင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလျက် သွေးပွက်ပွက် အန်၏။
ရှီဟွာတောင် ရှန့်ထို၏ မျက်နှာက ပြာနှမ်းသွားသည်။ ရှီဟွာတောင်မှ မည်သည့် တန်ခိုးရှင်မှ သူ့အား သွားရောက် ကူညီသည်ကို သူမတွေ့ရပေ။ လက်ရှိတွင် မည်သူ တစ်ဦးတစ်ယောက်မှ သူ့အား သွားရောက် မကူညီနိုင်သည်ကို သူမယုံကြည်ပေ။ လျူကျောင်း၏ ဤမတိုင်မီ အပြုအမူက ရှီဟွာတောင်မှ တန်ခိုးရှင်များ၏ ယုံကြည်မှုများအား ပျက်ပြား စေခဲ့သည်မှာ ပေါ်လွင်နေသည်။ ရှီဟွာတောင် ရှန့်ထို၏ အရောင်အဝါမှာ အလွန်တရာ အေးစက်လာခဲ့သည်။ ဝင်္ကပါ၏ စွမ်းအားများကို ချုပ်ကိုင်ထားသော လျူကျောင်းသည် ဤသို့သော ဆိုးဝါးသော အခြေအနေသို့ ကျဆင်း သွားမည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
“ဗုဒ္ဓလမ်းစဉ်မှာ ဒီလောက် မြင့်မားတဲ့ပါရမီနဲ့ သူက လမ်းမှားကို ရွေးခဲ့တယ်။ ခင်ဗျားက တကယ်ပဲ စိုးရိမ်လွန်ခဲ့တာပဲ... ရှီဟွာတောင်ရှန့်ထို” ရှန့်ထိုရှားက မှတ်ချက်ချလျှင် ရှီဟွာတောင် ရှန့်ထိုမှာ ဆွံ့အရသည်။
ရှန့်ထိုလီသည်လည်း သက်ပြင်းချ၏။ လျူကျောင်းကား အလွန်ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်ကာ အကယ်၍ သူကသာ ဗာဂျာရာဒေသ၌ ဗုဒ္ဓလမ်းစဉ်အား နည်းမှန် လမ်းမှန်ဖြင့် လေ့လာ လိုက်စားခဲ့လျှင် သူ၏အောင်မြင်မှုမှာ အလွန် ကြီးမားပေမည်။ သို့သော်လည်း သူကား လမ်းမှားကို ရောက်ခဲ့၏။
လျူကျောင်းက ရှန့်ထိုသုံးပါး၏ တပည့်ဖြစ်ရာ ဆရာမကောင်းလျှင် တပည့်ခေါင်း ဟူသော စကားပုံအတိုင်း တပည့် လမ်းမှား ရောက်ခြင်းအတွက် ဆရာ၏အမှားဖြစ်ရာ ရှီဟွာတောင်ရှန့်ထို အပေါ် ရှန့်ထိုရှားက ထိုသို့ မှတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
ပိုင်လွေလီနှင့် ဂူတုံးလျိုတို့ကလည်း အခွင့်အရေးအား လက်လွတ် ခံလိမ့်မည် မဟုတ်ပေ။ အဆက်မပြတ်သော တိုက်ခိုက်မှုများ လျူကျောင်းထံသို့ ကျဆင်းလာခဲ့သည်။ ထိုအခိုက်တွင် အသံတစ်သံအား ကြားကြရသည်။
“ကျုပ် သူ့ကို အဆုံးသတ်မယ်” သွေးအလိမ်းလိမ်း ပေကျံနေသော ရန်ရှောင်က ရှေ့သို့ တက်လာကာ ပြောသည်။
“ကောင်းပြီ...” ဂူတုံးလျိုက ခေါင်းညိတ်သည်။ သူနဲ့ ပိုင်လွေလီတို့က ဘေးတစ်ဖက် တစ်ချက်ကို ခွဲကာ လျူကျောင်း၏ ပြေးလမ်းများကို ပိတ်ဆို့ကြ၏။ ဝင်္ကပါ၏ အထောက်အပံ့ ကင်းမဲ့သွားကာ ပြင်းထန်စွာ ဒဏ်ရာရနေသော လျူကျောင်းသည် သူတို့၏လက်မှ လွတ်သွားစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် သူ့အား ရန်ရှောင်က အဆုံးသတ်ခြင်း အတွက် ပြဿနာ မရှိနိုင်ပေ။
ရန်ရှောင်က လှံရှည်အား ဆွဲကိုင်ကာ လျူကျောင်းထံသို့ လျှောက်လာခဲ့သည်။ နောက်တစ်လှမ်းမျှက သူ့အား လျှပ်စီးတန်း အသွင်သို့ ပြောင်းလဲ သွားစေလျက် လှံရှည်သည် လျူကျောင်း၏ ဝမ်းဗိုက်သို့ ဖောက်ထွင်း လာခဲ့သည်။ ပြင်းထန်သော လျှပ်စီးဓာတ်များ လျူကျောင်း တစ်ကိုယ်လုံးကို ရိုက်ခတ် စီးဆင်း သွားသော်လည်း သူကား ချက်ချင်း မသေသေးပေ။ လျူကျောင်းက ရန်ရှောင်အား စိတ်ပျက်၊ စိတ်ဓာတ်ကျသော မျက်လုံးများဖြင့် ကြည့်သည်။ သူက မကြာခင် သေရတော့မည်လော။ သူ့တွင် မြင့်မားသော ပါရမီရှိကာ ရှီဟွာတောင်သို့ ခြေချခဲ့သော ပထမနေ့၌ပင် အထူးရွေးချယ်ခံ တပည့်တစ်ယောက် ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် သူက ရှန့်ထိုသုံးပါး၏ တပည့်ဖြစ်လာကာ ပြည်နယ်ကိုးခုလုံးသို့ နာမည် ကျော်ကြား လာခဲ့သည်။ သို့သော်လည်း ရီဖူရှင်း အမည်တွင်သော လူတစ်ယောက် ပေါ်လာခဲ့ကာ သူ့နာမည်အား မှေးမှိန် စေနိုင်အောင်ပင် ပြည်နယ်ကိုးခုလုံး၌ ပြိုင်ဘက် ကင်းခဲ့၏။
ယနေ့တွင် သူက ရီဖူရှင်းအား သတ်ရန်အကြံဖြင့် ရှီဟွာတောင်မှ စစ်တပ်အား ဦးဆောင် လာခဲ့သည်။ သို့သော် သူကား ရီဖူရှင်းနှင့်ပင် မတိုက်ခိုက်လိုက်ရဘဲ သေဆုံးတော့မည် ဖြစ်သည်။
“လျူကျောင်း … အဲဒါ နာလား” ရန်ရှောင်က လျူကျောင်း၏ ခန္ဓာကိုယ်ထဲ၌ နစ်ဝင်နေသော လှံရှည်အား မွှေနှောက်လျက် မုန်းတီးစွာ ပြောသည်။ သူ၏ မျက်လုံးရှေ့တွင်ပင် လျူကျောင်းက သူ့ဇနီးနှင့် ညီအစ်ကို မောင်နှမများအား ရက်ရက်စက်စက် စတေးခဲ့သည်။ ယခု အခွင့်အရေး ရသောအခါ လျူကျောင်းအား ထိုအရသာကို တစ်ဖန် ပြန်မြည်းစမ်း စေသည်။
လျူကျောင်းက ရန်ရှောင်အား မဲ့ပြုံး တစ်ချက်ပြုံးကာ အားနည်းစွာ ပြောသည်... “အနိုင်ရတဲ့သူက အကုန်လုံးကို ယူတယ်။ ခင်ဗျားဇနီးနဲ့ ညီအစ်ကိုတွေက နယ်ရုပ် သက်သက်ပဲ။ သူတို့ရဲ့ သေခြင်းတရားက သိပ်တန်ဖိုးမရှိဘူး”
“ဒါဆို မင်းကရော...” ရန်ရှောင်ကလည်း လှံရှည်ဖြင့် တစ်ဖန် မွှေနှောက်ကာ ဒေါသတကြီး အော်ဟစ်သည်။ ပြင်းထန်သော နာကျင်မှုက လျူကျောင်းအား ရှုံ့မဲ့စေကာ သူ၏ အသက်ရှူနှုန်းမှာလည်း ပိုမို ဖျော့တော့ လာခဲ့သည်။
“ကျုပ်က ခင်ဗျားကို မရှုံးခဲ့ဘူး။ ကျုပ်က ခင်ဗျားတို့ သုံးယောက်ပေါင်းကို ရှုံးနိမ့်ခဲ့တာ။ ကျုပ်က ရီဖူရှင်းနဲ့ တကယ်တမ်း ကောင်းကောင်း မတိုက်ခိုက် လိုက်ရတာကိုပဲ နောင်တရတယ်” လျူကျောင်းက ရီဖူရှင်းရှိရာ အရပ်သို့ ကြည့်ကာ ပြောသည်။ သူက ရီဖူရှင်းအား ကိုယ်တိုင် သတ်ဖြတ်လိုခဲ့၏။
“မင်းက အဆင့်မမီဘူး...” ဂူတုံးလျိုက အေးစက်စွာ ပြောသည်။
“ဟုတ်လား...” လျူကျောင်းက ဂူတုံးလျိုအား ဒေါသတကြီး ကြည့်သည်။
“မင်းက တကယ်ပဲ အဆင့်မမီဘူး” ပိုင်လွေလီက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူက ရီဖူရှင်းနှင့် ကိုယ်တိုင် တိုက်ခိုက်ဖူးရာ ထိုသို့ အကဲဖြတ်နိုင်စွမ်း ရှိသည်။
“ကျုပ်က အဆင့်မမီဘူးလို့ ပြောရအောင် မင်းတို့ သုံးယောက်က ဘယ်သူတွေ မို့လို့လဲ” လျူကျောင်းက အော်ဟစ် ပြောဆိုသည်။ သေဆုံးခါနီးတွင်ပင် သူ၏အသံက မုန်းတီးမှု မကျေနပ်မှုများဖြင့် ပြည့်နေသည်။
“တော်ဝင်မြေ ခုနစ်ခုက သူ့ကိုသတ်ဖို့ ပူးပေါင်း တိုက်ခိုက်နေရတဲ့ အချိန်မှာ မင်းကတော့ ငါတို့လက်ထဲမှာ သေခဲ့လို့ပဲ” ရန်ရှောင်က အေးစက်စွာ ပြောသည်။ လျူကျောင်းက သူ၏နှလုံးသား တစ်ခုလုံး ဓားဖြင့် နုပ်နုပ်စဉ်း ခံရသလို ခံစားရသည်။
“သေစမ်း...” ရန်ရှောင်က အော်ဟစ်ကာ ပြင်းထန်စွာ ထိုးနှက်လိုက်လျှင် လျူကျောင်း၏ ခန္ဓာကိုယ်သည် အစိတ်စိတ် အမြွှာမြွှာ ပြတ်တောက်သွားပြီး ပျောက်ကွယ် သွားသည်။ ရှီဟွာတောင်မှ ရှန့်ထိုသုံးပါး၏ တပည့်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
***