← Chapters

မင်း ပင်သောသောကို သိလား…

Vol. 80 Ch. 1198

မင်း ပင်သောသောကို သိလား…

Vol. 80 Ch. 1198

“ တခြားသူတွေက အဲ့လိုဆိုရင်တောင် မစ္စတာလင်းကတော့ အဲ့လိုမျိုး မဟုတ်ဘူး.. ကျွန်မတို့ အခု သွားမယ်.. ရှင်တို့ လမ်းရှေ့ ပိတ်မရပ်ကြဖို့ ….”

လင်းရီ နောက်မှနေ၍ သူမ၏ ပခုံးကို ပုတ်လိုက်တော့ ရှိုကို နာခါဂျီးမား စကားပြောနေသည်ကို ရပ်တန့်သွားစေသည်။

“ နောက်ဆုတ်နေ.. ငါ သူတို့နဲ့ စကားပြောလိုက်မယ်…”

“ ကျွန်မက သူတို့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးဖို့ ကြိုးစားနေတာ….”

“ မင်း စမြုပ်ထွက်အောင် ပြောလည်း ထူးမှာ မဟုတ်ဘူး… တစ်နေရာရှာပြီး ထိုင်နားနေလိုက်ရင်တောင် အညောင်းပြေဦးမယ်…”

လင်းရီ စကားဆုံးတော့ နင်ချဲ့ ရှေ့သို့ တက်လာပြီး ရှိုကို နာခါဂျီးမား၏ လက်ကို ဆွဲ၍ သူမကို ဘေးသို့ ဆွဲခေါ်လိုက်သည်။

“ ကဲပါ ကဲပါ.. လင်းရီ ကိုင်တွယ်ပါလေ့စေ… တို့တွေ တစ်နေရာမှာ ထိုင်နားကြမယ်….”

နင်ချဲ့၏ စကားလုံးများက ချင်းဟန်နှင့် ကျန်သူများကိုပါ ကြားအောင်ပြောလိုက်သည့် အတွက် ၎င်းတို့ကိုပါ ရည်ရွယ်သည်။

ချင်းဟန်တို့ကလည်း လင်းရီ၏ အဆင့်ကို ကောင်းကောင်းသိ၏။ ဤကိစ္စက သူ့အတွက် အသေးမွှား ကိစ္စလေးမျှသာ ဖြစ်ပြီး သူတို့ ဝင်မရှုပ်သရွေ့ အဆင်ပြေလိမ့်မည်။

“ လာ လာ.. တစ်နေရာမှာ ထိုင်ပြီး နားကြတာပေါ့…” လျန်ကျင်းမင်မှ ပြောလိုက်၏။

ဟာရူခါ တာရို၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေး တက်သွားခဲ့ပြီး “ မင်းတို့ကောင်တွေရဲ့ သဘောထားကို ကြည့်ရသလောက်တော့ သူ့အပေါ် တော်တော်လေး ယုံကြည်ချက် ရှိကြတဲ့ပုံပဲ…”

“ လုံးဝကြီးတော့ ဘယ်ဟုတ်မှာ.. ဒါပေမယ့် မင်း သူ့ကို သတ်နိုင်ရင် မင်း ဘယ်လောက် အံ့ဩဖို့ ကောင်းတယ်ဆိုတာ ငါ အသိအမှတ် ပြုပေးလိုက်မယ်… မင်းကို ယန်း သန်း ၄၀ ပြန်ပေးရုံတင် မကသေးဘူး.. နောက် သန်း ၄၀ ပါ ပြန်လျော်ပေးလိုက်မယ်ကွာ… ဘယ်လို သဘောရလဲ…”

ဟာရူခါ တာရို၏ အကြည့်များက လင်းရီ ပေါ်ဖြတ်သန်းသွားခဲ့ပြီး “ သူက မင်းတို့ထဲ အတော်ဆုံးလူဆိုတာ ငါမှန်းကြည့်လို့ သိတယ်… ဒါပေမယ့် မင်းသိထားရမှာ ငါတို့ကကော အစွမ်းအစမှ မရှိဘူးဆိုရင် ဒီလိုနေရာမျိုးမှာ ကာစီနို လာဖွင့်ထားမယ်လို့ ထင်လား..”

“ ဒီနှစ်တွေထဲမှာ မင်းတို့လို လူစားမျိုးနဲ့ မရေမတွက်နိုင်အောင် ကြုံခဲ့ရပြီးပြီ… ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးကျရင် သူ့တန်ဖိုးသူ ပေးဆပ်သွားရတာချည်းပဲ… ဒီနေ့လည်း ထို့အတူပဲ… မင်းတို့က ညစ်ပြီး ကစားခဲ့တယ် ဆိုမှတော့ အေးဆေး ပြန်ထွက်သွားရဖို့ကို စိတ်တောင် မကူးလိုက်နဲ့…”

လင်းရီ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ဟာရူခါ တာရိုထံ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။ မီတာဝက်လောက် အကွာကို ရောက်တော့ သူရပ်တန့်လိုက်၏။

“ မင်း ငါ့ကို ထွက်မသွားစေချင်ဘူးဆိုတာ သေချာပြီလား…”

“ သေချာတာပေါ့…” ဟာရူခါ တာရို ပခုံးတွန့်လျက် ပြောလိုက်ပြီး သူ၏ မောက်မာလှသည့် မျက်နှာ အမူအရာကိုလည်း သိမ်းလို့ မထားချေ။ “ မင်းရဲ့ လုပ်ရပ်အတွက် မင်းရဲ့ လက်တစ်ဖက်ကို ပြန်ပေးဆပ်ရမယ်…”

ဘန်း….

လင်းရီ ဘာမျှ ပြန်မပြောဘဲ သူ၏ ခြေထောက်ကို မြှောက်၍ ဟာရူခါ တာရိုကို ကန်ကျောက်လိုက်သည်။

တစ်ဖက်သူမှာ မည်သို့မျှ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပါဘဲ ဧရာမ အားအင် သက်ရောက်မှုကြီးက နောက်သို့ လွင့်စင်သွားစေသည်။

သူ့နောက်တွင် ရှိနေကြသည့် လူများကလည်း အခြေအနေ မဟန်သည်ကို မြင်တော့ အလျင်စလိုနှင့် ရှေ့သို့ တက်လာပြီး လာဖမ်းပေးကြ၏။

အဟွတ် အဟွတ် အဟွတ်…

ဟာရူခါ တာရို သူ၏ ဝမ်းဗိုက် အောက်ပိုင်းကို လက်ဖြင့် ဖိထား၍ သုံးလေးကြိမ်ခန့် သွေးများ အန်ထုတ်လိုက်ရ၏။ သူ၏ အစာအိမ်များ လောင်ကျွမ်းပြီး အတွင်း အင်္ဂါများ ကပြောင်းကပြန် ဖြစ်သွားချေပြီဟုတောင် သူ ခံစားနေရတော့သည်။

“ မင်းက တကယ့် ခွေးပဲ… မဟုတ်ဘူးလား… မင်း အဲ့လောက် ဆိုးဆိုးရွားရွားကြီး ဟိတ်ဟန်များတတ်တဲ့ကောင် ဖြစ်မယ်လို့ ထင်တောင် မထင်ထားဘူး… ဒါကြောင့်မို့ မင်းလိုကောင်မျိုးတွေက အမြဲတမ်း လူရိုက်တာ ခံနေရတာ…”

ထိုမြင်ကွင်းက ကာစီနို အတွင်းရှိ လူတိုင်းကို ကြက်သေသေသွားစေခဲ့တော့၏။

ဒီ လူအုပ်စုက တကယ်ကြီး ကာစီနို ဝန်ထမ်းကို ဦးအောင် ရိုက်ဝံ့နေတယ်… ဒါ ဂျပန်လေ… သူတို့ရဲ့ လုပ်ရပ်က အတင့်ရဲလွန်း မနေဘူးလား…

“ မင်းတို့ ကောင်တွေ ဘာရပ်လုပ်နေကြတာတုန်း… မြန်မြန်…”

ဟာရူခါ တာရို အသံကုန်ညစ်၍ ဟိန်းဟောက်လိုက်၏။ ထိုအခါ နှစ်ဆယ်ကျော်သော လူတို့သည် သူတို့ခါးတွင် ချိတ်ဆွဲထားသည့် တုတ်တိုများကို ထုတ်၍ လင်းရီထံ ဒေါမာန်တကြီးနှင့် ပြေးဝင်လာကြတော့သည်။

“ လက်နက်တွေလား…” လင်းရီ ပြုံးလိုက်ပြီး “ မင်းတို့ကောင်တွေက ပြင်ဆင်လာကြသားပဲ…”

ဟာရူခါ တာရို သူ၏ အစာအိမ်ကို ဖိနှိပ်ထားရင်း အံတင်းတင်းကြိတ်၍ “ ခုနတုန်းကတော့ မင်းဘက်က လက်တစ်ဖက်နဲ့ ပိုက်ဆံကို ပြန်ပေးလိုက်ရင် ကြေအေးပေးလိုက်လို့ရပြီ.. ခုတော့ မင်းတို့ တစ်ယောက်မှ ဒီက ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့တော့…”

“ မင်းလို ဟောင်ဖွာဟောင်ဖွာ နိုင်တဲ့ ကောင်မျိုး မတွေ့တာတောင် ဘယ်လောက်ကြာလှပေါ့…”

ပြောပြီးနောက် လင်းရီ သူ၏ ခါးနောက်ကျမှ ဓားမြောင်ကို ထုတ်၍ အရင်ဆုံး ရောက်လာသူကို ကော်လံမှ ဆွဲပြီး ဝမ်းဗိုက်ကို နှစ်ချက် ဆင့်ထိုးလိုက်သည်။

ဤသည်က ဟွာရှ လမ်းဘေး လူမိုက်များ အသုံးများသည့် လှုပ်ရှားမှု တစ်ခုပင်။ လင်းရီ ၎င်းကို အထက်တန်း ကျောင်းသား ဘဝတုန်းက သင်ယူတတ်မြောက်လာခဲ့ခြင်း ဖြစ်၏။

သို့သော်ငြားလည်း ထိုစဉ် အခါတုန်းကတော့ သွေးကြောင်နေခဲ့ကာ လူကို ယခုလို မထိုးဝံ့ခဲ့ချေ။ ယခုတော့ သူ၏ အိပ်မက်က ပြည့်ဝသွားခဲ့ချေပြီ။

လင်းရီ၏ နှစ်ချက် ဆင့်ထိုးခြင်းကို ခံရပြီးနောက် အကောင်ထွားထွားနှင့် အမျိုးသားမှာ မျက်ဝန်းကြီးများ ဇီးကွက်လောက် ပြူးကျယ်သွားခဲ့ပြီး သူ၏ ဝမ်းဗိုက်ကို ကိုင်၍ သွေးများကို မြင်တော့ သတိလစ် မေ့မြောသွားခဲ့တော့၏။

သွေးများက ခန္ဓာကိုယ်ထဲမှ ဒလဟော စီးကျလာခဲ့ကာ လူကို အမြင်ကန်းသွားလောက်စေသည်အထိ ချင်းချင်းနီလျက် ရှိသည်။

လင်းရီ၏ ဓားမြောင်တွင်လည်း သွေးများ စက်လက် ကျနေလျက်ရှိပြီး ဒေါမာန်တကြီးနှင့် ပြေးလာနေသူတိုင်းကို အတင်း အရှိန် တန့်သွားစေခဲ့တော့၏။ သူတို့၏ မျက်ဝန်းများက ယခုဆို တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်လို့နေပြီး ခြေတစ်လှမ်းပင် ဆက်မတိုးဝံ့ကြတော့ချေ။

သူတို့တတွေ သွေးတိုးစမ်း၍ ကံဆိုးသူ မောင်ရှင်ကြီးများ မဖြစ်လိုကြချေ။

လင်းရီ ကျန်သူများကို လက်ညိုးကွေး၍ စိန်ခေါ်လိုက်၏။

“ လာကြလေ…. ဒီက သွေးတောင် မပူသေးဘူး…”

“ ဒါက….”

ဟာရူခါ တာရို ရူးခါမတတ် ထိတ်လန့်သွားခဲ့တော့၏။ သူ၏ မျက်နှာမှာ သွေးများ ဆုတ်ယုတ်သွားခဲ့ပြီး တုတ်တုတ်မလှုပ်ဝံ့တော့ချေ။

လင်းရီ တစ်စုံတစ်ယောက်ကို ဓားဖြင့် ထိုးဝံ့နေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။ မည်သို့ပင် ဆိုစေ ဤနေရာက ထိုသူ၏ ပိုင်နက် မဟုတ်ပါချေ။

လင်းရီ ဟာရူခါ တာရိုထံ တစ်လှမ်းခြင်း လှမ်းလာခဲ့၏။ ထပ်တူညီစွာဖြင့် ဟာရူခါ တာရိုအနီးရှိ လူတိုင်းကလည်း နောက်သို့ တစ်လှမ်းခြင်း ဆုတ်သွားလျက်ရှိကာ ၎င်းနှင့် ငါးမီတာအတွင်း မည်သူမျှ မနေဝံ့ကြတော့ချေ။

ဟာရူခါ တာရိုသည်လည်း ကြောက်လန့်နေမိတော့၏။ သို့သော် ဝမ်းဗိုက်အောက်ပိုင်းရှိ ဒဏ်ရာက သူ့ကို လှုပ်ရှားမှု မပြုနိုင်လောက်အောင် နာကျင်နေစေသည်။

လင်းရီ သူ့ရှေ့ ရောက်ရှိလာသည်ကို မြင်တော့ ဟာရူခါ တာရိုသည် ထိန်းချုပ်မရစွာဖြင့် တုန်ယင်လာခဲ့တော့သည်။ လင်းရီသာ အနည်းငယ် ခြောက်လှန့်လိုက်မည် ဆိုပါက ကျင်ငယ်ရည်များပင် ထွက်ကျလို့ သွားနိုင်လောက်၏။

လင်းရီ ဟာရူခါ တာရို၏ မျက်နှာကို သွေးစက်များ ပေကျံနေသည့် ဓားမြောင်ဖြင့် ပုတ်လိုက်ပြီး “ ငါ ပြောမယ်… မင်း ဒိုင်ကို ပြောပြီး ငါတို့ကို တမင် အနိုင်ပေးခိုင်းခဲ့တာမလား... ဒါမှ ငါတို့ကို ညစ်ပြီး ကစားတယ်ဆိုပြီး မင်း ဖမ်းလို့ ရမှာ…. ဟုတ်တယ်ဟုတ်…”

“ ဟုတ် - ဟုတ်ပါတယ်….” ဟာရူခါ တာရို ထစ်ငေါ့လျက် ပြန်ဖြေလိုက်၏။

“ ငါတို့ ဒီတစ်ကြိမ် ရှုံးနိမ့်ကြောင်း ဝန်ခံတယ်… မြန်မြန် ပိုက်ဆံယူပြီး ထွက်သွားလိုက်တော့…”

“ မင်းငါ့ကို အရှုံးဝန်ခံလိုက် ပြောတုန်းက ငါက အရှုံးကို ဝန်ခံရမယ်… အခု ပိုက်ဆံ ယူပြီး အမြန် ထွက်သွားခိုင်းနေတော့ ငါက အမြန်ထွက်သွားပေးရမယ်…. ငါက အဲ့လို လုပ်ရပေးမယ်ပေါ့ ဟုတ်လား… မင်းက ငါ့ကို မင်း ခိုင်းချင်ရာ ခိုင်းနိုင်တဲ့ ကျွန်တစ်ယောက်လို့ ထင်နေတာလား…”

ဟာရူခါ တာရို၏ ခန္ဓာကိုယ် တုန်ယင် နေလျက် ရှိပြီး “ မင်း … မင်း ဘာလိုချင်သေးလို့လဲ….”

“ မင်း ပင်သောသောကို သိလား…” လင်းရီ အပြုံးဖြင့် မေးမြန်းလိုက်၏။

လင်းရီ၏ မေးခွန်းက လူတိုင်းကို ကြက်သေသေသွားစေတော့၏။ ဟာရူခါ တာရိုကိုတင်မက နောက်ရှိ ချင်းဟန်တို့ကိုပင် နားဝေတိမ်တောင်များ ဖြစ်သွားစေခဲ့သည်။

ဒီ အချိန်ကြီး ဘာ ပင်သောသောတွေ လာပြောနေတာတုန်း…

“ ငါ … ငါသိတယ်…” ဟာရူခါ တာရို ပြောလိုက်ပြီး “ အဲ့တာ နာမည် သိပ်ကြီးတဲ့ အင်တာနက် ကုမ္ပဏီ တစ်ခုပဲ…”

“ မှန်တယ်… မင်း အများကြီး သိထားတာပဲ…”

“ မင်း ဘာလို့ ဒါလာမေးနေရတာလဲ…”

“ ဘာလို့မှ မဟုတ်ဘူး… ငါ ဒီတိုင်း မင်းကို ထိုးချင်လို့…”

ပြောပြီးနောက် လင်းရီ ဓားမြောင်ကို ကိုင်၍ ဟာရူခါ တာရို၏ ဝမ်းဗိုက်ထံ ဆတ်ကနဲ ထိုးသွင်းလိုက်၏။ ဓားအသွားမှာ တဖန် သွေးသောက်လိုက်ရပြန်ချေပြီ။

“ တကယ်လို့ မင်းသာ ဟွာရှန့်လူမျိုးတွေကို စော်စော်ကားကား မပြောခဲ့ဘူးဆိုရင် ငါမင်းကို ဒီတိုင်း လွှတ်ပေးလိုက်တော့မလို့ပဲ… ဒါပေမယ့် မင်းက ငါ့ရှေ့လာပြီး -ီး-ီး-ား-ားတွေ လာပြောနေတာကိုး… မင်း ထင်နေတာ ငါ လင်းရီက ကိုယ်ရဲ့ နာမည် ဂုဏ်သတင်းကို ဂရုမစိုက်ဘူး ထင်နေတာလား…”

“ မင်း … မင်း….”

“ ဘာလဲ… လက်မခံနိုင်ဘူးလား…”

“ လက်ခံ ပါတယ် လက်ခံပါတယ်…”

လင်းရီ ဓားမြောင်ပေါ် တင်ကျန်နေသည့် ဟာရူခါ တာရို၏ သွေးများအား ပုဝါတစ်ထည်ဖြင့် သုတ်လိုက်၏။

“ ရှေ့နှစ်ခုနစ်ဆယ်တုန်းက မျိုးဆက်ဟောင်းတွေ မင်းတို့ကို အနိုင်ယူခဲ့ပြီးပြီ.. အခု ငါ့အလှည့်ပဲ… ကိုယ့်ဘိုးဘေးဘီဘင်တွေရဲ့ မျက်နှာကိုတော့ အိုးမည်းသုတ်လို့ ဘယ်ဖြစ်မှာ… မင်း အရှုံးကို ဝန်ခံနေသရွေ့ ငါကျေနပ်တယ်…”

ဓားမြောင်ပေါ်ရှိ သွေးများအား ပြောင်အောင် သုတ်ပြီးနောက် လင်းရီ ကျန်သူများထံ လက်ဝှေ့ယမ်းပြလိုက်သည်။

“ သွားကြစို့… ငါတို့ပြီးပြီ… တစ်နေရာသွားပြီး တစ်ခုခုစားကြစို့…”

“ အိုကေ… သွားစို့….”

လင်းရီနှင့် ကျန်သူများ မည်မျှ ပူပင်ကြောင့်ကြမဲ့နေသည်ကို မြင်တော့ ကာစီနိုအတွင်းရှိ လူတိုင်း အံအားလို့ မဆုံး ဖြစ်သွားခဲ့ကြသည်။

ဒီ ဟွာရှန့်ကောင်တွေကတော့ အီဇူမိုဂျီ ဟိုတယ်မှာတောင် ပြဿနာ ရှာဝံ့တဲ့အထိကို အတင့်ရဲနေတော့တာပဲ… ကြည့်စမ်း…။

“ မင်းက ငါ့လူတွေကို ထိခိုက်စေပြီးတော့မှ ထွက်သွားချင်နေတယ်ပေါ့…. ငါ့ကို ဂျိုကာများ မှတ်နေတာလား…”

သူ တံခါးအပြင်ဘက်သို့ မရောက်မီ နောက်ကျောဘက်မှ ကျယ်လောင် အေးစက်နေသည့် အသံတစ်သံကို ကြားလိုက်ရ၏။

“ မစ္စတာအီတို….. ကျုပ်ကို...... ”

လင်းရီနှင့် ကျန်သူများလည်း လှည့်ကြည့်လိုက်ကြတော့ အီတို တာခူမာနှင့် ရိုရှီခါဝါ တာအီချီသည် သက်တော်စောင့် နှစ်ယောက်နှင့်အတူ လှေကားထစ်အောက်သို့ ဆင်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာ အမူအရာများကတော့ ရေခဲတမျှ အေးစက်လို့နေသည်။

၎င်းတို့ကို မြင်တော့ ရှိုကို နာခါဂျီးမား မသိမသာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ၏ မျက်ဝန်းများထဲတွင် မကျေမချမ်း ဖြစ်မှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သော်လည်း မည်သူကမျှ အသေးစိတ်ကို သတိမထားမိလိုက်ကြချေ…

All Chapters