← Chapters

ပိတ်ကွန်ထဲမှ သားကောင်

Vol. 010 Ch. 992

ပိတ်ကွန်ထဲမှ သားကောင်

Vol. 010 Ch. 992

ဘန်း...

ဘန်းခနဲ မြည်သံနှင့်အတူ လျှပ်စီးနဂါးသည် သုံးခွမှိန်း၏ လက်ချက်တွင် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား၏။ အော့ဖန်၏ ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းများ ထွက်ပေါ် နေသော်လည်း သူ၏မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ အလျှင်းမရှိပေ။ သူက အေးစက်သော မျက်လုံးများဖြင့် ရီဖူရှင်းကို လှမ်းကြည့်သည်။

ထိုနေရာတွင် နတ်ဘုရား ကမ်းပါးမှ တန်ခိုးရှင်များကား အားလုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။ အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေ သုံးခုသည် ဝင်္ကပါသုံးခု စုဖွဲ့တိုက်ခိုက် ခဲ့ကြသော်လည်း ယခု နှစ်ဖွဲ့မှာ ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။ သည်နည်းစနစ်က ရီဖူရှင်းအတွက် အထူးတလည် ဖန်တီး ပြင်ဆင်ထားခြင်း ဖြစ်သည်။ ရီဖူရှင်းအား တခြား တန်ခိုးရှင်များဖြင့် သီးသန့် ခွဲထုတ်ကာ သူ့အား ဝင်္ကပါများဖြင့် ပူးပေါင်း သတ်ဖြတ်ရန် ဖြစ်သည်။

ဤသို့သော အသာစီး အခြေအနေတွင် ရှန့်ထို အဆင့်အောက်မှ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်မည် ဖြစ်သည်။ ပြည်နယ်ကိုးခု ရှီအဆင့်ဝင်များလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့တိုင်အောင် ယခု ဝင်္ကပါနှစ်ခုမှာ ရီဖူရှင်းတို့၏ လက်ချက်ကြောင့် ပျက်စီးခဲ့ရ၏။ လက်ရှိ ရီဖူရှင်း၏ စွမ်းရည် မည်မျှ မြင့်မားသည်ကို သိသာ ထင်ရှားစေ၏။ ဝင်္ကပါ ပျက်စီးသွားသည်နှင့် သူ့လက်ချက်အောက်တွင် မည်သူမဆို သေဆုံးရပေမည်။ ထို့အတူ ဟွာဂျီယူထံမှ စိတ်နယ်လွန် စွမ်းအားများကလည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

အော့ဖန်သာမဟုတ်၊ လေထဲမှ ရှန့်ထိုများကလည်း ရီဖူရှင်းအား သေသေချာချာ ကြည်နေကြသည်။ ဟွာချင်းချင်း၏ စွမ်းရည်ဖြင့် တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များ သည်လည်း ရီဖူရှင်း၏ အခြေအနေကို မြင်နေကြရ၏။ သူ၏ သက်စောင့်ဝိညာဉ် ပျက်စီး သွားခြင်းမှာ တန်ခိုးရှင် တစ်ယောက်အတွက် ကြီးမားသော ဒဏ်ဖြစ်စေနိုင်သည်။

အခန့်မသင့်လျှင် သူ၏ တန်ခိုးကျင့်ကြံခြင်း သည်လည်း ပြင်းထန်စွာ ထိခိုက် ပျက်စီးနိုင်ပေသည်။ အနာဂတ်တွင်လည်း သူ၏ကျင့်ကြံခြင်းမှာ နှေးကွေး သွားစေနိုင်ပေလိမ့်မည်။

တော်ဝင်ကျဲနန်းတော်မှ လူများအားလုံး၏ စိတ်နှလုံးများမှာ ပြင်းထန်စွာ တုန်ခါနေကြ၏။ သူတို့မှာ အလွန်အမင်း စိုးရိမ်နေကြသည်။ လက်ရှိ ပြင်းထန်စွာ တိုက်ခိုက် နေကြသူများပင် ရီဖူရှင်း၏ အခြေအနေကို အာရုံစိုက် နေကြ၏။

ဝေါ့...

သွေးအန်သံ တစ်ခုမျှက စစ်မြေပြင် တစ်ခုလုံးမှ တန်ခိုးရှင်များ၏ စိတ်အခြေအနေကို ပြောင်းလဲစေသည်။ ရီဖူရှင်း သွေးအန်သည်ကို မြင်လျှင် တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များမှာ မျက်နှာကြီးစွာ ပျက်ယွင်း သွားကြ၏။

လက်ရှိ နန်းတော်အား ယနေ့ အဆင့်အတန်းသို့ မြှင့်တင်လာခဲ့ပေးသူ နာမည်ကျော် နန်းတော်သခင်ကား ယခု တော်ဝင်မြေ ခုနစ်ခု၏ ပူးပေါင်း တိုက်ခိုက်မှုတွင် အဆုံးသတ်တော့မည်လား။ သူသာ အဆုံးသတ်ခဲ့ပါက နန်းတော်သည်လည်း သူ၏နောက်သို့ လိုက်ကာ ပျက်စီးပေလိမ့်မည်။ ရှန့်ထိုကျိ၊ ရှီဟွာတောင်ရှန့်ထိုနှင့် တခြား လူများသည်ကား ရီဖူရှင်း သေဆုံးမည်ကို မစောင့်နိုင်တော့ဟန်ဖြင့် စိတ်အားထက်သန်စွာ ကြည့်နေကြ၏။

စစ်မြေပြင် တစ်ခုလုံး ပြင်းထန်သော ဖျက်ဆီးခြင်း မုန်တိုင်းများ ဖြစ်ပေါ်နေသော်လည်း လူတိုင်းက ဖော်မပြတတ်သော တိတ်ဆိတ်မှုကို ခံစားကြရ၏။ လေပြင်းတစ်ချက် ရိုက်ခတ်သွားကာ ရီဖူရှင်း၏ဆံပင်များ တဖျတ်ဖျတ် လွင့်သည်။ သူ၏ အဖြူရောင် ဝတ်စုံသည် သွေးအလိမ်းလိမ်း ပေကျံနေ၏။ သူ၏မျက်နှာသည် အနည်းငယ် ပြာနှမ်းနေသော်လည်း မူလကဲ့သို့ ချောမောနေဆဲ။

ရီဖူရှင်းက ပါးစပ်ထောင့်မှ သွေးစများအား ဘယ်လက်ဖြင့် သုတ်လိုက်၏။ သူက လက်ဆန့်တန်းကာ ပိုင်ရှင်မဲ့ ရတနာစေတီအား သိမ်းဆည်း လိုက်၏။ ထို့နောက် အားလုံး၏ အကြည့်အောက်တွင် ရီဖူရှင်းက လှံရှည်အား အော့ဖန်ထံသို့ ချိန်ရွယ်ကာ အေးစက်စက် ပြုံးလျက်မေးသည်... “သေဖို့ အဆင်သင့်လား...”

ရွှေရောင် တောင်ပံနတ်ငှက်က တလက်လက် တောက်ပနေခြင်းက သူ့သက်စောင့် ဝိညာဉ်နှစ်ခု ပျက်စီးသွားလျှင်ပင် သူ့တွင် တခြား သက်စောင့်ဝိညာဉ်များ ရှိနေသေးသည်ဟု ကြေညာ နေသယောင်ယောင်။ သူကား ပြည်နယ်ကိုးခုတွင် ပြိုင်ဘက်ကင်းဆဲ။

“သူက ဘယ်လိုလုပ် အဆင်ပြေ နိုင်ရတာလဲ...” အော့ဖန်၏မျက်နှာက ပျက်ယွင်း သွားသည်။ သိုသော်လည်း သူက သိပ်မယုံပေ။ သက်စောင့်ဝိညာဉ်နှစ်ခု ပျက်စီးသွားခြင်းက မည်သို့ မထိခိုက်ဘဲ နေမည်နည်း။

တော်ဝင်ကျဲ နန်းတော်မှ လူများ၏ စိတ်ဓာတ်များ တစ်ဖန် တက်ကြွလာကြ၏။ သူတို့က ပိုမို ပြင်းထန်စွာပင် တိုက်ခိုက်ကြသည်။ သူတို့အားလုံးတွင် စစ်ပွဲအပေါ် ဆာလောင်သော စိတ်များ ဖြစ်ပေါ် လာကြသည်။

ဝင်္ကပါသုံးခုမှ နှစ်ခုမှာ ပျက်စီးသွားပြီး ထိုအထဲမှ လူများအားလုံး အသတ်ခံရ၏။ နောက်ဆုံး ဝင်္ကပါ တစ်ခုတည်းသာ ကျန်ရစ်တော့ရာ သူတို့က ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား မည်သို့ တားဆီးမည်နည်း။ ရီဖူရှင်းအား စွမ်းအား အမြင့်ဆုံး ဝင်္ကပါများမှလွဲ၍ မည်သူတို့ တားဆီး နိုင်မည်နည်း။

ရီဖူရှင်းကား အမှန်တကယ် ဒဏ်ရာ ရနေခဲ့၏။ လျှပ်စီးနဂါးနှင့် လူဝံကြီးတို့မှာ သူ့မူလ ဝိညာဉ်မှ မွေးဖွားပေးထားခြင်း ဖြစ်သော်လည်း ထိုအရာများသည် သက်စောင့်ဝိညာဉ် ဖြစ်သည်။ သက်စောင့် ဝိညာဉ်များ ပျက်စီးခြင်းက သူ့အား ကြီးစွာ ဒဏ်ဖြစ်စေသလို ထိုဒဏ်မှာလည်း မနည်းပေ။ သို့သော် သူကား တော်ဝင်ကျဲ နန်းတော်၏ ကျောထောက် နောက်ခံ ဖြစ်သည်။ သူ့ဒဏ်ရာများက မည်မျှ ပြင်းထန်ပါစေ၊ သူ့အနေဖြင့် တော်ဝင်ကျဲ နန်းတော် တစ်ခုလုံး ရှေ့တွင် မားမားမတ်မတ် ရပ်နိုင်ရပေမည်။

ဒဏ်ရာသည် အလွန် ပြင်းထန်သော်လည်း သူ့အခြေခံ အုတ်မြစ်ကိုမူ မထိခိုက်စေနိုင်ပေ။ သက်စောင့်ဝိညာဉ်များမှာ သူ၏စစ်မှန်သော မူလဝိညာဉ်များ မဟုတ်ရာ အနည်းဆုံး သူ့အား ဒဏ်ရာ ပြင်းထန်စွာ ရနိုင်စေခြင်းမှလွဲ၍ တခြား အထိအခိုက် မရှိပေ။ မဟုတ်လျှင် သူက သက်စောင့် ဝိညာဉ်များအား စတေး၍ ရန်သူဝင်္ကပါနှစ်ခုအား ဖျက်ဆီးခဲ့မည် မဟုတ်ပေ။ လက်ရှိတွင် အော့ဖန် ဦးဆောင်သော ပင်လယ်နန်းတော်မှ တန်ခိုးရှင်များသာ ကျန်ရစ်ပေပြီ။ သူတို့၏ အနေအထားက ရီဖူရှင်းအား အန္တရာယ် မပေးနိုင်ပေ။

အချိန်နှင့် လေဟာနယ်လှံမှ ပြင်းထန်သော ထွင်းဖောက်ခြင်း ဓာတ်များ ဖြာထွက်နေသည်။ ရွှေတောင်ပံနတ်ငှက်က သူ့ခန္ဓာကိုယ်အား ခြုံလွှမ်းလျက် ရီဖူရှင်းသည် ရှေ့သို့ တက်၏။ ဟွာဂျီယူသည်လည်း လေထဲသို့ တဖြည်းဖြည်း ပျံတက်လာခဲ့ကာ ရီဖူရှင်း၏နောက်၌ ပေါ်လာသည်။ သူမ၏ ညို့ငင်နိုင်စွမ်းသော မျက်လုံးများက အော့ဖန်နှင့် ရန်သူများအား အေးစက်စွာ ကြည့်သည်။ မမြင်ရသော စိတ်နယ်လွန် စွမ်းအားများ ထိုနေရာ တစ်ခုလုံးသို့ ခြုံလွှမ်းလာခဲ့လျှင် အားလုံး၏ မျက်နှာမူအရာများ ပြောင်းလဲသွားကြ၏။ နတ်ဘုရားကမ်းပါးနှင့် မြောက်ဘက်ချောက်နက် တန်ခိုးရှင်များ မည်သို့ ခံစားခဲ့ရသည်ကို သူတို့  နားလည် လာကြ၏။

ထိုစွမ်းရည်က ဝင်္ကပါများ၏ အတားအဆီးများကို လုံးဝ လျစ်လျူရှုကာ သူတို့၏ စိတ်နယ်ပယ်သို့ တိုက်ရိုက် လာရောက် တိုက်ခိုက်နိုင်၏။ သူတို့မြင်နေသည်က ဟွာဂျီယူ မဟုတ်ဘဲ ကြီးမြတ်သော ဘုရင်မတစ်ပါးအလား ထင်မှတ်ရကာ ကိုးကွယ် ဆည်းကပ်လိုစိတ်များ ဖြစ်လာကြသည်။ သူတို့ခံစားချက်ကား ပုံရိပ်ယောင် ကမ္ဘာထဲ၌ လျှပ်စီးမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခိုက်နေကြကာ ကောင်းကင်မှ ပြစ်ဒဏ်ခတ်ခြင်းအလား သူတို့အတွက် ပြေးပုန်းစရာ မရှိသည့် ခံစားချက်မျိုး ဖြစ်သည်။

“မင်းတို့ရဲ့ စိတ်အသိကို သေသေချာချာ ဂရုစိုက်ကြ...” အော့ဖန်က အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိဟန်ဖြင့် ပြောသည်။ ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များ၏ စိတ်စွမ်းအားများ တစ်ပေါင်းတည်း ဖြစ်သွားကာ စိတ်ဝိညာဉ် လှိုင်းများသည် ဟွာဂျီယူ၏ စိတ်နယ်လွန် တိုက်ခိုက်မှုများအား တားဆီးသည်။

သို့သော် ထိုအခိုက်တွင်ပင် ပြင်းထန်သော စိတ်ဝိညာဉ် လှိုင်းမုန်တိုင်းများ ဖြတ်သန်း ရိုက်ခတ်လာခဲ့၏။ လေထဲတွင် စိတ်နယ်လွန် စွမ်းအားများ သူတို့၏ စိတ်နယ်ပယ်ထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ စိတ်များ ဆက်နွယ် ထားကြ၏။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းကလည်း လှုပ်ရှားသည်။ လေထဲသို့ ခြေတစ်လှမ်းမျှဖြင့် နတ်ငှက်က လေထဲကို အရိပ်အသွင်ဖြင့် ထွင်းဖောက် သွားသည်။ အချိန်နှင့် လေဟာနယ် လှံရှေ့တွင် မရေမတွက်နိုင်သော အမှုန်အမွှားများ လင်းလက် တောက်ပ နေကြသည်။ အမှုန်အမွှားတိုင်းသည် သေးငယ်သော်လည်း ကြယ်တာရာ တစ်ခုစီ၏ စွမ်းအားများကို သယ်ဆောင် ထားကြသလို ထွင်းဖောက်ခြင်း လောကဓာတ်များ၏ အထောက်အပံ့များ ကိုလည်း ယူထားသည်။

အော့ဖန်က ဒေါသတကြီး အော်ဟစ်ကာ ပင်လယ်နတ်ဘုရား တစ်ပါအလား သုံးခွဲမှိန်းဖြင့် ထိုးနှက်လျှင် တိုက်ခိုက်မှု နှစ်ခုက လေထဲတွင် ရင်ဆိုင်မိသည်။ ပြင်းထန်သော ပေါက်ကွဲမှုများသည် အနီးပတ်လည် တစ်ဝိုက်သို့အထိ ဖျက်ဆီးခြင်း လှိုင်းလေများ ဖြစ်သွားစေသည်။ အားလှိုင်းများကြောင့် အနီးတွင် တိုက်ခိုက်နေကြသော တန်ခိုးရှင် အများအပြားသည် အဝေးသို့ လွင့်စဉ်ရ၏။

ရီဖူရှင်းကလည်း နောက်သို့ ဆုတ်သွား ရသော်လည်း အတောင်ပံကို ဖြန့်ကာ ဟန်ချက်ကို ထိန်းပြီး နတ်ဘုရား ငှက်အသွင်ဖြင့် လေထဲ၌ လှပစွာ ကခုန်၏။ ထိုအခိုက်တွင် ကောင်းကင်နှင့် မြေပြင်မှ စွမ်းအားများ အားလုံးသည် သူတစ်ယောက်တည်း အသုံးပြုရန် အလို့ငှာ စုစည်း ဖြစ်ပေါ် လာကြတော့သည်။

အော့ဖန်၏ အခြေအနေမှာလည်း သိပ်မကောင်းပေ။ သူက တစ်ချက် ညည်းလိုက်ကာ ဝင်္ကပါသည်လည်း အချိန်မရွေး ပျက်စီးလု ဖြစ်လာ၏။ သူတို့မှာ ဟွာဂျီယူ၏ စိတ်နယ်လွန် တိုက်ခိုက်မှုများ ကိုလည်း အဆက်မပြတ် ခုခံနေရရာ အားများ ပြတ်တောက်လုနီးပါး ဖြစ်လာနေသည်။ ရီဖူရှင်း တစ်ယောက်တည်းက သူတို့အနေဖြင့် ရင်ဆိုင်ရ အလွန် ခက်ခဲနေပြီးဖြစ်ရာ လက်ရှိတွင် သူတို့ အခြေအနေသည် အလွန် ဆိုးဝါးလာခဲ့၏။

လင်းလက်သော ရောင်စဉ်များနှင့်အတူ ရွှေတောင်ပံ နတ်ငှက်သည် တစ်ဖန် လှပစွာ ဆင်းသက် လာခဲ့ပြန်၏။ ကောင်းကင်ထက်တွင် ဧရာမနတ်ငှက်၏ ပုံရိပ်သည် အန်တုနိုင်ခြင်းငှာ မတတ်နိုင်သော ခံစားချက်အား ပေး၏။

အချိန်နှင့် လေဟာနယ်လှံမှ ထုတ်လွှတ်သော စွမ်းအားသည်လည်း ပထမ တိုက်ခိုက်မှုထက် အားကောင်းဟန် ရနေ၏။ အော့ဖန်ကား တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခံစားမိသည်တွင် သူ၏မျက်နှာမှ ယုံကြည်မှုရှိသော သွင်ပြင်မှာ ပျောက်ကွယ်သွားပြီး ဝင်္ကပါမှ စွမ်းအားများကို အရူးအမူး စုစည်းကာ ခုခံရန် ပြင်ဆင်သည်။ တစ်ဖန် ပြင်းထန်သော ရင်ဆိုင်မှု ဖြစ်ပွား၏။

ဘုန်း..

ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားလာခဲ့သည်။ အော့ဖန်မှာ ပင်လယ် နတ်ဘုရားအလား အားကောင်းဟန် ရသော်လည်း ထိုအခိုက်တွင် နောက်သို့ ထိတ်လန့်တကြား ဆုတ်ခွာရ၏။ ဝင်္ကပါထဲမှ လူများသည်လည်း မျက်နှာများ ပြာနှမ်းသွားကြကာ သွေးများ တစ်ပွက်ပွက် အန်ကြသည်။ သို့သော် နတ်ငှက်ကား လေဟုန်စီးကာ သူတို့ထံသို့ ကွေ့ဝိုက် ပျံသန်းလာခဲ့ပြန်ကာ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားမှာလည်း သူ့အနီး၌ အားကောင်းစွာ စုစည်း လာကြပြန်သည်။

ကောင်းကင်ထက်တွင် ပင်လယ်ရှန့်ထို၏ မျက်နှာက သုန်မှုန်လာ၏။ ဝင်္ကပါသည် ရီဖူရှင်းအား ဆက်လက် တားဆီးနိုင်တော့မည် မဟုတ်ကြောင်း သူတွက်ဆမိသည်။ ရီဖူရှင်းကား သက်စောင့်ဝိညာဉ် ပျက်စီးသွားပြီးနောက် ပိုမိုပြင်းထန်စွာပင် တိုက်ခိုက်လာခဲ့သည်။ ပြည်နယ်ကိုးခု၌ အဘယ်ကြောင့် ဤသို့ ပါရမီရှင်တစ်ဦး ပေါ်ထွက် လာခဲ့ရသနည်း။ ယနေ့ သူတို့သာ ရီဖူရှင်းအား သတ်ဖြတ်နိုင်ခြင်း မရှိခဲ့လျှင် အနာဂတ်တွင် သူတို့ အားလုံးအတွက် ကြီးမားသော ဘေးဒုက္ခများအား သယ်ဆောင် လာပေလိမ့်မည်။

ယနေ့ တော်ဝင်မြေ ခုနစ်ခုက မဟာမိတ်ဖွဲ့ကာ တော်ဝင်ကျဲ နန်းတော်အား လာရောက် တိုက်ခိုက်ကြ၏။ အကယ်၍ ယနေ့တွင်သာ တော်ဝင်ကျဲနန်းတော် မပျက်စီးလျှင် အနာဂတ်တွင် မည်သည့် တော်ဝင်မြေက သူတို့အား တားဆီး နိုင်တော့မည်နည်း။

ယခု လေပြင်းများ ရိုက်ခတ်လာခဲ့ကာ ရွှေတောင်ပံ နတ်ငှက်က တစ်ဖန် ဆင်းသက် လာခဲ့ပြန်သည်။ လှပသော အလင်းတန်းသည် ကောင်းကင်အား ဆေးဝါရောင် ခြယ်သသွားဟန် ရ၏။ လေဟာနယ်အား ထိုးခွင်းလာသော အလင်းတန်းသည် စုစည်းလာသော အရှိန်အဟုန်ကြောင့် တဖြည်းဖြည်း ကြီးမားလာခဲ့၏။

ရီဖူရှင်း၏ တိုက်ခိုက်မှုကြောင့်သာ မဟုတ်ဘဲ ဟွာဂျီယူ၏ စိတ်နယ်လွန် စွမ်းအားများကြောင့် ဝင်္ကပါပြိုလဲကာ လူများစွာတို့သည် နာကျင်စွာ အော်ဟစ်ကြရ၏။ အင်အားနှစ်ခု တစ်ပြိုင်နက်တည်း တိုက်ခိုက်လျှင် အဆုံးစွန်သော ပျက်စီးခြင်းကို ဖြစ်ပေါ်စေ၏။

အလင်းတန်းက ရိပ်ခနဲ ဖြတ်သန်းသွားလျှင် ပြည်နယ်ကိုးခု ရှီအဆင့်၌ အဆင့်(၁၇) တွင်ရှိသော အော့ဖန်၏ ဦးခေါင်းမှာ ပေါက်ကွဲပျက်စီး သွားသည်ကို အားလုံးက မြင်ကြရ၏။ ထိုလှံချက်အား ရီဖူရှင်းက သတ်ဖြတ်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရှိရှိသမျှသော စွမ်းအားများကို စုစည်းကာ ထိုးနှက်ခဲ့ခြင်း ဖြစ်၏။

“ဝင်္ကပါသုံးခု ပျက်စီးသွားပြီ...” ရွှေတောင်ပံ နတ်ငှက် ဖြတ်သန်းသွားရာ တစ်လျှောက်လုံး သွေးရောင်များ လွှမ်းသွားကာ ပင်လယ်နန်းတော်မှ တန်ခိုးရှင် တစ်ဦး တစ်ယောက်စီတိုင်း သတ်ဖြတ် ခံရသည်ကို အားလုံးက ထိတ်လန့်စွာ ကြည့်ကြသည်။ သူတို့မောင်နှံ၏ ပူးပေါင်းမှုမျှက တော်ဝင်မြေသုံးခု၏ အင်အားအကြီးဆုံး ဝင်္ကပါသုံးခုကို ဖျက်ဆီးခဲ့သည်။ မည်သူတို့က သူတို့အား တားဆီး နိုင်တော့မည်နည်း။ တော်ဝင်မြေ ခုနစ်ခုက ယနေ့ အရှုံးဖြင့် အိမ်ပြန် ရတော့မည်လား။

လေထဲတွင် တိုက်ပွဲကို ကြည့်နေသော ခွန်ယို၏မျက်နှာတွင် အေးစက်သော အမူအရာများအား တပ်ဆင်ထား၏။ သူ၏မျက်လုံးများက ရီဖူရှင်းကိုသာ တစိုက်မတ်မတ် ကြည့်နေခဲ့၏။ သူတို့က တော်ဝင်မြေ သုံးခုနှင့် ပူးပေါင်းခြင်း မရှိဘဲ ဘေးမှသာ ကြည့်နေကြသည်။

ခွန်ယို၏နောက်မှ တန်ခိုးရှင်တစ်ယောက်က ပြောသည်... “ကျုပ်တို့က ပိုက်ကွန်ထဲက သားကောင်ကို သတ်သင့်ပြီ” ထိုအသံနှင့်အတူ သူတို့အုပ်စုက တစ်ပြိုင်နက်တည်း ရှေ့သို့ တက်လာကြ၏။

***

All Chapters