← Chapters

အယ်လယ်ဆာ၏ လာရောက် လည်ပတ်မှု

Vol. 80 Ch. 1191

အယ်လယ်ဆာ၏ လာရောက် လည်ပတ်မှု

Vol. 80 Ch. 1191

“ ဒါကြောင့်မို့လည်း ငါတို့ မျှော်မှန်းထားသလို ချောချောမွေ့မွေ့ မဖြစ်ဘူး ဖြစ်နေတာလေ… ဒါပေမယ့် အခြေအနေ အတိအကျကိုတော့ လေ့ကျင့်ရေး ပေးတဲ့အချိန်ကျမှ သိရမှာပဲ…”

“ ဘာပဲဖြစ်ဖြစ်ပါ… အဲ့တာ ငါစိုးရိမ်နေသင့်တဲ့ ကိစ္စမှ မဟုတ်တာ…” လင်းရီ ပြောလိုက်ပြီး “ ငါ မင်းတို့ကို အိုမန် ဟိုတယ်မှာ အရင် ချခဲ့ပေးမယ်… ကိုယ့်ဘာကိုယ် သွားပြီး အခန်း ငှားလိုက်ကြ… ငါ လုပ်စရာရှိသေးလို့ နောက်မှ ပြန်လာခဲ့မယ်….”

“ စိတ်ချစမ်းပါ နင်ကလည်း… ငါတို့ကိုယ့်ဘာကိုယ် ဘယ်လို ဂရုစိုက်ရမှန်း သိပါတယ်… ငါတို့ ရှိနေတာကို နင့် ဇနီးချောလေး မသိစေရပါဘူး…” နင်ချဲ့မှ ပြုံးစစ အမူအရာဖြင့် ပြောလိုက်သည်။

“ ဒါကြောင့်မို့လည်း မင်းကို လူတွေက ချိုးယွီလော့ထက် ပိုပြီး ဆွဲဆောင်မှုရှိတယ် ပြောတာပေါ့… သိပ်တော်တတ်တာပဲ…”

“ အစ်ကိုကြီးလင်း… ရှင် အဲ့လိုပြောလို့တော့ ဘယ်ရမှာ… အစ်မချိုးနဲ့ ကျွန်မတို့လည်း တစ်လကို တစ်ကြိမ် ပုံမှန် အချိန်တွေ ရှိပါတယ်နော်.. ကျွန်မတို့က သိပ်ကို အချိန်မှန်တာ…” ကျန်းချင် ရုတ်ချည်း ဝင်ပြောလိုက်၏။

အာ…

ညီမလေး … မင်းအတွေးတွေက လမ်းမှားရောက်နေပြီ…

( TL -Note 会来事 ဆိုတဲ့နေရာကို စကားကောက်တာ လွဲသွားတာပါ။ အဓိပ္ပာယ်ကတော့ အပေါ်မှာ လင်းရီ ပြောတဲ့အတိုင်းပါပဲ၊ ထင်မြက်ပြီး လူတိုင်းနဲ့ သင့်မြတ်တယ်လို့ ပြောချင်တာပါ... ဒါပေမယ့် ကျန်းချင်ကတော့ အဲ့တာကို အန်တီလာတာနဲ့ အမှတ်မှားသွားပုံပဲဗျ.. ပြောတာ မှားသွားရင်လည်း ခွင့်လွှတ်ပေးကြပါ :- )

“ မင်းက အချိန်မှန်တယ်ဆိုတာတော့ ငါ ယုံကြည်တယ်… ဒါပေမယ့် မင်းရဲ့ အစ်မချိုးကတော့ သွေးဆုံးတော့မယ့် အရွယ်ဆိုတော့ သူ့ကို ပလှစ်ထားကြတာပေါ့… “

“ သပ…”

နာရီဝက်ခန့် ကြာပြီးနောက် လင်းရီ ချိုးယွီလော့နှင့် ကျန်နှစ်ယောက်ကို အိုမန် ဟိုတယ်သို့ မောင်းပို့ပေးလိုက်သည်။ ညွှန်ကြားချက် တစ်ချို့ ပေးပြီးနောက် လင်းရီ ကားကို လှည့်ထွက်လာပြီး ချင်းဟန်ထံ ဖုန်းခေါ်လိုက်၏။

“ ရို သခင်လေးချင်း… အင်တာနက် ကဖေးမှာ ရှိတုန်းလား.. ငါ အခု လာကြိုနေပြီနော…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

“ လစ်စမ်း လစ်စမ်း… ဒီမှာ ငါအိပ်နေတယ်…”

“ မင်း ဘယ်မှာ အိပ်နေတာ….”

“ အင်တာနက် ကဖေးနဲ့ မျက်စောင်းထိုး ဟိုတယ်မှာ… အခန်း 1309… မင်း လာကြိုမယ်ဆို အဲ့သာ လာခဲ့လိုက်…”

“ အိုကေ…”

ဤတစ်ကြိမ်တွင်တော့ ချင်းဟန်မှာ တော်တော်ဆိုးဆိုးရွားရွားကြီးကို လှည့်စားခံခဲ့ရတာ ဖြစ်သည့်အတွက် လင်းရီ အသိစိတ်ရှိစွာဖြင့် သူ့အတွက် မနက်စာဝယ်ပေးလိုက်ရင်း တောင်းပန်ဖို့ ဟန်ပြင််လိုက်သည်။

လင်းရီ အခန်း ၁၃၀၉ ရှေ့ကို ရောက်တော့ ချင်းဟန်မှာ အတွင်းခံဘောင်းဘီတိုကို ဝတ်ထားပြီး ကြွက်သိုက်ကဲ့သို့ ဖြစ်နေသည့် ဆံပင်ပုံစံဖြင့် သူ့ကို တံခါးလာဖွင့်ပေးသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ရော့… အဲ့မှာ… မင်းစားဖို့….”

“ ဒီ သောက်ရေး မပါတာတွေ လာမလုပ်စမ်းနဲ့… နောက်တစ်ခေါက်ဆို မင်း လျန်ကြီးနဲ့ ကောင်းကြီးဆီပဲ သွားစမ်းပါ…”

ချင်းဟန် သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ကုတ်လိုက်ပြီး ဟမ်ဘာဂါ တစ်လုံးကို ကောက်ယူ၍ အငတ်အငတ်အပြတ်ပြတ် ပုံစံမျိုးနှင့် မျိုစို့နေတော့သည်။

“ ငါ မင်းကို ပြောပြီးပြီမလား… အဲ့ကောင်တွေရဲ့ သရုပ်ဆောင်တဲ့ အရည်အချင်းက မကောင်းဘူးလို့… ငါ အဲ့ကောင်တွေကို ယုံကြည်ရင် မှားသွားမှာပေါ့…” လင်းရီ ပြောလိုက်ပြီး “ သံမဏိကောင်းကို ဓားအစွန်းမှာ သုံးရတယ်… ဒီလို အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ မင်းလို ဆရာကြီး တစ်ယောက်အပေါ် ငါမှီခိုဖို့ လိုသေးတုန်းပဲလေ… ပြီးတော့ ထွေထူး ထိခိုက်သွားတာမှတ်လို့ကွာ… တစ်ညလောက်လေး အပြင်မှာ နေလိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူးဟ…”

“ ဘာမှ မထိခိုက်သွားဘူး ဟုတ်လား…. ခွေးသူတောင်းစား … မင်းက ငါ့ရဲ့ သွေးလွတ်ကြောမကြီးကို ခွဲစိတ်ဓားနဲ့ လာလှီးနေတာကွ… မင်း ငါ့နာမည်ကို ဖျက်လိုဖျက်စီး လုပ်နေတာ…”

လင်းရီ တဟားဟား ရယ်မောလိုက်ပြီး “ နောက် တစ်ခေါက်ဆို ငါ ဂရုစိုက်လိုက်ပါ့မယ်… မင်းအတွက် လှတပတ အကြောင်းပြချက်လေး တစ်ခု ရှာပေးပါ့မယ်.. ဟုတ်ပြီလား…”

“ ငါယီးကို နောက်တစ်ကြိမ်လား…”

ရိုးရှင်းစွာ မနက်စာ စားသောက်ပြီးနောက် ချင်းဟန် ရေချိုးခန်းသို့ သွား၍ ကိုယ်လက် သန့်စင်လိုက်သည်။

လင်းရီ သူ့ အဝတ်များကို ပေးသည်ဆိုသော်လည်းပဲ အစားထိုးပြန်ပေးမည်ဟု ဆိုကာ ချင်းဟန်နဲ့ ပြန်လဲဝတ်လိုက်ပြီး အိုမန်ဟိုတယ်သို့ ပြန်လာခဲ့ကြလေသည်။

…………….

တိုကျိုမြို့ပြင်ဘက် တစ်နေရာတွင် ရှိုဂူနိတ်ခေတ်မှ စံအိမ်ကြီး တစ်လုံးရှိသည်။

ပတ်ဝန်းကျင်တွင် မေပယ်သစ်ပင်များကို အတန်းလိုက် စိုက်ပျိုးထားပြီး လေများ တိုက်ခိုက်သည့်အခါ ရွက်သစ်များက လှုပ်ခတ်သွားခဲ့ကာ လေထုတစ်ခုလုံးကို နွေ၏ သင်းရနံ့တို့ဖြင့် မွှေးပျံ့သွားစေသည်။

စံအိမ် တံခါးကို တွန်းဖွင့်လိုက်လျှင်တော့ ဘတ်စကက်ဘော နှစ်ကွင်းစာမျှ ကျယ်ဝန်းသည့် ခြံဝန်းကြီးက လူ၏ အမြင်ကို ဦးစွာ ကြိုဆိုနှုတ်ဆက်ပါလိမ့်မည်။

ခြံဘေးတွင် လူလုပ်ရေအိုင် တစ်ခုလည်း ရှိ၏။ ၎င်းရေအိုင်၏ ဝန်းကျင်ကို ကျောက်တုံးများဖြင့် စီရီ ဝန်းရံထားပြီး သဘာဝ၏ အငွေ့အသက်ကို ရရှိအောင် ဖန်တီး ပြုလုပ်ထားသည်။

ကြည်လင်နေသည့် ရေအိုင်ထဲတွင် ခိုအီငါးများ ကူးခတ်သွားလာနေကြပြီး လူကိုလည်း အင်မတန်ယဉ်ကာ တစ်စုံတစ်ယောက်က ဘေးမှဖြတ်သန်းသွားလင့်ကစား ကြောက်ရွံ့မှု တစ်စက်မျှ မရှိကြချေ။

ခြံဝန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရသော် အပြင်အဆင်များက အင်မတန် ရိုးရှင်းပြီး သဘာဝကျနေသည့်အပြင် ပတ်ဝန်းကျင်နှင့် ရှေ့သွားနောက်လိုက် ညီနေတော့၏။ သာမန်ဆန်သော်လည်းပဲ မြင်မိမြင်ရာ တစ်နေရာကို လက်ညိုးထိုးကြည့် လိုက်ပါက ငွေအပုံလိုက် ထွက်လာမည်မှာ အမှန်ပင်။

သာမန်လူတို့ လက်လှမ်းမီနိုင်သည့် နေရာသွင်ပြင်မျိုး မဟုတ်ခဲ့ချေ။

ဤနေရာကတော့ ယူရှီမစ်ဆူ၏ နေထိုင်အပန်းဖြေရာ နေရာတစ်ခုပင်တည်း…။

ခရိခ်…

ထိုအခိုက်အတန့်တွင် အနက်ရောင် မာစီးတီး s class တစ်စီး ခြံရှေ့ ထိုးရပ်လာသည်။

ဒရိုင်ဘာမှာ ကားထဲမှ အရေးတကြီးထွက်၍ နောက်သို့ သွားပြီး ကားတံခါး ဖွင့်ပေးလိုက်သည်။

လှပသည့် အနီရောင်ဆံနွယ်တို့နှင့် အမျိုးသမီးတစ်ယောက် ကားထဲမှ ထွက်လို့လာသည်။ သူမ၏ မျက်နှာသွင်ပြင်က နတ်သမီးတမျှ လှပသော်ငြား အမူအရာမှာတော့ မိုးပြိုတော့မည့်နှယ် အုံ့မှိုင်းအေးစက်နေလျက် ရှိ၏။ သူမနှင့် မျက်နှာချင်းဆိုင်မိသူကို အလွန်ပင် သက်တောင့်သက်သာ မဖြစ်အောင် ပြုနေသည်ု။

အနှီမိန်းကလေးကတော့ လင်းရီကို ရှုံးနိမ့်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် အယ်လက်ဆာပင် ဖြစ်ပါတော့သည်။

ဗီလာမှ ထွက်ပြေးသွားခဲ့ပြီးနောက် အယ်လက်ဆာ ဂျက်ဖရီထံ ချက်ချင်း အစီရင်ခံမှု မပြုခဲ့ပေ။

အကယ်၍ သူမ၏ သူဌေးသာ ဤအကြောင်း သိသွားခဲ့မည် ဆိုပါက သူမသည်လည်း အပြစ်ပေးခံရမှုက လွတ်ကင်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ယခု ကိစ္စကို သူမနည်း သူမဟန်နှင့် ကိုင်တွယ်ဖြေရှင်းဖို့ရာ အကြံအိုက်ရတော့လေသည်။

သူမရောက်ရှိနေသည့် ဆာကူရာမြေတွင် သူမကို ကူညီပေးနိုင်သည့် တစ်ယောက်တည်းသောသူက ယူရှီ မစ်ဆူသာလျှင်ရှိ၏။

စိတ်ထဲတွင် ဤအတွေးနှင့်အတူ အယ်လက်ဆာ သူမ ဘေးကင်းလုံခြုံပြီ ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ယူရှီ မစ်ဆူထံ ဆက်သွယ်လိုက်တော့၏။ ထို့နောက် သူမ ယခုခြံဝန်းထဲ ရောက်ရှိလာလေသည်။

“ မစ် အယ်လက်ဆာ… ကျေးဇူးပြုပြီး အထဲကို ကြွပါ…”

အယ်လက်ဆာ ဘာမျှ ပြန်မပြောဘဲ ခြံဝန်းထဲသို့ တည်တည်တန်းတန်း ဝင်သွားလိုက်သည်။

ခြံဝန်းထဲရှိ သဘာဝရှုခင်းများက စိတ်မျက်စိအေးချမ်းစရာပင်။ ကံဆိုးချင်တော့ အယ်လက်ဆာမှာ ထိုလှပသည့် အရာများကို ရှုစားချီးမွမ်းလိုသည့် စိတ်အခြေအနေတွင် ရှိမနေခဲ့ချေ။

အယ်လက်ဆာ တံခါးဝသို့ ရောက်ရန် နှစ်မီတာလောက်ပဲ လိုတော့သည့် အချိန်၌ တံခါး အပြင်ဘက်တွင် စောင့်ကြပ်နေသည့် ဝတ်စုံပြည့်နှင့် လက်ပါးစေ နှစ်ဦးမှ သူမကို လက်ဖြင့် ဆီးတားထားလိုက်၏။

“ စိတ်မရှိပါနဲ့ မစ်အယ်လက်ဆာ… ကျုပ်တို့ဘက်က စစ်ဆေးဖို့ လိုပါလိမ့်မယ်…”

အယ်လက်ဆာ မျက်မှောင် အနည်းငယ် ကြုတ်မိသွားခဲ့၏။ သူမ၏ အမူအရာမှာ သိပ်ကောင်းလို့မနေ။

အကယ်၍ အခြားအခြေအနေတစ်ခုတွင် ဖြစ်မည်ဆိုပါက သူမ သေနတ်ဆွဲထုတ်၍ သူမလမ်းရှေ့ လာရောက်တားဆီနေသူ၏ ဦးနှောက်တွင်းသို့ ကျည်နှစ်တောင့်မျှ ထည့်သွင်းပေးမိလိုက်မည်။

သို့သော် ယခု သူမ၏ အနေအထားမှာ အလေးမသာသည့် အခြေအနေတွင် ဖြစ်နေသဖြင့် မကျေမချမ်း ဖြစ်မှုကို အံကြိတ်သည်းခံရုံသာ ရှိတော့သည်။ သူမ အမူအရာ ကင်းမဲ့စွာဖြင့် လက်မောင်းနှစ်ဖက်ကို ပင့်ကားပေးလိုက်၏။

အနက်ရောင် ဝတ်စုံပြည့်နှင့် လက်ပါးစေ နှစ်ဦးတို့ကလည်း အားနာတွန့်ဆုတ်မှု မရှိပါ‌ချေ။ သူတို့၏ လက်လေးဘက်က အယ်လက်ဆာ၏ ခန္ဓာကိုယ်ပေါ်သို့ စတင် ရှာဖွေ စစ်ဆေးတော့၏။

သို့သော် သူတို့ တော်တော်လေးတော့ ဂရုစိုက်လျက်ရှိသည်။ ဤအမျိုးသမီးက သွားရှုပ်လို့ ကောင်းသည့် လူစားမျိုး မဟုတ်ကြောင်းကို သူတို့ ကောင်းကောင်း နားလည်ထား၏။ အကယ်၍ သူမကိုသာ ဒေါသဖြစ်အောင် ပြုလုပ်မိမည်ဆိုပါက မည်သို့ သေသွားမှန်းတောင် မသိလိုက်ပဲ ဖြစ်သွားပေလိမ့်မည်။

နှစ်မိနှစ်ကြာပြီးနောက် ….

အယ်လက်ဆာ၏ ခန္ဓာကိုယ်ကို ရှာဖွေစစ်ဆေးမှု အပြီး ပြဿနာ မရှိကြောင်း သေချာတော့ ၎င်းတို့ထဲရှိ တစ်ယောက်မှ သစ်သားတံခါးကို ဘေးသို့ တွန်းဖွင့်ကာ အထဲသို့ ဝင်ရန် လက်ဟန်ပြုလိုက်သည်။

ထိုလူ၏ ဦးဆောင်မှု အောက်တွင်ပဲ သူမ ကော်ရစ်ဒါကို ဖြတ်ကျော်လမ်းလျှောက်ခဲ့ပြီး အတွင်းဘက် အကျဆုံး အခန်းထဲသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့၏။

အခန်းတွင်းရှိ လေထုကို လက်ဖက်ရည်နံ့ သင်းသင်းလေးက လွှမ်းခြုံထားသည်။ ယူရှီမစ်ဆူမှာ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက်ရှိပြီး သူ့ဘေးတွင်တော့ ကီမိုနို ဝတ်စုံနှင့် အမျိုးသမီးက ရိုကျိုးစွာဖြင့် ရှိနေသည်။

အဆိုပါ ကီမိုနို၏ ဒီဇိုင်းက လိင်ရမ္မက်ကို နိုးကြွစေသည့် ဘက်ခြမ်းသို့ ဦးစားပေးထားပြီး အရောင်ကာလကလည်း တော်တော်လေးကို လှပလို့ ထူးထူးခြားခြား အသွင်ဆန်းနေခဲ့၏။

ဝတ်စုံက အမျိုးသမီး၏ ရင်ကြားနေရာနှင့် ပေါင် အထက်ပိုင်းကို ခွဲဟထားပြီး လူကို နည်းနည်းလေး စိတ်ကူးရိုင်းသွားစေသည်။ ထို ဖုံးကွယ်ထားသည့် နေရာအောက်ပိုင်းတွင် မည်သို့သော ဒီဇိုင်းများ ဝတ်ဆင်ထားလဲဆိုတာကတော့ ဆန်းကြယ်နေလျက်ရှိ၏။

ယင်းက ဂျပန် နိုင်ငံ၏ အထူးဇာတ်ကားများ ရိုက်ကူးရေး ပြုလုပ်ရာတွင် ဝတ်လေ့ ဝတ်ထရှိသည့် ဝတ်စုံမျိုးပင် ။

အမျိုးသမီး၏ သွင်ပြင်က အထိန်းသိမ်းကောင်းသောကြောင့် အသက်သုံးဆယ် အရွယ်ဟုသာ ထင်ရ၏။ ဖြူဖွေးသော အသားအရည်၊ သင့်တင့်သည့် ရူပကာနှင့် တိတ်ဆိတ်စွာ ထိုင်နေလျက်သားရှိပုံက မြင်ရှုသူ၏ သမာဓိကို လာရောက် စိန်ခေါ်နေသယောင်ပင်။

လွတ်လွတ်လပ်လပ် နေတတ်သည့် အယ်လက်ဆာအတွက်ကတော့ သူမ ဂျပန်၏ စည်းမျဉ်းစည်းကမ်းများနှင့် ရိုးရာဓလေ့ကို မည်သို့မျှ နေသားမကျချေ။ သို့နှင့် ယူရှီမစ်ဆူနှင့် ဆန့်ကျင်ဘက်တွင် သာမန်လျှံကာသာ ဝင်ထိုင်လိုက်တော့၏။

ကီမိုနို ဝတ်စုံနှင့် အမျိုးသမီးမှ ညင်သာစွာ ပြုံးပြ၍ သူတို့ နှစ်ယောက်အတွက် ရေနွေးကြမ်း ငဲ့ပေးပြီး ဘေးတွင် ရေငုံနှုတ်ဆိတ်၍ ပြန်ထိုင်နေလိုက်သည်။

“ မိန်းကလေး အယ်လက်ဆာက ငါ့ကို အစောကြီး ဆက်သွယ်လာခဲ့တော့ တကယ်ကြီးကို အံ့ဩသွားခဲ့မိတာ သိလား… မိန်းကလေးတို့ဘက်က အချိန်စောပြီး အလဲအလှယ်ကို ပြုချင်နေလို့များလား…”

မူလ အစီအစဉ်အတိုင်းဆိုပါက အလဲအလှယ်ကို မနက်ဖြန်မှ ဆောင်ရွက်ကြမည် ဖြစ်သည်။

၎င်းကြောင့်ပဲ အာယာနဲ မစ်ဆူ ရုတ်တရက် လာလည်မည်ကို သိလိုက်ရတော့ ယူရှီမစ်ဆူ အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်၏။

အာယာနဲ မစ်ဆူမှ သူမတို့အား တိုက်ခိုက်ခဲ့သည်ကို ယူရှီမစ်ဆူ သိထားပြီးချေပြီ။

သို့သော်လည်း သူ့ရင်ထဲတွင် အလေးအနက်တော့မထား။ မစ်ဆူမိသားစု၏ လူများလည်း အတုံးအရုံး အမြစ်ဖြုတ် ခံလိုက်ရပြီး တစ်ဖက်သူကို မည်သည့် ထိခိုက်နစ်နာစေလောက်သည့် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိတော့ပါချေ။

အကယ်၍ ရွှေနက် ကော်ပိုရေးရှင်း အဖွဲ့သားများကသာ ထိုသို့ အသေးမွှားကိစ္စလေးကိုမှ မကိုင်တွယ်နိုင်ဘူးဆိုပါက အင်မတန် သိမ်ဖျင်းလွန်းရာ ကျသွားလိမ့်မည်။

“ အခြေအနေက ရှင် ထင်နေသလို မရိုးရှင်းဘူး..” အယ်လက်ဆာ မျက်မှောင်တင်းတင်း ကြုတ်ထားလျက် ပြောလိုက်ပြီး “ ဒီနေ့ မနက်တင် ကျွန်မနေတဲ့ နေရာကို လူစိမ်းတစ်ယောက် ကျူးကျော်လာပြီး ပစ္စည်းကိုလည်း ယူသွားခဲ့တယ်…”

All Chapters