အစ်ကိုကြီးလင်း… ငါတော့ အထင်ကြီးမိပြီ
Vol. 80 Ch. 1193
“ အချိန်တစ်ခုထိအောင်တော့ မလိုသေးဘူး…” ယူရှီမစ်ဆူ မြဲမြံသည့် လေသံဖြင့် ပြောလိုက်ပြီး “ လင်းရီ ဒါမှမဟုတ် ချင်းဟန်၊ သူတို့ နှစ်ယောက်လုံးရဲ့ အထောက်အထားတွေက အတော်လေး ထူးခြားတယ်… ငါတို့သာ မျက်ကန်းတွေလိုမျိုး အင်အား သုံးပြီး ဖြေရှင်းလိုက်ရင် ငါတို့အတွက် အကျိုးရှိမှာ မဟုတ်ဘူး… ပြီးတော့ ဂျပန်မှာ သူတို့ အားကိုးနိုင်တဲ့လူက မရှိတာ မဟုတ်ဘူး… တကယ်လို့ လိုအပ်လာခဲ့ရင် မစ်ဆူမိသားစုကို သွားရှာလိုက်လို့ရတယ်… လုံးဝ လိုအပ်နေတဲ့ အခြေအနေမျိုးမှ မဟုတ်ရင် ငါတို့ အသုံးပြုလို့မရဘူး…”
စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားပြီးတော့ ခန်းဂျိတာခါယာမမှ နေ၍ “ ခေါင်းဆောင်… တကယ်လို့ ကျုပ်တို့တွေ ပစ္စည်းပြန်ရရင် ရွှေနက် ကော်ပိုရေးရှင်းနဲ့ ဆက်ပြီး လက်တွဲဦးမှာလား…”
ယူရှီ မစ်ဆူ မျက်ခုံးပင့်၍ သူ၏ အားအကိုးရဆုံး လက်အောက်ငယ်သား ဖြစ်သူကို ကြည့်လိုက်ရသည်။
“ မင်းက ဘယ်လို စဉ်းစားထားလို့လဲ…”
“ ကျုပ်ကတော့ လိုအပ်တယ် မထင်ဘူး… ဒါက ကျုပ်တို့ဖို့ အခွင့်ကောင်းကြီးပဲ…” ခန်းဂျိ တာခါယာမမှ ပြောလိုက်ပြီး “ တစ်ကမ္ဘာလုံးမှာ မြေအောက်အဖွဲ့အစည်းဆိုလို့ သူတို့ တစ်ဖွဲ့တည်း ရှိနေတာမှ မဟုတ်တာ… ပြီးတော့ ကမ္ဘာ့အဆင့်နဲ့ ရေတွက်ရင် ထိပ်တန်း ၂၀ တောင် မဝင်နိုင်ဘူး… ကျုပ်တို့ ဒီတစ်ခေါက် မအောင်မြင်ဘူးဆိုရင် တခြား အဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်းဖို့ လိုက်ရှာလို့ ရနေတာပဲ…”
“ ဒါပေမယ့် ငါတို့ရဲ့ လက်ရှိ ခွန်အားက အဲ့ဒီ ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းကြီးတွေ အသိအမှတ်ပြုဖို့ လုံလောက်တယ်လို့ မင်းထင်လား… တကယ်လို့ ငါတို့ကသာ သူတို့နဲ့ အလဲအလှယ် လုပ်မယ်ဆိုရင် အန္တရာယ်လည်း များသလို အရေးလည်း မသာဘူး… “ ယူရှီမစ်ဆူမှ ပြောလိုက်ပြီး “ လက်ရှိမှာ အမေရိကန်နဲ့ မစ်ဆူမိသားစုပဲ ဗီဇသွေးရည်ကြည်ကို ထုတ်လုပ်နိုင်သေးတယ်ဆိုပေမယ့် တခြား နိုင်ငံတွေကလည်း ဒီဘက်ပိုင်းမှာ အပူတပြင်း သုတေသနတွေ ပြုနေကြပြီ… တချို့ဆို လက်တွေ့စမ်းသပ် သုံးကြည့်နေတဲ့ အဆင့်ထိတောင် ရောက်နေပြီ… သူတို့ အဲ့ဒီ အဆင့်ကို ရောက်သွားခဲ့ရင် ကမ္ဘာကြီးမှာ ငါတို့ရဲ့ အဆင့်အတန်းက ထင်သလောက် အရာရောက်တော့မှာ မဟုတ်ဘူး…”
“ ရွှေနက် ကော်ပိုရေးရှင်းက သိပ်မကြီးဘူးဆိုပေမယ့် ငါတို့အတွက်တော့ လုံလောက်တယ်… ဒီကိစ္စမှာ ငါ့ဘက်က ကောင်းမွန်တဲ့ သဘောထားတွေ ပြသလိုက်မယ်ဆိုရင် သူတို့နဲ့ ခိုင်မာတဲ့ ရင်းနှီးပတ်သက်မှုတစ်ခု တည်ဆောက်ပြီးရာလည်း ဖြစ်မယ်… ဒါက ငါတို့ အင်အားကြီးမားလာနိုင်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပဲ…”
“ တစ်နေ့ ငါတို့ရဲ့ အဆင့်အတန်းက ဂျပန်မှာ မြင့်တက်လာပြီး မစ်ဆူမိသားစုနေရာမှာ အစာထိုးကြမယ်… အဲ့ဒီအချိန်ကျရင် ကမ္ဘာ့ အဖွဲ့အစည်းကြီးတွေနဲ့ အလဲအလှယ် လုပ်လို့ရပြီ…”
“ ဟုတ်ကဲ့၊ နားလည်ပါပြီ ခေါင်းဆောင်…”
……………………….
လင်းရီနှင့် ချင်းဟန်တို့ ဟိုတယ်ပြန်ရောက်တော့ ကျီချင်းရန် ချက်ချင်း လက်ငင်း ထွက်လာပြီး အသံတိုးတိုးဖြင့် လင်းရီကို ကြည့်၍ “ ချင်းဟန်… သူ အဆင်ပြေတယ်မလား…”
“ အကုန်ပြေပြီ… သူငါနဲ့ အရက်သောက်ပြီး ခံစားချက်တွေ အန်ထုတ်ပစ်တော့ ခု အဆင်ပြေနေပါပြီ…”
ချင်းဟန် “ ??? “
‘ ငါ့ကို ဘယ်လိုတောင် စော်စော်ကားကား ပြောနေလိုက်လဲ…..’
“ ကောင်းတယ် ကောင်းတယ်…” သူမ ချင်းဟန်ကို ကြည့်လိုက်ပြီး “ နင်လည်း အဲ့လောက်ထိ ဝမ်းနည်းမနေစမ်းပါနဲ့… အဲ့ကောင်မလေးက နင့်ကို မရွေးချယ်သွားဘူးဆိုတာ သူ့အမြင်တွေ တိမ်လို့လေ… ငါ အချိန်ရရင် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်…. ဝမ်းနည်းမှုကို အရက်နဲ့ ဖြေသိမ့်နေစရာ မလိုပါဘူး… အဆုံးစီရင်ဖို့ဆို စဉ်းကို မစဉ်းစားသင့်တာ…”
အဆုံးစီရင်တယ်… ဟုတ်လား…
ချင်းဟန် လင်းရီကို မျက်တောင့်နီလျက် စူးစိုက်ကြည့်လိုက်၏။ တဂျစ်ဂျစ်နှင့် အံကိုလည်း ကြိတ်လို့ထားသည်။
“ ကူညီပေးလို့ ဘိုးဘေးတွေကို ကျေးဇူးတင်ရမယ်ထင်တယ်… ဟုတ်လား လင်းကြီး…”
“ အာ … ဟားဟား…”
လင်းရီ ဟန်လုပ်ရယ်မောလိုက်ပြီး ချင်းဟန်၏ ပခုံးကိုပုတ်၍ “ ညီကို အချင်းချင်းပဲလေ… အားနာနေစရာ မလိုပါဘူး… ဒါ ငါလုပ်သင့်လုပ်ထိုက်တာပါပဲ…”
“ ကဲပါ… အတိတ်က ကိစ္စတွေ ထပ်ပြောမနေကြနဲ့တော့…” ကျီချင်းရန် ပြောလိုက်ပြီး “ ဒီနေ့ ခရီးသွားမယ့် အစီအစဉ်ကို ပြင်ဆင်ပြီးသွားပြီ… ငါတို့ ဟူဂျီတောင်ကို သွားကြမယ်…”
“ ငါ ယွမ်ယွမ်နဲ့ တခြားသူတွေကို အဆင့်သင့်လုပ်ထားဖို့ သွားပြောလိုက်ဦးမယ်… ခဏဆို ထွက်ကြမယ်…”
“ ကောင်းပြီလေ… မင်း သဘောပဲ…”
သို့နှင့် ကျီချင်းရန် လှည့်ထွက်သွားခဲ့တော့သည်။ လင်းရီ ချင်းဟန်၏ ပခုံးကို ပုတ်လိုက်ပြီး “ သွားစို့… အသင့်ပြင်ထား.. ငါတို့လည်း ခဏနေ လစ်ကြမယ်…”
“ ငါ မင်းကြောင့် ဒုက္ခရောက်ရတာတွေ မပြောတော့ဘူး… ဒါပေမယ့် မင်း ကတိကို မင်း မမေ့ဘူးလို့တော့ မျှော်လင့်တယ်…” ချင်းဟန် ပြောလိုက်သည်။
“ မှတ်မိပါတယ်ဟ… ဘူဂတီ၊ လမ်ဘိုဂီနီနဲ့ Koenigsegg အဲ့တာပဲ မလား..” လင်းရီ ပြောလိုက်ပြီး “ မော်ဒယ်ကိုတော့ မင်းကြိုက်တာရွေး… ပြန်ရောက်ရင် ငါလိုက်ဝယ်ပေးမယ်…”
“ ဘယ်သူက ကားအကြောင်း ပြောနေလို့လဲ…” ချင်းဟန် လက်ဝှေ့ယမ်းလိုက်ပြီး “ ငါတို့ ဒီနေ့ ဟူဂျီတောင် သွားကြမှာ ဆိုတော့ အဲ့မှာ ကျိန်းသေပေါက် ရေပူစမ်း ရှိမှာပဲ… မင်း သေချာ မစီစဉ်ထားပေးလို့ကတော့ ငါ ဥက္ကဌကျီကို ပြန်တိုင်ပစ်မယ်…”
“ ငိုးပဲ… မင်း ဒါကတော့ တရားလွန်သွားပြီ…”
“ အပိုမပြောနဲ့… မင်းလောက်တော့ မလွန်သေးဘူး…”
“ မင်းလို နှာခေါင်းကြီးက အဲ့အကျင့်စရိုက်ကို ပြင်မရနိုင်မှန်းသိလို့ စောကြီးကတည်းက ပြင်ဆင်ထားပြီးသား… အရင်ဆုံး ပြန်ပြီး အသင့်သာ ပြင်ထားစမ်းပါကွာ…”
“ မင်း သောက်ပို လာမပြောနဲ့… မင်း သောက်လုပ် သွားလုပ်တာကလွဲရင် တစ်မနက်လုံး ငါနဲ့ ရှိနေတာ မဟုတ်ဘူးလား.. မင်း ဘာစီစဉ်ထားတာမှလည်း မတွေ့မိဘူး… ဒါ ဂျပန်ကွ… မင်း ဘယ်လို စီစဉ်လိုက်တာ… စိတ်နဲ့လား…”
“ ကိုယ့်သောက်ခွက်ကိုယ် ပြန်ကြည့်စမ်း… နှာထနေလိုက်တာများ…” လင်းရီပြောလိုက်ပြီး “ ဆိုစမ်းပါဦး… ငါမင်းကို ဘယ်တုန်းက ညာခဲ့ဖူးလို့…”
“ မညာဘူး.. နေ့တိုင်းနီးပါးပဲ လှည့်စားတာ…” ချင်းဟန် ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ် အဲ့တာ မင်းကိစ္စ… တကယ်လို့ ငါစိတ်မကျေနပ်ဘူးဆိုလို့ကတော့ မင်းနဲ့ ဥက္ကဌကျီနဲ့ နောင်ဂျိန်ချဖို့သာ ပြင်ထား…”
“ ငိုးပဲ… ကောင်းပြီ… မင်းလိုက်ခဲ့… ငါမင်းဖို့ စီစဉ်ပေးထားတာ လိုက်ပြမယ်…”
“ စိတ္တဗေဒတွေ လာထုတ်သုံးမနေနဲ့.. အသုံးမဝင်ဘူးဟျောင့်…”
“ ငိုးပဲ… ငါက အပြောပဲ ရှိပြီး လက်တွေ့မလုပ်ပြနိုင်တဲ့ လူစားမျိုးလား..”
သို့နှင့် ချင်းဟန်သည် လင်းရီ၏ တရွတ်တိုက် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပြီး ခြောက်လွှာသို့ ရောက်ရှိလာခဲ့တော့၏။ သူ မာစတာကီးကတ်နှင့် ချိုးယွီလော့တို့သုံးယောက် မျှသုံးနေသည့် အခန်းတံခါးကို ဖွင့်လှစ်လိုက်သည်။
မိန်းကလေး သုံးယောက်မှာ အလုပ်ရှုပ် သက်သာစေရန် ရည်ရွယ်ပြီး သုံးယောက် တစ်ခန်း ငှားခဲ့ကြလေသည်။
လင်းရီနှင့် ချင်းဟန်တို့ အထဲဝင်လာသည့် အချိန်၌ ကောင်မလေး သုံးယောက်မှာ သူမတို့၏ အထုပ်အပိုးများကို ပြင်ရင်း ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြ၏။
ထို့ပြင် သူမတို့ အားလုံး၏ အဝတ်အစားများကလည်း ယခင်နေ့ကနှင့်မတူ သစ်လွင်တောက်ပြောင်နေကြလေသည်။ ကြည့်ရသည်မှာတော့ ရှော့ပင်း ထွက်ထားကြသည့်ပုံပေါ်၏။ ယင်းကလည်း ထူးဆန်းသည်တော့ မဟုတ်။ မည်သို့ပင်ဆိုစေ အကုန်လုံးက ငွေကြေး ချမ်းသာသူများ ဖြစ်ကြ၏။
လင်းရီနှင့် ချင်းဟန်တို့ ရုတ်တရက် အထဲဝင်လာတော့ သုံးယောက်သား အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြသည်။
လင်းရီ အဘယ်ကြောင့် အပြင်လူတစ်ယောက်ကို သူမတို့ အခန်းထဲ ခေါ်လာခဲ့မှန်း နားမလည်နိုင် ဖြစ်နေကြလေသည်။
ချိုးယွီလော့ ၊ နင်ချဲ့နှင့် ကျန်းချင်တို့ကို ချင်းဟန်မြင်တော့ သကောင့်သားမှာ ပါးစပ်ကြီး ဟောင်းလောင်းနှင့် ဖြစ်သွားခဲ့တော့၏။
အနှီ အလှလေး သုံးယောက်လုံးတွင် မတူညီသည့် ရောင်ဝါ ကိုယ်စီ ရှိနေကြပြီး ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက် လေးများကလည်း မဆိုးကြချေ။ ကဏ္ဍပေါင်းစုံတွင် သူ သိသည့် အင်တာနက် ဆယ်လီများထက် အဘက်ဘက်မှ သာလွန်နေလျက် ရှိ၏။
“ကိုင်း အစ်ကိုကြီးချင်းကို လာပြီး ဟယ်လို လုပ်လိုက်ကြပါဦး…” လင်းရီမှ ပြောလိုက်သည်။
ချိုးယွီလော့ “ ??? “
ကျန်းချင် “ ??? “
“ ဟယ်လို အစ်ကိုကြီးချင်း…”
နင်ချဲ့၏ တုံ့ပြန်နိုင်စွမ်းက အမြန်ဆန်ဆုံးပင်။ ထိုအကြောင်းကြောင့်ပဲ လင်းရီ သူမကို ပိုပြီး တန်ဖိုးထားနေရခြင်း ဖြစ်၏။
နင်ချဲ့ နှုတ်ခွန်းဆက်ပြီးနောက် ကျန်းချင်နှင့် ချိုးယွီလော့တို့ သတိပြန်ဝင်လာကြပြီး သူမတို့လက်ကလေးများကို ဝှေ့ယမ်း၍ ချိုသာစွာ နှုတ်ဆက်လိုက်လေသည်။
“ ဟယ်လို အစ်ကိုကြီးချင်း…”
ချင်းဟန် တံတွေး တစ်လုတ် မျိုချလိုက်၏။ မြင်ကွင်းက နည်းနည်းလေး အိပ်မက်ဆန်နေသည်ဟုတောင် သူ ခံစားနေရသည။ “ သူ… သူတို့တွေလား…”
“ ဘယ်လိုလဲ… အဆင်ပြေတယ်ဟုတ်… သူတို့က သခင်လေးချင်းရဲ့ အမြင်ကို ဖမ်းစားနိုင်တယ်မလား…”
“ သိပ်…. သိပ်ကောင်းလွန်းတယ်…” ချင်းဟန် ပြောလိုက်ပြီး “ ငါ သိတဲ့ အင်တာနက် ဆယ်လီတွေထက်ကို အများကြီးသာတယ်… သူတို့ရဲ့ အရှိန်အဝါတွေက တကယ့်ကို မတူဘူး…”
“ အဲ့ အင်တာနက် ဆယ်လီတွေက သူတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာတုန်းကွ…” လင်းရီ ပြောလိုက်ပြီး “ ဒီအလှလေး သုံးယောက်လုံးက မိသားစုကြီးရဲ့ အဆက်အနွယ်တွေ…. သူတို့ထဲက မရှိဘူးဆိုရင်တောင် ပိုင်ဆိုင်မှု ယွမ် တစ်ဘီလီယမ် ရှိတယ်… ဘယ်နှယ့် အင်တာနက် ဆယ်လီတွေက ဒီလို ကောင်မလေးတွေနဲ့ ယှဉ်နိုင်ပါ့မလားဟ… လာနောက်မနေစမ်းနဲ့..”
“ ငါ လခွမ်း….”
ချင်းဟန် အလှလေး သုံးယောက်ရှေ့တွင် ကျိန်ဆဲမိသည်အထိ စိတ်လှုပ်ရှားသွားခဲ့ပြီး “ အစ်ကိုကြီး… ငါတော့ လေးစားမိပြီ.. မင်း မနေ့ညက လုပ်စရာ ရှိတယ် မပြောဘူးလား… ဒီသုံးယောက်ကို ဘယ်ကနေ ဘယ်လို ရလာခဲ့တာလဲ…”
“ ငါ့မှာ အစီအစဉ် ရှိပြီးသားလေ… ငါ ပြောရင်တောင် မင်း နားလည်မှာ မဟုတ်ပါဘူး…”
လင်းရီ တစ်ဖက်သို့လှည့်၍ နင်ချဲ့တို့ သုံးယောက်ကို ကြည့်လိုက်ပြီး “ မင်းတို့ သုံးယောက် … အဆင်သင့် ပြင်ထားကြ.. ငါတို့ ခဏနေကျရင် ဟူဂျီတောင်ကို သွားကြမယ်… နေဖို့ ဟိုတယ်နဲ့ ငှားဖို့ ကား စီစဉ်ထားလိုက်… ဒီည မင်းတို့ သုံးယောက်ကို ရေပူစမ်း လိုက်ပို့ပေးမယ်…”
“ အွန်း.. အစ်ကိုကြီးလင်း…”
“ ကောင်းပြီ… မြန်မြန်လုပ်ကြတော့ … အချိန်မဖြုန်းနဲ့…”
ပြောပြီးနောက် လင်းရီ ချင်းဟန်ကို အပြင်သို့ ပြန်ခေါ်ထုတ်လာခဲ့လိုက်သည်။
“ လင်းကြီး… မင်းက အကောင်းဆုံးပဲ…”
အခန်းထဲမှ ထွက်လာပြီးနောက် ချင်းဟန် လက်မထောင်ပြလိုက်ပြီး “ ဥက္ကဌကျီ ဒီမှာ ရှိနေတာတောင် ကစားဖို့ ကောင်မလေး သုံးယောက်ကို တကယ်ကြီး ခေါ်ဝံ့နေတယ်… သုံးယောက်လုံးကလည်း နာနာခံခံလေးတွေ… မင်းက တကယ့်ကို မကောင်းတဲ့ကောင်ကြီးပဲ….”