← Chapters

စတေးခံသိုးလေး ချင်းဟန်

Vol. 80 Ch. 1192

စတေးခံသိုးလေး ချင်းဟန်

Vol. 80 Ch. 1192

ယူရှီမစ်ဆူ၏ လက် တုန်ယင်သွားခဲ့ပြီး အမူအရာသည်လည်း မည်းမှောင်သွားခဲ့တော့၏။

“ ပစ္စည်းက အလုခံလိုက်ရပြီ ဟုတ်လား… ဘာတွေဖြစ်နေတာလဲ…”

ရွှေနက်ကော်ပိုရေးရှင်း အဖွဲ့သားများ သေသည်ရှင်သည်ကို သူ ဂရုမစိုက်။ ယင်းက သူနှင့် ဘာမှမဆိုင်။

သို့သော်လည်းပဲ သတ္တုရိုင်း အလုခံလိုက်ရသည်ကိုတော့ သူ လက်သင့်မခံနိုင်ချေ။

ယင်းက ဘာကြောင့်လဲဆိုတော့ သူ မိသားစုထဲမှ ထွက်ခွာရန် အစီအစဉ်က ဤ သတ္တုရိုင်းများနှင့် စတင်လာခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ ယခု တစ်ခေါက် အလဲအလှယ်သာ မအောင်မြင်ဘူးဆိုပါက သူချမှတ် ရေးဆွဲထားသည့် အစီအစဉ်လမ်းကြောင်း တစ်ရပ်လုံးသည် ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မည်။

“ အသေးစိတ်ကိုတော့ ကျွန်မလည်း မသိဘူး… အဲ့လူက မျက်နှာဖုံးတပ်ထားတယ်ဆိုတော့ သူ ဘယ်လိုပုံစံ ရှိလဲဆိုတာကိုလည်း ကျွန်မ မမှတ်မိဘူး… သူ သိပ်သန်မာတာကိုတော့ ကျွန်မ သိတယ်… ကျွန်မက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..”

ဤကိစ္စ နောက်ကွယ်ရှိ လက်မည်းကြီးက ယူရှီ မစ်ဆူ ဖြစ်နေလိမ့်မည်လို့တော့ အယ်လက်ဆာ မထင်။

အင်အားနဲ့ လွှမ်းမိုးနိုင်စွမ်း ရှိမှုအပိုင်းတွင် ယူရှီမစ်ဆူသည် မစ်ဆူ မိသားစုနှင့် မည်သို့မျှ ပါဝါချင်း မယှဉ်နိုင်ပေ။ ရွှေနက်ကော်ပိုရေး အဖွဲ့ထက်ပင် အဆင့်နိမ့်နေသေး၏။ ထို့ကြောင့် ယခုလို စွန့်လွှတ်စွန့်စား မပြုဝံ့မည်မှာ ကျိန်းသေသလောက်ရှိသည်။

“ ဘယ်အချိန်တုန်းက ဖြစ်သွားခဲ့တာလဲ…”

အယ်လက်ဆာ ခေတ္တမျှ တွေးတောလိုက်ပြီး “ မနက် လေးနာရီ နှောင်းပိုင်းလောက် ဖြစ်မယ်… အရုဏ်တောင် တက်တော့မှာ…”

လေးနာရီခွဲကျော်ကျော်…..

ယူရှီ မစ်ဆူ တီးတိုးရေရွတ်နေရင်း “ ဂျပန်မှာဆိုရင် အာယာနဲ မစ်ဆူ တစ်ယောက်တည်း ဒီလိုမျိုး လုပ်နိုင်တဲ့ စွမ်းရည် ရှိတာ…”

ထိုသို့ ပြောပြီးနောက် ယူရှီမစ်ဆူ အတွေးနက်သွားပြန်ပြီး သူ့ရှေ့ရှိ ကိစ္စရပ်ကို အပြန်ပြန်အလှန်လှန် စဉ်းစားဆင်ခြင်မှု ပြုနေတော့၏။

ယမန်နေ့ညက သူ့လူများကို အာယာနဲ မစ်ဆူနောက် မျက်ခြေမပြတ် လိုက်ခိုင်းထားခဲ့၏။ တစ်ချိန်တည်းတွင် လင်းရီနှင့် အာယာနဲ မစ်ဆူတို့ ဟိုတယ်တစ်ခုတည်း ဝင်သွားကြောင်းကို သူ သတင်းရလိုက်သည်။ သူတွေးထားသည်မှာ ထိုနှစ်ယောက် ဟိုတယ်တွင် မိုးလင်းပေါက်မည်ဟု တွေးထင်ထားခဲ့၏။ သို့သော် အဆုံးတွင် အာယာနဲ မစ်ဆူမှာ သူ့လက်အောက်ငယ်သားများ၏ စောင့်ကြည့်မှုအောက်တွင်မှ ပျောက်မှန်း မသိ ပျောက်သွားခဲ့ကာ အယ်လက်ဆာနှင့် ကျန်သူများကိုပင် ကဖျက်ကယှက် သွားပြုလိုက်သေးသည်။

သူ စောင့်ကြည့်ရန် အမိန့်ပေးထားသည့် လက်အောက်ငယ်သားများ၏ ပြန်လည် အစီရင်ခံစာများအရတော့ လင်းရီ ထွက်ပေါ်လာသည်ကို သူတို့ မမြင်မိကြသော်လည်း ဤကိစ္စ နောက်ကွယ်တွင် လင်းရီ ရှိနေသည်မှာ နှစ်ခါ စဉ်းစားနေရန် မလိုချေ။

ယမန်နေ့ည ဟိုင်းဝေးလမ်းမပေါ်တွင် အာယာနဲ မစ်ဆူနှင့် တိုက်ခိုက်ခဲ့သည့်သူက လင်းရီ ဖြစ်ဖို့ များ၏။

“ မင်း မနေ့ညက ငါ့ဆီ ဖုန်းဆက်ပြီးတော့ လူတစ်ယောက် မင်းကို ရုတ်ချည်း တိုက်ခိုက်လာတယ် ပြောတယ်နော်… သူနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ တစ်စုံတစ်ရာကို မင်းဘာမှတ်မိလဲ…”

“ သူ့မျက်နှာကို အဝတ်စည်းထားတော့ သေချာ မမြင်မိဘူး… ဒါပေမယ့် ကြန်အင်ကတော့ ချောမောမှာ သေချာတယ်… “

ယူရှီ မစ်ဆူ ခွန်းတုံ့ပြန်မှု မပြုဘဲ သူ၏ အတွေးများကို အတည်ပြုလိုက်တော့၏။

လင်းရီဆိုသည်မှာ သေချာလေပြီ။

“ တခြားကော ဘာမှတ်မိသေးလဲ…”

“ သူက သိပ်အရည်အချင်းရှိတယ်.. ဒါပေမယ့် ကျွန်မထက် အားနည်းတယ်… မနေ့ညက အိမ်လာပြီး တိုက်ခိုက်သွားတဲ့ လူနဲ့ လုံးဝကို မတူတဲ့ အဆင့်တစ်ခုမှာပဲ… မဟုတ်ရင် ကျွန်မ ရှုံးနိမ့်သွားခဲ့မှာ မဟုတ်ဘူး…”

ယူရှီ မစ်ဆူ ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်ပြီး ရှေ့နောက် အနည်းငယ် မွေ့လိုက်၏။

ဤသည်က လက်အကျင့်ဖြစ်ပြီး သူ တစ်ခုခု အတွေးနက်ပြီဆိုလျှင် ထိုသို့ ပြုလေ့ပြုထ ရှိသည်။

“ သူတို့နှစ်ယောက်က တစ်ယောက်တည်းတွေလည်း ဖြစ်နေနိုင်တာပဲ…” ယူရှီ မစ်ဆူ အသံကို နိမ့်ပြီး ပြောလိုက်၏။

“ မင်း သူ့ထက်က အင်အားကြီးတယ်လို့ ဘာကြောင့် ခံစားရလဲဆိုတော့ အဲ့ဒီ အချိန်တုန်းက သူ့ဘက်က အင်အားအပြည့် မသုံးဘဲ လက်ရည်စမ်းရုံ သပ်သပ်ကြောင့်မို့ ဖြစ်မယ်…”

ယူရှီ မစ်ဆူ၏ စကားလုံးများက အယ်လက်ဆာ၏ အတွေးကို လက်ခနဲ ဖြစ်သွားစေခဲ့သည်။

ထိုသူနှစ်ယောက်မှာ မတူညီသည့် အဝတ်အစားများနှင့် မျက်နှာဖုံးကို တပ်ဆင်ထားကြသော်ငြား သူတို့၏ အရွယ်အစားနှင့် ကိုယ်လုံးကိုယ်ပေါက်ကတော့ တူညီလုနီးပါး ရှိသည်။ လူတစ်ယောက်တည်း ဆိုသည်က မဖြစ်နိုင်တာမျိုးတော့ မဟုတ်ချေ။

“ အဲ့လူကို ရှင်သိလို့လား…” အယ်လက်ဆာ ခေတ္တ တိတ်ဆိတ်နေပြီးနောက် မေးမြန်းလိုက်၏။

“ ဘယ်သူလဲ ဆိုတာ ငါသိတယ်… ဒါပေမယ့် သူ ဖြစ်ပါတယ်ဆိုပြီး ပြနိုင်မယ့် သက်သေ ငါ့မှာ မရှိသေးဘူ… ဒီတိုင်း သံသယ ရှိရုံလောက်ပဲ…”

“ ကျွန်မကို ဘယ်သူလဲဆိုတာ ပြောပြလိုက်… ကျွန်မနည်း ကျွန်မဟန်နဲ့ စုံစမ်းလိုက်မယ်…”

“ သူ့ကို တစ်ခါ ရှုံးပြီးပြီကို နောက်တစ်ခေါက် ထပ်တွေ့တော့ရော ဘာလုပ်နိုင်မှာမို့လို့…”

ယူရှီမစ်ဆူ ပြဿနာ၏ အဓိကကျသည့် အချက်ကို ပင်းထောက်ပြလိုက်ပြီး “ မင်း ရွှေနက် ကော်ပိုရေးရှင်းဆီကနေ အကူအညီပို့ပေးဖို့ တောင်းဆိုလို့ရတယ်… ဒါပေမယ့် အဲ့လို လုပ်လိုက်ရင် ဒီကိစ္စက အဖော်ထုတ်ခံလိုက်ရမှာပဲ… မင်းရဲ့ လာရင်း ရည်ရွယ်ချက်လည်း ပျက်စီးသွားပြီ…”

အယ်လက်ဆာ ဘာမျှမဖြေ။ ယူရှီ မစ်ဆူ ပြောသည်က မှန်နေသည်။

“ ရှင့်ဘက်က ကတိတည်မယ်လို့ မျှော်လင့်တယ်… မဟုတ်ရင် ကျွန်မဘက်က ပြန်အစီရင်ခံရလိမ့်မယ်…”

ယူရှီ မစ်ဆူ ခေါင်းညိမ့်လိုက်သည်။ “ မပူနဲ့… ငါ့ဘက်က ဒီကိစ္စကို အမြန်ဆုံး စုံစမ်းပြီးမှ တကယ်လို့ တရားခံက အဲ့လူဆိုရင် ငါ ပစ္စည်းကို ပြန်ယူပြီး မင်းကို ဗီဇသွေးရည်ကြည် ပေးလိုက်မယ်… နည်းနည်းပါးပါး ကရိကထ များတယ်ဆိုပေမယ့် ငါ့ဘက်က ရိုးသားလေးနက်မှု ပြသရင်း အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို ငါ မညာပါဘူး…”

“ အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့..” အယ်လက်ဆာ မတ်တပ်ရပ်ရင်း ပြောလိုက်ပြီး “ တကယ်လို့ အကူအညီ လိုလာခဲ့ရင် ကျွန်မကို အချိန်မရွေး ဖုန်းဆက်လို့ရတယ်…”

“ ကောင်းပြီ..”

ပြောပြီးနောက် အယ်လက်ဆာ ထွက်ခွာသွားခဲ့၏။

မကြာမီ ယူရှီ မစ်ဆူ၏ ဒရိုင်ဘာနှင့် လက်ထောက်ဖြစ်သူ ခန်ဂျီ တာခါယာမမှ ဝင်လာခဲ့ပြီး “ ခေါင်းဆောင်… ကျုပ် လှုပ်ရှားလိုက်ရမလား…”

“ ဟိုတယ်သွားပြီ လင်းရီရဲ့ မနေ့ညက အဝင်အထွက် မှတ်တမ်းကို စစ်ဆေးခဲ့….”

“ ကောင်းပါပြီ….”

ခန်ဂျိ တာခါယာမ ဦးညွှတ်ပြီး အခန်းထဲမှ ထွက်ခွာသွားခဲ့၏။

တစ်နာရီခန့် ကြာပြီးနောက် အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

“ ခေါင်းဆောင်.. ကျုပ် ဟိုတယ်နဲ့ အနီးတစ်ဝိုက်က စောင့်ကြည့်ရေး ကင်မရာတွေကို စစ်ဆေးခဲ့ပြီးပြီ… လင်းရီ ဟိုတယ်ကို ဒီနေ့ မနက် နှစ်နာရီ ဝန်းကျင်လောက်မှာ ပြန်လာခဲ့တယ်.. ဒါပေမယ့် ချင်းဟန်လို့ ခေါ်တဲ့ တစ်ယောက်နဲ့ သုံးနာရီလောက်ကျတော့ ပြန်ထွက်သွားခဲ့တယ်… အဲ့ကစပြီး မနက် ကိုးနာရီထိ တစ်ချက် ပြန်မလာခဲ့ဘူး…”

ယူရှီ မစ်ဆူ မသိမသာ မျက်မှောင်ကြုတ်သွားခဲ့ပြီး အတွေးနက်ရင်း ငြိမ်ကျသွားခဲ့တော့၏။

ယင်းက ပစ္စည်းအလုခံလိုက်ရသည့် အချိန်နှင့် လုံးဝကို ထပ်တူ ကွက်တိကျနေသည်။

သို့သော် ထူးဆန်းသည့် အခြေအနေတစ်ရပ်ကလည်း ရှိနေသေး၏။ လင်းရီက အဘယ်ကြောင့် အခြားတစ်ယောက်ကို အပြင် ခေါ်ထုတ်လာရသနည်း။

“ ချင်းဟန်ဆိုတဲ့ ငနဲရဲ့ အထောက်အထားက ဘာလဲ..”

“ သူက ဟန်ဟိုင်အုပ်စုရဲ့ သခင်လေးပါ … ဟွာရှမှာ နာမည် အမည်ကြီးဆုံး ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်လို့လည်း ပြောလို့ရတယ်… သူ့အထောက်အထားက တော်တော်လေး ရိုးရှင်းပါတယ်…”

ယခုဆို ဤကိစ္စက လင်းရီ၏ လက်ချက်မှန်း ယူရှီမစ်ဆူ ပိုလို့ပင် သေချာသွားခဲ့တော့သည်။

သို့သော်လည်း လင်းရီ အဘယ်ကြောင့် အခြားတစ်ယောက်ကို အတူခေါ်သွားချင်နေမှန်း သူ နားမလည်နိုင်ခဲ့ချေ။

ယူရှီ မစ်ဆူက အလွန်အမင်း ထက်မြက်အံတိုနေသည့် မြေခွေးအိုကြီး တစ်ကောင်ဖြစ်၏။ သို့သော် ဤကိစ္စတွင်တော့ တစ်စုံတစ်ရာကို နားမလည်နိုင် ဖြစ်လို့နေသည်။

သူ၏ အမြင်တွင် လင်းရီသည်က အရာရာကို ပြု၏က မစွမ်းနိုင်သည့် အရာ မရှိသူ တစ်ယောက်ဖြစ်သည်။ အမျိုးသမီးဆိုသည်မှာ သူ့အဖို့ အပန်းဖြေ ရှုစားရန် ကြိုက်နှစ်သက်သည့် ပန်းပွင့်လေးသဖွယ်သာ ဖြစ်ပါ၏။

သို့သော် လင်းရီ၏ ရင်ဘက်ထဲတွင် ကျီချင်းရန်က မည်မျှ အရေးကြီးကြောင်းကို သူ့လို သေခါနီး သက်ကျားအိုကြီးတစ်ကောင် နားလည်ရန်ငှာ မစွမ်းသာခဲ့ချေ။

ချင်းဟန်ဆိုသည်က စတေးခံ သိုးငယ်တစ်ကောင်မျှသာ ဖြစ်၏။

“ ခေါင်းဆောင်… လက်ရှိ ရထားတဲ့ သတင်း အချက်အလက်တွေ အတိုင်းဆိုရင် အယ်လက်ဆာကို ဓားပြတိုက်သွားတဲ့သူက လင်းရီပဲ ဖြစ်ရမယ်… ကျုပ်တို့ လူလွှတ်ပြီး သူ့ကို အရေးယူလို့ရနေတာပဲ…”

“ ငါသိတယ်… ဒါပေမယ့် အယ်လက်ဆာလို လူတောင် အဲ့ကောင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တာ ငါတို့လူ ဘယ်နှစ်ယောက်ကများ သူ့ပြိုင်ဘက် ဖြစ်နိုင်မှာမို့လို့… သူ့ရဲ့ အဆင့်က ငါထင်ထားတာထက်ကို ကျော်လွန်နေတာပဲ… တကယ် မထင်ထားခဲ့ဘူး…”

“ ကျုပ် တွေးမိတာ တစ်ခုတော့ ရှိတယ်… ကျုပ်အထင် ဖြစ်နိုင်ချေ နောက်တစ်ခုလည်း ရှိသေးတယ်…” ခန်းဂျိ တာခါယာမမှ ပြောလိုက်သည်။

“ ဆိုစမ်းပါဦး…”

“ တကယ်လို့ ကျုပ် ထင်တာ မမှားဘူးဆိုရင် အယ်လက်ဆာနဲ့ ပထမတစ်ကြိမ် တိုက်ခိုက်သွားတဲ့သူက လင်းရီ ဖြစ်မယ်… ဒါပေမယ့် ဒုတိယ တစ်ကြိမ်ကတော့ မတူဘူး.. ချင်းဟန်ဆိုတဲ့ သူလည်း ဖြစ်နိုင်တာပဲလေ…”

“ ဘာလို့ အဲ့လိုမျိုး ပြောတာ… “

“ အယ်လက်ဆာ ထွက်သွားပြီးတော့ ကျုပ် ဖုန်းနဲ့ အသေးစိတ် လှမ်းမေးကြည့်လိုက်တာ ပစ္စည်းကို ယူသွားတဲ့ တစ်ယောက် ဝတ်ထားတဲ့ အဝတ်အစားတွေက ချင်းဟန်ရဲ့ အဝတ်အစားတွေနဲ့ တော်တော်ကြီးကို ဆင်တူနေတယ်ဆိုတာ သိလိုက်ရတယ်….”

“ နောက်တစ်ချက်က ချင်းဟန်မှာ ဖုံးကွယ်ထားတဲ့ အထောက်အထားတစ်ခု ရှိမနေဘူးလို့ ပြောလို့မရဘူး…ဘာပဲဆိုဆို သူလည်း မိသားစုကြီး တစ်စုက အမွေခံကိုပဲ… သူတို့ရဲ့ အမွေခံကို အလကား ဆန်ကုန်မြေလေး တစ်ယောက်တော့ အဖြစ်ခံမှာ မဟုတ်ဘူး… မဟုတ်ရင် လင်းရီကကော သူနဲ့ အတူ ချင်းဟန်ကို ဘာလို့ အတူခေါ်သွားမှာလဲ… ဒါကြီးက သောက်အဓိပ္ပာယ်မှ မရှိတာ…”

“ ဖြစ်နိုင်တယ်… ဒါပေမယ့် အရေးကြီးတာက အဲ့တာ မဟုတ်ဘူး…” ယူရှီ မစ်ဆူ ပြောလိုက်ပြီး “ ပစ္စည်းကို ဘယ်သူပဲရရ အခု လင်းရီလက်ထဲမှာ ရှိတယ်… ငါတို့ ပစ္စည်းကို လင်းရီလက်ထဲကနေ အရပြန်ယူရမယ်… ဒါ အရင်ဆုံး ကိုင်တွယ်ရမယ့် ပြဿနာပဲ….”

“ ကျုပ်တို့ အင်အားသုံးပြီး ဖြေရှင်းလိုက်သင့်လား…” ခန်းဂျိ တာခါယာမမှ မေးမြန်းလိုက်၏။

All Chapters