ဖိတ်မန္တက ပြုခြင်း
Vol. 80 Ch. 1196
“ ဟားဟား…”
လင်းရီ ရယ်မောလိုက်ရင်း “ သူ မင်းကို အပြစ်မပြုမိပါဘူး… ဟုတ်တယ်မလား… ဘာလို့ အမြင်မကြည် ဖြစ်နေရတာ…”
“ ငါနဲ့ ဓာတ်မတည့်လို့ ဖြစ်မှာပေါ့… ငါက နင်ချဲ့လိုမျိုး type ကို ပိုပြီး သဘောကျတယ်… သူကျ ငါ့အတွက် နည်းနည်းလေး များတယ်…”
“ သူက ဂေးရှားလေ… နာမည်ကြီး… ဒါပေမယ့် ကြည့်ရတာတော့ သူ့ဝမ်းရေး အတွက် အချိန်ပိုင်း လုပ်တဲ့ ပုံပါပဲ…”
ချိုးယွီလော့ ခေါင်းငဲ့စောင်းရင်း လင်းရီကို အထင်တသေး အမူအရာဖြင့် ကြည့်လျက် “ နင် ဂေးရှား တစ်ယောက်နဲ့ ဘာ အတွေ့အကြုံမှ မရှိဖူးသေးဘူး… ဟုတ်တယ်ဟုတ်…”
“ ဟ… ဘာလားဟ… “ လင်းရီ နောက်သို့ တွန့်ခနဲ ဖြစ်သွားခဲ့ပြီး “ မင်း ပြောတဲ့ ‘ အတွေ့အကြုံ ‘ ဆိုတဲ့ စကားအသုံးအနှုန်းကြီးက တော်တော်လေး တာသွားတယ်နော်…”
“ ဟွန့်… ကြည့်ရတာ နင်က အပေါ်ယံလောက် မကောင်းတဲ့ လူစားမျိုး ဖြစ်နေပုံပဲ… နင့်မှာ အတွေ့အကြုံရယ်လို့ မယ်မယ်ရရကို မရှိဘူး…”
“ အာ….. ငါ့ကို အဲ့လို ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်သင့်လား…”
“ နင် မသိရင် ငါ ပြောပြမယ်… ဂျပန်က ဂေးရှားမယ်တွေဆိုတာ ငါတို့ ရှေးခေတ် ဟွာရှက ဆောင်ကြာမြိုင်နဲ့ အတူတူပဲ… ပြည်ကြီးဒါလီလို့ သတ်မှတ်ခံရတဲ့ သူတစ်ယောက်က သိပ်ရေပန်းစားတာ.. ငါ သုံးလေးယောက်ဆုံဖူးတယ်… အကုန်လုံးက အနုပညာ နယ်ပယ်ထဲက နာမည်ကြီး အနုပညာရှင်တွေနဲ့ ထူးမခြားနားပဲ…. သူ့လိုမျိုး ချဉ်းကပ်ရ လွယ်တဲ့သူဆိုတာ ခပ်ရှားရှားရယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါ့အထင်တော့ နင်က ချမ်းသာမှန်းသိလို့ နင့်နား ကပ်ချင်နေတယ်နဲ့တူတယ်… နင်သာ သူ့ကို တမ်းတမ်းစွဲ ဖြစ်သွားပြီဆိုရင် သူ့အတွက် အိုကေ ပြီလေ…”
“ အဲ့တာ နည်းနည်းတော့ ခက်မယ် … လျန်ကြီးလို သူ့ဒုတ်နဲ့ စဉ်းစားတဲ့ကောင်တောင် သူ့ကို ထိဖို့ စိတ်မဝင်စားတာ ငါဆိုရင်တော့ ဝေးပေါ့…”
“ သဘောတူတယ်… နင့် အဆင့်နဲ့ဆိုရင် အဲ့လို မိန်းမ တစ်ယောက်ကို စိတ်မဝင်စားပါဘူး…”
ရေပူစမ်းထဲတွင် ခေတ္တ ရေစိမ်ကြပြီးနောက် လင်းရီတို့ တစ်ကီလိုမီတာ အကွာရှိ အီဇူမိုဂျီ ဟိုတယ်သို့ ထွက်လာခဲ့ကြသည်။
ကာစီနိုကို ထိုဟိုတယ်၏ မြေအောက်ထပ်တွင် ဖွင့်လှစ်ထားခြင်းပင်။
ဟိုတယ်၏ အောက်ထပ် ဧရိယာ ပရဝဏ်က ဘက်စကက်ဘော နှစ်ကွင်းစာလောက်ကို ကျယ်ဝန်းနေသည်။
အံ့အားသင့်ဖို့ ကောင်းသည်က ထိုမျှ ကျယ်ဝန်းသည့် နေရာတွင် လူ အပြည့်ဖြစ်နေခြင်းပင် ဖြစ်၏။ဤသည်က လင်းရီနှင့် ကျန်သူများ စိတ်ကူးထားသည်ထက်ကို နည်းနည်းလေး ကျော်လွန်သွားခဲ့ချေပြီ။
ဆူဆူညံညံ အသံများက ပွက်လောရိုက်နေပြီး တရုတ်တန်းတွင် မနက်ခင်း ဈေးဝယ်ထွက်နေရသည့် မြင်ကွင်းကို လင်းရီ သွား၍ ပြေးမြင်ယောင်နေမိသည်။
သူတို့ လူရှစ်ယောက်၏ ရောက်ရှိလာမှုက ကာစီနိုထဲရှိ လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ တစ်ချို့ ဖောက်သည်များဆို ပြင်းပြသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
သို့သော်လည်း အမြင်ဖမ်းစားနိုင်ဆုံး လူမှာ နင်ချဲ့တော့ မဟုတ်။ ရှိုကိုနာခါဂျီးမားသာလျှင် ဖြစ်၏။
လူတော်တော်များများက သူမကို မြင်သည်နှင့် လက်ညိုးထိုးပြီး တစ်ယောက်နှင့် တစ်ယောက် ကြိတ်ဆွေးနွးကြတော့သည်။ သူမ၏ ဂုဏ်သတင်းကိုတော့ သွားရှုပ်လို့ မရချေ။
“ ဒီကောင်တွေ ဘာတုန်းဟ... ငါတို့ဘက်ကြည့်ပြီး တိုးတိုး တိုးတိုးနဲ့ …” လျန်ကျင်းမင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။မည်သူမဆို ထိုသို့ ပြုမူခံရမည်ဆိုပါက ကသိကအောက် ဖြစ်မိမှာ အမှန်ပင်။
“ အာ… ကြည့်ရတာ ကျွန်မ ဖျော်ဖြေတင်ဆက်တာကို မှတ်မိတဲ့သူ တစ်ချို့ ရှိတယ်နဲ့တူတယ်…” ရှိုကို နာခါဂျီးမားမှ တီးတိုးပြောလိုက်သည်။
“ အဲ့လိုဆိုရင်တော့ အဓိပ္ပာယ် ရှိသွားပြီ … ထိပ်တန်း ဂေးရှားမယ် ဆိုတဲ့အတိုင်းပဲ မင်းရဲ့ နာမည် ဂုဏ်သတင်းက နာမည်ကြီး အနုပညာရှင်အောက်ကို မရောက်ဘူးပဲ… မင်းက ဒီမှာဆို စတား ဖြစ်လို့ပါလား… ”
“ မစ္စတာလျန် ကျွန်မကို လာပြီး စနောက်မနေပါနဲ့… ခါဘူကီကိုမှာ ဂေးရှားတွေမှ အများကြီးပါ… ကျွန်မဆိုတာ အများထဲက တစ်ယောက်ပါပဲ…”
“ ငါလည်း အဲ့ဆိုင်ကို အရင်က ရောက်ဖူးပါတယ်…. မင်းရဲ့ အဆင့်က ထိပ်တန်း သုံးယောက်မှာကိုပဲ… မင်းနဲ့ ယှဉ်နိုင်တဲ့လူ များများ ရှိမယ် မထင်ပါဘူး…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ကြည့်ရတာတော့ ဒီငနဲတွေလည်း မင်းဆီကို လာဖူးတဲ့ ဖောက်သည်တွေနဲ့ တူတယ်…”
ရှိုကိုနာခါဂျီးမား ရှက်ကိုးရှက်ကန်း အပြုံးလေးကို လှစ်ဟာပြလိုက်သည်။ ဤသို့သော စကားမျိုးက ဂျပန်တွင် ချီးမွမ်းသည့် စကားမျိုးပင် ဖြစ်ပါသည်။
တစ်ချိန်တည်းတွင် အနက်ရောင် ဝတ်စုံပြည့်နှင့် သက်တော်စောင့် နှစ်ယောက်က မြေအောက် ကာစီနို၏ အပေါ်ထပ် ဘာကရာ(ဖဲ) စားပွဲတွင် စောင့်ကြပ်နေသည်။
စားပွဲတွင် သာမန် အဝတ်အစားများနှင့် လူနှစ်ယောက်က ထိုင်နေလျက်သားရှိပြီး သူတို့ ရှေ့တွင်တော့ ယန်းဆယ်သန်းထက် မနည်း တန်ဖိုးရှိသည့် ချစ်ပ်များက ပုံလို့နေသည်။ ကြည့်ရသည်မှာတော့ အချိန်ကောင်းလေးများ ပိုင်ဆိုင်နေကြဟန်ပင်…။
“ အဲ့ အမျိုးသမီး ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလားလို့… ငါ တစ်နေရာရာမှာ မြင်ဖူးသလိုလိုပဲ…”
ပြောလိုက်သူကတော့ အဆီတဝင်းဝင်းနှင့် ပြောင်လက်နေသည့် ထိပ်ပြောင်အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ရှေ့ရှိ ချစ်ပ်များက တောင်ပူစာလေးသဖွယ် မြင့်တက်နေပြီဖြစ်သည်။
သူ၏ နာမည်က ရိုရှီခါဝါ တာအီချီ- မစ်ဆူ အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ တစ်ယောက် ဖြစ်ပြီး ထိုကုမ္ပဏီတွင်တော့ သူက အာဏာရှိ ပြယုဂ်များထဲမှ တစ်ဦးဖြစ်လေသည်။
ရိုရှီခါဝါ တာအီချီ၏ ဘေးတွင် ထိုင်နေသည့် လူငယ်တစ်ဦး ရှိ၏။ နာမည်ကိုတော့ အီတို တာခူမာဟု ခေါ်တွင်ကာ အီဇူမိုဂျီ ဟိုတယ်၏ အထွေထွေ မန်နေဂျာတစ်ဦးလည်း ဖြစ်သည်။ သူ၏ ဖခင်မှာတော့ ဤဟိုတယ်၏ တွဲဖက် တည်ထောင်သူ တစ်ဦးဖြစ်လေသည်။
“ မမှတ်မိဘူးလား.. သူ့နာမည်က ရှိုကိုနာခါဂျီးမားလေ… ခါဘူကီကိုရဲ့ ထိပ်တန်း ပြည်ကြီးဒါလီ သုံးယောက်ထဲက တစ်ယောက်ပဲကို… သူက အဲ့မှာ နာမည် သိပ်ကြီးတာ… ငါတောင် သူ့ရှိုးကို တစ်ခေါက် ရောက်ခဲ့ဖူးတယ်… သူ့ရဲ့ စံချိန်စံနှုန်းတွေက တကယ် မသေးဘူး…”
“ မစ္စတာ အီတို… ငါတို့ ခဏနေကျရင် ကိစ္စဆွေးနွေးတော့မှာဆိုတော့ သူ့ကို ခေါ်ပြီး လေထုကို သာသာယာယာလေး ဖြစ်အောင် လုပ်ကြရင် မကောင်းဘူးလား… ငါ အဲ့တစ်ယောက်ကို တော်တော်လေး စိတ်ဝင်စားမိတယ်…”
“ ရတာပေါ့..” အီတို ပြုံးလိုက်ပြီး “ ငါ လူလွှတ်ပြီး သူ့ကို ငါတို့ဆီ လာခဲ့ဖို့ ပြောခိုင်းလိုက်မယ်…”
အခြားတစ်ဖက်တွင်တော့ အုပ်စုမှာ ရှိုကိုနာခါဂျီးမားကြောင့် တိရစ္ဆာန်ရုံထဲ ရောက်သွားသည့် မျောက်များနှယ် ဖြစ်နေပေတော့သည်။
လျန်ကျင်းမင်လည်း စိုက်ကြည့်နေသူတိုင်းကို မျက်ခုံးပင့်ပြီး မျက်လုံးကြီး ပြူးပြဲကြည့်လိုက်၏။ ထိုမျှနှင့် မရပါက နားရင်းပရင်း တီး၍ ခေါင်းကို တစ်ဖက်လှည့်သွားစေလိုက်သည်။
ထို့နောက် ချင်းဟန်နှင့် ကျန်သူများမှ ယွမ် တစ်သိန်းဖိုးလောက် ချစ်ပ်လဲ၍ မတူညီသည့် စားပွဲဝိုင်းများထံ ဦးတည်လိုက်ကြတော့သည်။
ကျန်းချင်ကတော့ ဤသို့သော အရာများကို သိပ်နားမလည်ချေ။ သို့သော် စူးစမ်းချင်စိတ် အပြည့်အဝနှင့် နင်ချဲ့နောက် ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့တော့၏။
ထိုစဉ် လင်းရီ၊ ချိုးယွီလော့နှင့် ရှိုကိုနာခါဂျီးမားတို့က အနားယူသည့် ဧရိယာတွင် စားရင်းသောက်ရင်းဖြင့် စကားလက်ဆုံ ကျနေခဲ့ကြသည်။
သူတို့ သွားမကစားခင် ခေတ္တ အနားယူရန် ဆုံးဖြတ်ထားကြလေသည်။
“ တစ်စိတ်လောက်ပါ… ဒီက မိန်းကလေး ရှိုကိုလားမသိဘူး…”
သုံးယောက်သား စကားကောင်းနေတုန်းမှာပဲ အနက်ရောင် ဝတ်စုံပြည့်နှင့် လူတစ်ယောက်မှာ ရှိုကိုနာခါဂျီးမား ရှေ့ ရောက်လာပြီး ယဉ်ကျေးစွာ စကားပြောလာခဲ့၏။
သူတို့ရှေ့ လူတစ်ယောက် ရုတ်တရက် ပေါက်လာသည်ကို မြင်တော့ သုံးယောက်လုံး အနည်းငယ် ကြက်သေသေသွားခဲ့ကြလေသည်။ သူတို့ချင်း ဆုံဖူးခဲ့လေသလောဟု ဦးနှောက်ကို အလုပ်ပေးလိုက်ပါသော်လည်း သူတို့ မမှတ်မိပါချေ။
“ ဟုတ်ပါတယ်… ရှင်က ဘယ်သူလဲ မသိဘူး..”
“ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ… ကျုပ်က အီဇူမိုဂျီ ဟိုတယ်ရဲ့ မန်နေဂျာ ဟာရူခါ တာရို ပါ… ကျုပ်တို့ရဲ့ အထွေအထွေ မန်နေဂျာ မစ္စတာ အီတို တာခူမာက မိန်းကလေးကို လက်ဖက်ရည်သောက် ဖိတ်ချင်လို့ပါ..”
မန်နေဂျာနှင့် အထွေထွေ မန်နေဂျာ၏ ရာထူးနှစ်ခုမှာ နာမည်ချင်း သိပ်မကွာဟသော်လည်းပဲ လုပ်ပိုင်ခွင့် အာဏာချင်းကတော့ မိုးနှင့် မြေပမာ ကွာခြားလှသည်။
ဟာရူခါ တာရိုက လခပေး အလုပ်သမား တစ်ယောက်သာ ဖြစ်နေစဉ်တွင် အထွေထွေ မန်နေဂျာရာထူးကတော့ များသောအားဖြင့် မိသားစုများမှ တိုက်ရိုက်ဆင်းသက်လာသူများကို ပေးလေ့ပေးထ ရှိသဖြင့် တစ်နည်းဆိုရသော် အီတို တာခူမာ ဆိုသူက အီဇူမိုဂျီ ဟိုတယ်၏ လူငယ် သခင်လေး တစ်ပါး ဖြစ်၏။
ရှိုကို နာခါဂျီးမားမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ကြောက်လည်း ကြောက်ရွံ့သွားခဲ့ကာ မသိစိတ်မှ လင်းရီအနား အနည်းငယ် တိုးကပ်ရင်း “ ဒါပေမယ့် ကျွန်မမှ ရှင်တို့ကို မသိဘဲနဲ့…”
“ မိန်းကလေး ကြည့်ရတာ အထင်လွဲနေပြီ တူပါတယ်…”
“ မစ္စတာ အီတိုက မိန်းကလေး ရှိုကိုရဲ့ ဖျော်ဖြေတင်ဆက်မှုကို တစ်ခါမြင်ဖူးတော့ မိန်းကလေးကို မြင်တာနဲ့ ချက်ချင်းမှတ်မိသွားခဲ့တာ… ဒါကြောင့်မို့ ကျုပ်ကို လွှတ်ပြီး မိန်းကလေးကို သူ့အခန်းထဲ ဖိတ်ခိုင်းလိုက်တာပါ… ဒီအတွက်လည်း ကျုပ်တို့ဘက်က ထိုက်သင့်တဲ့ အနုပညာကြေးကို ပေးဦးမှာပါ…”
ထိုစကား ပြောပြီးလျှင် ပြီးချင်း ဟာရူခါ တာရိုသည် ဖိတ်မန္တက ပြုသည့် လက် အမူအရာကို လုပ်ဆောင်လိုက်သည်။
“ စိတ်မရှိပါနဲ့… ကျွန်မက ဒီကို မိတ်ဆွေတွေနဲ့ ပျော်ပါးဖို့ လာခဲ့တာ.. တကယ်လို့ မစ္စတာ အီတိုက ကျွန်မ ဖျော်ဖြေတင်ဆက်တာကို ရှုစားချင်တယ်ဆိုရင် နောက်တစ်ကြိမ်ကျ ခါဘူကီကို ကို လာခဲ့လို့ ရပါတယ်လို့ …”
ဟာရူခါ တာရို လင်းရီကို တစ်ချက်ကြည့်၍ “ မစ္စတာ အီတိုက ကျုပ်တို့ရဲ့ အထွေထွေမန်နေဂျာ တစ်ယောက် ဆိုတော့ သူက ခဏနေကျရင် စီးပွားရေး ပါတနာ တစ်ယောက်နဲ့ ဆွေးနွေးဖို့ရှိတော့လေ... အဲ့တာ မိန်းကလေး ရှိုကို ကို လေထု အသက်ဝင်အောင် အတီးအမှုတ်နဲ့ ဖျော်ဖြေပေးစေချင်နေတာ… ဒီက မိတ်ဆွေ သဘောတူပေးမယ်လို့ မျှော်လင့်ပါတယ်… တောင်းဆိုပါတယ် ခင်ဗျ…”
“ ဟမ်..”
လင်းရီ အံ့အားသင့်သွားခဲ့ပြီး “ သူက မင်းကို ငြင်းလိုက်တာလေ… အဲ့တာ သူ့ကိစ္စ… လက်ခံစေချင်ရင် သူ့ကို ပြောပေါ့.. ဘာကိစ္စ ငါ့လာပြောနေတာတုန်း…”
“ မိန်းကလေး ရှိုကိုက လူကြီးမင်းနဲ့ လာခဲ့တာ ဆိုတော့ တကယ်လို့ လူကြီးမင်းကသာ သဘောတူမယ်ဆိုရင် မိန်းကလေး ရှိုကိုက လိုက်ခဲ့ဖို့ ဆန္ဒရှိမယ် ထင်ပါတယ်…”
လင်းရီ ပခုံးတွန့်လိုက်ပြီး စိတ်မဝင်စားသည့် အမူအရာဖြင့် “ ငါနဲ့ ဘာမှမဆိုင်ဘူး… သူ့ကိုသာမေး…”
“ ဒါက…”
ဟာရူခါ တာရို၏ အမူအရာသည် အေးခဲသွားခဲ့တော့၏။
“ မိန်းကလေး ရှိုကို….. “
“ ကျွန်မ မစ္စတာလင်းကို အဖော်ပြုပေးဖို့ ရှိသေးတာကြောင့်မို့ စိတ်မရှိပါနဲ့… ခွင့်လွှတ်ပေးပါရှင်…” ရှိုကို နာခါဂျီးမားမှ ဦးညွှတ်ပြီး ပြောလိုက်သည်။
ဟာရူခါ တာရို၏ လေသံ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ဒေါသသံက မသိမသာ စွက်လာခဲ့ကာ “ မိန်းကလေး ရှိုကိုက မလိုက်ချင်ဘူးဆိုမှတော့ ငါတို့လည်း တွန်းအားမပေးတော့ပါဘူး… ဒါပေမယ့် မစ္စတာ အီတိုလည်း နောင်ကျ မင်းကို လာအားပေးတော့မှာ မဟုတ်ဘူး…”
“ မစ္စတာ အီတိုက မလာနိုင်တော့ဘူးဆိုတာကတော့ ဝမ်းနည်းစရာပါပဲ… ဒါပေမယ့် ကျွန်မကလည်း ရွေးချယ်စရာ မရှိဘူးလေ… မစ္စတာလင်းကို အဖော်ပြုပေးဖို့ ဖြစ်နေတယ်….”
“ ဒါဆိုလည်း မနှောင့်ယှက်တော့ပါဘူး…”
ဟာရူခါ တာရိုသည် လှည့်ထွက်သွားခဲ့တော့၏။ သို့သော် ထွက်မသွားခင် သူ လင်းရီကို နက်ရှိုင်းသည့် အကြည့်တစ်ချက် ပေးခဲ့လိုက်သေးသည်။