← Chapters

မင်း သေမှာ မကြောက်သရွေ့

Vol. 80 Ch. 1200

မင်း သေမှာ မကြောက်သရွေ့

Vol. 80 Ch. 1200

ကာစီနိုကြီး တစ်ခုလုံး သုဿန်တစပြင်ကြီးနှယ် တိတ်ဆိတ်သွားခဲ့တော့သည်။ သူတို့၏ နှလုံးခုန်သံများကိုသာ ကြားနေကြရ၏။

လင်းရီရဲ့ အသံက သံမဏိသဖွယ် ခိုင်မာနေသည်။

လူတိုင်း၏ အကြည့်က လင်းရီတွင် စွဲကပ်နေပြီး မလွှဲနိုင်သည့် ဘလက်ဟိုးကဲ့သို့ ဖြစ်နေတော့သည်။

နင်ချဲ့၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားခဲ့ပြိး သူမကိုယ်သူမ ရေရွတ်လိုက်၏။

“ ဒီအကောင် ရူးမိုက်တာကြီးက အကန့်အသတ်ကိုတောင် ကျော်လွန်နေပြီ… ဒါပေမယ့် ငါကြိုက်တယ်…”

ခန်းဂျိတာခါယာမနှင့် ရှိုကို နာခါဂျီးမားသည်လည်း လင်းရီကို တိတ်ဆိတ်စွာ ငေးကြည့်နေလျက် ရှိ၏။

သူ ဘာဖြစ်ချင်နေတာလဲ… တကယ်ကြီး သေရမှာ မကြောက်ဘူးလား…

အီတို တာခူမာ လင်းရီကို စေ့စေ့စပ်စပ် လိုက်ကြည့်လိုက်သည်။ “ ငါ မလုပ်ရဲဘူးလို့ မင်း ထင်နေတာလား..”

“ လုပ်ရဲရင် ကြိုးစားကြည့်လိုက်လေ…”

အီတို တာခူမာ မျက်လုံးကျဉ်းမြောင်းသွားခဲ့၏။ သူ့ရှေ့ရှိ မြင်ကွင်းက သူ စိတ်ကူးထားသည်နှင့် တခြားစီ ဖြစ်နေသည်။

သူ သေနတ် အသုံးပြုသည်က လင်းရီကို ခြိမ်းခြောက်ရုံမျှသာ ရည်ရွယ်ပြီး တစ်ဖက်ငနဲမှာ ကြောက်ကြောက်လန့်လန့်နှင့် သူ့အား အဖေခေါ်လာမည်ကို မျှော်လင့်နေခြင်းပင်။

သို့သော် အနှီဟွာရှသားက အင်မတန် ခေါင်းမာပြီး သူ့ကိုပင် စိန်ခေါ်ဝံ့နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။ အမှန်ပင် ရဲတင်းလွန်းလှ၏။

“ ငါကတော့ ကိစ္စမရှိဘူး…” အီတို တာခူမာ ပြောလိုက်ပြီး “ မင်းတို့ ဟွာရှန့်တွေရဲ့ အသက်က ငါ့မျက်စိထဲမှာ တစ်ပြားမှကို တန်ကြေးမရှိတာ...."

ပြောပြီး‌သည့်နောက် အီတို တာခူမာ သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရင်း " လုပ်လိုက်... သူ့ခြေထောက် တစ်ဖက်ကို လိုချင်တယ်... "

" ဟုတ် .. သခင်လေး... "

ဘော်ဒီဂတ် တစ်ယောက်မှ တုံ့ပြန်လိုက်ပြီး သူ့လက်ထဲရှိ သေနတ်ကို မြှောက်၍ လင်းရီ၏ ခြေထောက်သို့ ချိန်ရွယ်လိုက်သည်။

ဝှစ်...

ဘန်း...

သူ ပစ်ခတ်လိုက်သည့် အချိန်မှာပဲ လင်းရီမှာ ရွေ့လျားသွားခဲ့၏။

သူ ခြေထောက်အတွင်းသို့ ခွန်အားဖြန့်ကျက်လိုက်ပြီး ဘယ်ဘက် တစ်မီတာသို့ လှမ်းခုန်လိုက်သည်။ ကျည်ဆံပူပူ တစ်‌တောင့်က သူ့နောက် နံရံရှိ ရှုခင်းပန်းချီကားတစ်ချပ်တွင် သွားဖောက်၀င်နေသည်။

စိမ်းဖြူရောင် မီးများတောက်လောင်လာပြီး ညှော်နံ့များ ထွက်လာခဲ့တော့၏။

" သူ တကယ်ကြီး ကျည်ဆံကို ရှောင်လိုက်နိုင်တယ်... "

၎င်းကိုမြင်တော့ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

သူတို့ မျက်လုံးကြီးများ ပြူးကျယ်နေပြီး အံ့အားသင့်မိလွန်း၍ အက်ရှင် ဇာတ်ကားကြည့်ရသည်ပင် ဤမျှ လွင့်ထွက်နေမှာ မဟုတ်ဟု ခံစားနေရတော့သည်။

ဒါ ရှောင်လင် ကွန်ဖူးများလား...

အမှန်တော့ လင်းရီ မြန်နှုန်းမြင့် ကျည်ဆံကို အမှန်တကယ် ရှောင်နိုင်လိုက်ခြင်း မဟုတ်ပါ။

ထိုအစား တစ်ဖက်သူမှာ သူ့အောက်ပိုင်းသို့ ချိန်ရွယ်လာပြီး သေနတ်ခလုတ် ဆွဲလိုက်သည်ကို မြင်တွေ့လိုက်ရသောကြောင့်သာလျှင် ဖြစ်၏။

ရိုးရိုးရှင်းရှင်း တစ်ဖက်သူ၏ လှုပ်ရှားမှုကို အာရုံခံပြီး ကျည်ဆံကို ကြိုတင်၍ ရှောင်ရှားလိုက်ခြင်းသာ ဖြစ်သည်။

" အား.... "

လူတိုင်းက ငူငူငိုင်ငိုင်ကြီး ဖြစ်လို့ နေစဉ်မှာပဲ အော်သံ အကျယ်ကြီးက ရုတ်တရက် ထွက်ပေါ်လာလေသည်။

လူတိုင်း သတိလည်လာသည့် အချိန်တွင်တော့ ငွေရောင် စကေဘာက သေနတ်ပစ်လိုက်သည့် ဘော်ဒီဂတ်၏ လက်ကောက်၀တ်ကို ဖြောင်ထွက်သွားကြောင်း လူတိုင်း မြင်တွေ့လိုက်ကြရသည်။

သွေးများက ရပ်တန့်လို့ မရနိုင်သည့် ရေပန်းကဲ့သို့ ကြမ်းပြင်ကို ဖြန်းကနဲ ချင်းချင်းနီလို့သွားစေသည်။ နေရာတစ်ခုလုံးလည်း သွေးညှီနံ့တို့ လှိုင်နေပြီ ဖြစ်၏။

" မြန်မြန် - မြန်မြန် ...သူ့ကို ဆေးကုသဖို့ လုပ်ကြ... "

အီတို တာခူမာ၏ အမူအရာသည် တော်တော်ကြီးကို အကျည်းတန်နေပြီး သူ၏ အသံသည်လည်း တုန်ခါနေတော့၏။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လဲကျသွားသည့်သူမှာ သူသာလျှင် ဖြစ်လိုက်ချင်ပါသည်။ ထိုသို့ဆိုပါက ယခုလို အခြေအနေမှ ရုန်းထွက်နိုင်ပြီဖြစ်၏။

" ဆက်လုပ်.. မင်းမှာ ဘော်ဒီဂတ် နောက်တစ်ယောက် ရှိသေးတယ် မဟုတ်ဘူးလား... သူ ကြိုးစားကြည့်ပါစေ... "လင်းရီ အေးစက်စွာ ပြောလိုက်သည်။

" မဟုတ် - မဟုတ်ဘူး... မကြိုးစားတော့ဘူး... မင်း လစ်လိုက်တော့... ပိုက်ဆံကို လက်ဆောင်ပေးတယ်ပဲ သဘောထားလိုက်... ငါ မလိုချင်တော့ဘူး... "

" မင်း ပြောတဲ့အတိုင်း လုပ်ပေးလိုက်ရင် ငါက သောက်ရူး ဖြစ်မသွားဘူးလား... "

" မင်း.. မင်း ဘာထပ်လိုချင်သေးလို့... " အီတို တာခူမာ ပြောလိုက်ပြီး " ငါ ပိုက်ဆံ မယူတော့ဘူး ပြောပြီးပြီလေ.... မင်း မကျေနပ်သေးဘူးလား... "

" ဒီ နှစ်ပဲခြောက်ပြား ပိုက်ဆံလေးကို ငါ တကယ်ကြီး သောက်ဂရုစိုက်နေတယ် ထင်လား... "လင်းရီ မေးမြန်းလိုက်ပြီး " မင်း ဒီကိစ္စ ဒီမှာတင် ရပ်စေချင်တယ်ဆိုရင် တောင်းပန်... မင်း တောင်းပန်တာက ရိုးသား လေးနက်တယ်ဆိုရင် ငါ ခွင့်လွှတ်ပေးရင်လည်း ခွင့်လွှတ်မှာပေါ့... "

" တောင်းပန်ရမယ် ဟုတ်လား... "

အီတို တာခူမှာ မျက်မှောင်ကြုတ်သွားခဲ့ပြီး " မင်းက ငါ့ကို ဟွာရှန့်တစ်ယောက်ဆီ တောင်းပန်စေချင်နေတယ်ပေါ့ ဟုတ်လား... ဖြစ်နိုင်မယ်များ ထင်နေလား... "

လင်းရီ အခြား ဓားမြောင်တစ်လက်ကို ထုတ်ယူလိုက်ပြီး " ဘာလို့ မဖြစ်နိုင်မှာ.... မင်း သေမှာမကြောက်သရွေ့ပေါ့... "

"ဟက်... "

အီတို တာခူမာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး နေရာတွင် သတ္တိအပြည့်နှင့် ရင်ကော့လျက် " အပေါ်ယံမှာ ငါက အီဇူမိုဂျီ ဟိုတယ်ရဲ့ အထွေထွေ မန်နေဂျာ တစ်ယောက်ပဲ ဆိုပေမယ့် တကယ်တမ်းကျတော့ ဂျပန်က အီဇူမိုဂျီ ကော်ပိုရေးရှင်းက ငါ့မိသားစုရဲ့ အပိုင်.... မင်း ငါ့ကို ထိဝံ့ရင် ဂျပန်ကနေ ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့... "

" ဒါဆိုလည်း မင်းရဲ့ အသက်က ငါ့အပေါ် မူတည်ပြီး ကောင်းကင်နဲ့ မဆိုင်ဘူးဆိုတာကို ပြပေးရတာပေါ့... "

ထိုစကား ပြောရင်းဖြင့် လင်းရီ အီတို တာခူမာ ရှေ့သို့ ပြေးလာပြီး ညာလက်တွင် ဓားမြောင်ကို ကိုင်ထားရင်း အခြား လက်တစ်ဖက်က ကော်လံကို ဆွဲ၍ သူ့ရှေ့သို့ ခွန်အား စိုက်မထုတ်လိုက်ရပါပဲနှင့် ဆွဲယူလိုက်၏။

ထို့နောက် လင်းရီ အီတို တာခူမာကို ဓားမြောင်ဖို့ ထိုးသွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပဲ တည်‌ငြိမ်နေသည့် အီတို တာခူမာ၏ မျက်နှာ အမူအရာသည် ထိတ်လန့် တုန်လှုပ်သွားခဲ့တော့၏။

ထိုအချိန်တွင်ပဲ လင်းရီသည် အပြောသပ်သပ်သာ မဟုတ်ကြောင်းကို သတိပြုမိလိုက်လေသည်။ ထိုကောင်က သူ့ကို ခြိမ်းခြောက်ချင်ရုံ သပ်သပ်မဟုတ်ချေ။

" မလုပ်နဲ့.. နေဦး... ငါတောင်းပန်ပါတယ်... "

အီတို တာခူမာ၏ အော်သံက ကာစီနို တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။

ဂျပန်လူမျိုးများအားလုံး ရှော့ခ်ရသွားခဲ့ကြလေသည်။

သူတကယ်ကြီး ဟွာရှန့်တစ်ယောက်ကို သက်ညှာပေးဖို့ တောင်းပန်လိုက်တယ်....

အီတို တာခူမာ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ယင်နေပြီး နောက်ကျော တစ်ခုလုံးလည်း ချွေး‌အေးတို့ဖြင့် စိုရွှဲနေလျက်ရှိ၏။

ထိုအချိန်တွင်တော့ မည်သူကမျှ သူ့ထက်ပိုပြီး အရိုးအတွင်းမှ ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။

ဓားမြောင်က သူ့ ၀မ်းဗိုက်အောက်သို့ ရောက်‌နှင့်နေချေပြီ။ အရေပြားကိုပင် နည်းနည်း ဖောက်၀င်နေပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်နေလျက်ရှိ၏။

" ဒီလိုဖြစ်မယ်မှန်းသိရင် ဘာလို့ စကတည်းက မတောင်းပန်လိုက်လဲ.... "

" မင်း... စိတ်လျှော့တော့လေ... ငါ... ငါတောင်းပန်ပါတယ်.... "

လင်းရီ ပြုံးလျက် " အင်း... မင်း ပုံစံ ကြည့်ရတာ တောင်းပန်တဲ့ပုံနဲ့လည်း မတူဘူး... ဒီလိုလုပ်တာက မလေးနက်လွန်းရာ ကျတယ်... "

လင်းရီ သူ့ ဘက်လက်အတွင်းသို့ အားပို့၍ အီတိုတာခူမာကို ပခုံးမှ ဖိချလိုက်ပြီး ဒူးထောက်စေလိုက်သည်။

" ကိုင်း စတော့... "

" ဟုတ် - ဟုတ်ကဲ့.. ငါ့အမှားပါ... တောင်းပန်ပါတယ်... ငါ မိန်းကလေး ရှိုကို ကို ချဉ်းကပ်ပြီး မင်းကိုလည်း မစွပ်စွဲခဲ့သင့်ပါဘူး... အားလုံး ငါ့အမှားတွေပါ.... "

" သခင်လေး.... အဲ့တာ သခင်လေး တစ်‌ယောက်တည်းရဲ့ အမှား မဟုတ်ဘူး..." ဟိုတယ် မန်နေဂျာ ဟာရူခါ တာရိုမှ လှမ်းအော်ပြောလိုက်ပြီး " အဲ့တာ မိန်းကလေး ရှိုကို ကို အရင်စိတ်၀င်စားတဲ့ ရိုရှီခါဝါကြောင့်သာ မဟုတ်ရင် ဒီလိုမျိုးတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး.... "

လင်းရီ ခေါင်းငဲ့စောင်းပြီး သူ့ဘေးရှိ ဘိုးတော်ကို တစ်ချက်ကြည့်လိုက်သည်။

" ဘိုးတော်... အဲ့တာ ခင်များရဲ့ အကြံဉာဏ် ဟုတ်လား.... "

" ဒါ.... ဒါက.... "

ရိုရှီခါဝါ တာချီ၏ အမူအရာသည် အမျိုးမျိုး ပြောင်းလဲနေပြီး အလွန်အမင်း အကျည်းတန်နေလျက်ရှိ၏။

" မင်း - မင်း ... ငါက မစ်ဆူ အကြီးစား စက်မှုကုမ္ပဏီကနော်... မင်းငါ့ကို ထိခိုက်ဝံ့ရင် ကော်ပိုရေးရှင်းရဲ့ ဥပဒေ ဌာနက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး.... "

" ကျုပ်ကရော ကြောက်မယ် ထင်လား.... "

ဒုန်း....

ရိုရှီခါဝါ နှစ်ခါ မစဉ်းစားဘဲ ဒူးထောက်လိုက်တော့၏။

အသက်ကြီးလာသည်နှင့်အမျှ သေရမည်ကို ပို၍ စိုးရွံ့လာပြီး အီတို တာခူမာကဲ့သို့ သွေးဆူ သတ္တိမကောင်းနိုင်တော့ချေ။

ထို့ကြောင့် လင်းရီ ဘာမျှ မလုပ်ရသေးခင် ကြိုတင်ပြီး အညံ့ခံလိုက်ခြင်း ဖြစ်သည်။

နင်ချဲ့ ထိုမြင်ကွင်းကို ဆေးလိပ်ဖွာရင်း ကြည့်ရှုနေသည်။

လင်းရီ သူ့ ဓားမြောင်ကို ပြန် ဆွဲယူလိုက်ပြီး အပြုံးလေးဖြင့် " မင်းတို့ နှစ်ယောက်လုံးက ရိုးသားလေးနက် လွန်းနေမှတော့ ငါ ဒီကိစ္စ ဒီမှာတင် ရပ်ပေးလိုက်မယ်...ဒါပေမယ့် နောက်တစ်ကြိမ်ဆိုရင်တော့ ဒီလို လွယ်ကူနေမှာ မဟုတ်တော့ဘူး... "

ပြောပြီးနောက် လင်းရီ ကျန်သူများထံ လက်ဝှေ့ရမ်းပြလိုက်ပြီး " သွားစို့... ဗိုက်ဆာပြီ... တစ်ခုခုသွားစားကြမယ်.... "

" သွားစို့... " လျန်ကျင်းမင်မှ ပြောလိုက်သည်။

ရောက်နေကြသည့် လူတိုင်း လင်းရီနှင့် တခြားသူများ ထွက်ခွာသွားသည်ကို ငေးမောနေရင်း ခြေထောက်များက သံမှိုနှင့် စွဲကပ်ခံထားရသည့်နှယ် ခံစားနေကြရသည်။ သူတို့၏ မျက်၀န်းများထဲတွင် အကြောက်တရားက ကြီးစိုးလို့နေသည်။

ဘယ်လိုတောင် ရက်စက်လိုက်ပါဘိလဲ...

" မစ္စတာ တာခါယာမ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်.... "

ရှိုကို နာခါဂျီးမား ခန်းဂျိ တာခါယာမကို ပြောလိုက်သည်။

" ယဉ်ကျေးလွန်းနေပါပြီ မိန်းကလေး ရှိုကို... ငါလည်း များများစားစား မကူညီလိုက်ရပါဘူး... သူ့ဘာသူပဲ ဖြေရှင်းသွားခဲ့တာပါ.... "

" ဒီလိုတွေ ဖြစ်သွားခဲ့တော့ ငါတို့လည်း ကစားလို့ မရတော့ဘူး... နောင်ကျ မိန်းကလေး ရှိုကို ကို အားပေးဖို့ ဆက်ဆက် လာခဲ့ပါဦးမယ်..."

" လာမယ်ဆို ဒီကလည်း နွေးထွေးစွာ ကြိုဆိုနေမှာပါ... "

နှစ်ယောက်သား အချင်းချင်း နှုတ်ဆက်လိုက်ကြပြီး ရှိုကို နာခါဂျီးမား လင်းရီတို့နှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။

" မစ္စတာ တာခါယာမ.. လင်းရီက ကျုပ်တို့ စိတ်ကူးထားတာထက်ကို ပိုပြီး ဖြုံဖို့ ကောင်းနေတာပဲ... သူ့ကို ကိုင်တွယ်ဖို့ဆို ကျုပ်တို့ ထက်ထားတာထက် ခက်ခဲလောက်တယ်.... "

ခန်းဂျိတာခါယာမ၏ ငယ်သားတစ်ယောက်မှ ပြောလိုက်သည်။

" ငါလည်း သတိထားမိတယ်... "ခန်းဂျိတာခါယာမ တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး " ပြီးတော့ သူ့ရဲ့ စိတ်ဆုံးဖြတ်မှုတွေက ငါထင်ထားတာထက်တောင် ပိုပြီး ခိုင်မာနေသေး... ဒီနှုန်းအတိုင်းဆိုရင်တော့ မဖြစ်သေးဘူး... ငါတို့ နာခါဂျီးမားကို အရှိန်မြင့်ဖို့ ပြောရမယ်... သည့်ထက်ပိုပြီး အချိန်ဆွဲလို့ မရတော့ဘူး... "

စာစဉ် (၈၀) ပြီး၏။

All Chapters