တိုက်ပွဲဆုံမှတ်
Vol. 010 Ch. 989
ရှီဟွာတောင် ရှန့်ထိုက လျူကျောင်း၏ သေဆုံးခြင်းအား မြင်တွေ့လျှင် သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ရုန့်ရင်းကြမ်းတမ်း လာပြီး သူ့မျက်လုံးများမှလည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ သို့သော်လည်း ပြည်နယ်ကိုးခုလုံးက တော်ဝင်စစ်ပွဲအား ကြည့်ရှုနေကြရာ သူ့အနေဖြင့် ရှီအဆင့်များ၏ တိုက်ပွဲကို ဝင်စွက်ဖက်၍ မရပေ။
လျူကျောင်းသည် ဗုဒ္ဓလမ်းစဉ်၌ ပါရမီ လွန်စွာ မြင့်မားကာ ပညာရပ်မျိုးစုံအား အလွယ်တကူ နားလည်နိုင်စွမ်း ရှိသည်။ သူက ရှန့်ထိုသုံးပါး၏ တပည့် ဖြစ်သော်လည်း သူ၏စွမ်းရည် အတော်များများမှာ သူကိုယ်တိုင် လေ့လာ သင်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရှီဟွာတောင် ရှန့်ထိုက လျူကျောင်း အပေါ် ကြီးမားသော မျှော်မှန်းချက်များ ရှိသည်။
“တော်ဝင်ကျဲ နန်းတော်က ဂူတုံးလျိုနှင့် ရန်ရှောင် ... ကျိရှားတော်ဝင် နန်းတော်က ပိုင်လွေလီ...” ရှီဟွာတောင် ရှန့်ထို၏ အမူအရာက လွန်စွာ အေးစက်နေသည်။ ရန်ရှောင်က နှစ်ပေါင်းများစွာ ထမ်းပိုးထားသော အငြိုးအတေးများအား ဖြေဖျောက်ရန် လျူကျောင်းအား သတ်ဖြတ်ခဲ့ သော်လည်း သူတို့အကြား အမုန်းတရားက ဤမျှဖြင့် မပြီးဆုံးပေ။ ရန်ရှောင်က ရှီဟွာတောင် ပျက်စီးသည်ကို သေချာပေါက် လိုလားပေသည်။
“နန်းဆောင် သခင်ရန် ... ခင်ဗျား ဆက်ပြီး တိုက်ခိုက် နိုင်သေးလား” ဂူတုံးလျိုက ရန်ရှောင်အား မေးသည်။
“ကျုပ် အဆင်ပြေတယ်” ရန်ရှောင်က ခေါင်းညိတ်ကာ ရှီဟွာတောင်မှ တန်ခိုးရှင်များ ရှိနေရာသို့ ဦးတည် လိုက်သည်။
ဂူတုံးလျိုနှင့် ပိုင်လွေလီတို့ ကလည်း အချင်းချင်း တစ်ချက် ကြည့်လိုက်ကြတာ ဆန့်ကျင်ဘက် အရပ်ဆီသို့ ဦးတည်လျက် ကိုယ်စီကိုယ်င တိုက်ခိုက်ကြသည်။ ထိုမြင်ကွင်းက အနီးအနားမှ လူများအား ထူးဆန်းသလို ခံစားရစေသည်။
တိုက်ပွဲမှာ ပိုမို ပြင်းထန် လာခဲ့သည်။ လောကဓာတ်များသည် စစ်မြေပြင် အနှံ့၌ ပေါက်ကွဲ ဖြစ်ပေါ်နေပြီး ရီဖူရှင်းရှိနေသော နေရာမှာ အပြင်းထန်ဆုံး ဖြစ်သည်။
တော်ဝင်စစ်ပွဲ၌ အများစု၏ ပစ်မှတ်မှာ ဟောင်ကျူဂီနှင့် ရီဖူရှင်းတို့ ဖြစ်ကြကာ သူတို့ နှစ်ယောက်လုံးသည် တစ်နေရာတည်း၌ ရှိကြ၏။ ထို့ကြောင့် သူတို့အား ဝိုင်းရံထားသော သူများမှာ မည်မျှ များပြားမည်ကို ခန့်မှန်း၍ ရသည်။ တိုက်ပွဲဝင်္ကပါ အတားအဆီး များစွာက ရီဖူရှင်းနှင့် တန်ခိုးရှင် လေးယောက်အား ဗဟိုထား၍ ဝိုင်းထားကြ၏။
ကျန်ကျောင်း၊ ယွန်ရှင်းနှင့် တခြားလူများမှာလည်း ပိတ်ဆို့ခံထားရကာ အခြေအနေ သိပ်မကောင်းပေ။ ကျန်ကျောင်းနှင့် ဓားသမား ရှစ်ယောက်တို့က ဦးဆောင် တိုက်ခိုက် နေကြကာ သူတို့သည် အာကာသ လောကဓာတ်အား ကျွမ်းကျင်ရာ တိုက်ခိုက်ရေး စွမ်းရည်၌ ပြိုင်ဘက်ကင်း ပေသည်။ သို့သော်လည်း ယွန်ရှင်းနှင့် တခြားလူများသည် မှော်ပညာရှင်များ ဖြစ်ကြရာ ရန်သူများ ဝိုင်းရံထားသော အခြေအနေ၌ အောက်စည်းသို့ ရောက်ရှိနေခဲ့သည်။ ကျန်ကျောင်းနှင့် သူ့လူများက အဆက်မပြတ် ပိတ်ဆို့ တိုက်ခိုက်ကာ သူတို့အား ကာကွယ် ပေးနေရသည်။
သို့တိုင်အောင် ယွန်ရှင်းနှင့် တခြားလူများသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ သူမသည် ရေခဲနန်းတော် သခင်ဖြစ်ကာ ကောင်းကင်မြေရိုင်း အဆင့်၌ နံပါတ်နှစ် ဖြစ်သော်လည်း လက်ရှိ တိုက်ပွဲတွင် ထောက်ပံ့ကူညီသူ၏ အခန်းကဏ္ဍကိုသာ ဆောင်ရွက်နိုင်သည်။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေသုံးခု၏ ပိတ်ဆို့ တိုက်ခိုက်ခြင်းက သူမအား အခြေအနေ ဆိုးရွားစေကာ သူမ၏ တိုက်ခိုက်ရေး ဝင်္ကပါအတွင်း၌ လူအများအပြားမှာလည်း သတ်ဖြတ် ခံခဲ့ရသည်။
“ယူချင်း ... အစ်ကိုကြီး … သခင်မယွန်ကို သွားပြီးတော့ ကာကွယ်ကြ” ရီဖူရှင်းက ယူချင်းနှင့် ဓားသခင်တို့အား ပြောသည်။ သူတို့ နှစ်ယောက်လုံးက ရီဖူရှင်းအား တွန့်ဆုတ်စွာ ကြည့်ကြသည်။ ရီဖူရှင်းသည်လည်း ရန်သူများ အဝိုင်းခံထားရ၏။ အဆုံးမဲ့ပင်လယ်မှ ရန်သူများမှာ မရေမတွက် နိုင်အောင် များပြားပြီး အကယ်၍ သူတို့သာ အဆက်မပြတ် ဖိအားပေး တိုက်ခိုက်လာလျှင် ရီဖူရှင်းက မည်သို့ တောင့်ခံ နိုင်မည်နည်း။
“သွားပါ...” ယွန်ရှင်း၏ အခြေအနေ အလွန်ဆိုးရွား လာသည်ကို မြင်လျှင် ရီဖူရှင်းက နောက်တစ်ခေါက် တိုက်တွန်း ပြောဆိုသည်။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်...” ဓားသခင်က ခေါင်းညိတ်ကာ လျှပ်စီးအလား လမ်းရှင်းလျက် ဖောက်ထွက်ရန် ကြိုးစားသည်။
“သူတို့ကို သွားခွင့်ပေးလိုက်...” ရန်သူများက ဓားသခင်နှင့် ယူချင်းတို့အား ထိုနေရာမှာ သွားခွင့် ပေးကြသည်။
ဤမိစ္ဆာပညာရှင် နှစ်ယောက်သည် အလွန် အန္တရာယ်များပြီး သူတို့၏ လက်ထဲ၌ လူအများအပြား သေဆုံးခဲ့သည်။ ဤတိုက်ပွဲ၌ သူတို့၏ အဓိက ပစ်မှတ်သည် ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့ ဖြစ်ကြသည်။ ဓားသခင်နှင့် ယူချင်းတို့က ရီဖူရှင်း၏ အနီးမှ ထွက်သွားခြင်းသည် သူတို့အတွက် ရီဖူရှင်းအား သတ်ဖြတ်ရန် ပိုမို လွယ်ကူစေသည်။ ယခုကား ရီဖူရှင်း၏အနီး၌ ဟောင်ကျူဂီနှင့် ဟွာဂျီယူတို့သာ ကျန်ခဲ့သည်။
ထိုစဉ် အဝေးမှ တန်ခိုးရှင် အုပ်စုတစ်ခုအား ဦးဆောင်လာသော ရှန့်ထိုတစ်ပါးကို မြင်ကြသည်။ တိုက်ပွဲအား ကြည့်နေသော လူများက သူတို့အား လှမ်းကြည့်လျှင် ဆင်တူ ဝတ်ဆင်ထားသော မိန်းမလှများကို မြင်ကြသည်။
“မင်း ...” ဦးဆောင်လာသော မိန်းမအား ကြည့်ကာ ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးများက အရောင်လက် သွားသည်။ သူမကား အရှေ့ဘက် ပြည်နယ်၏ နံပါတ်တစ် မိန်းမလှ ဖြစ်သော မှန်နန်းတော် သခင်မ ဖြစ်သည်။ သူတို့က ကျောက်ပြည်ထောင် မြို့တော်၌ ဖီးနစ်စစ်တပ်အား တားဆီးခဲ့ကာ ယခု မြေရိုင်း ပြည်နယ်သို့ ရောက်ရှိ လာခြင်းကြခြင်း ဖြစ်သည်။
“မှန်နန်းတော် သခင်မ ရောက်လာမယ်လို့ ငါ မထင်ထားဘူး ...” ရှန့်ထိုရှား၏ လက်ထဲမှ နယ်ရုပ်သည် လေထဲတွင် ရပ်တန့်နေကာ သူက မှန်နန်းတော် သခင်မဘက်သို့ ကြည့်သည်။ ယခု သူမ၏ အမူအရာမှာ အလွန်အမင်း အေးစက်နေပြီး မျက်လုံးများ၌ သတ်ဖြတ်ခြင်း အငွေ့ အသက်များဖြင့် ပြည့်နေသည်။
မှန်နန်းတော် သခင်မက တိုက်ပွဲအား ကြည့်ကာ ရီဖူရှင်းဘက်သို့ လှည့်လျက် ပြောသည် ... “သူ့ကို သွားပြီးတော့ ကယ်ထုတ် လာခဲ့”
“ဟုတ်ကဲ့ပါ သခင်မ...” မှန်နန်းတော်မှ တန်ခိုးရှင်များက ရီဖူရှင်းရှိရာသို့ လှမ်းသွား လိုက်ကြသည်။
“ဘာ...” ကျောက်ပြည်ထောင် ဘုရင်က ထိုမြင်ကွင်းအား ကြည့်ကာ အံ့အားသင့် သွားသည်။ သူမက ရီဖူရှင်းအား ကူညီမည်ဟု သူ မထင်ထားပေ။
“သိပ်ပြီး မစိုးရိမ်ပါနဲ့ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ် ... တိုက်ပွဲ ပြီးသွားတဲ့အခါ ခင်ဗျားက ဒီမိန်းမကို ရမှာပါ” ရှီဟွာတောင် ရှန့်ထိုက မှန်နန်းတော် သခင်မအား ကြည့်ကာ အေးစက်စွာ ပြောသည်။
“သူတို့ကို သွားတား ...” အဆုံးမဲ့ပင်လယ်မှ ရှန့်ထိုများက အမိန့်ပေးသည်။ များစွာသော တန်ခိုးရှင်များက မှန်နန်းတော်မှ တန်ခိုးရှင်များကို သွားရောက် တားဆီးကြသည်။
“ပင်လယ် နန်းတော် ရှန့်ထို၊ မြောက်ဘက် ချောက်နက်... ခင်ဗျားတို့ လူတွေကို ပိုပြီးတော့ ဖိအားပေး တိုက်ခိုက်ခိုင်းလို့ မရဘူးလား” ရှန့်ထိုကျိက ပြောသည်။
လက်ရှိတွင် ရီဖူရှင်း၊ ဟောင်ကျူဂီနှင့် ဟွာဂျီယူတို့သာ သီးသန့် ကွဲထွက်နေရာ သူတို့အနေဖြင့် သတ်ဖြတ်ရန် အကောင်းဆုံး အချိန်အခါ ဖြစ်သည်။
“ကောင်းပြီ ...” ပင်လယ်ရှန့်ထိုက ပြန်ပြောကာ သူ့လူများအား အချက် ပေးသည်။ မလှုပ်ရှား ရသေးသော များစွာသော တန်ခိုးရှင်များက ရီဖူရှင်းထံသို့ ပျံသန်း သွားကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းနှင့် သူ့လူများအား အလွန် သိပ်သည်းသော ကြယ်တာရာ အရံအတားတစ်ခု ကာကွယ်ထားကာ ရန်သူများ၏ တိုက်ခိုက်မှုက အကာအကွယ်ကို ထွင်းဖောက်နိုင်ခြင်း မရှိသေးပေ။
လေထဲတွင် တိုက်ပွဲဝင်္ကပါသုံးခု ပေါ်လာသည်။ သူတို့၏ လူအရေအတွက်မှာ သိပ်မများ သော်လည်း ဝင်္ကပါတစ်ခုစီက တော်ဝင်မြေ တစ်ခုစီ၏ လက်ရွေးစင်များကို ရွေးထုတ်ထားခြင်း ဖြစ်ရာ အလွန် အားကောင်း ပေသည်။
ရီဖူရှင်း၏ ရှေ့၌ ရှိနေသော တန်ခိုးရှင်များသည် ပင်လယ် နန်းတော်မှ ဖြစ်ကြ၏။ သူတို့အား ဦးဆောင်သူမှာ ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ် ဆယ့်ခုနစ်ရှိသော အော့ဖန် ဖြစ်သည်။ ဘယ်ဘက်မှ ဝင်္ကပါကို ဦးဆောင်သူသည် မြောက်ဘက် ချောက်နက်၏ စွမ်းအား အမြင့်ဆုံး ရှီတန်ခိုးရှင် ဖြစ်သည်။ ညာဘက်မှ နတ်ဘုရား ကမ်းပါး၏ တန်ခိုးရှင်များကို ဦးဆောင်သူသည် ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ရန်ချီဖြစ်သည်။
တော်ဝင်မြေ သုံးခုမှ စွမ်းအား အမြင့်ဆုံး ရှီတန်ခိုးရှင် သုံးဦးသည် ဝင်္ကပါများအား ဦးဆောင်ကာ ရီဖူရှင်းအား တားဆီးလျှင် သူတို့က ရီဖူရှင်းအား သတ်ဖြတ်ရန် မည်မျှ စိတ်ပိုင်းဖြတ် ထားကြောင်း သိသာစေသည်။
အဆုံးမဲ့ ပင်လယ်မှ မရေမတွက် နိုင်သော တန်ခိုးရှင်များ ရှိနေကြသည်။
အော့ဖန်က ဝင်္ကပါမှ စွမ်းအားများကို စုစည်းလျှင် သူ့ကိုယ်ရောင် ကိုယ်ဝါမှ ကြောက်မက်ဖွယ် ကောင်းလာသည်။ သူ၏ တိုက်ခိုက်ရေး ပုံစံမှာ အလွန်မြင့်မားပြီး သူ၏ သက်စောင့် ဝိညာဉ်သည် ငွေနဂါး တစ်ကောင် ဖြစ်သည်။
သူ့အား ဗဟိုပြု၍ ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြစ်ပေါ် လာသည်။ သူ့လက်တွင် တော်ဝင် ရတနာဖြစ်သော သုံးခွမှိန်းအား ကိုင်ထား၏။ သူ၏ လက်တစ်လျှောက် အရပ်တွင် ကြောက်မက်ဖွယ် ငွေရောင် လျှပ်စီးများနှင့်အတူ ကြယ်တာရာ အရံအတားကို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ အရံအတားမှာလည်း တစ်တိတိ ပြိုပျက်လာ၏။
“ရီဖူရှင်း ... အချိန်နဲ့ လေဟာနယ်လှံနဲ့ ဟောင်ကျူဂီကို ပေးအပ်ပါ။ လက်နက်ချ အညံ့ခံရင် မင်းမိန်းမ အသက်ကို ချမ်းသာ ပေးလိုက်မယ်” အော့ဖန်က မခိုးမခန့်ပြုံးကာ ပြောသည်။
ရီဖူရှင်း၏ မျက်နှာက တည်ကြည် လေးနက် သွား၏။ သူက အချိန်နဲ့ လေဟာနယ်လှံကို ကိုင်စွဲကာ တိုက်ပွဲဝင်္ကပါ၏ စွမ်းအား အထောက်အပံ့ကို ယူသည်။ ယခု အော့ဖန်ထံမှ ရသော အရှိန်အဝါသည် ကျိရာ တစ်ယောက်တည်း၏ စွမ်းအားထက် အားကောင်းသည်ဟု သူ ခံစားရသည်။
ရီဖူရှင်း၏ ကိုယ်ရောင် ကိုယ်ဝါကလည်း အားကောင်း လာခဲ့ပြီး သူက နတ်ငှက်၏ တိုက်ခိုက်ရေးပုံစံကို ယူသည်။ သွေးကြောမ ခုနစ်ခု အသက်ဝင်လာခဲ့လျှင် သူ့တစ်ကိုယ်လုံး ကြောက်မက်ဖွယ် ခွန်အားများဖြင့် ပြည့်နှက် လာခဲ့သည်။
ရှန့်ထိုကျဲက တိုက်ပွဲ အပြင်တွင် ရပ်ကြည့်နေခဲ့ကာ သူ့နောက်တွင် ခွန်ယိုနှင့် တန်ခိုးရှင် တစ်စုတို့သည် ရီဖူရှင်းအား လှမ်းကြည့် နေကြ၏။ သူတို့က တခြား နေရာများတွင် သွားရောက် တိုက်ခိုက်ခြင်း မရှိဘဲ ရီဖူရှင်းကိုသာ မျက်တောင်မခတ် ကြည့်နေကြ၏။
“ဒီနေ့တော့ ဒီလောက်ပဲ...” ရှန့်ထိုရှားက စစ်တုရင်ခုံပေါ်မှ နယ်ရုပ်များအား ဖရိုဖရဲ ဖျက်လိုက်ကာ ပြောသည်။ ရှန့်ထိုလီက ရှန့်ထိုရှားအား ကြည့်ကာ ဆွံ့အရသည်။ ခင်ဗျားက ရှုံးခါနီးမှ ဒီလိုဖျက်ဆီး လိုက်ရသလား။
ရှန့်ထိုရှားက ရှန့်ထိုလီ၏ အကြည့်ကို ခံစားမိဟန် မတူပါ။ သူက ရီဖူရှင်းရှိနေရာ စစ်မြေပြင်သို့ ကြည့်နေသည်။ ထို့အတူ တော်ဝင်ကျဲ နန်းတော်မှ လူများသည်လည်း အချင်းချင်း၏ တည်နေရာနှင့် အခြေအနေကို ခံစားမိသည့် အလျောက် ရီဖူရှင်းရှိနေရာသို့ သွားရောက်ရန် ကြိုးစားနေကြသည်။ ထို့ကြောင့် စစ်မြေပြင် တစ်ခုလုံးသည် ဆုံမှတ် တစ်ခုတည်း၌ ပေါက်ကွဲ ဖြစ်ပေါ် လာမည့်ပုံဟန် ရှိနေသည်။
***