အနက်၀တ်နှင့်လူ၏ မျက်နှာ အစစ်အမှန်
Vol. 80 Ch. 1188
အနက်၀တ်နှင့်လူမှာတော့ ထုံးစံအတိုင်း နှုတ်ဆိတ်မြဲ တိတ်ဆိတ်နေလျက်သာ နေသည်။
သို့သော် သူ၏ အမူအရာက သူ၏ အတွေးကို ဖော်ပြနေလျက်ရှိ၏။
နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ပုံမှန်အတိုင်း လင်းရီဘက်က စတင်တိုက်ခိုက်လာမည်ကို အသင့် ကြိုလင့်နေခဲ့သည်။
လင်းရီအတွက်လည်း ထိုနည်းလည်းကောင်းပင်။ ဤတစ်ကြိမ်နှင့်ဆို သူတို့ချင်း တိုက်ခိုက်ကြသည်မှာ သုံးကြိမ် ရှိပြီ။
အနက်၀တ်နှင့်လူမှ စတင် လှုပ်ရှားလာပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူ၏ ညာခြေကို မြေပြင်တွင် ဆောင့်ကာ ကိုယ်ကို လေထဲတွင် လှည့်ပတ်၍ လင်းရီ၏ မျက်နှာထံ ခြေကန်ချက်တစ်ခုက တည့်တည့်ကြီး တိုး၀င်လာသည်။
လှုပ်ရှားမှုက သာမန်ဆန်နေသော်လည်း အလွန်အမင်းကို မြန်ဆန်လျက်ပင်။ ထိုအကြောင်းကြောင့်ပဲ အဆိုပါ ကန်ချက်ထဲ ပါ၀င်သည့် ခွန်အားက ခြွင်းချက်မဲ့ ပေါက်ကွဲအား ပြင်းထန်နေတော့၏။
လင်းရီ ဂရုမစိုက်ဘဲ မနေဝံ့ချေ။ သူ ခေါင်းကို ငဲ့စောင်းပြီး နောက်သို့ အနည်းငယ် ယိမ်းလိုက်၏။ အနက်၀တ်နှင့် လူ၏ ခြေကန်ချက်မှာ လင်းရီ၏ နားရွက်နှင့် အသာအယာ ပွတ်ယှက်သွားခဲ့သည်။
သူ၏ ပထမဆုံး တိုက်ခိုက်မှုက ကျရှုံးသွားခဲ့သော်လည်း အရာမရောက်သည်တော့မဟုတ်။ လင်းရီနှင့် တော်တော်လေးကို နီးကပ်သွားစေခဲ့သည်။
အနက်၀တ်နှင့် လူ၏ ပြုလွယ်ပြင်လွယ်နိုင်စွမ်းကတော့ အံ့ဩမဆုံးလောက်စရာကြီးပင်။ သူ ဒူးကို အပေါ်သို့ လျင်မြောက်စွာ ပင့်မြှောက်လိုက်၏။
လင်းရီ ချွေးအေးများစို့သွားခဲ့သည်။ သူ အလျင်အမြန် လက်နှစ်ဖက်ကို စုစည်း၍ အနက်၀တ်နှင့်လူ၏ ဒူးချက်ကို ဟန့်တားလိုက်သည်။
ဘုန်း...
အသံအုပ်အုပ် ထွက်ပေါ်လာခဲ့ပြီး လင်းရီ လက်မောင်းတစ်လျှောက် ထုံကြဉ်သွားခဲ့တော့၏။
သို့တိုင်အောင် လင်းရီ လုံးလုံးလျားလျား မကာကွယ်လိုက်နိုင်။
အနက်၀တ်နှင့်လူ၏ ဒူးချက်က သူ့ဗိုက်ကို ထိုးနှက်သွားခဲ့တော့၏။
အခြအနေ မဟန်သည်ကို မြင်တော့ လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဘယ်လက်ဖြင့် ဖိချလိုက်၏။
သူ့ခန္ဓာကိုယ်တွင်းရှိ အင်အားများ အားလုံးကို မကြွင်းမကျန် ညှစ်ထုတ်ကာ ဒူးကို ပြန်တွန်းဖယ်ပြီး အနက်၀တ်နှင့်လူကို ခြေသုံးလေးလှမ်း နောက်ဆုတ်သွားစေလိုက်သည်။
နှစ်ဦး သတ်ပုတ်နေသည်မှာ ဆယ်စက္ကန့်မျှသာ ကြာမြင့်သေးသော်လည်းပဲ အနည်းငယ်သော လွဲမှားမှုတို့က လင်းရီကို ရှုံးနိမ့်လုနီးနီး ဖြစ်သွားစေခဲ့သည်။
အကွာအဝေး အနည်းငယ် ပြန်ခည် ခြားသွားပြီးနောက် အနက်၀တ်နှင့် လူသည်လည်း ပြန်တည်ငြိမ်သွားခဲ့သည်။ ထို့နောက် တုံ့ဆိုင်း နှောင့်နှေးခြင်းမရှိပါဘဲ လင်းရီထံ ထပ်မံတိုး၀င်လာသည်။
သူ၏ ညာဘက်ခါးနှင့် ပခုံးကို လှည့်လိုက်ပြီး ဘယ်တံတောင်ကို ဖြည်းညင်းစွာပင့်၍ လင်းရီထံ ချိတ်သဖွယ်ပြု၍ တိုး၀င်လာသည်။
ယခင် ထိပ်တိုက် တွေ့ဆုံမှု နှစ်ခုတွင် နှစ်ယောက်လုံး က အတိုင်းအတာ တစ်ခုထိတိုင်အောင် ထိန်းသိမ်းထားကြပြီး အသေအကြေ တိုက်ခိုက်မှု မပြုခဲ့ကြချေ။
သို့သော် ဤအကြိမ်တွင်တော့ သူတို့အရိုးအသားအတွင်း၌ ကိန်းအောင်းနေသည့် မိုက်ရူးရဲဆန်မှုတို့က ရုန်းကြွလာကြဟန်ပင်။
အနက်၀တ်နှင့်လူက သူထင်ထားသည်ထက် အတွ့အကြုံကြွယ်၀ပြီး ပိုမိုသန်မာနေကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။
ယင်းက သိပ်ကို သာမန်ဆန်သည့် လှုပ်ရှားမှု တစ်ခုဖြစ်၏။ သို့သော် ယခုလို မပြုမူမီ အနက်၀တ်နှင့်လူမှ ကိုယ်ကို သိသိသာသာ လှည့်လိုက်ပြီး ဘယ်ခြေကို မဏ္ဍိုင်ပြု၍ သူ၏ ဖနောင့်ကို ကြာပွတ်သဖွယ်ပြုကာ ပြင်းထန်သည့် အဟုန်ဖြင့် ရိုက်ခတ်လာခဲ့သည်။
လင်းရီ ထိုကန်ချက်ကို ဆတ်ခနဲ ငုံ့ရှောင်လိုက်၏။ ထို့နောက် သူ၏ ပခုံးဖြင့် အနက်၀တ်နှင့်လူကို ခက်ထန်စွာ ၀င်တိုက်လိုက်ပြီး နောက်သို့ လှမ်းအနည်းငယ် လွင့်သွားစေသည်။
လင်းရီ သတိကို လျော့မချရဲသေး။ သူ၏ လက်သီးချက်များက မိုးသီးမိုးပေါက်များနှယ် အနက်၀တ်နှင့် လူ၏ ရင်ဘက်ထံ ဆက်တိုက် ကျဆင်းသွားတော့၏။
အနက်၀တ်နှင့်လူမှာ ဆက်တိုက်ဆိုသလို နောက်သို့ ဆုတ်လိုက်ရ၏။ သူ ကာကွယ်ရလွန်း၍ ပင်ပန်းနေပြီး မည်သည့် ခုခံသည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်တော့ချေ။
လင်းရီ အခွင့်အရေးကို အမိရယူ၍ ၀မ်းဗိုက်နေရာသို့ ကန်ကျောက်လိုက်၏။
ဘုန်း...
အနက်၀တ်နှင့်လူမှာ အမြောက်ထဲ ထည့်ပစ်ခံလိုက်ရသည့်နှယ် နောက်သို့ လွင့်စင်သွားပြီး သူ့နောက်ရှိ Civic ပေါ် သွားကျ၏။ အင်အားသက်ရောက်မှုကြောင့် ကားဘော်ဒီပင် လှုပ်ခါသွားခဲ့ရသည်။
လင်းရီ မောဟိုက်စွာ အသက်ရှူနေလျက်ရှိသည်။ သူ၏ အသွင်က တောင်အောက်သို့ ဆင်းလာသည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
မူလကတည်းက လင်းရီ ဒေါသကို ထိန်းချုပ်ထားပြီးဖြစ်သည်။
အစမှနေ၍ ယခုထိတိုင်အောင် သူ တစ်ချက် အနားမရခဲ့ပေ။ သူ၏ ဒေါသက အရည်ကျိုထားသည့် ချော်ရည်အသွင် ဖြစ်တည်နေကာ လမ်းတွင် ရှိသမျှ အရာရာတိုင်းကို တိုက်စားဖို့ အသင့်ဖြစ်နေသည်။
သူ တန်းထျန်မူလအားကို ရရှိပြီးကတည်းက လင်းရီ အမျိုးမျိုးသော ပြိုင်ဘက်တို့နှင့် ကြုံတွေ့ခဲ့ဖူးသည်။
သို့တိုင်အောင် မည်သူ့ကိုမျှ လင်းရီ အလေးအနက် မထားခဲ့ချေ။
ဤ အနက်၀တ်နှင့် လူသည်သာလျှင် သူ၏ ပြိုင်ဘက် ဖြစ်ဖို့ ထိုက်တန်သည်။ ထိုလူ တစ်ယောက်တည်းကိုသာ ပြိုင်ဘက် အဖြစ် လင်းရီ အစစ်အမှန် အသိအမှတ်ပြုမိ၏။
အနက်၀တ်နှင့်လူက အကြိမ် အနည်းငယ်ခန့် ကြိုးစားပြီး ကားပေါ်မှ ထ၍ မြဲမြံစွာ မတ်မတ်ရပ်လိုက်သည်။
ဤသည်ကလည်း လင်းရီကို မလွယ်ကူအောင် ပြုနေသည့် အချက်များထဲမှ တစ်ခုဖြစ်၏။
မျက်နှာဖုံးက သူ၏ အမူအရာအားလုံးကို ဖုံးကွယ်ထားပေးပြီး ၎င်း၏ လက်ရှိ စိတ်ခံစားချက် သို့မဟုတ် ကျရောက်သည့် အခြေအနေများကို ဖမ်းဆုပ်ကြည့်ဖို့ရာ ခက်ခဲသွားစေသည်။
တစ်ချိန်တည်းတွင် လင်းရီကို မရေမရာလည်း ဖြစ်သွားစေသည်။
အကြောင်းမူကား အနက်၀တ်နှင့်လူမှာ သွေးဆာရက်စက်သည့် အခြေအနေမျိုး မဟုတ်သဖြင့် သူ့အပေါ် အလျော့ပေးထားခြင်းလော ဆိုတာကို လင်းရီ မသေချာမိပေ။
သို့သော် ထိုအခိုက်အတန့်တွင် လင်းရီ ရုတ်တရက် သူ့လက်ဖမိုး၌ သွေးများ ပေကျံနေကြောင်းကို သတိထားမိလိုက်သည်။
တစ်စက္ကန့်မျှကြာအောင် လင်းရီ၏ အမူအရာ အေးခဲသွားခဲ့တော့သည်။
သူ၏ လက်သီးချက်များက ကြမ်းတမ်းသည် ဆိုသော်ငြားလည်းပဲ ပြင်ပ ထိခိုက်မှု ဒဏ်ရာ ဖြစ်ပေါ်စေလောက်သည်အထိတော့ မဟုတ်သေးချေ။
ထိုသို့ပါက အနက်၀တ်နှင့်လူမှာ စလာကတည်းက ဒဏ်ရာရထားပြီး ထိခိုက်မှုကလည်း မသေးဟု ဆိုလိုသည်။
သူနှင့် တိုက်ခိုက်စဉ်၌ ဒဏ်ရာမှာ ပြန်ပွင့်သွားခဲ့ပြီး သွေးများ ပေကျံလာခြင်း ဖြစ်ရမည်။
လင်းရီ ခေါင်းမော့ပြီး သူ့ရှေ့ရှိ အနက်၀တ်နှင့်လူကို ကြည့်လိုက်၏။ သူ ထင်ထားခဲ့သည့် အတိုင်း အနက်၀တ်နှင့်လူ၏ အင်္ကျီထက်တွင် အမည်းရောင် အကွက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ယင်းက သွေးများ စုပ်ယူခံထားရသည့် လက္ခဏာရပ်ပင်။ သူ အရေးပေါ် ဌာနတွင် တာ၀န်ကျစဉ်က လူနာများ ထိုကဲ့သို့သော အခြေအနေသို့ ဆေးရုံရောက်လာခဲ့သည်ကို မကြာခဏဆိုသလို မြင်ခဲ့ဖူး၏။
"ဟက်... "
လင်းရီ ကူကယ်ရာမဲ့စွာ လှောင်ပြုံးပြုံးလိုက်သည်။
" ကျုပ်ထင်တာ ဒီနေ့တော့ ကောင်းကောင်း တိုက်ခိုက်နိုင်ပြီပေါ့... ဒါပေမယ့် ထင်မထားဘူး.. ခင်များက ဒဏ်ရာရနေတာပဲ.. ဒီတော့ ဆက်တိုက်စရာ အကြောင်း မရှိတော့ဘူး... "
အနက်၀တ်နှင့်လူမှာ ဘာမျှမဖြေ။ တစ်စက္ကန့်မျှ ကြာပြီးနောက် လင်းရီ ဆက်ပြောလိုက်၏။
" ဒီနေ့ဖို့ ဒီလောက်ပဲ... ခင်များက ဒဏ်ရာရနေတယ်... ဒီတော့ ကျုပ်ပြိုင်ဘက် မဖြစ်နိုင်ဘူး... "
လင်းရီ ထွက်ပေါ်လာသည့် နာကျင်မှုများကို သည်းခံရင်း မျက်နှာမဲ့လျက် ပြုံးပြီး ပြောလိုက်၏။ ခန္ဓာကိုယ်က သန်စွမ်းကြံ့ခိုင်သည် ဆိုသော်လည်းပဲ နာကျင်မှုကိုတော့ လွှဲဖယ်လို့ မရချေ။
" တကယ်ောတ့ ခင်များ ဘယ်လိုပုံစံ ရှိလဲဆိုတာ ကျုပ် အမြဲ သိချင်နေခဲ့တာ... တကယ်လို့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ကျုပ် ရည်မှန်းချက်က တစ်နေ့တော့ ပြည့်၀လာမှာပဲ... "
" ကျုပ်က လူကြီးလူကောင်း မဟုတ်ဘူးဆိုပေမယ်... လူယုတ်မာလည်း မဟုတ်နေဘူး... ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့... "
" နောင်ကျ တစ်ဖန် ပြန်တွေ့မယ်ဆိုတာ ကျုပ် ယုံကြည်တယ်... ခင်များ ဒဏ်ရာတွေကနေ ပြန်သက်သာလာရင် ကျုပ်တို့ နောက်တစ်ကြိမ် ကောင်းကောင်း တိုက်ခိုက်ကြတာပေါ့... ကျုပ် နိုင်တဲ့ အခါကျ ခင်များရဲ့ မျက်နှာဖုံးကို ကိုယ်တိုင်ချွတ်မယ်... "
ပြောပြီးနောက် လင်းရီ အနက်ရောင် လက်ဆွဲ သေတ္တာကို ယူပြီး ကားထံသို့ ပြန် လှည့်ထွက်လာခဲ့သည်။
မနက်၏ အရုဏ်ဦးနေက အရှေ့အရပ်မှနေ၍ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
နေရောင်ခြည်က အနက်၀တ်နှင့်လူပေါ် ဆင်းသက်လာပြီး မျက်နှာဖုံးပေါ်ရှိ အပြုံသည်လည်း ဆက်လက်၍ ထူးဆန်းသည့် အရှိန်အဝါများကို ထုတ်လွှတ်မနေတော့ချေ။
သူ၏ အပြုံးက နွေးထွေးမှုကို သယ်ဆောင်ထားနေတော့၏။
တစ်ဖက်ရှိ အနက်၀တ်နှင့်လူမှာ နေရာတွင်သာ ထီးထီးကြီး ရပ်နေရင်း လင်းရီ ထွက်ခွာသွားသည်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
မျက်စိတစ်ဆုံး ကားနောက်ကျောကို မမြင်ရတော့သည်အထိ သူစောင့်ကြည့်နေခဲ့၏။
ထို့နောက် အနက်၀တ်နှင့်လူသည် လှည့်ထွက်လာ၍ သူ့ကားထံ ပြန်လာခဲ့သည်။ သူကားကို အရေးပေါ် လမ်းတွင် ထိုးရပ်ထားပြီး သူ၏ မျက်မှာဖုံးကို ဖြည်းညင်းစွာ ချွတ်လိုက်၏။
အံ့ဩဖို့ကောင်းသည်က မျက်နှာဖုံးအောက်တွင် ပုန်းကွယ်နေသည့် နူးညံ့သည့် မျက်နှာလေးပင်။ အသားအရေမှာ ဖြူစင်၍ ကျောက်စိမ်းတုံးကဲ့သို့ ချောမွတ်နေခဲ့သည်။ သို့သော် ဒဏ်ရာရထားသည့်အတွက် အရောင်တော့ ဖြူဖျော့လို့နေသည်။
ထိုမျက်နှာက လင်းရီနှင့်လည်း မတူ။ အလွန်အင်မတန်မှကို သိမ်မွေ့ညင်သာပြီး မိန်းမဆန်သည့် အလှတရားနှင့် အေးစက်မှုတစ်ချို့ကို မြင်တွေ့နေရသည်။
သူ၏ လှပချောမောလွန်းသည့် မျက်မှာ အသားအရေကို မြင်ပြီး အမျိုးကောင်းသမီးတို့ ကြိတ်မနာလို ဖြစ်မိကြမှာ အမှန်ပင်။
အနက်၀တ်နှင့်လူမှာ အမူအရာ ကင်းမဲ့စွာဖြင့် သူ၏ အ၀တ်ကို ဆုတ်ဖြဲလိုက်၏။ သူ၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် အမာရွတ်ကြီး ဆယ်ခုထက် မနည်း ရှိနေသည်။
အကယ်၍ သူ၏ မျက်နှာကို ကောင်းကင်ဘုံတမျှ တင်စားမည်ဆိုပါက သူ၏ ခန္ဓာကိုယ်ကတော့ ငရဲပမာ ဖြစ်ပါလိမ့်မည်။
ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်ကို ပိတ်ကျဲ အထပ်ထပ် ပတ်ထားပြီး ထိုပတ်တီးများကလည်း သွေးများဖြင့် အနီရောင် ဆိုးရိုက်ထားသဖွယ် ရှိသည်။
အနက်၀တ်နှင့်လူမှ ကတ်ကြေးတစ်လက်ကို ယူ၍ သွေးကွက်နေသည့် နေရာရှိ ပိတ်ကျဲကို ဆုတ်ဖြဲလိုက်သည်။ ထိုသို့ လုပ်နေစဉ် တစ်ချိန်လုံး သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် မျက်မှောင်တစ်ချက် တွန့်မသွားခဲ့ပေ။
ပိတ်ကျဲမှာ တစ်လွှာပြီးတစ်လွှာ ဖြတ်တောက်ခံလိုက်ရပြီး ခိုင်မာ တောင့်တင်းသည့် ၀မ်စဗိုက်ကြွက်သားကြီးများကို နောက်ဆုံး ပြသလာခဲ့သည်။
သို့သော် မြင်ကွင်းမှာ တပ်မက်ဖွယ်တော့ မကောင်း။ အကြောင်းမူကား ရင်ဘက်မှ ၀မ်းဗိုက် အောက်ပိုင်းအထိ ကန့်လန့်ဖြတ် ဒဏ်ရာကြီး တစ်ခုက ကြောက်မက်ဖွယ် တည်ရှိနေသောကြောင့်ပင်။
ဒဏ်ရာ၏ အရှည်က ၂၀ စင်တီမီတာကျော် ရှည်လျားသည်။ ဟက်တက်ကြီးလည်း ပွင့်လျက်သားရှိ၏။
သွေးချင်းချင်းရဲနေသည့် အတွင်းသားများက ထိတ်လန့် ရှော့ခ်ရဖွယ်အတိ ဖြစ်နေတော့သည်။