တားမြစ်ပညာရပ်
Vol. 010 Ch. 995
ကျုံးကျိုးမြို့ အပြင်ဘက်တွင် ရှိသော စားသောက်ဆိုင် တစ်ဆိုင် အတွင်း၌ လူတစ်စု သေရည် သေရက်များ ထိုင်သောက် နေကြ၏။ စားသောက်ဆိုင် တစ်ခုလုံးတွင် သူတို့အုပ်စု တစ်စုသာ ရှိပေသည်။ ကျုံးကျိုးမြို့မှ တန်ခိုးရှင်များ အားလုံးမှာ တော်ဝင်စစ်ပွဲကို သွားရောက် ကြည့်ရှုကြရာ ပုံမှန်အားဖြင့် ထို စားသောက်ဆိုင်သာ မဟုတ် တခြား နေရာများလည်း လူသူကင်းမဲ့ နေပေသည်။
စားသောက်ဆိုင်ကား အလွန်အမင်း တိတ်ဆိတ်နေ၏။ ခေါင်းဆောင် ဖြစ်ဟန်တူသူ လူငယ်သည် အဘိုးကြီး အဝတ်အစားများကို ဝတ်ထားကာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိ၏။ တခြားလူများ အားလုံးက ရပ်နေကြသော အချိန်တွင် သူကား သေရည် ထိုင်သောက်နေ၏။ သူ့နောက်တွင် ရပ်နေကြသော တန်ခိုးရှင်များသည် ထိုနေရာတွင် ရပ်နေရင်းကပင် နက်ရှိုင်း မြင့်မားသော အငွေ့အသက်များအား ထုတ်လွှတ်ကြ၏။
လူငယ်၏ရှေ့တွင် လူတစ်ယောက် ထိုင်နေဟန်ရပြီး သူကား အသက်ပင် ရဲရဲဝံ့ဝံ့ ရှူရဲဟန်မရပေ။ ထိုနေရာတွင် ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့ ရှိနေပြီး တစ်ယောက်က အသက်ကြီး သော်လည်း လှပဟန်ရကာ နောက်တစ်ယောက်မှာ နိုဘယ်အဆင့် လူငယ်ဖြစ်သည်။ သူ၏ရုပ်သွင်က ရှန့်ထိုကျဲနှင့် ခပ်ဆင်ဆင်ရ၏။
“သခင် ... သူတို့ အောင်မြင်ပါ့မလား” မိန်းမလှက လူငယ်အား ညှို့ငင်နိုင်စွမ်းသော လေသံဖြင့် မေး၏။ လူငယ်က သူမအား မော့ကြည့်သည်။ သူမကား အသက် ၃၀ အရွယ်ခန့်ရှိကာ ကြည်လင် ချောမွတ်သော အသားအရေနှင့် ကြည့်ကောင်းသော ရုပ်ရည် ရှိသည်။ သူမက ရှက်သွေးဖြန်း သွားဟန်ဖြင့် ခေါင်းငုံ့လျှင် သူမအား ပိုမို၍ ဆွဲဆောင်မှု ရှိစေသည်။
လူငယ်က သေရည်ခွက်ကို လက်ဖြင့် လှည့်ပတ် ကစားကာ မခိုးမခန့် ပြုံးသည်။ သည်မိန်းကလေး ဘာကြံနေသည်ကို သူမသိဘဲ နေရိုးလား။ သူမက လှပသည် ဆိုသော်လည်း သူ့အား ဆွဲဆောင်ရန် မလုံလောက်ပေ။ သူ၏အဆင့်ဖြင့် သူအလိုရှိသော မိန်းမအား ရယူပိုင်ဆိုင်နိုင်ကာ တခြားလူ၏ မိန်းမအား ကြံစည် ရလောက်သည့်အထိ ဆာလောင်မှုမျိုးလည်း မရှိပေ။
“မတော်တဆ တစ်ခုခု ဖြစ်လာတာကလွဲလို့ ... ပြဿနာ မရှိဘူး...” လူငယ်က ထူးမခြားနားစွာ ပြောသည်… “ငါ့လူတွေကို အဲဒီနေရာသို့ လွှတ်ထားတယ်။ ကိစ္စပြီးတာနဲ့ မင်းတို့အားလုံး ထွက်ပြေး လွတ်မြောက် နိုင်တယ်”
“ကျေးဇူးတင်ပါတယ် ... သခင်” လူငယ်နှင့် မိန်းမလှတို့က တီးတိုး ပြောကြသည်။ သူမရှေ့မှ လူငယ်က သူမအား စိတ်မဝင်စားဟန် ရသည်တွင် မူလက အတွေးအကြံများ အားလုံးကို ဖျောက်ဖျက် လိုက်သည်။ သူမက အခြေအနေကို ကောင်းကောင်း သုံးသပ်နိုင်ကာ ယခု လုပ်ဆောင် နေသည်မှာလည်း အသက်ရှင်ရန် အတွက်သာ ဖြစ်သည်။ လက်ရှိတွင် သူမတို့မှာ တခြားလူများ၏ လက်အောက်ကို ရောက်နေသည့် အခိုက်အတန့် ဖြစ်၏။
ထိုမိန်းမအား ကြည့်ကာ လူငယ်က ပြုံးလျက် ခေါင်းယမ်းသည်။ သူ၏ တွက်ချက်မှုအရ မအောင်မြင်မည်ကို စိုးရိမ်စရာ မလိုပေ။
အရေးကြီးသည်မှာ သူလိုချင်သောအရာ လက်ထဲ ရောက်လာရန် ဖြစ်သည်။ သူ့အနေဖြင့် အင်ပါယာရှားဘုံအထိ ရောက်လာပြီး သူလိုချင်သော အရာအား မရယူနိုင်ဘဲ လက်လျှော့ ပြန်ရမည့်အရေးကို အမှန်ပင် မလိုလားပေ။ သို့သော်လည်း သူက ထိုကိစ္စများကို လုပ်ဆောင်ရာတွင် အနည်းငယ် သတိထားရန် လိုအပ်ပေ၏။ လက်ရှိတွင် သူကား တခြားလူ၏ ဘုံဌာနအတွင်းသို့ ရောက်နေကာ အနည်းငယ်သော အမှားအယွင်းက ဆိုးဝါးသော အကျိုးဆက်များအား ဖြစ်စေနိုင်၏။
***
မရေမတွက်နိုင်သော ကျုံးကျိုးမြို့မှ တန်ခိုးရှင်များနှင့် အနယ်နယ် အရပ်ရပ်မှ တန်ခိုးရှင်များသည် စစ်မြေပြင်နှင့် အတော်ဝေးဝေး နေရာများမှ လေ့ကျင့် နေကြသည်။ သို့တိုင်အောင် တိုက်ပွဲမှ ရိုက်ခတ်လာသော အားလှိုင်းများကို ခံစားကြရသည်။ တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထိုတစ်ပါးက မိန်းကလေးငယ် တစ်ယောက်အား ခေါ်ဆောင် လာခဲ့သည် ကိုလည်း သူတို့ မြင်သည်။ ထိုမိန်းကလေးက သူမရောက်ရှိရာ နေရာတိုင်း အတုံးအရုံး သတ်ဖြတ်ခဲ့ရာ ကြည့်ရှု နေသူတိုင်းအား ထိတ်လန့် စေခဲ့သည်။
ယနေ့တွင် တော်ဝင်စစ်ပွဲ၌ မရေမတွက်နိုင်သော ထိပ်သီး တန်ခိုးရှင်များ ပါဝင် တိုက်ခိုက်ကြသည်။ စစ်မြေပြင်ကား အလွန် ပြင်းထန်ခဲ့ကာ စွမ်းအား အမြင့်ဆုံးသော သူများသည် တော်ဝင်ကျဲ နန်းတော်၏ ဗဟိုနေရာတွင် စုစည်း တိုက်ခိုက်နေကြဟန် တူသည်။ ထိုနေရာတွင် အဘယ်ကြောင့် ထိုသို့ ကြီးမားသော တိုက်ပွဲများ ဖြစ်နေရသည်ကို အဝေးမှ ကြည့်နေသူများ သိပ်နားမလည်ပေ။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့သည် စစ်မြေပြင် အလယ်၌ ရပ်နေကြကာ တစ်ဦးကိုယ်တစ်ဦး ပွေ့ဖက် ထားကြသည်။ တန်ခိုးရှင် ကိုးဦးက သူတို့ နှစ်ယောက်အား သူတို့၏ တော်ဝင် ရတနာများဖြင့် ချိန်ရွယ် ထားကြသည်။ ပြင်းထန်သော ရွှေချည်မျှင်များသည် အရာအားလုံးကို ထွင်းဖောက်လျက် ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား ထိုနေရာတွင်ပင် သတ်ဖြတ်ရန် အလို့ငှာ ဆင်းသက် လာကြသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ ကိုယ်ရောင် ကိုယ်ဝါမှာ တဖြည်းဖြည်း အားကောင်း လာသည်ဟု သူတို့ ခံစားကြရသည်။ ရွှေချည်မျှင်များသည် သူ၏ ခန္ဓာကိုယ်အား အလုံးစုံ ဖြတ်တောက် နိုင်စွမ်း မရှိကြပါ။ သူ့ခန္ဓာကိုယ် အတွင်းမှ သွေးများသည် ဟစ်အော်ခြင်း၊ ဆူပွက်ခြင်းနှင့် လောင်ကျွမ်းခြင်းများ ဖြစ်လာကြသည်။ မမြင်ရသော စွမ်းအင် စီးကြောင်းများ ဖြစ်ပေါ်လာကာ သူ့ရုပ်ခန္ဓာအား ပိုမိုအားကောင်း စေသည်။ အချိန်နှင့် လေဟာနယ်လှံ ထံမှလည်း အလွန် သိပ်သည်းသော အရောင်အဝါများ ဖြစ်ပေါ်လာသည်။
တန်ခိုးရှင်ကိုးဦးက ရီဖူရှင်းထံမှ ရိုက်ခတ်လာသော အရှိန်အဝါအား ခံစားမိကာ မျက်မှောင်ကြုတ် လိုက်ကြသည်။ ဘာဖြစ်နေသနည်း။ သူက အမှန်တကယ်ပင် အသက်ရှင် နေနိုင်သေးသလား။
ပိုဆိုးသည်ကား သူတို့သည် လေထဲတွင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စိတ်နယ်လွန် စွမ်းအားများကို ခံစားကြရသည်။ သူတို့၏ ပတ်ဝန်းကျင်များ မငြိမ်မသက် ဖြစ်လာကာ လေထုသည် အချိန်မရွေး ပေါက်ကွဲ သွားနိုင်သော ဖိအားမျိုးကို သယ်ဆောင် လာခဲ့သည်။
သူက ငါတို့ရဲ့ စိတ်ဝိညာဉ် ဖြတ်တောက်ခြင်း ပညာကို ချေဖျက် လိုနေသည်လား။ သူတို့က ရီဖူရှင်းအား လှမ်းကြည့်လျှင် သူ ပွေ့ဖက်ထားသော မိန်းကလေးသည် သူတို့အား လှမ်းကြည့် နေသည်ကို မြင်ရ၏။ ထိုစွမ်းအားသည် အမှန်တကယ်ပင် သူမထံမှ ဖြစ်ပေါ်လာဟန် ရသည်။ သူမ၏ စိတ်စွမ်းအားများမှာ လောင်ကျွမ်းနေဟန် ရသည်။ သူမ၏ သရဖူဝိညာဉ်သည် ရောင်စဉ်များ ပိုမို လင်းလက် တောက်ပနေခဲ့ကာ သူမ၏ နောက်မှ အရိပ်သဏ္ဌာန်သည်ပင် ပြောင်းလဲ လာနေ၏။
“ဂျီယူ …” ဟွာဂျီယူ၏ စိတ်ထဲ၌ အသံတစ်သံကို ကြားရသည်။ လှမ်းခေါ်လိုက်သူသည် သူမ၏ ကိုယ်အတွင်း၌ နေထိုင်သော ရှန့်ထိုဖြစ်သည်။
“ကျွန်မ တောင်းပန်ပါတယ် ဆရာ …” ဟွာဂျီယူက စိတ်ဖြင့် ပြန်ပြောသည်။ သူမက ရီဖူရှင်း၏ ရင်ဘတ်ပေါ်တွင် မှီနေရင်းဖြင့် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တလိမ့်လိမ့် ကျဆင်း လာခဲ့သည်။ ရှန့်ထိုသည် တိတ်ဆိတ် သွားပြီမှ သက်ပြင်းချ၏။
“ကောင်းပြီလေ …” သနားကရုဏာ ကြီးမားသော အသံသည် ဟွာဂျီယူ၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။ ဟွာဂျီယူ၏ နောက်မှ အရိပ်သဏ္ဌာန်သည် လောင်ကျွမ်းလာပြီး စူးရှသော အလင်းများ ပေါက်ကွဲလာခဲ့၏။ ထိုအရာက မရေမတွက်နိုင်သော အလင်းစက်များ အဖြစ် ပြောင်းလဲသွားကာ ဟွာဂျီယူ၏ စိတ်စွမ်းအားများဖြင့် ပေါင်းစပ် သွားခဲ့သည်။
“သမီး တောင်းပန်ပါတယ် …” ဟွာဂျီယူက တီးတိုး ပြောသည်။ သူမက သူမ၏ဆရာနှင့် နှစ်ပေါင်းများစွာ အတူ ရှိနေခဲ့သည်များအား ပြန်အမှတ် ရလာခဲ့သည်။ သူမ၏ဆရာမှာ ဤလောကတွင် တစ်ခါမှ မတည်ရှိခဲ့သလို မည်သူကမှလည်း သူမ၏တည်ရှိမှုအား မသိခဲ့သော်လည်း သူမသည် ဆရာ၏ လက်အောက်၌ တစ်ချိန်လုံး လေ့ကျင့်နေခဲ့သည်။ ယခု နောက်ဆုံး အချိန်၌ပင် သူမ၏ဆရာက သူမအား ကာကွယ်ရန် ကြိုးစားနေသည်ကို ဟွာဂျီယူ နားလည်ပေသည်။ မိမိအား အသက်ရှင်နိုင်ရန် သူမ၏ဆရာက အသက်ကိုပင် စတေးရန် ကြိုးစား နေခဲ့သည်။
ဟွာဂျီယူက သူမအား ဆူးချွန်များဖြင့် လာရောက် ထိုးဆွနေသကဲ့သို့ ခံစားရ၏။ သူမ၏ မျက်ရည်များက ရီဖူရှင်း၏ သွေးစွန်းနေသော အဝတ်ပေါ်သို့ အဆက်မပြတ် ကျဆင်း နေခဲ့သည်။ သူမအား ကာကွယ်ရန် အလို့ငှာ ပွေ့ဖက်ထားသော ဤလက်အစုံ၏ ပိုင်ရှင်သည် သူမဘဝ၏ အချစ်ရဆုံးသောသူ ဖြစ်သည်။
ဟွာဂျီယူ၏ ခန္ဓာကိုယ် အတွင်းမှ အပြောင်းအလဲများကို ရီဖူရှင်း ခံစားရသည်။ ထို့အပြင် အလွန် အားကောင်းသော စိတ်ဝိညာဉ် အားလှိုင်း တစ်ခုသည် မိမိအား လာရောက် ခြုံလွှမ်းကာ အထောက်အပံ့ ပြုသည်။ စူးရှသော အလင်းများသည် သူနှင့် ဟွာဂျီယူတို့၏ ခန္ဓာကိုယ်များအား ရစ်ပတ်ထားရာ ထိုအလင်းများက မိမိ၏ ဧကရာဇ် အသိအား လောင်ကျွမ်းခြင်းမှ ဖြစ်ပေါ်လာသော အရောင်အဝါများကိုပင် ဖုံးအုပ် ထားနိုင်ခဲ့သည်။
သူ၏ စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ဂျီယူ … မင်းက ငါ့ဧကရာဇ် အရောင်အဝါကို ငါ့အတွက် ဖုံးကွယ်ပေးဖို့ ကြိုးစား နေတာလား။
“ဂျီယူ …” ရီဖူရှင်းက ခေါင်းငုံ့ကာ သူမအား ကြည့်သည်။ ဟွာဂျီယူက သူ၏ လက်များထဲက အသာအယာ ရုန်းဖယ်ကာ မော့ကြည့်သည်။ သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေကာ အလွန် နူးညံ့နေဟန်ရပြီး တစ်နည်းအားဖြင့် ခိုင်မာသော ဆုံးဖြတ်ချက်များ ရှိနေဟန်ရသည်။
“မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ …” ရီဖူရှင်း၏အသံက ထိတ်လန့် တုန်ယင်လာသည်။ ဟွာဂျီယူက သူ့အား နွေးထွေး ကြင်နာစွာ တစ်ချက် ပြုံးပြပြီးမှ ကောင်းကင်ပေါ်သို့ ဖြည်းညင်းစွာ မော့ကြည့်သည်။ ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ်အား မုန်တိုင်းများသည် ပိုမို ပြင်းထန် သိပ်သည်း လာခဲ့သည်။ ကောင်းကင်ထက်မှ အဆုံးအစမဲ့သော အလင်းများ မိုးစက်များသဖွယ် ရွာသွန်း လာခဲ့သည်။
“တားမြစ်ပညာ … စိတ်နယ်လွန်အားဖြင့် နတ်ဘုရား ဖြစ်စေခြင်း …” ဟွာဂျီယူက တစ်လုံးချင်း ပြောသည်။ သူမ၏အသံနှင့်အတူ လျှပ်စီးတန်း တစ်ခုသည် ကောင်းကင်အား ခွဲခြမ်းလျက် အဆုံးအစမဲ့သော စိတ်စွမ်းအားများကို သယ်ဆောင်ကာ ဟွာဂျီယူထံသို့ ကျဆင်း လာခဲ့သည်။ သူမက ထရပ်လျှင် လေမတိုက်ပါဘဲနှင့် သူမ၏ ဆံပင်များ တဖျတ်ဖျတ် လွင့်ကျသည်။ သူမ ဆင့်ခေါ်ထားသော အရိပ် သဏ္ဌာန်သည်လည်း အလင်းအစုအဝေး အဖြစ် ပြောင်းလဲသွားကာ သူမအား အရှိန်အဝါ ကြီးမားသော ဧကရီဘုရင်မ တစ်ပါးအဖြစ် ပြောင်းလဲစေသည်။
“သူတို့ကိုသတ် …” ဟွာဂျီယူက လေထဲမှ တန်ခိုးရှင် ကိုးဦးအား ကြည့်သည်။ သူမ၏ နက်ရှိုင်းသော မျက်လုံးများ၌ အဆုံးမဲ့သော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက် နေသည်။ ပြင်းထန်သော အလင်း စိတ်စွမ်းအား များသည် အဆုံးအစမဲ့သော ရွှေရောင် အမျှင်များ အဖြစ်ဖြင့် တန်ခိုးရှင် ကိုးဦးထံသို့ ဦးတည် သွားကြသည်။
တန်ခိုးရှင် ကိုးဦးကလည်း လက်နက်များအား ဝှေ့ယမ်းကာ ဟွာဂျီယူအား တိုက်ခိုက် လိုက်ကြသည်။ အလွန် ပြင်းထန်သော စိတ်ဝိညာဉ် ဖြတ်တောက်ခြင်း စွမ်းအားများသည် ဟွာဂျီယူ၏ စိတ်နယ်လွန် စွမ်းအားများအား ချေဖျက်ကြ၏။
ဟွာဂျီယူ ထုတ်လွှတ်သော စွမ်းအားများသည် သူမ၏ အကန့်အသတ်ကို ကျော်လွန် နေခဲ့၏။ သူမက ကွန်းရှီအဆင့်၏ အမြင့်ဆုံး၌ရှိသော တန်ခိုးရှင်များအား တိုက်ခိုက်နေခြင်း ဖြစ်ရာ သူမ ထုတ်လွှတ်နေသော စွမ်းအားများ မည်မျှ မြင့်မားသည်ကို သိနိုင်ပေသည်။ သူမက ရှန့်ထိုအဆင့်နီးပါး စွမ်းအားများကို ထုတ်လွှတ်ခြင်း ဖြစ်ရာ ထိုစွမ်းအားများသည် သူမ၏ ကိုယ်ပိုင် မဟုတ်သည်မှာ သေချာ၏။
“မင်းက ဘာလို့ ဒီလို လုပ်နေရတာလဲ …” ရီဖူရှင်းကား ဟွာဂျီယူ ထုတ်လွှတ်သော စွမ်းအားများ မည်မျှ ကြီးမားသည်ကို တွေးတောရန် အချိန်မရှိပေ။ သူမထံမှ ထုတ်လွှတ်သော အလင်းများသည် သူ၏ ဧကရာဇ်အသိမှ အရောင်အဝါများကိုပင် ဖုံးကွယ် ထားနိုင်သည်။ သူမက ထိုစွမ်းအင်များကို ထုတ်လွှတ်ရန် ကြီးမားစွာ ပေးဆပ်ရမည်ကို သူ နားလည်သည်။ တန်ဖိုး မည်မျှ ကြီးမားမည်ကိုမူကား သူမသိပေ။ သို့သော် ရီဖူရှင်း၏ ဧကရာဇ် အသိကိုပင် ဖုံးကွယ်နိုင်စွမ်း ရှိသည်က ပေးဆပ်ရမည့် တန်ဖိုးသည်လည်း နည်းမည် မဟုတ်ပေ။
တားမြစ်ပညာရပ် … စိတ်နယ်လွန် စွမ်းအားဖြင့် နတ်ဘုရား ဖြစ်စေခြင်း …
ရီဖူရှင်း၏ စိတ်နှလုံးများ တုန်ယင် လာသည်။ သူက အမှန်တကယ်ပင် အကြောက်တရားကို ခံစားရ၏။ သူ၏ စိတ်စွမ်းအားများအား အဆုံးစွန်ထိ မြှင့်တင် လိုက်သည်။ ကောင်းကင်အောက်တွင် ရှိသော အရာခပ်သိမ်းမှာ သူ၏စိတ်အတွင်း၌ ကြည်လင် ပြတ်သား လာခဲ့သည်။ ဂျီယူ၏ စွမ်းအားများကလည်း သူ့စိတ်စွမ်းအားကို မြှင့်တင်ခဲ့ရာ သူမ၏ စိတ်နယ်လွန် စွမ်းအားများ မည်မျှ အားကောင်းသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။
စိတ်စွမ်းအား အဆမတန် တိုးမြင့် လာခြင်းက စစ်မြေပြင်၌ရှိသော မရေမတွက်နိုင်သော အရာတို့အား ကောင်းကောင်း မြင်နိုင်စေသည်။ လေထုအတွင်း၌ သဘာဝ စွမ်းအင်များ၊ စိတ်စွမ်းအားများ၏ အနုစိတ်သော အပြောင်းအလဲများကိုပင် သူ မြင်နိုင်လာသည်။ အလင်းစက်များက အချိန်နှင့် လေဟာနယ်လှံအား စီးဆင်းကြကာ သူ၏ ကိုယ်ပိုင် စွမ်းအားများနှင့် ပေါင်းစပ်ကြသည်။ အဆုံးအစမဲ့သော စွမ်းအားများက ထောင်သောင်းချီသော အာကာသ အမှုန်အမွှားများ အဖြစ် ပြောင်းလဲ ဖြစ်ပေါ် လာစေသည်။ အမှုန်အမွှား တစ်ခုစီတိုင်းက ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီး အားများကို ပိုင်ဆိုင်သည်။
ရီဖူရှင်းအား ဗဟိုပြုလျက် ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအား မုန်တိုင်းတစ်ခု ရစ်ပတ် လာခဲ့သည်။
“သေစမ်း …” ရီဖူရှင်းက ခေါင်းမော့ကာ အော်ဟစ်သည်။ စိတ်စွမ်းအား မုန်တိုင်းက အလင်း အမှုန်အမွှားများကို သယ်ဆောင်ကာ တန်ခိုးရှင်ကိုးဦးထံသို့ ဦးတည် သွားကြသည်။
ဘုန်း …
တန်ခိုးရှင် ကိုးဦးတို့ ပြင်းထန်စွာ တုန်ယင် သွားကြပြီး သူတို့၏ စိတ်အသိများမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲအက်တော့မည် ကဲ့သို့ ခံစားကြရ၏။
***