ထူးဆန်းသော တန်ခိုးရှင်ကိုးဦး
Vol. 010 Ch. 993
ပြည်နယ်ကိုးခု ရှီအဆင့်တွင် ထိပ်သီး ဆယ်နေရာ စာရင်းဝင်ဖြစ်သော ခွန်ယိုသည် ခွန်အားပိုင်းတွင်ဖြစ်စေ၊ အာရုံခံစားမှုတွင်ဖြစ်စေ အလွန် အားကောင်းပေသည်။ သူက တိုက်ပွဲအား တစ်ချိန်လုံး စောင့်ကြည့်နေခြင်း ဖြစ်၏။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က အဆုံးမဲ့ပင်လယ်မှ အင်အားစုများနှင့် ရင်ဆိုင် တိုက်ခိုက်ရာ၌ ဟွာဂျီယူက ပြင်ပစွမ်းအား အကူအညီကို ယူထားကာ ရီဖူရှင်း ကိုယ်တိုင်က ကြီးမားသော ဒဏ်ရာများအား ရထားသည်ကို သူသိသည်။
သူ့တွင် သက်စောင့်ဝိညာဉ် အများအပြား ရှိလျှင်ပင် သက်စောင့်ဝိညာဉ်နှစ်ခု ပျက်စီးခြင်းက သူ့အား ဒဏ်ရ မရစေနိုင်ဟု သူ မယုံကြည်ပေ။ ရီဖူရှင်းက ပြင်းထန်စွာဖြင့် ဝင်္ကပါများအား တိုက်ခိုက် ဖျက်ဆီးခဲ့သော်လည်း ထိုသို့လုပ်ရန် သူက မည်မျှ ကြီးမားသော အားအင်များ သုံးစွဲခဲ့ရမည်နည်း။ သူကား သေချာပေါက် မီးစာကုန် ဆီခန်းလုနီးပါး ဖြစ်ပေမည်။
ထို့အပြင် ရီဖူရှင်းက ခွန်အားများစွာကို သုံးစွဲခဲ့ရသော်လည်း သူ့အနေဖြင့် လက်ရှိ ရီဖူရှင်းကို သတ်ဖြတ်ရန် အလွန် ခက်ခဲနေပေ သေးသည်။
ရှေးနန်းတော်ရာ တိုက်ပွဲကတည်းက သူနားလည် သဘောပေါက်ခဲ့သည်မှာ ပြည်နယ်ကိုးခု၌ ရှန့်ထိုအဆင့် အောက်တွင် ရီဖူရှင်းအား ဖိနှိပ်နိုင်မည့်သူ မရှိသလောက် ရှားပါးခြင်းပင်။ တစ်ဖက်တွင် သူကား ရှီအဆင့်၏ အမြင့်ဆုံးသို့ပင် မရောက်သေးပေ။ အကယ်၍ သူသာ သည့်ထက် အဆင့်မြင့်လာပါက ပိုမို၍ပင် ပြိုင်ဘက် ကင်းပေလိမ့်မည်။ သို့သော် ရီဖူရှင်း မည်မျှ စွမ်းအားကြီးပါစေ၊ ယနေ့တွင် သူသည် သေချာပေါက် သေရပေမည်။
သူ့နောက်မှ လူများ မည်မျှ အားကောင်းသည်ကို ခွန်ယိုသိသည်။ တစ်ယောက်ချင်းတွင် သူတို့သည် ရီဖူရှင်းအား ဖိနှိပ်ရန် ခက်ခဲမည် ဖြစ်သော်လည်း ပူးပေါင်း တိုက်ခိုက်မှုတွင် သူတို့ကား ရှန့်ထိုအဆင့်အောက်မှ မည်သူ့ကိုမဆို သတ်နိုင်စွမ်း ရှိကြသည်။ ယခု ရီဖူရှင်းကား အားကုန်လုနီးပါး ဖြစ်နေရာ သူတို့အတွက် လှုပ်ရှားရန် အကောင်းဆုံး အချိန်အခါ ဖြစ်သည်။
တစ်စုံတစ်ခုကို ခံစားမိသည်တွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့က လေထဲကို လှမ်းကြည့်ကြသည်။ ထိုနေရာမှ ခွန်ယိုနှင့် လူအချို့ ရှေ့သို့ တက်လာကြသည်။ ခွန်ယိုကိုယ်တိုင်က သိပ်မထူးခြားသော်လည်း သူ့နောက်မှ လူကိုးယောက်သည် အလွန်ကြီးမားသော အန္တရာယ်၏ အငွေ့အသက်များအား ပေးနေ၏။ သူတို့က နေရာကိုးခု၌ စနစ်တကျ ရပ်နေကြကာ ဝင်္ကပါတစ်ခုအား တည်လိုက်ကြဟန် ရ၏။ သူတို့၏လက်ထဲ၌ အလွန် အားကောင်းသော တော်ဝင် ရတနာများ ပေါ်လာခဲ့ကာ ထိုအရာများမှာ ဓားနှင့် အလားသဏ္ဌာန် တူသော်လည်း တကယ်တမ်းအားဖြင့် ပင်အပ်အသွင်ဟု ပြောလျှင် ပိုမှန်ပေမည်။ ပိုထိတ်လန့်ဖွယ် ကောင်းသည်မှာ ထိုပင်အပ်ဓားများသည် တစ်ပုံစံတည်း ဖြစ်ကြကာ အားလုံးမှာ အလွန် ပြင်းထန် အားကောင်းသော တော်ဝင် စွမ်းအားများ ထုတ်လွှတ် နေကြ၏။
“သူတို့ ဘယ်သူတွေလဲ...” ရှန့်ထိုလီက မျက်မှောင်ကြုတ် လိုက်ကာ မေးသည်။ ပြည်နယ်ကိုးခုတွင် ဤသို့သော လက်နက်အား အသုံးပြုသူကို သူမကြားဖူးပေ။ တန်ခိုးရှင် ကိုးယောက်သည် တူညီသော ကိုယ်ရောင် ကိုယ်ဝါများ ရှိနေကာ အဆင့်မြင့် ကွန်းရှီများ ဖြစ်ကြ၏။ သူတို့အသုံးပြုသော လက်နက်မှာပင် ဆင်တူသည်။
ရှန့်ထိုရှား၏ အမူအရာသည်လည်း လေးနက် တည်ကြည်သွား၏။ ကျိရှမ်း ကမ်းပါးသည် မကြာသေးမီက ပျက်စီး သွားခဲ့ပြီးဖြစ်ကာ ခွန်ယိုနှင့် တန်ခိုးရှင် အချို့မှလွဲ၍ ရှီတန်ခိုးရှင်များ အားလုံး သတ်ဖြတ်ခံခဲ့ရ၏။ ထို့နောက်ပိုင်းတွင် ကျိရှမ်းကမ်းပါး၏ စွမ်းအားမြင့် ကွန်းရှီဟူ၍ ခွန်ယို တစ်ယောက်သာ လောက်လောက်လားလား ကျန်ရစ်သည်။ ထို့အပြင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့က တော်ဝင်မြေသုံးခု၏ ဝင်္ကပါများအား တိုက်ခိုက် ဖျက်ဆီးခဲ့သည်ကို မြင်လျက်ပင် ရှေ့သို့ တက်လာရဲကြသည်။ သိသာစွာပင် သူတို့က ရီဖူရှင်းတို့အား သတ်ဖြတ်နိုင်သည် ဟူသော ယုံကြည်ချက်များ ရှိနေကြ၏။
“ဒီ တော်ဝင်ရတနာတွေက ဝင်္ကပါအတွက် သီးသန့် ပြုလုပ်ထားတာပဲ။ လက်နက်ကိုးခုက တစ်စုံဖြစ်ပြီးတော့ လူကိုးယောက်ကလည်း တူညီတဲ့ ပညာရပ်ကို လေ့ကျင့်ပုံပဲ။ သူတို့က သတ်ဖြတ်ဖို့အတွက် အထူးလေ့ကျင့် ပေးထားခံရသူတွေ ဖြစ်ဖို့များတယ်” ရှန့်ထိုရှားက မျက်မှောင်များကို ကွေးကောက်လျက် ပြောသည်။ သူကား အသက်ရှည်ကြာစွာ နေထိုင်ခဲ့ပြီး ဖြစ်ရာ အတွေ့အကြုံ ဗဟုသုတ များပြား ကြွယ်ဝပေသည်။ ပြည်နယ်ကိုးခု၌ ဤသို့သော သီးသန့်ဆန်သော ပုဂ္ဂိုလ်များအား သူမမြင်ဖူးပေ။
“အင်း...” ရှန့်ထိုလီကလည်း ခေါင်းညိတ်သည်။ သည်လူများကား သေချာပေါက် ကြောက်မက်ဖွယ် ကောင်းပေသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့သည် တော်ဝင်မြေ သုံးခုအား လတ်တလော ရင်ဆိုင် တိုက်ခိုက်ထားရရာ သည်လူကိုးယောက် ပေါ်လာခြင်းက ကောင်းမွန်သော ကိစ္စတော့ မဟုတ်ပေ။ ရှန့်ထိုရှားနှင့် ရှန့်ထိုလီတို့သာ မဟုတ်၊ တခြား တန်ခိုးရှင်များ ကလည်း ထူးဆန်းမှုကို ခံစားမိကြသည်။
ထိုအချိန်တွင် ပင်အပ်ဓားများမှ ကျဆင်းလာသော ကြောက်မက်ဖွယ် ရွှေချည်မျှင်များသည် လေဟာနယ် တစ်ခုလုံးအား ဖြန့်ကြက်ကာ ကွန်ချာအလား ဖုံးအုပ်လာခဲ့သည်။ ထိုရွှေချည်မျှင်များက ရီဖူရှင်းတို့အား လာရောက် ထိခိုက်ခြင်း မရှိသော်လည်း သူတို့အား ကွန်ချာ အတွင်း၌ လုံးဝ ပိတ်ဆို့ ထားသည့်ပုံစံ ဖြစ်သည်။
ကိုးယောက်မှသည် ဝင်္ကပါတစ်ခု...။
အားလုံးက ထိုမြင်ကွင်းအား ထိတ်လန့်စွာ ကြည့်ကြသည်။ စုချီဟန်နှင့် လိပ်ပြာလေးတို့အား ကုသနေသော ရှန့်ထိုကျန့်က ထရပ်ကာ စစ်မြေပြင်အား ကြည့်သည်။ သူ့တွင် မကောင်းသော ခံစားချက်များ ရနေ၏။
“ရှန့်ထိုရှား ... သူတို့က ပြည်နယ်ကိုးခုက လူတွေ မဟုတ်လောက်ဘူး” ရှန့်ထိုကျန့်က ပြောသည်။ ရှန့်ထိုရှားက ခေါင်းညိတ်၏။ သို့သော် သည်လူများမှာ အမှန်တကယ်ပင် ကွန်းရှီအဆင့်များ ဖြစ်ကာ စည်းမျဉ်း စည်းကမ်းများကို သွယ်ဖည်ခြင်း မရှိပေ။ သူတို့က ကျိရှမ်း ကမ်းပါးနှင့်အတူ ရောက်လာခြင်း ဖြစ်ရာ ကျိရှမ်းကမ်းပါး၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်နိုင်မည် ဖြစ်ကာ စစ်ပွဲအတွင်း ပါဝင်ခြင်းအား တားဆီးနိုင်ခြင်း မရှိပေ။ ယခု စစ်ပွဲ အတွင်း၌လည်း သူတို့အား စုံစမ်း စစ်ဆေးရန် အချိန်မရှိပေ။
ရှန့်ထိုများသာ မဟုတ်ဘဲ ရီဖူရှင်းပင် အလွန်ပြင်းထန်သော အန္တရာယ် အငွေ့အသက်များအား ခံစားရသည်။ သူက တန်ခိုးရှင် ကိုးယောက်အား ကြည့်သည်။ သူတို့က ကွဲပြား ခြားနားသော နေရာများ၌ ရပ်နေကြပြီး အဆုံးမဲ့သော ရွှေချည်မျှင်များ ဆက်နွှယ်ထားကြရာ ကိုးယောက်မှာ တစ်ယောက်တည်း ဖြစ်နေသည်။ ရွှေချည်မျှင် တစ်ခုစီတိုင်းက အလွန် ပြင်းထန်သော ထွင်းဖောက်ခြင်း လောကဓာတ်များ ပါဝင်နေပြီး အလွန်အမင်း ထက်ရှကာ လေဟာနယ်ကိုး ထိုးခွင်းရန် လုံလောက်သော စွမ်းအားများ ရှိနေသည်။ ထိုမျှသာ မဟုတ်ဘဲ သူ့စိတ်ဝိညာဉ် သည်လည်း အလွန် အားကောင်းသော အန္တရာယ် အငွေ့အသက်များကို ခံစားမိနေသည်။
“ဂျီယူ... ကျူဂီ... သတိထား...” ရီဖူရှင်းက တီးတိုးပြောသည်။ ဟွာဂျီယူ၏ ညှို့ငင်နိုင်စွမ်းသော မျက်လုံးများသည် လေထဲသို့ ရောက်လာ၏။ သူမ၏ စိတ်နယ်လွန် စွမ်းအားများကို အဆက်မပြတ် ဖြတ်တောက် လာသော ဖြတ်တောက်ခြင်း လောကဓာတ်များအား သူမလည်း ခံစားရပေသည်။
ရီဖူရှင်းက ခွန်ယိုနှင့် ရှန့်ထိုကျဲတို့အား ကြည့်သည်။ သူ၏မျက်နှာလည်း သိပ်မကောင်းတော့ပေ။ ဝင်္ကပါသုံးခုအား ဖျက်ဆီးခြင်းက သည်စစ်ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်မည်ဟု သူ တွေးထင်ခဲ့သော်လည်း ရုတ်တရက် နောက်ထပ် ထူးဆန်းသော လူကိုးယောက် ပေါ်လာခဲ့၏။
ရှန့်ထိုကျဲနှင့် ခွန်ယိုတို့၏ မျက်လုံးများက အေးစက်စွာဖြင့် ရီဖူရှင်းအား သေလူများကဲ့သို့ ကြည့်နေကြသည်။ ရီဖူရှင်း၏ စွမ်းရည်များက မိုးကောင်းကင်ထက် ကြီးမားလျှင်ပင် ယနေ့တွင် သေဆုံးခြင်းမှ လွတ်မြောက်မည် မဟုတ်ပေ။ သည်လူ ကိုးယောက်သည် အမှန်တကယ်ပင် ကျိရှမ်းကမ်းပါးနှင့် သက်ဆိုင်ခြင်း မရှိပေ။ သို့သော်လည်း သူတို့၏ တည်ရှိမှုက စည်းမျဉ်း စည်းကမ်းများကို သွယ်ဖည်ခြင်း မရှိပေ။ အကယ်၍ ရှန့်ထိုများသာ ဝင်စွက်ဖက်ပါက ကျောက်ပြည်ထောင်နှင့် ရှန့်ထိုကျိတို့က သေချာပေါက် ရီဖူရှင်းကို ဦးစွာ သတ်ဖြတ်ကြမည် ဖြစ်သည်။ သို့သော် မည်သူက အင်ပါယာရှား၏ စည်းမျဉ်းများကို ဦးစွာ ချိုးဖျက်ရဲသနည်း။ ရှန့်ထိုရှားက ရီဖူရှင်းအပေါ် သဘောကျ နှစ်သက်သည့်တိုင် သူသည်လည်း ဝင်မစွက်ဖက်ရဲပေ။
ပိုမိုများပြားသော ရွှေချည်မျှင်များ လေဟာနယ်ကို ဖြတ်တောက် ဆင်းသက်လာသည်ကို မြင်လျှင် နောက်ဆုံးတွင် ရီဖူရှင်း လှုပ်ရှားတော့၏။ ရွှေတောင်ပံ နတ်ငှက်၏ပုံရိပ်သည် အဆုံးစွန်သော လင်းလက် တောက်ပမှုကို ပေးသည်။ အချိန်နှင့် လေဟာနယ်လှံအား ဆုပ်ကိုင်၍ ရီဖူရှင်းက ကောင်းကင်သို့ ထိုးတက်သွားကာ ရွှေချည်မျှင်များအား ဖြတ်တောက်လျက် လေထဲမှ တန်ခိုးရှင် ကိုးဦးထံသို့ ဦးတည် သွားလိုက်သည်။
တန်ခိုးရှင် ကိုးယောက်က ကွဲပြား ခြားနားသော နေရာကိုးခုတွင် ယူထားကြကာ သူတို့၏ လက်နက်မျာအား ကိုင်စွဲလျက် တူညီသော လှုပ်ရှားဟန်များကို ပြုလုပ်ကြသည်။ သူတို့က တော်ဝင် ရတနာများအား မြှောက်လိုက်ကာ ကောင်းကင်နှင့် မြေပြင်တို့၏ စွမ်းအားဖြင့် ပေါင်းစပ်စေလျက် အဆုံးမဲ့သော ရွှေချည်မျှင်များအား ကျဆင်းစေသည်။
ရီဖူရှင်းအား ကြယ်တာရာ အရံအတားတစ်ခု ရစ်ပတ် ကာကွယ်လာခဲ့၏။ သို့သော်လည်း ရွှေချည်မျှင်များမှာ အဆုံးအစမဲ့ ဟန်ရကာ အားလုံးကို လုံလုံလောက်လောက် တားဆီးနိုင်ခြင်း မရှိဘဲ ရီဖူရှင်း၏ ခန္ဓာကိုယ်ထံသို့ ဆက်လက် တိုးဝင် လာခဲ့ကြသည်။
ဝှစ် ... ဝှစ် ... ဝှစ် ...
သွေးများ စီးကျလာသည်။ ရီဖူရှင်း၏ ခွန်အားက မည်မျှ ကြီးမားပါစေ၊ ချည်မျှင်များဖြင့် ထိသည်နှင့် ထိသည့်နေရာမှ သွေးများ စီးကျလာကာ သူ့အဝတ်အစားများကို နီရဲစေ၏။ သို့သော်လည်း ရွှေချည်မျှင်များမှာ သူ့အသားများကို ဖြတ်တောက် နိုင်ဟန်မရရာ ရီဖူရှင်း၏ ရုပ်ခန္ဓာ မည်မျှ မာကျောသည်ကို သိနိုင်ပေသည်။ ရီဖူရှင်းနေရာတွင် တခြား တစ်ယောက် ဆိုပါက အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားလောက်ပေပြီ။ ထို့အပြင် ထိုတိုက်ခိုက်မှုများက ရီဖူရှင်းကိုသာ ဦးတည်ထားခြင်း မဟုတ်ဘဲ ဟွာဂျီယူနှင့် ဟောင်ကျူဂီတို့ကိုလည်း တိုးဝင် သွားနေကြသည်။
ဟွာဂျီယူ၏ ပတ်လည်၌ ကြောက်မက်ဖွယ် ကောင်းသော စိတ်နယ်လွန် စွမ်းအားများ ဖြစ်ပေါ်နေ၏။ သူမ၏ စိတ်နယ်လွန် စွမ်းအားများက အတားအဆီးများကို ကျော်ဖြတ်ကာ တန်ခိုးရှင် ကိုးယောက်အား တိုက်ခိုက်လိုသော်လည်း ထိုနေရာသို့ ထိုးဖောက်နိုင်ခြင်းမရှိ ဖြစ်နေသည်။
“ဂျီယူ...” ရီဖူရှင်းက တစ်စုံတစ်ခုအား ခံစားမိသည်။ သူက အလင်းတန်း အသွင်သို့ ပြောင်းသွားကာ ဟွာဂျီယူထံသို့ ပျံသန်းသွား၏။ အချိန်နှင့် လေဟာနယ်လှံက လမ်းကြောင်း ဖောက်ပေးကာ မြန်ဆန်စွာပင် သူက ဟွာဂျီယူ၏ရှေ့သို့ ရောက်လာခဲ့၏။ ရွှေတောင်ပံနတ်ငှက်၏ အတောင်ပံများက နှစ်ယောက်သားအား ဖုံးအုပ် ကာကွယ်ပေးသည်။
ထန်း ... ထန်း ...
ရွှေချည်မျှင်များ အဆက်မပြတ် ကျဆင်းလာခဲ့လျှင် ရွှေတောင်ပံ နတ်ငှက်မှာ အဆက်မပြတ် ဖြတ်တောက်ခြင်း ခံရ၏။ တန်ခိုးရှင်များ၏ တော်ဝင် ရတနာများက ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား ချိန်ရွယ်ထားကာ သူတို့နှစ်ယောက်အား သတ်ဖြတ်ရန် ပစ်မှတ်ထား နေကြသည်။ သူတို့ နှစ်ယောက်ကား စစ်ပွဲ၏ အဓိကပစ်မှတ်များ ဖြစ်ကြကာ သူတို့သာ သေဆုံးသွားလျှင် အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်သည်။ တန်ခိုးရှင်ကိုးဦး၏ မျက်လုံးများမှာ ထူးမခြားနားစွာ အေးစက်နေ၏။ သူတို့၏ စွမ်းအားများဖြင့် ရှန့်ထိုအဆင့် အောက်၌ မည်သူမဆို သေဆုံးရပေမည်။
တော်ဝင်ကျဲနန်းတော်မှ မရေမတွက်နိုင်သော လူများမှာ ကြီးစွာ စိုးရိမ် ထိတ်လန့်ရ၏။ မကြာသေးမီကပင် ရီဖူရှင်းက တော်ဝင်မြေသုံးခု၏ ဝင်္ကပါသုံးခုအား ဖျက်ဆီးခဲ့သေးသည်။ အခြေအနေက အဘယ်ကြောင့် မြန်ဆန်စွာ ပြောင်းလဲ သွားရသနည်း။
ထိုတန်ခိုးရှင် ကိုးယောက်က တော်ဝင် ရတနာကိုးခုနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လျှင် သတ်ဖြတ်ခြင်း စက်ယန္တရားအလား ထင်မှတ် ရပေသည်။ ဟွာချင်းချင်းပင် သူမ၏ စွမ်းအားဖြင့် ရီဖူရှင်းကို ကူညီရန် ကြိုးစားသော်လည်း ရွှေချည်မျှင်ကွန်ချာအား သူမ၏ စိတ်စွမ်းအားများက ထွင်းဖောက်နိုင်ခြင်း မရှိပေ။
***