ကိစ္စတိုင်းမှာ အကြောင်းရင်း အကြောင်းခံဆိုတာ ရှိတယ်
Vol. 80 Ch. 1197
ဟာရူခါ တာရို ထွက်လာခဲ့ပြီးနောက် သူ ဟိုတယ်၏ ရေပူစမ်းအခန်းထဲသို့ ဦးတည်လိုက်သည်။
ထိုအခိုက်တွင် အီတို တာခူမာက ရိုရှီခါဝါ တာအီချီနှင့် ရယ်မောပျော်ရွှင်စွာ စကားလက်ဆုံ ကျလို့နေသည်။
သို့သော်လည်း ဟာရူခါ တာရို တစ်ယောက်တည်း ပြန်လာသည်ကို မြင်တော့ အီတို တာခူမာ၏ အမူအရာ ပြောင်းလဲသွားခဲ့တော့၏။
“ မင်း ဘာလို့ တစ်ယောက်တည်း ပြန်လာတာ… မိန်းကလေး ရှိုကိုရော ဘယ်မလဲ…”
ဟာရူခါ တာရို ခါးကို ၁၈၀ ဒီဂရီ ကွေးညွှတ်လိုက်ပြီး “ သူပြောတာ မိတ်ဆွေ တစ်ယောက်ကို အဖော်လုပ်ပေးရမှာမို့လို့ မလာနိုင်ဘူး ပြောပါတယ်ခင်ဗျ…”
“ မိတ်ဆွေ တစ်ယောက်ကို အဖော်ပြုပေးရမယ် ဟုတ်လား… မင်း ငါ ဘယ်သူဘယ်ဝါဆိုတာ မပြောလိုက်ဘူးလား…”
“ ပြောလိုက်ပါတယ်… ဒါပေမယ့် ငြင်းပါတယ်…”
အီတို၏ အမူအရာမှာ အမှန်ပင် မည်းမှောင်သွားခဲ့တော့၏။ “ အဲ့လူတွေက ဘယ်သူတွေတုန်း မင်း သိလား…”
ဟာရူခါ တာရို ခေါင်းခါရမ်း လိုက်ရင်း “ သူ့ရဲ့ လေသံနဲ့ မျက်နှာပေါက်ကို ခန့်မှန်းကြည့်ရသလောက်တော့ ဟွာရှန့်လူမျိုး ဖြစ်ဖို့ များတယ်…”
“ ဘာကွ… အဲ့သောက်ဝက်တွေကို မိန်းကလေး ရှိုကိုက အဖော်ပြုပေးနေတယ်ပေါ့ ဟုတ်လား…”
အီတို တာခူမာ၏ ရင်ထဲ ဒေါသများ ထောင်းခနဲ ဖြစ်လာခဲ့တော့၏။
“ ကျုပ် အဲ့ဟွာရှန့် အမျိုးသားကို ကောင်းကောင်းမွန်မွန် ရှင်းပြပါသေးတယ်… ဒါပေမယ့် သူ့ဘက်က တစ်ပြားမှ မလျော့ဘူး… သူ့ သဘောထားက သိပ်မောက်မာလွန်းတယ်…”
“ အဲ့ဟွာရှန့်တွေက အမြဲတမ်း အဲ့လိုချည်းပဲ… သင်ခန်းစာမှ မပေးဘူးဆိုရင် ဘယ်လို နေထိုင် ပြုမူရမလဲဆိုတာ သိတဲ့ကောင်တွေ မဟုတ်ဘူး…”
“ မစ္စတာအီတို… မရရင်လည်း နေပါ… ထွေထူးကိစ္စကြီးလည်း မဟုတ်ဘဲနဲ့… သူ မလာဘူးဆိုလည်း အဆင်ပြေပါတယ်…” ရိုရှီခါဝါ တာအီချီမှ ပြောလိုက်သည်။
“ ရတယ်… အလည်လာတဲ့ ဟွာရှန့် သုံးလေးယောက်လောက်ကတော့ ကျုပ်တို့ သင်ခန်းစာ ပေးလိုက်လို့လည်း ဘာမှ ဖြစ်မသွားဘူး…”
ရိုရှီခါဝါ တာအီချီ ဘာမျှ ဆက်မပြောချေ။ သူ ပြုံးရုံသာ ပြုံးလိုက်၏။
အီတို တာခူမာ သူ၏ ဝှေ့ရမ်းလိုက်ပြီး “ ရောမရောက်လို့ ရောမရဲ့ စည်းကမ်းကို မလိုက်နာချင်တဲ့ကောင်တွေကို သင်ခန်းစာပေးပြီး ဘယ်သူ့ပိုင်နက်ထဲ ရောက်နေလဲဆိုတာ သိသွားအောင် လုပ်ပြရမယ်…”
“ နားလည်ပါပြီ မစ္စတာအီတို… ကျုပ် အခုပဲ စီစဉ်စရာ ရှိတာတွေ စီစဉ်ထားလိုက်ပါ့မယ်…”
………………..
မြေအောက်၏ ပထမအလွှာတွင် ချင်းဟန်နှင့် ကျန်သူများမှာ အချိန်ကောင်းလေးများ ပိုင်ဆိုင်နေခဲ့ကြသည်။ အချိန် ဘယ်လောက်မျှ သိပ်မကြာသေးသော်လည်းပဲ သူ့ဘက်က ယန်းဆယ်သန်းထက် မနည်း နိုင်ထားပြီးချေပြီ။ ယွမ်နှင့် တွက်ပါက ခုနစ်သိန်းနီးနီးလောက် ရှိ၏။ အများအပြား မဟုတ်သော်လည်းပဲ လောင်းကစား ပြုရသည်ကို နှစ်သက်သူအဖို့ ကျေနပ်အားရဖွယ် ရလဒ်ကြီးပင်။
ချင်းဟန်တင်သာ မက ကောင်းကျုံးယွမ်၊ လျန်ကျင်းမင် ၊ ဘာမျှ ထွေထွေထူးထူး မကစားတတ်သည့် နင်ချဲ့နှင့် ကျန်းချင်တို့ပင် တော်တော်များများကြီး နိုင်ထားကြလေသည်။
လင်းရီလည်း ဘာမျှ လုပ်စရာ မရှိသည်နှင့် ချိုးယွီလော့နှင့်အတူ သုံးလေးချီလောက် သွားကစားလိုက်၏။ သူတို့လည်း လောင်းကြေးများ အနိုင်ရလာခဲ့ကြသည်။
လင်းရီကတော့ နည်းစနစ်ကို ဦးစားပေးပြီး ကစား၏။ သို့သော် ချိုးယွီလော့ကတော့ ကံကိုပုံ၍ မျက်ကန်းသာ လောင်းကြေးထပ်လိုက်၏။ သို့ဖြစ်သည့်တိုင်အောင် အဆုံးတွင် သူမလောင်းသည့် နံပါတ်က ကျသွားစမြဲဖြစ်၏။
သူမ၏ ကံကောင်းမှုကြီးကတော့ မနာလို ဖြစ်စရာကြီးပင်။
ထိုမြင်ကွင်းများကို မြင်တော့ လင်းရီ စိတ်ထဲ ထူးဆန်းမှုတို့က လှိုင်တက်လာခဲ့ပြီး တစ်စုံတစ်ရာ လွဲချော်နေသလို ခံစားနေရလေသည်။
ကာစီနိုသည် အလှူပေးသည့် နေရာ တစ်ခု မဟုတ်သည်ဖြစ်၍ လောင်းကစား သမားတစ်ဦးမှ ပိုက်ဆံများ ဆက်တိုက် နိုင်နေဖို့ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။
နေရာတစ်ခုလုံးကို လင်းရီ ခြုံကြည့်လိုက်တော့ သူ့အုပ်စုက ဆက်တိုက်ဆိုသလိုကို နိုင်ပွဲများ ဆက်နေပြီး တခြားသော ဧည့်သည်များကတော့ နိုင်တစ်ခါ ရှုံးတစ်လှည့်ဖြင့် အရောနှော ရလဒ်များ ဖြစ်ပေါ်နေသည်။ တချို့သောသူများကတော့ အနိုင်အရှုံး မရှိဘဲ ဒုံရင်းက ဒုံရင်း ဖြစ်နေသူများလည်း ရှိ၏။
မကြာမီ ကာစီနိုထဲရှိ ကျန်သူများလည်း လင်းရီ၏ ကံတရားက အလွန်အမင်း ကောင်းနေသည်ကို သတိပြုမိသွားကြပြီး လင်းရီကိုယုံ၍ လောင်းကြေးထပ်ကြတော့သည်။ အဆုံးတွင် သူတို့သည်လည်း လောင်းကြေးများအနိုင်ရရှိသွားကြတော့၏။
ရလဒ်အနေဖြင့် လင်းရီနှင့် ကျန်သူများမှာ ကာစီနိုဝိုင်းတွင် လူအာရုံစိုက်စရာများ ဖြစ်လာခဲ့ကြတော့သည်။ တစ်စုံတစ်ယောက်က သူတို့နောက် လိုက်ပြီး လောင်းကြေးထပ်မည်ဆိုပါက နေ့ချင်းညချင်း သူဌေး မဖြစ်ဘူးလို့ မပြောနိုင်ပေ။
“ မစ္စတာလင်း… ကြည့်ရတာ ကျွန်မတို့ရဲ့ ကံက တော်တော်လေး ကောင်းနေပုံပဲနော်…” ရှိုကို နာခါဂျီးမားမှ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ အမှန်ပဲ… ဒါပေမယ့် ပုံမှန်မဟုတ်တာ တစ်ခုခု ဖြစ်လာပြီဆိုရင် အမြဲတမ်း မြုပ်ကွက်တစ်ခုတော့ ရှိတယ်.. ဆက်တိုက်ကြီး နိုင်နေတာကတော့ ကောင်းတဲ့ အချက် မဟုတ်ဘူး… အခြေအနေကောင်းတုန်း ရပ်တန့်လိုက်တာက အကောင်းဆုံးပဲ….”
လင်းရီ အညောင်းဆန့်၍ ထရပ်လိုက်ပြီး “ သွားစို့.. လုံလောက်ပြီ… တစ်နေရာသွားပြီး ညလယ်စာ စားကြစို့…”
“ သွားကြစို့…” ကောင်းကျုံးယွမ် မတ်တပ်ထရပ်၍ ပြောလိုက်၏။
သူတို့ အနိုင်ရသည့် လောင်းကြေးများကို စုစည်းလိုက်တော့ ယွမ် နှစ်သန်းကျော်နေသည်ကို သတိပြုမိလိုက်လေသည်။
ယခုလို နေရာမျိုးတွင် ဤမျှ အနိုင်ရရှိသည်က နည်းနည်းနောနော ငွေပမာဏတော့ မဟုတ်ချေ။
လင်းရီတို့ ထွက်သွားကြသည်ကို မြင်တော့ အခြားသော လောင်းကစား သမားများမှ နှမြောတဿ ဖြစ်စွာ ကြည့်လိုက်ကြ၏။
ယခုတော့ အနိုင်ရရန်အတွက် မည်သူ့နောက်ကိုမျှ သူတို့ မလိုက်နိုင်တော့ချေ။ ခံစားချက်ကြီးက ကူကယ်ရာမဲ့လွန်းလှ၏။
“ နေဦး…”
လင်းရီတို့ ထွက်ခွာသွားတော့မည့် အချိန်တွင်ပဲ တံခါးဝရှိ လုံခြုံရေး အစောင့်နှစ်ဦး၏ ရပ်တန့်ခြင်းကို ခံလိုက်ရ၏။
“ ဘာလဲ… ငါတို့ ပိုက်ဆံ နိုင်လာတော့ မင်းတို့က ပြန်မလွှတ်ပေးချင်တော့တာလား…” လျန်ကျင်းမင်မှ ပြောလိုက်သည်။
“ ဒါပေါ့… မင်းတို့ နိုင်တယ်ဆိုရင် ပြန်လို့ရတယ်… ဒါပေမယ့် မသမာတဲ့ နည်းလမ်းနဲ့ ယန်း သန်း ၄၀ကျော်လောက် နိုင်သွားရင်တော့ ဒီတိုင်း ထွက်သွားလို့ ဘယ်ဖြစ်မှာလဲ…”
နောက်မှ တစ်စုံတစ်ယောက် စကားပြောလာသည့် အသံကို ကြားတော့ လူတိုင်းက လှည့်ကြည့်လိုက်ကြသည်တွင် ပြောဆိုလာသူက အနက်ရောင် ဝတ်စုံပြည့်နှင့် လူတစ်ယောက် ဖြစ်ကြောင်းကို သတိထားမိလိုက်ကြ၏။ သူ့အနောက်တွင်လည်း ကပ်လျက် လိုက်ပါလာသူက အယောက် နှစ်ဆယ်လောက် ရှိလေသည်။ သူတို့ အားလုံး၏ မျက်နှာမှာ မိုးထစ်ချုန်းတော့မည့်နှယ် မည်းမှောင်နေပြီး မီးတောက်လောက်နေသည့် မျက်လုံးများဖြင့် လင်းရီတို့ အုပ်စုကို သိမ်းကျုံး ကြည့်နေခဲ့ကြ၏။
ခေါင်းဆောင်လာသည့်သူကို ချင်းဟန်ကတော့ မသိ။ သို့သော် လင်းရီကတော့ ကောင်းကောင်းကြီး မှတ်မိနေသည်။
ထိုသူက ဟာရူခါ တာရိုပင်။
“ ငါ သိနေတယ်လေ… ဒီလောက်ထိ ဆက်တိုက်ကြီး နိုင်နေတာ မဟုတ်သေးပါဘူးလို့ လက်စသတ်တော့ မင်း စီစဉ်ထားတာကိုး…”
“ မဟုတ်တာ မဟုတ်တာ… စကားကို အဲ့လိုမပြောနဲ့…”
“ မိန်းကလေး ရှိုကိုက မစ္စတာ အီတိုရဲ့ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တယ်ဆိုပေမယ့် ဒီနှစ်ခုက မတူညီတဲ့ ကိစ္စတွေ… မင်းတို့ မသမာတဲ့ နည်းသုံးတာကို စစ်ဆေးဖို့ လူနည်းနည်းပါးပါး ခေါ်လာခဲ့တယ်…”
ထိုစကားများ ပြောပြောပြီးချင်း ရှိနေကြသည့် လူတိုင်း ဘာဖြစ်နေလဲ ဆိုတာကို နားလည်သွားကြလေသည်။
ဒီလူတွေ ဆက်တိုက် နိုင်နေတာ မထူးဆန်းတော့ပါဘူး… လက်စသတ်တော့ ညစ်ပြီး ကစားနေကြတာကိုး.. ဒါကို ကောင်းမွန်တဲ့ ကံတရားဆိုပြီး ခေါင်းစဉ်တပ်လိုက်ကြတယ်ပေါ့… တစ်ချီတည်းနဲ့ ယန်း သန်း ၄၀ ကျော်လောက် ဖြောင်ဖို့ဆိုတာ တော်ရုံ သတ္တိလောက်နဲ့ မရလောက်ဘူး…
ထိုသို့ တွေးတောနေကြသည့် လူတိုင်းက ကာစီနိုအတွင်းရှိ လူသာမန်များ ဖြစ်ကြ၏။
သူတို့သည်လည်း လှည့်ကွက် နည်းလမ်းတချို့ကို တတ်မြောက်ထားကြသည်။ အကယ်၍ သန်းအနည်းငယ် ဆိုပါက မပြောပလောက်သော်လည်းပဲ အနှီ ဟွာရှန့် လူမျိုးများကတော့ တစ်ချီတည်းနှင့် ငွေပမာဏများစွာ ပိုက်ပြီး အိမ်ပြန်ရန် ကြိုးစားခဲ့ကြသည်။ ယင်းက နည်းနည်းလေးတော့ လွန်သည်။ အီဇူမိုဂျီ ဟိုတယ်က ထိုလူများကို ညင်ညင်သာသာလေး ခေါ်ဆုံးမပြီး လွှတ်ပေးလိုက်ကြမည် မဟုတ်ပေ။
“ မြန်မြန် မြန်မြန်… နောက်ကို ဆုတ်ထားကြ… “ ဂျပန် နိုင်ငံသား တစ်ချို့မှ သူတို့၏ အမျိုးသမီး အဖော်များကို ပြောလိုက်ကြသည်။
“ အဲ့လောက်ထိ လိုလို့လား…”
“ ဒါပေါ့ လိုတာပေါ့…. ကာစီနိုရဲ့ စည်းမျဉ်းစည်းကမ်းတွေက မတရား တင်းကြပ်တာ… ဒါတောင် ညစ်ပတ်ပြီး ကစားခဲ့ကြတယ်ဆိုတော့ အနည်းဆုံး ခြေလက်တော့ အချိုးခံရမှာပဲ…”
“ ဒါ… ဒါ သိပ်ရက်စက်တာပဲ….”
“ ဘယ်သွားပြောလို့ရမှာ… အဲ့တာ ကာစီနိုရဲ့ စည်းမျဉ်းပဲလေ…. ညစ်ပတ်ပြီး ကစားတာမျိုး လုံးဝ ခွင့်မပြုထားဘူး…” ပြောစရာပင် မလိုအပ်လိုက်ပါဘဲနှင့် ကာစီနိုထဲရှိ လူတိုင်းမှ နေရာ ကျယ်ကျယ်လွန့်လွန့် ပေးလိုက်ကြ၏။ ရုန့်ရင်းဆန်ခတ် ဖြစ်ပြီဆိုပါက သူတို့ အချောင်ခံလိုက်ရမည်ကို စိုးရွံ့နေကြသည်။
“ မစ္စတာလင်း ညစ်ပတ်ပြီး ကစားခဲ့တာ မဟုတ်ဘူးဆိုတာ ကျွန်မ အာမခံပေးလို့ရတယ်… ရှင်တို့တွေ လျှောက်ပြီး ပြောမနေကြနဲ့…” ရှိုကို နာခါဂျီးမားမှ ပြောလိုက်၏။
“ မိန်းကလေး ရှိုကို… အဲ့တာက မင်း ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး…” ဟာရူခါ တာရိုမှ ပြောလိုက်ပြီး “ မင်းက ခါဘူကီကိုမှာ အလုပ်လုပ်တယ်… ဒီတော့ ဟွာရှန့် လူမျိုးတွေနဲ့လည်း ရင်းနှီးမှာပေါ့.. သူတို့ ဘယ်လိုလူစားမျိုးလဲ ဆိုတာ မင်း မသိဘူးလား… ပြီးတော့ နှစ်တိုင်းနှစ် ငါတို့ ဖမ်းမိတဲ့ ညစ်တဲ့ ကစားသမား အများစုကလည်း ဟွာရှန့်တွေချည်းပဲ… အဲ့လိုသူခိုးစရိုက်နဲ့ ကောင်တွေကို မိန်းကလေး ကာကွယ်ပေးဖို့ မကြိုးစားပါနဲ့….”
“ ရှင်ပြောတာ မှားတယ်… ဟွာရှန့်လူမျိုးတွေက သိပ်သဘောကောင်းတာ… ကျေးဇူးပြုပြီး သူတစ်ပါး နစ်နာစေမယ့် စကားတွေကို မပြောပါနဲ့…” ရှိုကို နာခါဂျီးမား ပြောဆိုလိုက်ပြီး “ မစ္စတာလင်းဆိုတာ ကျွန်မရဲ့ မိတ်ဆွေ… ကျွန်မ သူ့အကြောင်း ကောင်းကောင်း သိတယ်… သူက သိပ်ချမ်းသာတာ… ဒီငွေလေးလောက်နဲ့ ဒီလိုတွေ လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ ဟမ့်….”
“ မိန်းကလေး ရှိုကို…. မင်း အဲ့ကောင်ရဲ့ တော်ကီတွေမှာ နစ်မြောပြီး သူ့အတွက်တောင် ပြောပေးနေပြီပေါ့… ဒီ ဟွာရှန့်ကောင်တွေက သိပ် အယောင်ဆောင် တတ်တာကိုတော့ ငါ သတိပေးလိုက်ချင်တယ်… သူ့စကားတွေ ယုံမိလို့ကတော့ အမှားကြီး မှားသွားလိမ့်မယ်…” ဟာရူခါတာရိုမှ အထင်သေးစွာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
“ မင်း မယုံဘူးဆိုရင်လည်း ဒီမှာရှိတဲ့ လူတွေကို သူတို့ ဟွာရှန့်ကောင်တွေကို ဘယ်လိုမြင်လဲ မေးကြည့်ကြည့်လိုက်…. ငါ စော်ကားနေတာ မဟုတ်ဘူး… အမှန်တွေ ပြောနေတာ…”
“ ဟွာရှန့်တွေက လုံးဝ မကောင်းဘူး… ငါလည်း ထောက်ခံတယ်…”
“ နှစ်တိုင်းနှစ် ဒီကောင်တွေ ငါတို့နိုင်ငံလာပြီး ငါတို့ရဲ့ သယံဇာတတွေကို လာလာခိုးတယ်… “
“ ငါ ဟွာရှန့်လူမျိုးတွေ အမုန်းဆုံးပဲ… မြန်မြန် ပိုက်ဆံကို ပြန်သိမ်းလိုက်တော့…”
ဟာရူခါ တာရို ပခုံးတွန့်လိုက်ပြီး လှောင်ပြောင် စနောက်ချင်နေသည့် မျက်ဝန်းအကြည့်တို့ဖြင့် “ မိန်းကလေး ရှိုကို… မင်း အခု ယုံပြီမလား… ငါ သူတို့ကို စော်ကားနေတာ မဟုတ်ဘူး… သူတို့ကိုက မကောင်းဘူး ဖြစ်နေတာ… ဒီ ညစ်ပတ်ပြီး ကစားတဲ့တောင်တွေအတွက်နဲ့ လေကုန်ခံမနေနဲ့.. ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်….”