ကျုပ်ကိုသတ်လိုက်၊ ဒီ ကျောက်တုံးက ခင်များအပိုင်
Vol. 80 Ch. 1187
ကားထဲပြန်ရောက်တော့ လင်းရီ မျက်နှာဖုံးချွတ်၍ စိတ်သက်သာရစွာဖြင့် သက်ပြင်းမောကြီး ချလိုက်သည်။
သူ့ဘေးရှိ အနက်ရောင် လက်ဆွဲအိတ်ကို ထိတွေ့ကြည့်လိုက်၏။ ယခုဆို သူ၏ ဂျပန်သို့ လာရင်း ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ပြီးမြောက်သွားခဲ့ချေပြီ။
စစ်ဆင်ရေးက ပြီးပြည့်စုံသည်ဟု ပြော၍ ရ၏။ သူ၏ ပါဝင်ပတ်သက်နေမှုကို တစ်စုံတစ်ယောက်က တွေ့ရှိသွားဖို့ ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
အကယ်၍ သူ့အား ထောက်လှမ်းမိသည့် လုံခြုံရေး ကင်မရာများ ရှိခဲ့လျှင်ပင် မည်သည်ကိုမျှ စိုးရွံ့နေဖို့ မလိုပေ။
လက်ရှိ သူဝတ်ထားသည်များက ချင်းဟန်၏ အဝတ်အစားများ ဖြစ်သည့်အတွက် သူ လင်းရီနှင့် ပတ်သက်နေခြင်း မရှိချေ။
ထိုအကြောင်း တွေးမိတော့ လင်းရီ စိတ်ကျေနပ်သွားခဲ့တော့၏။
သူ ပြန်ပြီး ကောင်းကောင်းလေး အိပ်ရလိမ့်မည်။
အပြန်လမ်းတွင် လင်းရီ လျိုဟုန်ထံ ဖုန်းခေါ်ဆိုလိုက်၏။
သုံးလေးကြိမ်ခန့် အသံမြည်ပြီးနောက် ဖုန်းမှာ ဝင်သွားခဲ့လေသည်။
“ ဘယ်သူလဲ…”
“ မှန်းကြည့်ပေါ့…”
“ လင်းရီလား…”
“ တော်တယ်…”
“ ဘာလို့တုန်း ဖုန်းနံပါတ်ပြောင်းလိုက်တာ… ဒါ မင်း ကောင်မလေးတွေကို ကြောင်တဲ့ သီးသန့် လိုင်းနံပါတ်လား..”
လင်းရီ ပြောစရာစကား ကင်းမဲ့သွားခဲ့တော့သည်။
ဘိုးတော်က ဒါတွေ သိနေတယ်… ဒင်းလည်း လူကောင်းဟုတ်ပုံမရဘူးပဲ…
“ ကျုပ် ဖုန်း ကျပျောက်သွားလို့… အခု ကျုပ်ဇနီးရဲ့ ဖုန်းနဲ့ ခေါ်လိုက်တာ … ဒီနံပါတ်ကို အချိန်တစ်ခုလောက်တော့ သုံးဖြစ်မယ်…” လင်းရီ ပြောလိုက်ပြီး “ ခင်များကရော… နောက်ကျနေပြီကို မာဆတ်သွားပြီး ခြေထောက်အနှိပ်ခံတုန်းလား…”
“ ဟာသလာမပြောစမ်းနဲ့… ငါက ဒီရာသီကုန်ရင် Epic တက်နိုင်အောင် ကြိုးစားနေတာကွ…”
“ တကယ်ကြီးပေါ့…” လင်းရီ အံ့ဩသွားခဲ့ရသည်။
သူ လျိုဟုန်ကို သာမန်လူတစ်ယောက်သာ ဖြစ်မည်သု တွေးထားခဲ့သော်လည်းပဲ ငယ်ရွယ်သူများကဲ့သို့ ဂိမ်းစွဲလန်း နှစ်ခြိုက်နေသူ တစ်ဦး ဖြစ်နေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
သို့သော် သေချာလေး ပြန်တွေးကြည့်ပြန်တော့လည်း ယင်းက အဓိပ္ပာယ် ရှိနေပြန်သည်။
သူက အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး အရွယ်ရနေပြီး အိမ်ထောင်ရေးမှာ မိတ်ဆွေ ဆက်ဆံရေးထက် မပိုတော့ချေ။ အကယ်၍ သူသာ ဂိမ်းမကစားဘူးဆိုပါက ဘာလုပ်ရမည်နည်း။ သူ့မိန်းမနှင့် ကစားနေရမည်လော။
“ ဘာတုန်း အဲ့ မင်းရဲ့ လေသံက… ငါ့ကို အထင်သေးတာလား… ငါ ကစားလာခဲ့တာ ရှစ်နှစ်ကွ… ဦးဆုံး ကစားခဲ့တဲ့သူတွေထဲမှာ ပါတယ်…”
“ ခင်များ မိဘတွေကော အသက်ရှိသေးလား…”
“ တော်စမ်း..” လျိုဟုန် ဖုန်းထဲမှ အော်ဟစ်လိုက်ပြီး “ ဒီလောက်နောက်ကျနေပြီကို ဘာလုပ်ဖို့ ဖုန်းခေါ်လိုက်တာလဲ… rank တင်မလို့လား…”
“ မဟုတ်ဘူး… ကျုပ်က အခု ဆာကူရာမြေမှာ… ရွှေနက် ကော်ပိုရေးရှင်း အသင်း ၁ ကနေ လုယူသွားတဲ့ ဘက်စ် ကျောက်တုံးကို ပြန်ယူပြီးပြီ.. မြန်မြန် လူလွှတ်ပြီး ဒီဟာကြီးကို လာပြန်ယူတော့…”
“ မင်းဘာပြောလိုက်တယ်…”
လျိုဟုန် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သောကြောင့် လင်းရီ ဖုန်းကို သူနှင့် ခပ်ခွာခွာထားလိုက်ရသည်။
“ မင်း ပြောတာ အဲ့ပစ္စည်းကို ပြန်ယူပြီးပြီလို့ ပြောလိုက်တာနော်…”
“ ဟုတ်တယ်… ဒါပေမယ့် အခု အသေးစိတ် ရှင်းပြဖို့တော့ အချိန်မရှိသေးဘူး… ဒီပစ္စည်းကို လက်လွှဲယူဖို့ လူသာလွှတ်လိုက်… မြန်လေ ကောင်းလေပဲ.. အချိန်မဆွဲနဲ့..”
လင်းရီ အလျင်လိုနေရသည့် အကြောင်းအရင်းက အနက်ဝတ်နှင့်လူ ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ပင်။ ထို့ကြောင့် လက်ထဲ ရောက်နေပြီးသည့် ပစ္စည်းကို တတ်နိုင်သမျှ မြန်မြန် လွှဲပြောင်းပေးရပေမည်။ သူ ကျုံးဝေ့တပ်ဖွဲ့ထံ ပို့ပြီးသည်နှင့် ဤကိစ္စမှာ အဆုံးသတ်ပြီဖြစ်သည်။
အကယ်၍ လျိုဟုန်တို့သာ ယခုချက်ချင်း လှုပ်ရှားပြီး ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်လာခဲ့မည် ဆိုပါက သုံးနာရီအတွင်း တိုကျိုလေဆိပ်သို့ မရောက်ရှိဘဲ မနေချေ။ ထိုအခါ တာဝန်သည်လည်း လုံးဝ ပြီးမြောက်သွားလိမ့်မည်။
“ မစ်ရှင်ကလည်း ပြီးနေပြီကို မင်းဘာမင်း ပြန်လာလို့ မရဘူးလား… ဘာလို့ ငါတို့ကို တကူတကကြီး လာခိုင်းနေတာလဲ…”
လျိုဟုန် လင်းရီ၏ အရည်အချင်းများကို ယုံကြည်စိတ်ချသည်။ ဦးစွာအနေနဲ့ လင်းရီက သန်မာသည်။ ထို့ပြင် ရူးလောက်စရာ အကြံဉာဏ်များကလည်း သူ့ခေါင်းထဲ ထုတ်သုံးလို့ကို မကုန်နိုင်ပေ။ တစ်ခါတစ်ရံ လူများကို မတိုက်ခိုက်ပါဘဲနှင့် အနိုင်ယူသည့် စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် လင်းရီကိုယ်တိုင် ယူလာပေးမည်ဆိုပါက ထွေထူးစိတ်ပူနေရန် လိုအပ်မည် မဟုတ်တော့ချေ။ သူ့အတွက်လည်း ဒုက္ခများရခြင်းမှ လွတ်ကင်းသွားနိုင်ပေသည်။
“ ကျုပ်က ဒီလာတာ မစ်ရှင်အတွက်မှ မဟုတ်တာ… ဒီကို ဇနီးနဲ့ အပန်းဖြေခရီးဆိုပြီး ထွက်လာခဲ့လိုက်တာ … မစ်ရှင် ပြီးသွားတာကတော့ တစ်ကဏ္ဍပေါ့…”
“ ကောင်လေး… ဘယ်ဟာကို အရင်ဦးစားပေးသင့်လဲဆိုတာ မင်းပြန် ဆုံးဖြတ်သင့်တယ်… မင်းမိန်းမကို အဖော်လုပ်ပေးပြီး ခရီးထွက်တာက အရေးကြီးလား… မစ်ရှင်ကိုပြီးမြောက်အောင် လုပ်ဖို့က ပိုပြီး အရေးကြီးလား… မင်းမှာ ရှိတဲ့ ပိုက်ဆံတွေနဲ့ဆို ခရီးတစ်ခေါက်လောက် ထွက်ဖို့က မပြောပလောက်ပါဘူး…”
“ ဆောတီးပဲ… မစ်ရှင်နဲ့စာရင် ကျုပ်ကတော့ ကျုပ်မိန်းမက ပိုအရေးကြီးတယ်လို့ ထင်တယ်…”
“ မင်း ... တာဝန်မသိတတ်လိုက်တဲ့ကောင်… ငါ့မျက်လုံးထဲမှာဆို တာဝန်ထက် အရေးကြီးတာ ဘာမှမရှိဘူး… ငါ့မိန်းမတောင်မှပေါ့…”
“ ခင်များ အဲ့စကားမပြောနဲ့လေ… ကျုပ်မိန်းမက ငယ်ငယ်လေး… အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတာ… သိပ်ပြီးတော့မှလည်း လှတယ်… “
“ ဘဝင်လေဟပ်မနေစမ်းနဲ့… ငါ့မိန်းမဆိုတာလည်း 985 တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ သူပါကွ… သူနဲ့ ယှဉ်နိုင်တဲ့သူဆိုတာ ရှားမှရှားပဲ…”
“ ခင်များမိန်းမက တော်တော်အံ့ဩဖို့ ကောင်းတာပဲ….”
လျိုဟုန် တောက်တစ်ချက် ခေါက်၍ တီးတိုးညဉ်းလိုက်သည်။
“ ဘာလို့ အဲ့စကားက ထူးဆန်းသလို ဖြစ်နေတာပါလိမ့်…”
“ မြန်မြန်… အချိန်မဆွဲနဲ့တော့… ဒီ ပစ္စည်းကို ကျုပ်နဲ့ထားတာက စိတ်မချရဘူးနော်…”
“ ကောင်းပြီ.. ငါ ခုပဲ လူ ချက်ချင်း လွှတ်လိုက်မယ်… အဆက်အသွယ်မပြတ်စေနဲ့…”
“ လူများများ ပို့ဖို့…..”
လင်းရီ စကားကို ဆုံးအောင်ပင် မပြောလိုက်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် လင်းရီ ရုတ်တရက် နောက်ကြည့်မှန်မှတဆင့် မီတာဒါဇင်လောက် အကွာ၌ ကားတစ်စီး လိုက်လာနေသည်ကို မသင်္ကာဖွယ် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ရင်ထဲ မကောင်းသည့် ခံစားချက်တို့ လှိုင်တက်လာခဲ့ကာ သူ၏ နှလုံးခုန်သံပင် မြန်ဆန်လာခဲ့တော့၏။
မနက် အစောပိုင်း ဝေလီဝေလင်း အချိန်အခါ ဖြစ်သောကြောင့် ဟိုင်းဝေး လမ်းမကြီးတွင် ကားဆိုလို့ သူ့တစ်စီးချည်းသာ ရှိသည်။
သို့သော် နောက်ရှိ ကားကလည်း သူ့အရှိန်အတိုင်း အေးဆေး မောင်းနှင်လာနေသည်။ ဤသည်က ထူးဆန်းလွန်းလှသည်။
“ ဘာလို့ ဆက်ပြီး မပြောတော့တာလဲ… ငါလုပ်ပေးဖို့ လိုတာ ရှိလို့လား…” လျိုဟုန် ဖုန်းထဲမှ မေးမြန်းလာခဲ့၏။
“ မရှိသေးဘူး… လူသာ မြန်မြန်လွှတ်လိုက်…” လင်းရီ အသံကို နိမ့်၍ ပြောလိုက်ပြီး သူ၏ လေသံ ဟန်ပန်က ယခင်ကနှင့် လုံးဝ ကွဲပြားနေတော့သည်။
“ ကောင်းပြီ… မပြတ် ဆက်သွယ်ဖို့ မမေ့နဲ့…”
လင်းရီ ပြန်ဖြေမနေတော့ပဲ ဖုန်းတန်းချလိုက်သည်။
လင်းရီ နောက်ကြည့်မှန်ကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး တစ်ဖက်ကားကို သေချာ စူးစမ်းကြည့်လိုက်၏။ ကား အမျိုးအစားက Civic Type – R ဖြစ်ပြီး လီချူးဟန်၏ ကားနှင့် မော်ဒယ် အတူတူပင်။
ကား၏ စွမ်းဆောင်ရည်က သူ မောင်းနေသည့် တက္ကစီလေးထက် အပြတ်အသတ်ကိုသာလွန်သည်။
အကယ်၍ ထိုလူကသာ သူ့ကို ကျော်တက်ချင်သည် ဆိုပါက မိနစ် အနည်းငယ်အတွင်း ကျော်တက်သွား၍ရသည်။ သူနှင့် အကွာအဝေး တစ်ခု ခြားထားပြီး အချိန်အတော်ကြာအောင် ဖြည်းညင်းစွာ လိုက်နေလိမ့်မည် မဟုတ်ချေ။
အကယ်၍ သူသာ မမှားဘူးဆိုပါက ကားမောင်းနေသည့် လူမှာ သူထင်သည့်လူသာ ဖြစ်ရမည်။
ထိုအခိုက်အတန့်တွင်တော့ လင်းရီဘက်က အသာစီးရထား၏။
စီတိုင်ကီကလည်း မြို့ထဲထိ မောင်းသွားနိုင်သည်အထိကို လောက်ငှထားသည်။
လက်ရှိ အမြန်နှုန်းဖြင့်ဆိုပါက သူ မြို့ထဲသို့ ဝင်သည်နှင့် ကောင်းကင်သည်လည်း လင်းထိန်လာမည်။
တိုကျို၏ ခမ်းနားစည်ပင်မှုဖြင့် ဆိုပါက ထိုအချိန်ဆို အလုပ်သမားများဖြင့် ဆိုရှယ်ကြောင်များက စတင် လှုပ်ရှားနေလောက်ချေပြီ။ သူသာ လူသူများပြားသည့် နေရာကို ရောက်နေသရွေ့ သူ၏ ပြိုင်ဘက်သည်လည်း ကူကယ်ရာမဲ့သွားမည်မှာ အမှန်ပင်။
အစီအစဉ်က အနည်းငယ် အန္တရာယ်များသော်လည်း မျှော်လင့်မထားသည်များ ဖြစ်ဖို့ အင်မတန်နည်းသည်။
သို့သော် လင်းရီကတော့ အန္တရာယ်အကင်းဆုံး နည်းလမ်းကို ရွေးချယ်လိုက်ခြင်း မရှိ။ ထိုအစား ဘရိတ်ပေါ်တွင် နင်း၍ ၁၈၀ ဒီဂရီ ကွေ့လိုက်ပြီး civic type - r နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
အဆိုပါ ရုတ်တရက် ပြောင်းလဲမှုက နောက်မှ လိုက်လာနေသည့် ကားကို အလစ်ငိုက် ဖြစ်သွားစေသည့်ပုံပင်။ ထိုသူလည်း ဘရိတ်ကို အလျင်အမြန်နင်းလိုက်တော့၏။
နားစူရှဖွယ် တာယာနှင့်လမ်းပွတ်ဆွဲနေသည့် အသံအကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး တာယာများပင် အခိုးအငွေ့ထွက်လာခဲ့တော့၏။ နောက်ဆုံး လင်းရီနှင့် ခြောက်မီတာ အကွာလောက်တွင် ရပ်တန့်သွားခဲ့လေသည်။
ကားမောင်းသူ အချင်းချင်း အကြည့်ဆုံသွားခဲ့ပြီး- လင်းရီ ပြုံးလိုက်သည်။ သူမမှားချေ။ အမှန်ပင် အနက်ဝတ်နှင့် လူဖြစ်၏။
လင်းရီ သူ့ထိုင်ခုံ ခါးပတ်ကို ဖြုတ်လိုက်ပြီး ကားထဲမှ အနက်ရောင် လက်ဆွဲအိတ်နှင့်အတူ ထွက်လာခဲ့လိုက်သည်။
တစ်ချိန်တည်းတွင် မျက်နှာဖုံးနှင့်လူလည်း ကားအပြင်ဘက်သို့ ထွက်လာခဲ့၏။
ယခင် တူညီသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ဆန်းကြယ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေလျက်ရှိသည်။
တိတ်ဆိတ်နေသည့် ဟိုင်းဝေးလမ်းမကြီးထက် လေအေး တစ်ချက်က နှစ်ယောက်ကြား ဖြတ်သန်းတိုက်ခတ်သွားပြီး မမှိတ်မသုန် စိုက်ကြည့်နေကြသည့် အခြေအနေကို ပို၍ လေးလံသိပ်သည်းသွားစေသည်။ လေထုသည်လည်း ရန်လိုမှု၊ သတ်ဖြတ်လိုမှုတို့ အငွေ့အသက်တို့ စတင်ထွက်ပေါ်လာခဲ့တော့၏။
လင်းရီ၏ အရှိန်အဝါက သန်မာသည်။ သို့သော် အနက်ဝတ်နှင့်လူကလည်း မတုန်မလှုပ်ပင်။
“ ခင်များ ဒီအတွက် ရောက်လာတယ်ဆိုတာ ကျုပ်သိတယ်…. ပြီးတော့ ဒီလိုအချိန်မျိုးမှာ ခင်များ ပေါ်လာမယ်ဆိုတာကိုလည်း ကျုပ် ခန့်မှန်းမိပြီးသား… ကျုပ် ဒီလို အခိုက်အတန့်မျိုးကို စောင့်မျှော်နေတာ တော်တော်လေး ကြာနေပြီ…” လင်းရီ အနက်ရောင် လက်ဆွဲ သေတ္တာကို ပုတ်ပြ၍ တက္ကစီအမိုးပေါ် တင်ထားလိုက်သည်။
“ ကျုပ်တို့ အရင်က နှစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီးပြီ… ဒါပေမယ့် ခင်များ နှစ်ကြိမ်လည်း ထွက်ပြေးသွားခဲ့တယ်… တကယ်လို့ ဒီနေ့ ခင်များ ကျုပ်ကို သတ်နိုင်မယ်ဆိုရင် ဒီသေတ္တာထဲ ပါတဲ့ ပစ္စည်းက ခင်များအပိုင်ပဲ… ဒါပေမယ့် ရနိုင် မရနိုင်ကတော့ ခင်များရဲ့ စွမ်းရည်အပေါ်မှာ မူတည်တာပေါ့..”