ဗီလိန်အတွက် စက္ကန့်အနည်းငယ်လောက် ရင်နာပေးမိတယ်
Vol. 80 Ch. 1186
ထိုစိတ်ကို ရင်ထဲ နှလုံးသွင်းပြီး လင်းရီ သူ့မျက်နှာဖုံးကို ပြုပြင်၍ တံခါး၀ထံ တန်းမတ်စွာ လျှောက်လှမ်းသွားပြီး ကန်ကျောက် ဖွင့်လိုက်၏။
ကျယ်လောင်သည့် အသံက ပထမထပ်တွင် အိပ်ပျော်နေသူများကို ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။ ဆိုဖာပေါ် အနားယူနေသည့် လူများဆို ချက်ချင်းလက်ငင်း ကောက်ထလာကြ၏။
သို့သော်လည်း လင်းရီမှာမူ ထိုသူများကို လှုပ်ရှားဖို့ အခွင့်အရေး မပေး။ သူ့ခါးမှ စကေဘာကို ထုတ်ယူလိုက်ပြီး ဆိုဖာပေါ်မှ အရင်ဆုံး ခေါင်းထောင်လာသူထံ ပစ်ပေါက်လိုက်သည်။
ဖြစ်စဉ် တစ်ခုလုံးက တစ်စက္ကန့်သာလျှင် ကြာသည်။ မျက်တောင် တခတ် အတွင်းမှာပဲ စကေဘာမှာ လူဖြူ အမျိုးသား၏ နဖူးထဲ ဖောက်၀င်သွားခဲ့ပြီး နေရာတွင် အသက်ဝိဉာဏ်ကို ချက်ချင်းနှုတ်ယူသွားခဲ့တော့၏။
ကျန်သည့်လူများလည်း တုံ့ပြန်ရန်ပင် အချိန်မရကြချေ။
လင်းရီ ချက်ချင်းဆိုသလို ညကင်းစောင့်သမားထံ ပြေးသွားပြီး ကန်ကျောက်လိုက်၏။
ဘန်း...
ညစောင့်ကင်းသမားမှာ နောက်သို့ လွင့်စင်သွားခဲ့ပြီး နံရံနှင့် တိုက်မိကာ နောက်ရှိ Tv ကိုပါ ပျက်စီးသွားစေခဲ့တော့၏။
ငိုးပဲ...
ညစောင့် ကင်းသမားမှ ရင်ဘက်ကို ဖိ၍ အလျင်အမြန် ပြန်ထရန် ကြိုးပမ်းသည်။
သို့သော် လင်းရီကမူ ထိုသို့ ပြုလုပ်ရန် အခွင့်အရေး မပေး။ လျှပ်စီးကဲ့သို့ အလျင်မျိုးဖြင့် မျက်စိ တစ်မှိတ်အတွင်း ထိုလူအနား ရောက်ရှိလာပြီး ဇက်ချိုးပစ်လိုက်၏။
ရှစ်စက္ကန့်...
အယ်လက်ဆာ၏ လူနှစ်ယောက်မှာ လင်းရီလက်ထဲ သေဆုံးသွားခဲ့ချေပြီ။
ဒဏ်ရာ အပြင်းအထန် ရရှိထားသည့် လူကလည်း ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး လင်းရီကို ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေလျက်ရှိသည်။ သူ၏ ခြေထောက်က ဒဏ်ရာရထားသောကြောင့် လင်းရီရှေ့တွင် ဒုက္ခိတဖြစ်နေကာ ထွက်ပြေးပြန်လျှင်လည်း မစွမ်းသာချေ။
လင်းရီ စကားအပို မပြော။ ချက်ချင်းဆိုသလို ဒဏ်ရာရနေသည့်သူထံ ပြေးသွား၍ ဇက်ချိုးပြီး ဘ၀နိဂုံး ချုပ်ပေးလိုက်၏။
လှုပ်ရှားမှုတိုင်းက စီးဆင်းမှုတစ်ခုတည်းကဲ့သို့ ရှိကာ စက္ကန့်နှစ်ဆယ် ၊ တစ်မိနစ်ပင် မကြာလိုက်သည့် အချိန်တွင်းမှာပဲ လင်းရီ အယ်လက်ဆာ၏ လူများကို ရှင်းလင်းပြီးဖြစ်၏။
လင်းရီ တောက်တစ်ချက်ခေါက်လိုက်သည်။ သူ့ကိုယ်သူ ထိပ်တန်း လုပ်ကြံရေးသမားကြီး တစ်ယောက်နှယ် တွေးလျက် ခေတ္တ ဘ၀င်ခိုက်မိသွားခဲ့သည်။
သို့သော် လက်ရှိ အခြေအနေက အရေးကြီးနေသဖြင့် လင်းရီလည်း အချိန်ဆက်ဖြန်းမနေတော့ပဲ သူ၏ စကေဘာကို ကောက်ကာ ဒုတိယထပ်သို့ ပြေးသွားလိုက်သည်။
သို့သော် သူ စကေဘာကို ကောက်ယူလို့ ဘာမျှ မပြုရသေးခင်မှာပဲ အယ်လက်ဆာမှာ အောက်ထပ်သို့ ရောက်ရှိလာခဲ့သည်။
" နင် ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ... " သူမ အသံနိမ့်၍ မေးလာခဲ့၏။
" သတ္တုရိုင်းတွေ .... ယူလာခဲ့... " လင်းရီ အနိမ့်သံဖြင့် ပြန်ပြောလိုက်၏။
" ငါ့လက်ထဲမှာ ရှိတယ်... ဒါပေမယ့် နင့်ကို ပေးလို့ မရဘူး... "
လင်းရီ သောက်အပိုစကားများ ဆက်ပြောမနေတော့ပဲ တိုက်ရိုက် တိုက်ခိုက်မှုသာ ပြုလိုက်တော့၏။
ရုတ်ချည်းဆိုသလိုပင် အယ်လက်ဆာ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိသွားခဲ့လေသည်။
သူမရှေ့ရှိ လူက သူမ ထင်မှတ်ထားသည်ထက်ပင် ပို၍ စကေးကြွယ်နေသည်။
အကယ်၍ မစ်ဆူ မိသားစုထံတွင် ထိုသို့ ကျွမ်းကျင်သူ တစ်ဦး ရှိသည်ဆိုပါက အဘယ်ကြောင့် စကတည်းက မစေလွတ်လိုက်သနည်း။
ဧကန္တ ယူရှီ မစ်ဆူဘက်က လွှတ်လိုက်တဲ့သူများလား...
သူ ငါတို့ကို သစ္စာဖောက်ဖို့ ကြိုးစားနေပြီတဲ့လား...
ထိုမေးခွန်းများက သူမစိတ်ထဲ လျှပ်တစ်ပြက််ထွက်ပေါ်လာခဲ့တော့၏။ သို့သော် လင်းရီ၏ လက်သီးက သူမရှေ့တည့်တည့် ရောက်လို့လာပြီး သူမကို တွေးတောရန် အချိန်မပေးပေ။
ဘန်း ဘန်း ဘန်း ဘန်း...
နှစ်ယောက် လက်သီးချက်များ အပြန်အလှန် ထိုးနှက်လိုက်ကြ၏။ မိနစ် ၀က်အတွင်းမှာပဲ ဆယ်ကွက်ကျော်မျှ လှုပ်ရှားသွားပြီးကြချေပြီ။
လက်သီးချက်တိုင်းက ပေါက်ကွဲအား အပြည့်နှင့် ဖြစ်ကာ မည်သည့်ဘက်ကမျှ ထိန်ချန်မထားကြချေ။
လင်းရီကို အံ့အားသင့်သွားစေသည်မှာ ဤအမျိုးသမီးက တော်တော်ကြီးကို သန်မာနေခြင်းပင်။
လင်းရီ အံ့အားသင့်မိသွားခဲ့တော့၏။
ဒီမိန်းမ ဘာလို့များ ဒီလောက်ထိ သန်မာနေပါလိမ့်...
အရိုက်ခံထားရတာ များလို့များ ကြမ်းနေသလား..
ဒါမှမဟုတ် သူမက ထိုင်းဖိုက်တာများလား...
အယ်လက်ဆာသည်လည်း ထိုနည်းတူစွာ အံ့အားတကြီး ဖြစ်နေမိခဲ့၏။
လင်းရီ၏ တိုက်ခိုက်ရေး စွမ်းအား ကောင်းမွန်မှုက သူမကို လုံး၀ ရှုပ်ထွေးသွားစေသည်။
ဒီလူ ဘယ်ကနေ လာခဲ့တာလဲ..
နောက်ထပ် တစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီး နှစ်ယောက်မှာ လက်သီးချက်များဖြင့် ရှောင်တိမ်းရင်း တိုက်ပွဲကောင်းနေကြဆဲပင်။
သို့ပေမယ့် အယ်လက်ဆာ၏ အသက်ရှူသံများကတော့ အနည်းငယ် သိသိသာသာ ပြင်းထန်လို့ လာနေချေပြီ။
သူမ လင်းရီ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် သံမဏိပြားကြီးအား ထိုးနှက်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဝိဉာဏ်ထိတိုင်အောင် နာကျင်သွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် လင်းရီသည်လည်း အစွမ်းကုန် အားကုန်ထုတ်ဖော်၍ တိုက်ခိုက်နေသည်ဟု ပြော၍ရလေသည်။
သူ ခွန်အားအပြည့်နှင့် လက်သီးတစ်လုံး ပစ်ခွင်းလိုက်၏။ မာန်ပြင်းသည့် အရှိန်အဝါကြောင့် လေထုပင် တရှဲရှဲ မြည်လာခဲ့သယောင် ဖြစ်လို့နေသည်။
အယ်လက်ဆာ ခေါင်းငဲ့စောင်းပြီး ထိုလက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူမ၏ ခြေကန်ချက် တစ်ခုက ကပ်လျက်လိုက်ပါလာခဲ့၏။
လင်းရီ ရှောင်တိမ်းရန် မကြိုးစားပဲ သူ၏ ဘယ်လက်ကို မြှောက်၍ အယ်လက်ဆာ၏ တိုက်ခိုက်မှုကို အပြည့်အ၀ ကာကွယ်ထားလိုက်သည်။
တစ်ချိန်တည်းတွင် သူ၏ ညာဘက်လက်ကို လင်းယုန်ငှက် လက်သည်းအသွင်ကဲ့သို့ ပြောင်းလဲလိုက်ပြီး အယ်လက်ဆာ၏ ခါးကို ဆွဲ၍ သူ့ရှေ့ ဆွဲယူလိုက်၏။
အယ်လက်ဆာမှာ ချက်ချင်းဆိုသလို ဟန်ချက် ပျက်သွားခဲ့ပြီး လင်းရီ ရှေ့ ရောက်ရှိလာခဲ့သည်။
လင်းရီ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ သူမကို ဆံပင်မှ ဆုပ်ကိုင်ပြီး အနားရှိ ဖန်သားအတိပြီးသည့် ကော်ဖီစားပွဲနှင့် ရိုက်ဆောင့်ပစ်လိုက်၏။
ဘုန်း...
ခရက်..
ကော်ဖီ စားပွဲမှာ အစိတ်စိတ်အမြွာအမြွှာ ဖြစ်သွားခဲ့သည်။ သို့သော် အယ်လက်ဆာ၏ ကြံခိုင်သည့် ခန္ဓာကိုယ်က ဤနေရာတွင် ကယ်တင်ပေးသွားခဲ့လေသည်။
သူမ၏ နဖူး သွေးထွက်သွားသည်မှ လွဲ၍ ဘာမျှ ထူးထူးခြားခြား ဖြစ်မသွားခဲ့ချေ။
လင်းရီ ဆက်လက် တိုက်ခိုက်ရန် ကြံရွယ်လိုက်သော်လည်းပဲ အယ်လက်ဆာက တစ်လှမ်းပိုစောသွာပြီး ဘေးသို့ လှိမ့်၍ ရှောင်ထွက်သွားခဲ့၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ အယ်လက်ဆာ လင်းရီနှင့် ဆက်လက် ရင်မဆိုင်တော့ချေ။ ထိုအစား တံခါး၀ထံ ပြေးထွက်သွားခဲ့တော့၏။
အယ်လက်ဆာ ထွက်ပြေးသွားသည်ကို မြင်သော်လည်းပဲ လင်းရီ သူမနောက် ပြေးလိုက်မသွားခဲ့။
သူ၏ ဤနေရာသို့ လာရင်း အဓိက ရည်ရွယ်ချက်က အယ်လက်ဆာကို သတ်ဖြတ်ဖို့ရန် မဟုတ်ဘဲ သတ္တုရိုင်းများ အတွက်ပင်။
အယ်လက်ဆာ ထွက်ခွာသွားပြီးနောက် လင်းရီ အပေါ်ထပ်သို့ ပြေးတက်သွားလိုက်၏။
ဒုတိယ ထပ်တွင် အခန်းလေးခန်း ရှိနေပြီး အတွင်းဘက်ကျဆုံး အခန်းကတော့ တံခါး ပွင့်လျက်သား ဖြစ်လို့နေသည်။
လင်းရီ တုံ့ဆိုင်းခြင်းမရှိ၊ ထိုအခန်းထဲ ပြေး၀င်သွားလိုက်တော့ ကုတင် ခေါင်းရင်းဘက်တွင် မီးခံသေတ္တာ အသေးလေး တစ်လုံးကို သူ မြင်တွေ့လိုက်ရသည်။
" ငါချီး... "
လင်းရီ ကျိန်ဆဲပစ်ချင်စိတ် ပေါက်သွားခဲ့ပြီး " ငါက ဒါကြီးကို ဘယ်လို ဖွင့်ရမှာလဲဟ... "
အယ်လက်ဆာနှင့် ကျန်သူများ အပေါ် သူ ရရှိထားသည့် သတင်း အချက်အလက်များအပေါ် အခြေခံ၍ သတ္တုရိုင်းက ထို သေတ္တာထဲ ရှိမည်ကို လင်းရီ သေချာသလောက်ရှိသည်။
သို့သော် သောက်ပြဿနာက ယခုလို အရေးကြီးသည့် အချိန်ကာလမျိုး၌ သူ့ဘက်က မည်သို့သော စွန့်စားမှုမျိုးကိုမျှ ပြုရန် မဖြစ်သောကြောင့် ဖြစ်လေသည်။
အကယ်၍ သူသာ မီးခံသေတ္တာကို သယ်သွားပြီး ပြန်ရောက်လို့ ဖွင့်ကြည့်တော့မှ အထဲတွင် သတ္တုရိုင်း ရှိမနေဘူးဆိုပါက ကိစ္စများမှာ စိတ်၀င်စားဖို့ ကောင်းချေတော့မည်။
ထို့ကြောင့် သူ နေရာ၌ ချက်ချင်း ဖွင့်ကြည့်နိုင်မည့် နည်းလမ်းကို စဉ်းစားသင့်ပေသည်။
လင်းရီ ပြတင်းပေါက် ဖွင့်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့ အရာအားလုံးကလည်း တိတ်ဆိတ်နေပြီး ပုံမှန်အတိုင်းပင်။ သို့နှင့် သူ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့၏။
လင်းရီ မီးခံသေတ္တာကို ကောက်မကြည့်လိုက်သည်။ ဝိတ်က သူ ထင်ထားသလို လေးပင် မနေချေ။
ဤသည်က ပြဿနာ တစ်ရပ်ကို သွယ်ဝိုက်၍ ပြောပြနေခြင်း ဖြစ်ပြီး ဤ သေတ္တာက သူထင်ထားသလောက် မာကြော ကြံ့ခိုင် မနေဘူးဆိုတာကိုပင်...။
သူ ခါးနောက်သို့ လက်လှမ်းလိုက်ပြီး အိတ်ဆောင် ဓားမြောင်ကို ထုတ်၍ စမ်းသပ်ကြည့်ရန် ဟန်ပြင်လိုက်သည်။
သို့သော် လင်းရီ ထိုးစိုက်ပြီး စမ်းသပ်တော့မည့် အချိန်တွင်ပဲ တစ်စုံတစ်ရာမှားယွင်းနေသည်ကို ရုတ်တရက် သတိထားမိလိုက်၏။
သူ လုံခြုံရေး သေတ္တာကို တစ်ဖန်ပြန်မပြီး ပြောင်းပြန်လှန်လိုက်၏။
သေတ္တာ၏ အောက်ခြေက အနက်ရောင်ပင်။ မည်သည် မသင်္ကာဖွယ်ရာများကိုလည်း တွေ့မနေရချေ။
သို့သော် လင်းရီ၏ မသိစိတ်က တစ်ခုခု မှားယွင်းနေသည်ကို ပြောပြနေသည်။ သူ ခပ်သာသာ ပုတ်ကြည့်လိုက်တော့ အသံက အနည်းငယ် အခေါင်းပေါက်ဖြစ်နေသည့် အသံမျိုး ထွက်ပေါ်လာခဲ့၏။
ထို့နောက် လင်းရီ ဘေးနံရံများကို တီးခေါက်ကြည့်လိုက်တော့ အသံက ခပ်အုပ်အုပ် ထွက်လာခဲ့၏။ သံကို တီးခေါက်၍ ထွက်ပေါ်လာသည့် အသံမျိုးပင်။
' အသံက မတူဘူးတဲ့လား...'
သေချာကြည့်လိုက်တော့ သေတ္တာ၏ အောက်ခြေက ဆေးဆိုးထားသည့် သစ်သား ဖြစ်နေခဲ့၏။
" ဟ... သောက်ကျိုးနည်း... "
လင်းရီ ထိတ်လန့်တုန်လှုပ်သွားခဲ့တော့၏။
ဒါကြီးက အတုကြီးတဲ့လား..
တွေးတောနေခြင်း မရှိပါဘဲ လင်းရီ လက်သီးဖြင့် ထိုးချလိုက်၏။
ခရက်...
ထင်ထားသည့်အတိုင်းပဲ သေတ္တာ အောက်ခြေမှာ ကျိုးကြေသွားခဲ့လေသည်။
တကယ်ကြီး သစ်သားနဲ့ဟ...
လင်းရီ ရယ်ရအခက် ငိုရအခက် ဖြစ်သွားခဲ့တော့သည်။
သူ လူဆိုးဂိုဏ်းသားများအတွက် တစ်စက္ကန့်မျှ ရင်နာပေးလိုက်၏။
နှလုံးသား မည်းညစ်သည့် ပစ္စည်း ထုတ်လုပ်သူများကလည်း တကယ့်လူများပင်။ အောက်ခြေကို ကွက်၍ သစ်သားချည်း သုံးထားရလေသလောဟု သူ ဆလံသမိလိုက်၏။
သေတ္တာအောက်ခြေကို ချိုးဖြတ်ပြီးနောက် လင်းရီ အထဲတွင် အနက်ရောက် လက်ဆွဲ သေတ္တာတစ်လုံး ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
အနက်ရောင် လက်ဆွဲ သေတ္တာကို ဆွဲထုတ်လိုက်ပြီး လင်းရီ ဖွင့်ကြည့်လိုက်တော့ အထဲတွင် လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံး ရှိနေသည်။
ကျောက်တုံးက အပြာရောင် ဖျော့ဖျော့နှင့် ငွေလရောင်အောက်တွင် ဆန်းကြယ်စွာ တောက်ပနေလျက် ရှိ၏။
သူ ဘက်စ် သတ္တုရိုင်းအစစ်ကို အပြင်၌ မမြင်တွေ့ဖူးသော်လည်း ကျုံးဝေ့တပ်ဖွဲ့တွင် ရှိတုန်းက ဆက်စပ် ဓာတ်ပုံများကို မြင်ခဲ့ဖူးသဖြင့် မမှားနိုင်ချေ။
ထို့ပြင် ဤ သတ္တုရိုင်းက အသင်း ၁ ထံမှ လုယက်လာခဲ့သည့် သတ္တုရိုင်းဖြစ်မည်လို့လည်း လင်းရီ ခံစားနေရ၏။
အနက်ရောင် လက်ဆွဲသေတ္တာနှင့်အတူ လင်းရီ ဒုတိယထပ် ပြတင်းပေါက်မှ ခုန်ချလိုက်သည်။ ည၏ အမှောင်ကို ကိုယ်ရေခြုံ၍ သူ့ကားထံ မည်သူမျှ မသိလိုက်ပါဘဲနှင့် ပြန်ရောက်လာခဲ့လိုက်၏။
( TL -Note : Bass ore - ဘက်စ် သတ္တု၊ အသံထွက်ကတော့ ဘေ့စ်ဖြစ်မယ်ဗျ။ မြန်မာလိုဆိုရင်တော့ အပြာရောင် မီးသင့်ကျောက်တုံးပေါ့.. ဒါပေမယ့် ဘက်စ် ကျောက်တုံး/ သတ္တုရိုင်း ဒီလိုပဲ ဆက်ပြီး ရေးသွားမှာပါဗျ )